ဝိတ်ချနေသူတွေ နေ့စဉ်အစားအစာ ထဲကနေ ရှောင်ကြဉ် သင့်တဲ့ အစားအစာများ




သင်ဟာ သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန် ကို ထိန်းညှိဖို့ကြိုးစားနေတယ်ဆိုပါစို့။ သင်ဟာ ဗိုက်နည်းနည်း ဆာလာချိန်မှာ အစာပြေအဖြစ် တွေ့တဲ့မုန့်တစ်ခုခုကို စားလိုက်မိမှာပါ။ သင်ကတော့ နည်းနည်းလေးစားလိုက်လို့ ဘာမှ မဖြစ်ပါဘူးလို့ တွေးလိုက်မိမှာပါ။ အမှန်တစ်ကယ်က ခန္ဓာကိုယ်အလေးချိန် ထိန်းညှိဖို့ကြိုးစား နေသူတွေအတွက် နေ့စဉ်အစားအစာ ထဲကနေ ရှောင်ကြဉ် သင့်တဲ့ အစားအစာတွေရှိပါတယ်။ အဲဒါတွေကတော့ -

၁။ အာလူး

အာလူးကို ကြော်တာပဲဖြစ်စေ ၊ ပြုတ်တာပဲ ဖြစ်စေ အာလူးတွေဟာ သင့်ကို ကောင်းမွန်ခြင်းတွေ မပေးနိုင်ပါဘူး။ အာလူးစားရင်တော့ ခန္ဓာကိုယ်အလေးချိန်က သိသိသာသာ တက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ် အလေးချိန် ထိန်းညှိမယ်ဆိုရင်တော့ အာလူးကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ နွားနို့

ငယ်ငယ် ကတည်းကကြားဖူးခဲ့တာကတော့ နွားနို့သောက်ရင် အားရှိတယ်ဆိုတာပါပဲ။ ဟုတ်ပါတယ်။ နွားနို့ က အားရှိစေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေကြီးထွား လာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် နွားနို့သောက်ခြင်းဟာ ကိုယ်အလေးချိန်တိုးလာစေနိုင်တာ သေချာတဲ့အတွက် ကိုယ်အလေးချိန်ထိန်းညှိနေသူ များ အနေနဲ့ နွားနို့ကို နေ့စဉ် သောက်ခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။

၃။ အချိုပွဲ

ကျွန်ုပ်တို့ အားလုံးဟာ အစာစားပြီးချိန်တွေမှာ အချိုတည်းရတာကို သဘောကျပါတယ်။ အမှန်တစ်ကယ်တော့ အချိုပွဲတွေမှာပါတဲ့ သကြားဓါတ်ဟာ သင် ကိုအလေးချိန် လျော့ကျဖို့ ကြိုးစားပြီး လုပ်ဆောင်နေတဲ့ အခြားလုပ်ဆောင်ချက်တွေအားလုံး ကို နှောင့်ယှက်လိုက်တာပါပဲ။ သကြားဓါတ်ဟာ ခန္ဓာကိုယ် အလေးချိန်ကို တိုးလာစေနိုင်ပါတယ်။

၎။ သရေစာ

ကျွန်ုပ်တို့ဟာ ညနေစောင်းရင် ဗိုက်က အလိုလို ဆာလာတတ်ပါတယ်။ များသောအားဖြင့် စမူဆာ တို့ ကော်ပြန့်တို့လို မုန့်နှစ်နဲ့ ကြောတဲ့ အစားအစာတွေကို စားတာများကြပါတယ်။ ကျန်းမာရေးအတွက် မကောင်းဘူးလို့ ဘယ်သူတွေ ဘယ်လောက်ပြောပါစေ ဗိုက်ဆာနေတဲ့အချိန်မှာတော့ ကိုယ်ဘာစားနေလဲ ကိုယ်မသိတော့ပါဘူး။ ဒီလို သရေစာတွေစားတာဟာ နေ့စဉ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ သေချာပေါက် ကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။

Ref : Menxp

ထောပတ်သီးစားခြင်းရဲ့ အကျိုးကျေးဇူးများ




ထောပတ်သီး ၊ ဟင်းနုနွယ် နဲ့ သံလွင်ဆီတွေကို စားသုံးခြင်းဟာ လေထုညစ်ညမ်းမှုကို ခံနိုင်ရည်ရှိစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

အဲဒီအစားအစာတွေမှာ ဗီတာမင် အီး ပမာဏ များပြားစွာ ပါဝင်တဲ့အတွက် အဆုတ်ကို သေးငယ်တဲ့ အစက်လေးတွေ ထင်နေခြင်းကနေ ကာကွယ်ပေးတယ်လို့ သိရပါတယ်။

ထို သေးငယ်တဲ့ အစက်တွေကတော့ စက်ရုံတွေ ၊ ကုန်တင်ကားတွေ ၊ မော်တော်ကားတွေနဲ့ သစ်သားတွေ မီးလောင်ကျွမ်းခြင်းကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ထို အစက်တွေဟာ အဆုတ် အထိ ကောင်းစွာ ၀င်ရောက်သွားနိုင်သလို နှလုံးရောဂါ ဖြစ်တဲ့အထိပါ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

လန်ဒန် က King's College နဲ့ Nottingham တက္ကသိုလ်တို့က ပြောကြားခဲ့တာကတော့ ဗီတာမင် အီး ပမာဏ တွေ သွေးထဲမှာ များလာတဲ့ အမျှ ထိုသို့ အစက်များ ၀င်ရောက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ဗီတာမင် အီး ဟာ တစ်ကယ်တော့ အရမ်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် အီး ဟာ ဆဲလ်တွေ ရဲ့ အမြှေးတွေကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ အသားအရေ ၊ မျက်လုံးတွေ ကို ပိုမိုကောင်းမွန်စေပြီး  ခုခံအားစနစ်ကို ခွန်အားဖြစ်စေနိုင်တယ်လို့ NHS Choices ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကျန်းမာရေး ၀က်ဘ်ဆိုက် တစ်ခုကဖော်ပြခဲ့တာကတော့ အမျိုးသားတွေဟာ တစ်နေ့ကို ဗီတာမင် အီး ၄ မီလီဂ၇မ် လိုအပ်ပြီး အမျိုးသမီးတွေဟာ ၃ မီလီဂရမ် လိုအပ်နေတယ်လို့ ဆိုပါတယ်။

၁၀၀ ဂရမ်ရှိတဲ့ ထောပတ်သီးတစ်လုံး ဟာ  နေ့စဉ်လိုအပ်တဲ့ ဗီဆာနင်အီး ပမာဏ ရဲ့ ၁၀ ရာခိုင်နှုန်းကို ပံ့ပိုးပေးနိုင်ပါတယ်။



( Mario )

Ref : Daily Mail
BY http://health.thithtoolwin.com/

တစ်ပတ်ကို ၆ ရက် ၊ ၁ရက်မှာ မိနစ် ၃၀ စာ လမ်းလျှောက်ပေးခြင်းအားဖြင့် အသက် ၅ နှစ်စာ ပိုရှည်စေနိုင်



အမျိုးသားတွေဟာ တစ်ပတ်ကို ၆ ရက် ၊  ၁ရက်မှာ မိနစ် ၃၀ စာ လမ်းလျှောက်ပေးခြင်းအားဖြင့် အသက် ၅ နှစ်စာ ပိုရှည်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက အခိုင်အမာဆိုလိုက်ပါတယ်။

သုတေသီတွေရဲ့ အဆိုအရတော့ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ဆေးလိပ်ဖြတ်လိုက်သလိုပဲ ကျန်းမာရေး အတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်လို့ ဆိုပါတယ်။

လမ်းလျှောက်ခြင်း ၊ စက်ဘီးစီးခြင်း နဲ့ ရေကူးခြင်းတို့လို လေ့ကျင့်ခန်းတွေကို နာရီဝက်စာလောက် နေ့စဉ် ပြုလုပ်ပေး ခြင်းဟာ စောစော သေနိုင်မယ့် လက္ခဏာတွေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

အသက် ၆၀ အထက်မှာရှိတဲ့ အမျိုးသား အယောက် ၆၀၀၀ ကိုပြုလုပ်ခဲ့တဲ့ သုတေသနရဲ့ အဖြေက တစ်ကယ်တော့ တစ်နာရီမပြည့်တဲ့ လေ့ကျင့်ခန်း အသေးစားလေးတွေ နေ့စဉ်ပြုလုပ်ခြင်းဟာ လူ့အသက်ကို ဆွဲဆန့်လိုက်နိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးခြင်းအားဖြင့် စောစောသေနိုင်ဖို့ အခွင့်အရေးကို ၃၇ ရာခိုင်နှုန်းလျော့ကျစေခဲ့တာကိုတော့ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် လေ့လာမှု တစ်ခု ဟာ ၁၉၇၀ ခုနှစ်မှာ အသက် ၅၀ ကျော်နေပြီဖြစ်တဲ့ အမျိုးသား အယောက် ၂၆၀၀၀ ကို အရင် ကျန်းမာရေးမှတ်တမ်းတင်ခဲ့ပါတယ်။ အဲဒီနောက် သက္ကရာဇစ် ၂၀၀၀ ပြည့်နှစ်အထိ အသက်ရှင်နိုင်ခဲ့တဲ့ အမျိုးသားအယောက် ၆၀၀၀ ကို ဒုတိယ အကြိမ် ကျန်းမာရေး မှတ်တမ်း ထပ်တင်ခဲ့ပါတယ်။

အဲဒီအခါမှာ သုတေသီတွေ ထပ်မံ တွေ့ရှိခဲ့တာကတော့ ထိုကဲ့သို့  ၂၀၀၀ ခုနှစ်အထိ အသက်ရှင်နေသူတွေဟာ ကြားထဲမှာ ဆေးလိပ်ကိုဖြတ်နိုင်လိုက်တဲ့အတွက် စောစောသေမယ့် အန္တရာယ်ကနေ ၄၁ ရာခိုင်နငန်းအထိ လျော့ကျသွားပြီး အသက်ရှည်နေခဲ့တာပဲဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ မတိုင်ခင်မှာ သေဆုံးသွားခဲ့တဲ့ ကျန်အမျိုးသား ၂၀၀၀၀ ကတော့ ဆေးလိပ်မဖြတ်နိုင်ခဲ့သူတွေပဲဖြစ်ပါတယ်။

ဒါကြောင့် ဆေးလိပ်ဖြတ်ခြင်းနဲ့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ အမျိုးသားတွေကို အသက် ၅ နှစ် ခန့် ပိုရှည်စေနိုင်တယ်လို့ ဆိုခြင်းပဲဖြစ်ပါတယ်။

ရေ လုံလောက်စွာ မသောက်တဲ့အခါ ဖြစ်လာမယ့် ဆိုးကျိုးများ




ထမင်း အသက် ၇ ရက် ရေ အသက် ၁ မနက် ဆိုသလိုပဲ ကျွန်ုပ်တို့ တွေဟာ နေ့စဉ် ရေ ပမာဏ တစ်ခုကို လုံလောက်စွာ သောက်သုံးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဖန်ခွက် နဲ့ ၈ ခွက်ခန့် သောက်သုံးပေးပါမှ လုံလောက်ပါလိမ့်မယ်။ ရေ လုံလောက်အောင် မသောက်သုံးတဲ့အခါမှာ ကောင်းကျိုးတစ်ခုမှ ပြန်မရပါဘူး။ ရလာသမျှက ဆိုးကျိုးတွေကြီးပဲ ဖြစ်နေမှာပါ။ ရေ လုံလောက်စွာ မသောက်ရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ -

၁။ ကျန်းမာရေးပြသနာများ

ရေ သောက်သုံးတဲ့ ပမာဏ လျော့နည်းသွားတာ က ကျန်းမာရေးပြသနာတွေကို ပိုများလာစေနိုင်ပါတယ်။ ကျောက်ကပ် ၊ ဆီးလမ်းကြောင်းနဲ့ အူမ ကြီးတို့မှာ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ရေ သောက်သုံးတဲ့ ပမာဏ နည်းလာတာနဲ့ အမျှ နှလုံးရောဂါ ပါဖြစ်လာနိုင်ပါတယ်။

၂။ မောပန်းနွမ်းနယ်ခြင်း

ရေသောက်တဲ့ ပမာဏ နည်းလာရင် ရေဓါတ်ခမ်းခြောက်ပါတယ်။ ရေဓါတ်ခမ်းခြောက်လာရင် အရင်ဆုံး ခံစားရ မယ့် ဝေဒနာ က မောပန်းနွမ်းနယ်မှုပါ။ ခန္ဓာကိုယ်ထဲက တစ်သျှူးတွေဟာ ရေဓါတ်ခမ်းခြောက်လာရင် စွမ်းအင်ကို မရယူနိုင်တော့ပါဘူး။

၃။ အစာမချေဖျက်နိုင်ခြင်း

ရေဓါတ် နည်းနေတဲ့အခါ ၊ ရေဓါတ်ခမ်းခြောက်နေတဲ့အခါတွေမှာ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေဟာ မိမိ စားသုံးလိုက်တဲ့ အစားအစာတွေရဲ့ အာဟာရတွေကို စုပ်ယူနိုင်စွမ်းမရှိတော့ပါဘူး။ အစားအစာတွေမှာပါတဲ့ အဆိပ်တွေကိုသာ စုက်ယူသွားမှာ ဖြစ်ပါတယ်။

၎။ ကယ်လိုရီ ပြသနာ

၂၀၁၀ တုန်းက လုပ်ခဲ့တဲ့ သုတေသနတစ်ခုအရတော့ အစာစားခါနီးတိုင်း ရေ ၁၀ ခွက် အထိ သောက်သုံးပေးရင် စားတဲ့အစားအစာ မှာပါဝင်တဲ့ ကယ်လိုရီတွေကို ၇၅ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် အစားအစာတွေမှာ ပါတဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။ရေမသောက်ရင်တော့ ဒီကောင်းကျိုးတွေ အားလုံးကို ဆုံးရှုံးရပါလိမ့်မယ်။

၅။ အသွင်အပြင် ပြသနာ

သင်ဟာ လက်ရှိအသက်အရွယ်ထက် ပိုပြီး အိုမင်းရင့်ရော်နေတယ် ၊ အသားအရေ မွဲခြောက်နေတယ်ဆိုရင်တော့ သင်နေ့စဉ် ရေပမာဏ တစ်ခုကို လုံလောက်စွာ ပုံမှန်မသောက်သုံး လို့ဆိုတာတော့ သေချာပါတယ်။

(Mario)

Ref : Menxp
BY http://health.thithtoolwin.com/

ထမင်းစားပြီးပြီး ချင်းမှာ မလုပ်သင့်တဲ့ အရာများ




သင် ဟာ အသက်ရှင်ခြင်းရဲ့ အခြေခံလိုအပ်ချက် အတွက် ၊ အာဟာရ ရရှိဖို့အတွက် အချိန်တန်ရင် ထမင်းစားရပါတယ်။ ထမင်းစားပြီးရင် ဗိုက်ပြည့်ပြီ။ လုပ်ချင်တာ ပြန်လုပ်မယ်ဆိုပြီးတွေးထားရင်တော့ ဘာ အာဟာရ မှ ရမှာ မဟုတ်ပါဘူး။ ထမင်းစားပြီးပြီးချင်းမှာ ရှောင်ကြဉ်သင့်တာလေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ လက်ဖက်ရည် မသောက်ပါနဲ့

လက်ဖက်ရည်မှာပါဝင်တဲ့ ပိုလီဖနော တွေဟာ သင်စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ သံဓါတ်တွေကို ရယူနိုင်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် လက်ဖက်ရည်မှာ ပါဝင်တဲ့ အက်ဆစ် အမျိုးမျိုးတို့ဟာ ထမင်းစားချိန်တုန်းက ရရှိထားတဲ့ ပရိုတိန်းတွေကို နှောင့်ယှက်လိုက်တဲ့အတွက် ထမင်းစားပြီး လက်ဖက်ရည်သောက် ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ရေမချိုးပါနဲ့

သင့်ရဲ့ အစာအိမ်ထဲက အစာတွေကို ကောင်းမွန်စွာ ချေဖျက်နိုင်ဖို့အတွက် သင့်ရဲ့ အစာအိမ်ကို သွားတဲ့ သွေးလည်ပတ်မှု တွေကို လှုံ့ဆော်ပေးဖို့လိုပါတယ်။ ရေချိုးလိုက်ခြင်းဟာ သင့်ရဲ့ ခြေထောက်နဲ့ လက် မှာ ရှိတဲ့ သွေးလည်ပတ်မှု တွေကို ပြောင်းပြန်ပြုလုပ်လိုက်တဲ့အတွက် ထမင်းစားပြီး နာရီဝက်ခန့် ကြာမှသာ ရေချိုးသင့်ပါတယ်။

၃။ မအိပ်ပါနဲ့

ဒါကတော့ ကမ္ဘာကြီးရဲ့ ဆွဲငင်အားနဲ့ ဆိုင်ပါတယ်။ သင်ဟာ လဲလျောင်းလိုက်တဲ့အခါမှာ သင့်ရဲ့ အစာအိမ် အတွင်းက အစာချေဖျက်ပေးမယ့် အရည်တွေဟာ ပျောက်ဆုံးသွားတဲ့အတွက် အစာစားပြီးပြီး ချင်းလဲလျောင်း အိပ်စက်တာ ဟာ မကောင်းပါဘူး။

၎။ လမ်းမလျှောက်ပါနဲ့

လမ်းလျှောက်ခြင်းဟာ သင့်ရဲ့ စွမ်းအင်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ စွမ်းအင်တွေ လောင်ကျွမ်းသွား တဲ့အခါမှာ သင့်ရဲ့ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေဟာ အစားအစာမှာ ပါတဲ့ အာဟာရတွေကို ရယူနိုင်စွမ်းမရှိတော့ပါဘူး။

၅။ သစ်သီးတွေမစားပါနဲ့

အချိုတည်းတယ်လို့ လူတွေပြောကြပေမယ့်လည်း ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက ဘာအကျိုးကျေးဇူးမှ မရပါဘူး။ သစ်သီးတွေမှာပါတဲ့ သကြားဓါတ်ဟာ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေရဲ့ စုပ်ယူမှုကို ခံလိုက်ရတဲ့အတွက် သင့်ရဲ့ ခန္ဓာကိုယ်အတွင်း သကြားဓါတ် ပိုမိုရောက်ရှိသွားမှာပါ။

Ref : Menxp
BY http://health.thithtoolwin.com/

အမျိုးသမီးတွေ အရက်မူးရင် ဘယ်လိုဖြစ်သွားတတ်လဲ

ပါတီတွေကနေရာတိုင်းမှာရှိနေသလို အမျိုးသားရော အမျိုးသမီးတွေပါ တက်ရောက်ကြပါတယ်။ ဒီတော့ သောက်လေ့ရှိတဲ့ အမျိုးသမီးတွေကို တခြားနေရာတွေမှာရော ပါတီတွေမှာပါ အများအပြား တွေ့ရတတ်ပါတယ်။

အမျိုးသမီးတွေ အရက်မူးရင် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်ပုံချင်းမတူပါဘူး။ ဒီတော့ လေဒီမူးလေးတွေရဲ့ ဖြစ်တတ်ပုံလေးတွေ လေ့လာကြည့်ရအောင်။

(၁) Fighter မမ

လူသတ်သမားဆန်ဆန် အပြုံးက သူမနှုတ်ခမ်းဖျားမှာ တွဲခိုနေပြီး သူမကိုယ်သူမ ဖိုက်တာတစ်ဦးလို့ ထင်နေပါပြီ။ သူမကောင်လေးကို လာမြူနေတယ်လို့ မသင်္ကာဖွယ်ရှိတဲ့ ကောင်မလေးတွေကို မျက်တောင် တချက်မခတ် လိုက်လံရှာဖွေနေမှာ ဖြစ်ပြီး တွေ့ပြီဆိုလို့ကတော့ ဘယ်သူမှ ဆွဲချိန်တောင် မရလိုက်ဘူး။ သူမလိုလူမျိုးကတော့ တေးဂီတတွေ အပျော်တွေကို ရပ်အောင် လုပ်ပစ်တတ်သူပါ။

(၂) ဘာမှမသိတော့အောင် သောက်သူ

နှစ်ခွက်လောက် သောက်ပြီး အဆက်မပြတ်အန်တတ်သူပါ။ ဒါပေမယ့် ရပ်သွားသလားဆိုတော့ မရပ်ပါဘူး။ ပိုအန်လေ ပိုသောက်လေပါပဲ။ သူတို့ရဲ့ လိပ်စာကို အင်္ကျံနောက်ကျော (ဒါမှမဟုတ်) ပိုက်ဆံအိတ်မှာ ကပ်ထားရတဲ့ သူတွေဆိုတာ ဒီလိုလူမျိုးပါပဲ။

(၃) သူမကိုယ် သူမ သောက်ထားတယ်လို့ ဘယ်တော့မှ ၀န်မခံတတ်သူ

“မင်း သောက်နေတာ ဘယ်လောက်ကြာပြီလဲ” လို့ သွားမေးလိုက်တယ် ဆိုပါတော့။ “သောက်တယ်။ ကျွန်မ သောက်တယ်လို့ ဘယ်သူပြောလဲ။ ကျွန်မ မသောက်ပါဘူး။ ရှင်သာ သောက်တတ်တဲ့သူ” ဆိုပြီး ဗြောင်ကို ငြင်းတတ်ပါသေးတယ်။ “မယုံရင်ကြည့်ပါလား” ဆိုပြီး လမ်းထလျှောက်တဲ့အချိန်မှာတော့ ဒုတိယ ခြေလှမ်းအရောက်မှာ လဲကျသွားပါတော့တယ်။

(၄) စကားအကျယ်ကြီးပြောသူ

သူမသောက်ထားတယ်။ ပြီးတော့ ဒါကို တစ်လောကလုံးကိုလည်း သိစေချင်တယ်ဆိုတဲ့ သူမျိုးပေါ့။ သူမပါးစပ်ကို alarm ပေးထားသလိုမျိုး “God! I’m so drunk” ဆိုတာကို ဆယ်မိနစ်တစ်ကြိမ် လောက်ကလည်း ထထအော်တတ်ပါသေးတယ်။ သူမပါးစပ် ဟလိုက်တဲ့အကြိမ်တိုင်း သူမပါးစပ်ထဲ ခြေအိတ် ထိုးသွင်းထားပေးချင်စိတ် ပေါက်လာမိတယ် ဆိုတဲ့သူမျိုးပေါ့။

(၅) စမတ်ဖုန်းသမား

အယ်လ်ကိုဟောက သူမရဲ့လက်တွေကို ပိုမြန်အောင်လုပ်လိုက်သလား မသိပါဘူး။ ကောလိပ်ကျောင်းက ရည်းစားဟောင်းပါမကျန် သူမရဲ့ ဖုန်းနံပါတ်စာရင်းထဲမှာ ရှိသမျှ လူတွေ အကုန်လုံးကို ဖုန်းလိုက်ဆက်ပြီး မရမက အတင်းခေါ်တတ်သူမျိုးပါ။

(၆) အတွေးအခေါ်သမား

အရက်ဟာ သူမကို ကောင်းကင်ဘုံရဲ့တံခါးကို ဖွင့်လှစ်ပေးလိုက်သလား မသိပါဘူး။ ရုတ်ရက်ဆိုသလိုပဲ ဘ၀ရဲ့ အဓိပ္ပါယ်နဲ့ လျှို့ဝှက်နက်နဲမှုတွေကို သူမ နားလည်သလိုမျိုး ဖြစ်သွားပါတော့တယ်။ အဲဒီမှာ သူမရဲ့ ဖီလိုဆော်ဖီတွေကို အမျှင်မပြတ် စပြီးပြောတော့တာပါပဲ။

(၇) ရှုပ်ပွေလိုသူ

မူးပြီဆိုတာနဲ့ ကပွဲကြမ်းပြင်ပေါ်ရောက်သွားပြီး ဘယ်သူနဲ့မဆို တွဲကတော့တာပါပဲ။ ကနေရရင်ပြီးရော ဘယ်သူလာလာ ဒေါင်းတယ်ဆိုတဲ့ လေဒီလေးတွေပေါ့။

ဒီတော့ သင့်အနေနဲ့ သူမ သောက်တတ်တဲ့ အကျင့်လေးကို သိထားပြီးပြီဆိုရင် ကြိုတင် ကာကွယ်မှုတွေ လုပ်ထားဖို့တော့ လိုပြီနော်။

Trend Myanmar.

ကျန်းမာရေး အတွက် သောက်သုံးသင့်သော ဖျော်ရည်များ

ကျန်းမာရေးအတွက် သောက်သုံးသင့်သော ဖျော်ရည်များကျန်းမာရေး အတွက် အသင့်ပြုပြင် ထားတဲ့ ဖျော်ရည်တွေအစား သစ်သီးကို ပြုလုပ်ထားတဲ့ ဖျော်ရည်မျိုးက ပိုမိုသင့် တော်တယ်ဆိုတာကို သင်သိပြီးသား ဖြစ်မှာပါ။ ဘယ်လို သစ်သီးဖျော်ရည်တွေက သင့်ကျန်းမာရေးကို ဘယ်လိုပုံစံ ကျန်းမာနေစေတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သလဲသီးဖျော်ရည်

သလဲသီးဟာ အဝါရောင်အခွံရှိပြီး အထဲမှာ အနီရောင်အစေ့လေးတွေများ စွာပါဝင်တဲ့အသီးမျိုးပါ။ ချိုချဉ်နဲ့ ဖန်တဲ့ အရသာရှိပါတယ်။ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေများစွာ ပါရှိပါတယ်။ သဘာဝ အင်တီအောက် ဆီးဒင့်တွေပါဝင်တာကြောင့် ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့ အသီးတစ်မျိုးလည်းဖြစ် ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ပြီး နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေတာကြောင့် သင်သောက် နေကျ ဖျော်ရည်တွေထဲမှာ သလဲသီး ဖျော်ရည်ကို ထပ်ပေါင်းဖြည့်စွက်ပေးပါ။

၂။ ဘလူးဘယ်ရီသီးဖျော်ရည်

ဘလူးဘယ်ရီသီးဟာ ခန္ဓာကိုယ်အ တွက် လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုး ဖြစ်တဲ့အပြင် အသက်ရှည်စေတဲ့ အသီး တစ်မျိုးလို့ ဆိုပါတယ်။ ကယ်လိုရီ လုံးဝ မပါဝင်တာကြောင့် နေ့စဉ် ဘလူးဘယ်ရီ သီးတစ်ခွက် ဖျော်သောက်ပေးရင်လည်း ခန္ဓကိုယ်အလေးချိန်မတက်စေနိုင်ပါဘူး။ ကိုယ်လက်စထရောကို ကျစေတဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေ ပါတယ်။ ပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး ရောဂါတချို့ကို လည်း တားဆီးနိုင်ကာ ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။ မျက်စိအမြင်အာရုံကိုတိုးစေပြီး မှတ်ဉာဏ်ကောင်းစေကာ ဆီးလမ်းကြောင်း ပိုးဝင်တာတွေကိုလည်း သက်သာစေနိုင် ပါတယ်။

၃။ ခရင်မ်ဘယ်ရီဖျော်ရည်

ချဉ်တဲ့အရသာရှိပြီး အနီရောင်ဖြစ် တဲ့ ဘယ်ရီသီးဟာ ရောဂါပိုးတွေကို ကာ ကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ နှ လုံးကျန်းမာရေးကိုကောင်းစေတဲ့ Flavonoid တွေပါဝင်ပြီး ဘက်တီးရီးယား တွေကို တိုက်ထုတ်နိုင်တဲ့အာနိသင်ရှိကာ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူတွေအနေနဲ့ နေ့စဉ်သောက်သုံးပေးသင့်ပါတယ်။ ဒါပေမဲ့ လတ်ဆတ်တဲ့အသီးကို ဝယ်ပြီး ဖျော်ရည်ပြု လုပ်သင့်ပြီး အသင့်ပြုလုပ်ထားတဲ့ ဖျော်ရည်တွေက သကြားပါဝင်မှု များတတ်ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ခရင်မ်ဘယ်ရီသီး ဖျော်ရည်ဖြစ်ဖို့ လတ်ဆတ်တဲ့ ခရင်မ်ဘယ်ရီးသီးကိုသာ ဖျော်သောက်ပါ။

၎။ လိမ္မော်သီးဖျော်ရည်

လတ်ဆတ်တဲ့ လိမ္မော်သီးဖျော်ရည်မှာ ဗီတာမင်စီကြွယ်ဝပြီး အင်တီအောက် စီးဒင့်တွေကြွယ်ဝပါတယ်။ ကင်ဆာကို တားဆီးနိုင်ဖို့ ဗီတာမင်စီက ကူညီနိုင်တဲ့ အပြင် ဆဲလ်ပျက်စီးမှုတွေကိုလည်း ကာ ကွယ်ပေးနိုင်ပါတယ်။ သံဓာတ်လည်းပါဝင်ပြီး ကိုယ်ဝန်ဆောင် သည်တွေသောက် သုံးပါက ကလေးမွေးဖွားရ လွယ်ကူစေပါ တယ်။ လိမ္မော်သီးဖျော်ရည်မှာ ကယ်လ ဆီယမ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါသရီးဖက်တီး အက်စစ်တွေပါဝင်တာကြောင့် နှလုံး ကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။

၅။ ပန်းသီးဖျော်ရည်

ပန်းသီးဖျော်ရည်ဟာ မှိုပိုးတွေကို တိုက်ထုတ်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ တခြားကျန်းမာရေးကောင်းစေတဲ့အချက် တွေအနေနဲ့ အသက်ရှူစနစ်ကို ကောင်း မွန်စေတာ၊ အစာခြေစနစ်ကို ကောင်း မွန်စေတာ၊ စွမ်းအင်တိုးစေတာ၊ ရောဂါ တိုက်ထုတ်ပေးတာ၊ အမြင်အာရုံကောင်း စေတာစတဲ့ အချက်တွေများစွာပါဝင်တာ ကြောင့် တစ်နေ့ကို ပန်းသီးဖျော်ရည် တစ်ခွက်လောက် သောက်ပေးသင့်တယ် လို့ ဆိုပါတယ်။

၆။ စပျစ်သီးဖျော်ရည်

စပျစ်သီးဖျော်ရည်က သွေးဖိအား ကို ထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကိုလက်စထရောကိုလည်း ကျစေပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောပျက်စီးမှုကို လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

၇။ အမည်းရောင် ချယ်ရီသီးဖျော်ရည်

အမည်းရောင် ချယ်ရီသီးဖျော်ရည် ကတော့ ကြွက်သားတွေပျက်စီးတာနဲ့ နာကျင်တာကို သက်သာစေတဲ့ဖျော်ရည် တစ်မျိုးပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါ တယ်။ ကင်ဆာကိုတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း အ များအပြားပါဝင်ပါတယ်။

၈။ အနီရောင် စပျစ်သီးဖျော်ရည်

အနီရောင် စပျစ်သီးကတော့ ကင်ဆာကို တားဆီးပေးပြီး မကောင်းတဲ့ ကို လက်စထရောကို လျော့ကျစေကာ နှလုံး ကျန်းမာရေးအတွက် အကောင်းဆုံးအ ထောက်အကူပြုတယ်လို့ဆိုပါတယ်။

သဲသဲ

By Good Health

ပျိုမေတို့ အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ

၁။ ပျိုမေတို့ရဲ့ ချိုင်းသားလေးတွေ လှပ သန့်ရှင်း ချောမွေ့စေဖို့ လျှို့ဝှက်ချက် ကတော့ ပျားရည်ပဲ ဖြစ်ပါတယ်။ ချိုင်းအောက် အရေပြားကို ပျားရည် (သို့မဟုတ်) ပျားရည်နဲ့ သံပုရာသီး ရောပြီး တစ်လ တစ်ကြိမ်လောက် ပုံမှန် လိမ်းပေး သင့်ပါတယ်။ သံပုရာသီး ကတော့ ချိုင်းအောက် အရေပြား မည်းနေသူတွေ အတွက် အသင့်တော်ဆုံး ပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုး ခါနီးတိုင်း သံပုရာသီးနဲ့ ချိုင်းအောက်က မည်းတဲ့ နေရာတွေကို ညင်ညင်သာသာ ပွတ်တိုတ် ပေးသင့်ပါတယ်။

၂။ ဦးရေပြားက အဆီခန်းခြောက်လို့ ဆံပင်တွေ ခြောက်ပြီး ပွယောင်းယောင်း ဖြစ်နေသူတွေ အတွက် ပျားရည်နဲ့ နွားနို့ဟာ အကောင်းဆုံး ဗီတာမင်ပါပဲ။ နွားနို့ဖန်ခွက်နဲ့ တစ်ဝက်ခန့်ကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောစပ်ပြီး ဆံနွယ်ဆံသား တွေကို နှံ့စပ်အောင် ပွတ်လိမ်း ရပါမယ်။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပြီး ချိန်မှာတော့ ဆံနွယ်ဆံသား လေးတွေ သိသိသာသာ ပျော့ပျောင်း နူးညံ့လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

၃။ သင့်မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်က အသားအရေ နူးညံ့ ချောမွေ့စေဖို့ ပျားရည်က အကောင်းဆုံး အဖော်မွန်ပါပဲ။ ငှက်ပျောသီး မှည့်မှည့် တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သမအောင် ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းကို ခပ်ပါးပါးလေး လိမ်းပါ။ ၁၅ မိနစ်လောက် ထားပြီး မျက်နှာသစ်ဆေး ခပ်ပျော့ပျော့နဲ့ ဆေးကြော လိုက်ချိန်မှာတော့ သင့်ရဲ့ အသား အရေဟာ မွေးကင်းစ ကလေးငယ်တွေလို နူးညံ့ချောမွေ့ သွားမှာ သေချာ ပါတယ်။ မနက်အိပ်ရာ ထချိန်မှာလည်း ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဝက် လောက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာရင် ရေခပ် နွေးနွေးလေးနဲ့ ဆေးကြော သန့်စင်လို့လည်း ရပါသေးတယ်။ မနက် အိပ်ရာ ထချိန်မှာလည်း ပျားရည်နဲ့ မျက်နှာ သစ်ခြင်း အားဖြင့် နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

"ကိုယ်စိတ်နှလုံး ချမ်းသာပြီး ကျန်းမာ ပျော်ရွင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။"

ref :သုတဘဏ်(KI)

credit to Villager Myanmar

အမျိုးသမီးကင်ဆာဝေဒနာရှင် ၄၆% က အသက်၅၀အောက်မှာဖြစ်ပွား


နောက်ကျမှအိမ်ထောင်ပြုတာ၊ လိင်ဆက်ဆံဖော်များတာ၊ ကိုယ်ဝန်ဆောင်ချိန်နောက်ကျတာတွေက အမျိုးသမီးတွေကြား ကင်ဆာဖြစ်ပွားမှုများစေတဲ့အချက်ပါပဲ။ အထူးသဖြင့်တော့ရင်သားနဲ့သား အိမ်ခေါင်းကင်ဆာရောဂါတွေမှာပေါ့။ ယခုနောက်ပိုင်းနှစ်တွေမှာ ဘ၀ နေထိုင်မှု ပုံစံတွေပြောင်းလဲလာ ပြီးနောက်၄၆% သော ကင်ဆာဝေဒနာရှင်အမျိုးသမီးတွေက အသက်၅၀အောက်တွေဖြစ်လာတာ စိုးရိမ်ဖွယ်တွေ့လာရပါတယ် ။ အိန္ဒိ ယအမျိုးသမီးတွေရဲ့အသက် ၂၀ မှ ၃၀ ကြား၊ ကင်ဆင်ဖြစ်ပွားမှု ၂%၊ ၃၀ မှ ၄၀ ကြား ကင်ဆာဖြစ်ပွားမှု ၁၆%၊ ၄၀ မှ ၅၀ ကြား ကင်ဆာဖြစ်ပွားမှု ၂၈% ထိရှိပါတယ်။ ဒါ့ကြောင့် အသက်၅၀ အောက်ကင်ဆာဖြစ်ပွား မှုက ၄၆% ထိ ရှိလာပါတယ်။

အိန္ဒိယလိုနိုင်ငံမျိုးမှာဒေသအတော်များများကမိန်းမတို့ရဲ့ လျို့ဝှက် အပ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုကို တားမြစ်ထားတဲ့ အတွက် အမျိုးသမီးတွေကဖွင့်ဟတိုင်ပင်ခြင်း မရှိတာကြောင့် ရောဂါဆိုးမှ သိလေ့ရှိပါတယ်။ အထူးသဖြင့်ရင်သားကင်ဆာ၊ သား ဥအိမ်ကင်ဆာတို့ကခုချိန်ထိကို ၀န်ထုပ်ဝန်ပိုး ဖြစ်နေတုန်းပါပဲ။

အမျိုးသား ကင်ဆာရောဂါကာကွယ်ရေးနဲ့သုတေသန (NICPR) မှအဆိုအရအိန္ဒိယမှာ ရှစ်မိနစ်တိုင်း အမျိုးသမီး တစ်ယောက်ကသားအိမ်ခေါင်းကင်ဆာကြောင့်အသက် ဆုံးရှုံးလျက် ရှိပြီး၊ ရင်သား ကင်ဆာနဲ့ရောဂါ တွေ့တဲ့အမျိုးသမီးနှစ်ယောက်မှာအမြဲတစ်ယောက်ကအသက် ဆုံးရှုံးလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင်နေ့စဉ်လူ ၂၅၀၀ ခန့်ဟာ ဆေးရွက်ကြီးကြောင့် နောက်ဆက်တွဲဖြစ်ပွား တဲ့ရောဂါကြောင့်အသက် ဆုံးရှုံးရလေ့ ရှိတယ်လို့ သိရပါတယ်။ အသက်ငယ်ရွယ်စဉ်မှာ ရင်သား ကင်ဆာဖြစ်ပွားရင် အထူးအာရုံစိုက်ရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကတော့ငယ်ငယ်နဲ့ဖြစ်ပွားရင် မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပြီး ပိုပြီးလည်း ဆိုးဝါးနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာလိုမဟုတ်ဘဲကုသမှုကိုတုန့်ပြန်မှုမတူညီနိုင်ပါဘူး။ ဒါ့အပြင်ငယ်ရွယ်သူဖြစ်တဲ့အတွက် ခန္ဓာကိုယ်ပုံစံ၊ မိသားစုဘ၀၊ အိမ်ထောင်ဖက်နဲ့ဆက်ဆံရေး၊ စတာတွေကိုထည့်သွင်းစဉ်းစားရပါတယ်။ လူနာတွေက ဆရာဝန်နဲ့ လာပြတဲ့အချိန်မှာရောဂါကကျွမ်းနေတာမျိုးတွေအတွေ့များတဲ့အတွက်၊ အသက်ငယ်တယ်ဆိုပြီး မပေါ့ဆသင့်ပါဘူးလို့အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ကိုယ်ဝန်ဆောင်မိခင်နှင့် အားဆေးများ

ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့နေ့စေ့၊ လစေ့ပြီး ကျန်းမာသန်စွမ်းတဲ့ ကလေးကို အခက်အခဲ မရှိမွေးဖွားနိုင်ဖို့ဆို ရင်ပြည့်စုံလုံလောက်တဲ့ အာဟာရတွေရရှိနိုင်ရေးက အရေးကြီးလှပါတယ်။ ဒီအချက်ကိုအကြောင်းပြုပြီး ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ကိုယ်ဝန်ဆောင် အားတိုးဆေးတွေ ကိုဆေးကုမ္ပဏီအမျိုးမျိုးကတံဆိပ်အမျိုးမျိုးနဲ့ကြေငြာရောင်းချကြပါတယ်။ မကြာသေးခင် က သုတေသနတစ်ခုက အဲဒီကိုယ်ဝန် ဆောင်အားတိုးဆေးတွေဟာ အဲဒီကုမ္ပဏီတွေကြော်ငြာကြသလိုကိုယ် ၀န်ဆောင်မိခင်တွေအတွက် အမှန်တကယ်လိုအပ်သလားဆိုတာပြန်လည်ဆန်းစစ်လေ့လာခဲ့ကြပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ အားဆေး အတွက်ကုန်ကျစားရိတ် ကိုယ်ဝန်ဆောင် မိခင်တွေမှာ အာဟာရနဲ့ ဗစ်တာမင်တွေချို့တဲ့ရင်မိခင်နဲ့ကလေးအတွက်ဆိုးကျိုး တွေ အများ အပြားဖြစ်စေနိုင်တယ်လို့ သိထားကြပါတယ်။ အဲဒီဆိုးကျိုးတွေထဲမှာကလေးဖွံ့ဖြိုးမှုနှေးကွေးတာ၊ ပေါင်မပြည့်ဘဲမွေးတာ၊ ခန္ဓာကိုယ်ချို့ယွင်းချက်တွေနဲ့မွေးတာ ၊ ကိုယ်ဝန် ဆောင်ကာလအတွင်း သွေးတက်တာတွေ ပါဝင်ပါတယ်။ ဒါအချက်ကိုအခြေခံပြီး ဆေးကုမ္ပဏီတွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်ဝန်ဆောင်အားတိုး ဆေးတွေတံဆိပ်အမျိုးမျိုးနဲ့အများအပြား ထုတ်လုပ်ကြပါတယ်။

ယေဘုယျအားဖြင့်အဲဒီ ကိုယ်ဝန်ဆောင် အားတိုးဆေးတွေမှာဗစ်တာမင်ဘီအုပ်စု၊ စီ၊ ဒီ၊ အီး၊ ကေ၊ အိုင်အိုဒင်း၊ဖောလစ်အက်ဆစ်၊ မက်ဂနီဆီယမ်၊ ဇင့်၊ဆယ်လီနီယမ်နဲ့ ကြေးနီတို့လို ဗစ်တာမင်နဲ့ သတ္တုဓာတ်တွေအမျိုးအစားပေါင်း ၂၀ နဲ့အထက်ပါဝင်ကြောင်း တွေ့ရှိရပါတယ်။ အဲဒီအားဆေးတွေအတွက်ကုန်ကျစားရိတ်ဟာ တစ်လကိုခန့်မှန်းခြေ ၁၉ ဒေါ်လာလောက်ကျသင့်ပါတယ်။
Drug and Therapeutics Bulletin မှာဖော်ပြထားတဲ့ သုတေသနစစ်တမ်း တစ်စောင်က အရင်တွေ့ရှိထားတဲ့ သုတေသနအချက်အလက်တွေကိုဆန်းစစ်ပြီး ကိုယ်ဝန်ဆောင်အားတိုးဆေးတွေ ဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့မွေးလာမယ့်ကလေးအတွက် ဘယ်လောက် အကျိုးရှိသလဲဆိုတာ ကိုလေ့လာခဲ့ကြပါတယ် ။

ဘယ်ဗစ်တာမင်နဲ့သတ္တုဓာတ်တွေက အရေးကြီးသလဲ
ကိုယ်ဝန်ဆောင်အားဆေးတွေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သုတေသနတွေ အများအပြား လုပ်ဆောင်ပြီးဖြစ်ပေမဲ့အဲဒီသုတေသနတော်တော်များများဟာ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့ လိုနိုင်ငံတွေထက် အာဟာရချို့တဲ့မှုများတဲ့ ၀င်ငွေနည်းတဲ့နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့ကြတာပါ။ အလားတူဘဲ ကိုယ်ဝန်ဆောင် မိခင်အတွက်ဗီတာမင်နဲ့သတ္တုဓာတ်တွေရဲ့အကျိုး အာနိသင် ကိုလေ့လာတဲ့တခြား သုတေသနတွေကလည်း အာဟာရချို့တဲ့မှုနဲ့ ရောဂါဆက်စပ်မှုကိုသာဖော်ပြပြီး အကြောင်းရင်းကို တိတိကျကျဖော်ထုတ်သက်သေပြနိုင်တာမျိုးမဟုတ်ကြပါဘူး။
ဒါကြောင့်အခုသုတေသနမှာ ကိုယ်ဝန်မိခင် အားတိုးဆေးတွေ တကယ်အကျိုးရှိသလားဆိုတာနဲ့ အရင်သုတေသနတွေက ဒီအားတိုး ဆေးတွေရောင်းကောင်းအောင်ပံ့ပိုး ပေးနေသလားဆိုတာ သိနိုင်ဖို့ပြန်လည်ဆန်းစစ်လေ့လာခဲ့ကြပါတယ်။ ကုမ္ပဏီတွေကထုတ်လုပ်တဲ့ကိုယ်
ဝန်ဆောင် မိခင်အားတိုးဆေးတွေအများစုဟာ ဗစ်တာမင် အေ၊ စီ၊ ဒီ၊ အီး၊ သံဓာတ်နဲ့ဖောလစ်အက်ဆစ် တို့ပါဝင်ပါတယ်။

သုတေသနစာတမ်းတွေကိုပြန်လည်ဆန်းစစ်လေ့လာတဲ့အခါဖောလစ်အက်ဆစ်သောက်သုံးခြင်း ရဲ့ အကျိုးကျေးဇူးတွေကိုတိတိကျကျခိုင်ခိုင်မာမာနဲ့ဖော်ပြထားတာတွေတွေ့ရှိရပါတယ်။ ဖောလစ်အက်ဆစ်သောက်သုံးဖြင်းအားဖြင့် anencephaly လို့ခေါ်တဲ့ဦးနှောက်နဲ့ ဦးခေါင်းခွံရဲ့ အစိတ်အပိုင်းတွေပါမလာတဲ့မွေးရာပါချို့ယွင်းချက်နဲ့ spina bifida လို့ခေါ်တဲ့ခါးဆစ်ရိုး အတွင်းက အာရုံကြောမကြီး မဖွံ့ဖြိုး တဲ့မွေးရာပါချို့ယွင်းချက်တွေအပါ အ၀င် အာရုံကြောချို့ယွင်းချက်တွေ ကိုမဖြစ်အောင်ကာကွယ်ပေးနိုင်ကြောင်းသုသေတနအမြောက်အများ က တွေ့ရှိရပါတယ်။
ဗြိတိန်နဲ့အမေရိကန်နိုင်ငံမှာထုတ်ပြန်ထားတဲ့ ကိုယ်ဝန်ဆောင် လမ်းညွန်ချက်တွေမှာ ကိုယ်ဝန် ဆောင်သည်တွေအနေနဲ့ ကိုယ်ဝန်မ ဆောင်ခင်ကနေ ကိုယ်ဝန် ၁၂ ပါတ်ရောက်တဲ့ အထိဖောလစ်အာက်ဆစ်ကိုနေ့စဉ် ၄၀၀ မိုက်ခရိုဂရမ်သောက်သုံးဖို့ တိုက်တွန်းထားပါတယ်။
နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့  ကျွန်တော်တို့ခန္ဓာကိုယ် အရေပြားနဲ့ထိတွေ့မိတဲ့ အခါခန္ဓာကိုယ်ကဗစ်တာမင်ဒီထွက်လာပါတယ်။ ဗစ်တာမင်ဒီဟာ အူလမ်းကြောင်းကကယ်ဆီယမ် ဓာတ်စုတ်ယူတာကိုအားပေးပြီး အရိုးတွေခိုင်မာအောင် ထိန်းသိမ်း တဲ့နေရာမှာ အရေးပါပါတယ်။ ဒါကြောင့်ဗစ်တာမင်ဒီအားနည်းရင် rickets လို့ခေါ်တဲ့ အရိုးပျော့ရောဂါတွေဖြစ်စေနိုင်ပါတယ်။
ဗစ်တာမင်ဒီကို ကိုယ်ဝန်ဆောင်မိခင်တွေသောက်သုံးသင့်တယ်ဆိုတဲ့ အချက်ကဖောလစ်အက်ဆစ်လောက်မခိုင်မာလှပါဘူး။ ဗစ်တာမင်ဒီဟာ ကိုယ်ဝန်ဆောင် ကာလနဲ့မီးဖွားတဲ့ကာလအတွင်း မလိုလားအပ် တဲ့နောက်ဆက်တွဲဖြစ်ရပ်တွေလျော့ကျစေတယ်ဆိုတဲ့ အထောက်အထားအနည်းငယ်သာရှိပါတယ်။ အေးပြီး တိမ်ထူထပ်တဲ့ဒေသမှာနေပြီး ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုနည်းတဲ့အမျိုးသမီးတွေ၊ အခြားရောဂါ တစ်ခုခုကြောင့် အာဟာရချို့တဲ့နေသူတွေမှာတော့ဗစ်တာမင်ဒီသောက်သုံးခြင်းကအကျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလနဲ့ မိခင်နို့တိုက်နေတဲ့ကာလအတွင်း ဗစ်တာမင်ဒီကိုတစ်နေ့ ၁၀ မီလီဂရမ်နေ့စဉ်သောက်သုံးသင့်တယ်လို့အခုထိညွန်းနေဆဲဖြစ်ပါတယ်။

မလိုအပ်ဘဲငွေကုန်ကြေးကျများစေတဲ့အားဆေးအများစု တကယ်တော့ ဗစ်တာမင် အေ၊ စီ၊ အီးနဲ့သံဓာတ်တို့လို အား ဆေးတွေကကောင်းစွာစားနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေး အတွက်ကျန်းမာရေးအရအကျိုးရှိတယ်လို့မပြောနိုင်ပါဘူး။ ဒါ့အပြင်ဗစ်တာမင်အေလိုအားဆေးမျိုးကလိုအပ်တာတဲ့ပိုများရင် ဗိုက်ထဲကဖွံ့ဖြိုးနေဆဲ သန္ဓေသားကိုတောင်ထိခိုက်စေနိုင်တယ်လို့သိရပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တွေ
အားလုံး ကိုယ်ဝန်ဆောင်ကာလမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကညွန်းထား ပြီး ဈေးသက်သက်သာသာနဲ့ ၀ယ်နိုင် တဲ့ဖောလစ်အက်ဆစ်နဲ့ဗစ်တာမင်ဒီကလွဲလို့တခြားအားဆေးတွေသောက်သုံး သင့်တယ်ဆိုတဲ့အထောက်အထား တစ်စုံတစ်ရာမရှိကြောင်း အဲဒီသုတေသနစာတမ်း မှာဖော်ပြထားပါတယ်။

အဲဒီတွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ်နဲ့ဗစ်တာမင်ဒီကိုဘဲသောက်သုံးဖို့လိုပြီး တခြားအား ဆေးတွေသောက်ဖို့မညွန်းကြောင်း သိရှိပါတယ်။ အခုလက်ရှိဈေးကွက်ထဲမှာထုတ်လုပ်ရောင်း ချနေတဲ့ဗီတာမင်မျိုးစုံနဲ့သတ္တု ဓာတ်တွေပါဝင်တဲ့ အားဆေးတွေဟာ အမှန်တကယ်လိုအပ်တာမျိုးမဟုတ်ဘဲ အကုန်အကျများရုံသက်သက်သာ ဖြစ်နေကြောင်း၊ ကိုယ်ဝန်ဆောင် သည်တွေအနေနဲ့ ဈေးကြီးပေးဝယ် ရမယ့်အားဆေးတွေအစား စနစ်
တကျစားသောက်ဖို့သာလိုအပ်ကြောင်း၊ အစေ့အဆံတွေ၊ အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း တွေစတဲ့အာဟာရ ၅ မျိုးပါဝင်အောင် မျှမျှတတစား သောက်ဖို့ကသာ အရေးကြီးလှကြောင်း၊ သုတေသနပညာရှင်တွေကသတိပေးပြောကြားခဲ့ပါတယ်။

ဒေါက်တာဇင်ဇေယျာဝင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Pregnancy and Ultrasound ကိုယ်ဝန်ဆောင် အာလ်ထွာဆောင်း


ဆရာ ကျမကိုယ်ဝန် ၆ ပါတ်ရှိပြီ။ Ultrasound ရိုက်တော့ ကလေးကိုမမြင်ရသေးဘူး။ ကလေးနေတဲ့အိတ်ကလေးပဲ မြင်ရသေးတယ်တဲ့။ အဲဒါစိုးရိမ်ရလားဆရာ။

အာလ်ထွာဆောင်းရိုက်စစ်ဆေးနည်းဟာ စိတ်ချရတယ်၊ အကုန်အကျ မများဘူး၊ တိကျတယ်လို့ လက်ခံထားကြတာမို့ ကိုယ်ဝန်ဆောင်တွေအတွက် ကျယ်ကျယ်ပြန့်ပြန့်သုံးကြတယ်။ ဘာတွေ သိချင်လို့ပါလဲ။

၁။ ကိုယ်ဝန်ရှိတာ သေချာသိမယ်။ သန္ဓေကိုဖုံးထားတဲ့ အိတ်ကလေး Gestational sac ကို ရက်သတ္ကပါတ် ၄ ပါတ်ခွဲမှာ စမြင်ရပြီ။ သန္ဓေဟာ သားအိမ်ထဲမှာ ရှိနေတာ ဟုတ်-မဟုတ်လဲ သေခြာသိနိုင်တယ်။

၂။ ကိုယ်ဝန်ရှိတုံး သွေးဆင်းရင် ပျက်လေမလား သိနိုင်တယ်။ ၆-၇ ပါတ်ဆိုရင် Doppler ultrasound နဲ့ ကလေး နှလုံးခုန်သံကို သိနိုင်ပြီ။ ဒါဆို ၉၅% မက ကိုယ်ဝန်က ကောင်းတယ်။ ကလေးနှလုံးခုန်သံဟာ ကိုယ်ဝန် အနုအရင့် လိုက် ပြောင်းတယ်။ ၁ လခွဲတုံးက ၁ မိနစ်မှာ ၉ဝ-၁၁ဝ ရှိတယ်။ ၉ ပါတ်ကစပြီး မွေးတဲ့အထိ ၁၄ဝ-၁၇ဝ ရှိလာတယ်။

၃။ ကိုယ်ဝန်ဘယ်လောက် ရင့်နေပြီလဲသိမယ်။ သန္ဓေသား အရွယ်အစားဟာ ရင့်လေ ကြီးလေဖြစ်တယ်။
(က) Crown-rump length (CRL) ခေါင်းထိပ်ကနေ အောက်ခြေအထိ ဘယ်လောက် ရှည်သလဲဆိုတာ ၇-၁၃ ပါတ်မှာ အတိအကျ သိရပြီ။
(ခ) Biparietal diameter (BPD) ခေါင်းဘေးနှစ်ဘက် အကွာအဝေး၊ ၁၁ ပါတ် မှာ ၂ဝ ကနေ မွေးတော့မယ်ဆိုရင် ၉ဝ-၁ဝဝ မီလီမီတာ ရှိတယ်။
(ဂ) Femur length (FL) ပေါင်အရှည် ၁၁ ပါတ်မှာ ၁၊ မွေးခါနီးရင် ၇၉-၈ဝ မီလီမီတာ ရှိတယ်။
(ဃ) Abdominal circumference (AC) ကိုယ်ဝန်ရင့်ချိန်မှာ အရေးကြီးတဲ့ တိုင်းထွာချက်ဖြစ်တယ်။ ၁၁ ပါတ်မှာ ၅ နဲ့၊ မွေးခါနီးရင် ၃၅ဝ မီလီမီတာ ရှိတယ်။

၎။ သန္ဓေသားမှာ အင်္ဂါချို့ယွင်းတာ ရှိ-မရှိသိဘို့၊ ကိုယ်ဝန် ၂ဝ ပါတ်မတိုင်ခင် စမ်းတာကောင်းတယ်။ ခေါင်းထဲက အရည်တွေများနေတာ၊ ဦးနှောက်မပါတာ၊ ဦးနှောက်မြှေးအိတ်ဖြစ်နေတာ၊ ခါးရိုးဆစ်ကနေ အာရုံကြော ကျွံထွက် နေတာတွေကို သိနိုင်တယ်။ နောက်ပေါ်ကရိယာကနေ အာခေါင်ကွဲ၊ နှလုံးရာဂါ၊ စတာတွေပါ သိရစေတယ်။

၅။ အချင်းတည်နေရာကို သိရတာ အလွန်မတန် အကျိုးများတယ်။ အချင်းရဲ့ အောက်ဖျားက ဘယ်နားမှာလဲ သိရင် ခွဲမွေးဘို့ မလွဲမသွေလိုတဲ့ အချက်ကြီးတခု ကြိုသိရတယ်။ အချင်းက အောက်ကျပြီး၊ သားအိမ်အဝအနား ရောက်နေရင် ခွဲမွေးရမယ်။ ဒါ့အပြင် အချင်းရောဂါတွေကို ပါရှိရင် သိရတယ်။

၆။ အမွှာ ဟုတ်-မဟုတ်သိမယ်။

၇။ ရေမြွှာရည် အနည်း-အများသိမယ်။

၈။ ဗိုက်ထဲမှာ ကလေး သေမနေတာသိမယ်။ ကလေးက Head/Cephalic ခေါင်းနဲ့ မဟုတ်ဘဲ Breech တင်ပါးဆုံပြုနေတာ၊ သားအိမ် ပုံမှန်ဟုတ်-မဟုတ်၊ Myoma သားအိမ်အလုံးရှိတာ၊ Overian cyst မျိုးဥအိမ်အလုံး ရှိတာတွေပါ သိနိုင်တယ်။

၉။ ကလေး ကျားမ သိဘို့ အများဆုံး ၁၈-၂၂ ပါတ်မှာရိုက်တယ်။ တိကျဘို့ဆိုတာ အာလ်ထွာဆောင်းရိုက်ချိန် ကလေးအသက်၊ စက်အမျိုးအစား၊ ပညာရှင်အတွေ့အကြုံ၊ ကလေးရဲ့ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်တယ်။

မထိခိုက်ပါ
ကလေးကို မထိခိုက်ဘူးလို့ ယေဘူယျပြောနိုင်ပါတယ်။ ကလေးရဲ့နှလုံးကို ပြတယ်ဆိုတော့ ကလေးကောင်းနေတယ်လို့ မှန်းနိုင်တယ်။ အဓိကအချက်တခုက အချင်းအနေအထား သိဘို့လိုတယ်။ အချင်း အောက်ကျမနေရဘူး။ အောက်ကျနေရင် ခွဲမွေးရမယ်။ ကလေးရဲ့ အနေအထား Position (Cephalic or Breech) ခေါင်းနဲ့လား၊ တင်ပါးလား သိရမယ်။ ကလေးမှာ ပုံမှန်မဟုတ်တာ တခုခုရှိရင်လည်း ပြောပြလိမ့်မယ်။ အဲဒါတွေ ကောင်းနေလို့၊ မလိုလို့ မပြောတာ ဖြစ်နိုင်ပါတယ်။ ဓါတ်ပုံထုတ်ပေးတာထက် စာနဲ့မှတ်ချက်ရေးပေးတာ ရသင့်တယ်။ အာလ်ထွာဆောင်းရိုက်ရင်သိတဲ့ ကလေး ကျား-မ ဆိုတာကို သူ့နိုင်ငံ ဥပဒေအရ မပြောရတာ-ပြောရတာ ရှိတယ်။

တွက်ချက်မှု
ကလေးရဲ့ ကိုယ်ဝန် ဘယ်လောက်ရင့်နေသလဲဆိုတာ ရက်သတ္တပါတ်နဲ့ ရက်ပေါင်း ရေးလိမ့်မယ်။ မွေးမဲ့ရက် ခန့်မှန်းခြေပါ ပါလိမ့်မယ်။ နဲနဲ အောက်တာတခု ရှိတယ်။ ကိုယ်ဝန်ကို တွက်ချက်ရင် ရက်သတ္ကပါတ်နဲ့သာ တွက်တာ။ ၁ လမှာ ၄ ပါတ်၊ ၁ လမှာ ၃ဝ ရက်ထားရတယ်။ ဗိုက်အပ်လာသူကို အရင်ဆုံး မေးတာက LMP ရာသီ နောက်ဆုံးလာတဲ့ရက်။ ပြောလိမ့်မယ်။ ရက်-လ-ခုနှစ်။ အဲဒီအထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်တာနဲ့ ခန့်မှန်း-မွေးမဲ့ရက် EDD ရသွားပြီ။

ဂဏန်းတွက် ပျင်းသူတွေ ခေါင်းစားရတယ်။ ရက်သတ္ကပါတ်ကို လဖွဲ့ဘို့ ၄ နဲ့စား၊ ကျန်တာကို ၇ နဲ့ မြှောက်မှ ရက်ရ၊ ရက်နဲ့ ထပ်ပေါင်းပါမှ ကိစ္စပြီးမယ်။ မရိုက်ခင်က တွက်ထားတာနဲ့ လွဲတတ်တယ်။ ပြဿနာ မဟုတ်ပါ။ ဘယ်ရက် ဖြစ်ဖြစ် မှန်းရက်နဲ့ ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲနိုင်တယ်။ ယမုန်နာ-ဆေးခန်းမှာ မွေးတာ ၁၄၇ ယောက် ထဲက အတိအကျ မွေးတာ ၅ ယောက်နဲ့၊ ၁ ရက်လွဲ ၉ ယောက်ဘဲ ရှိပါတယ်။

ဘယ်တော့မှာ ဘယ်နှစ်ခါရိုက်မလဲ
အမျိုးသမီးတိုင်းက ရာသီလလယ်မှာ မ-မျိုးဥ ထွက်ကြတာ မဟုတ်လို့၊ တခါရိုက်တာနဲ့ အပြတ်ပြောလို့ မရတတ်ဘူး။ ၂ ခါ ရိုက်သင့်တယ်လို့ အကြမ်းပြောလို့ ရတယ်။ စောစောရိုက်တာကတော့ ကိုယ်ဝန်ရှိတာ သေခြာမယ်၊ သားအိမ်ပြင်ပ တည်တာဆိုရင် ကွဲမထွက်ခင် ခွဲဘို့ ပြင်နိုင်တယ်။ အချင်း အောက်ကျနေတာ၊ ကလေးက ခေါင်းကြီးနေတာ၊ မိခင် တင်ပါးဆုံအရိုးကွင်းနဲ့ မဆံ့တာ၊ ရင်ခြင်းဆက်ဆိုတာမျိုး အထူးအဆန်းတွေ ရှိနေတာ သိရင် ခွဲမွေးဘို့ ပြင်ထားနိုင်တယ်။ ဥပဒေက ခွင့်ပြုရင် မွေးရာပါ ချို့ယွင်းချက်တွေ သိရလို့ ကိုယ်ဝန်ကို စောစော အဆုံးသတ် ပြစ်နိုင်တယ်။

ကလေးမလှုတ်တော့ဘူး ထင်ရင်လည်း ထပ်ရိုက်သင့်တယ်။ စောစော ရိုက်တုံးကရှိတဲ့ ကလေးခေါင်း အနေအထားဟာ နောက်မှာ ပြောင်းတတ်လို့ Breech ခြေကဖွါး ဖြစ်-မဖြစ် သိရအောင် ရင့်မှ (၈ လနောက်မှာ) နောက်တခါ ထပ်ရိုက်တာ ကောင်းတယ်။ ခြေကဖွါးဆိုရင် ပိုပြီးဂရုစိုက် မွေးပေးရတယ်။

အထဲက ကလေးကျန်းမာရေး အခြေအနေကို လေ့လာ ဆန်းစစ်နိုင်ရုံသာမကဘဲ၊ မိဘတွေကို စိတ်လှုတ်ရှားမှုပါ ပေးနိုင်သေးတယ်။ ထပ်ရိုက်ရင် ကလေး ဘယ်လို တိုးတက် ကြီးထွားလာတာကို သိနိုင်မယ်။ ကလေးအသက်ကို ခန့်မှန်းနိုင်မယ်။ ဘယ်တော့မွေးမယ်ဆိုတာလဲ တွက်ယူပေးမယ်။ ကလေးသာမက အချင်းတည်ရာကို သိရရင် ဗိုက်ခွဲမွေးဘို့ သေခြာပေါက်လိုမှာကို ကြိုတင် သိလာနိုင်တယ်။

High-frequency sound waves အလွန်မတန်လျင်မြန်တဲ့ အသံလှိုင်းကိုသုံးတယ်။ ဘာသံမှတော့ လူတွေက မကြားနိုင်ပါ။ Light and dark areas အလင်း နဲ့ အမှောင်ကိုခွဲသိရမယ်။ ဒါကို ပုံရိပ်အဖြစ် ကွန်ပြူတာ မော်နီတာပေါ်မှာ ဖေါ်ပေးမယ်။ ဓါတ်မှန်လို လူကို အန္တရာယ်မပေးပါ။ (အာလ်ထွာဆောင်း) မှာ ကလေး-ကိုယ်ဝန်အသက်ကို ကိုယ်ဝန်ပါတ် နဲ့ သန္ဓေဖြစ်ပြီးနောက် ဘယ်နှစ်ပါတ်လို့ ခွဲထားသေးတယ်။ ၂ ပါတ် ကွာတယ်။ ကိုယ်ဝန်ဆောင်ကို (အာလ်ထွာဆောင်း) ရိုက်ရင် မိခင်လောင်းက စမ်းသပ်ကုတင်မှာ သက်တောင့်သက်သာ လှဲနေပြီး၊ ဆရာဝန်ကနေ Transducer device ကို သုံးပြီး ဗိုက်မှာဖြစ်ဖြစ် Probe ကိုသုံးပြီး မွေးလမ်းထဲကနေဖြစ်ဖြစ် စမ်းပါမယ်။

အာလ်ထွာဆောင်းရိုက်ထားတာကို အွန်လိုင်းကနေ မေးကြတဲ့အခါ ပုံလေးတွေပါ တွဲပို့ကြတယ်။ အဲတာကို ဖတ်မရပါ။ အဖြေမှတ်ချက်ရမျသာ ရှင်းပြတာလုပ်ပေးနိုင်ပါတယ်။

3D ultrasound ဆိုတာကို Obstetric ultrasonography ခေါ်တယ်။ Three-dimensional images of the fetus သန္ဓေသားရဲ့ သုံးဘက်မြင်ပုံတွေကိုရစေတယ်။ စံချိန်ကိုက်နည်းကတော့ 2D scanning နှစ်ဖက်မြင်သာ ဖြစ်တယ်။ 3D fetal scanning မှာ အသံလှိုင်းတွေကို လွှတ်ပေးပြီး ဒေါင့်ပေါင်းစုံကနေ ပြန်လာမယ်။ ပဲ့တင်သံတွေကို ကွန်ပြူတာနည်းပညာနဲ့ ထုထည်ပုံတွေအဖြစ် ဖတ်ယူတာ ဖြစ်တယ်။ မျက်နှာပြင်ရော အတွင်းအင်္ဂါအစိတ်အပိုင်းတွေကိုပါ ဖတ်ပေးမယ်။ CT scan machine ကနေ ပုံတွေ အများကြီး ဖတ်ပေးတာနဲ့ တူတယ်။ ၁၉၈၇ ခုနှစ်မှာ Duke တက္ကသိုလ်က Olaf von Ramm နဲ့ Stephen Smith တို့ကတီထွင်ခဲ့တာဖြစ်ပါတယ်။

4D fetal ultrasounds ဆိုတာလည်း ဆင်တူတယ်။ Real time အချိန်နဲ့ဆက်စပ်တာဘဲ ကွာတယ်။ FDA ကနေ 94 mW/cm2 ထက်မများဘို့ ကန့်သတ်ပေးထားတယ်။ ဒီအထိစိတ်ချရတယ်လို့ဆိုလိုတယ်။ ဒါပေမဲ့ ငြင်းခုန်တာတွေတော့ ရှိနေပါတယ်။ Fetal anomaly သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်တွေရှိနေ-မနေ သိမယ်။

Risks သတိထားစရာတွေလဲ သိထားရပါမယ်
အထဲကကလေးကို အပူနည်းနည်းပိုရစေတယ်။ လေလဲနည်းနည်းရစေတယ်။ ဒါတွေကနေ ရေရှည်မှာ ဘာဖြစ်မလဲ မပြောတတ်သေးပါ။ စောစောပိုင်းလေ့လာမှုတွေအရ ယောက်ျားလေးကလေးတွေမှာ ဘယ်သန်ပိုများတာနဲ့ စကားပြောနှေးတာ ပိုတွေ့ရတယ်။ အဖြေဖတ်ရာမှာ မမှန်တဲ့ရလဒ်ရတာမျိုးလဲ ရှိနိုင်တယ်။ ဥပမာ ဆစ်တွေနေတာဟာ အဆိုးအကောင်းပြောရတာ လွဲနိုင်တယ်။ မိခင်ကို စိတ်ပူပင်မှု ဖြစ်စေမယ်။ ကိုယ်ဝန် ၁၇ ပါတ်ထက်စောပြီးရိုက်ရင် မိခင်-ကလေး Binding စီးနှောင်မှု နည်းနိုင်သလား စဉ်းစာရတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

ကယ်လိုရီလုံးဝမစားခြင်းနှင့် လေ့ကျင့်ခန်းပိုလုပ်ခြင်း မည်သည်က ဝိတ်ပိုကျစေသလဲ

ကယ်လိုရီမစားသုံးခြင်းသည် လေ့ကျင့်ခန်းပြုလုပ်ခြင်း ထက်ပို၍ ထိရောက်သော်လည်း အကယ်စင်စစ် ဝိတ်ထိန်းဖို့ ကိုယ်ကာယလေ့ကျင့် ခန်းလုပ်ခြင်းသည်လည်း အရေးကြီး သည့်အပိုင်းဖြစ်သည်။
၃၅၀ဝကယ်လိုရီသည် (၁ပေါင် (ဝ.၄၅ ကီလိုဂရမ်) ကိုယ်အလေး ချိန်နှင့်ညီမျှသည်။ အကယ်၍ တစ်ရက် လျှင် (၅၀ဝ)ကယ်လိုရီ လျော့သွား ပါက တစ်ပတ်လျှင် (၁) ပေါင် (၅၀ဝ ကယ်လိုရီ _ ၇ ရက် = ၃၅၀ဝ ကယ်လိုရီ)လျော့ကျပေမည်။

လူအတော်များများအဖို့ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကယ်လို ရီပမာဏကို ဖယ်ထုတ်ဖို့ ခဲယဉ်းသ ဖြင့် အစားအသောက်ကို ထိန်းစားရ ခြင်းကိုပါ ပြုလုပ်ရသည်။ သို့ဖြစ်၍ ကယ်လိုရီလျော့စားသကဲ့သို့ လေ့ကျင့် ခန်းလုပ်ခြင်းသည်လည်း ဝိတ်ကျဖို့ ကို များစွာအထောက်အကူဖြစ်စေ သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကယ်လိုရီလောင်ကျွမ်းစေသကဲ့သို့ ကယ်လိုရီကို ထိန်းပြီးစားသုံးခြင်း သည်လည်း ဝိတ်ကျမှုကို ဦးတည် စေသည်။

ထူး
Health Updates Journal

ဝမ်းမချုပ်အောင် လေ့ကျင့်ခန်းလုပ်ပါ

အူသိမ်အူမလှုပ်ရှားမှု နှေးကွေး နေမည်ဆိုပါက ဝမ်းချုပ်ခြင်းကို ဖြစ် စေသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်း ဖြင့် ဤပြဿနာကို ပြေလည်စေနိုင် သည်။ ကျွမ်းကျင်သူများ၏ ပြောဆို ချက်အရ လေ့ကျင့်ခန်းပြုလုပ်ခြင်း သည် နှလုံးနှင့်ကြွက်သားများကို ကြံ့ခိုင်သန်စွမ်းစေသည်။ လေ့ကျင့် ခန်းလုပ်ခြင်းသည် အူသိမ်၊ အူမများ ၏ပုံမှန်လှုပ်ရှားမှုအတွက် မရှိမဖြစ် လိုအပ်သည်။

အေရိုးဗစ်လေ့ကျင့်ခန်းများ သည် အသက်ရှူမှုနှင့်နှလုံးခုန်နှုန်း ကိုမြင့်တင်ပေးသဖြင့် အူအတွင်း ပိုင်းကြွက်သားများလှုပ်ရှားမှုကို ထောက်ကူပြီး အညစ်အကြေးစွန့် ခြင်းကို အလွယ်တကူပြုလုပ်နိုင်သည်။
အစာအဝစားပြီး (၁)နာရီ ခန့် ကြာပြီးမှ လေ့ကျင့်ခန်းများကို ပြု လုပ်ပါ။ အစာစားပြီး လေ့ကျင့်ခန်း လုပ်လျှင် သွေးများက နှလုံးနှင့် ကြွက်သားများဆီသို့ ရောက်ရှိသွား သည်။ သို့ဖြစ်၍ အစာစားပြီး အစာ ကြေသွားမှ တောက်တက်ကစားနည်း ကဲ့သို့ လေ့ကျင့်ခန်းများကို ပြုလုပ် ပါ။

တစ်နေလျှင် ပုံမှန် ၂ ကြိမ် ၃ ကြိမ် ၁၀ -၁၅ မိနစ် လမ်းလျှောက် ပေးပါ။ အကယ်၍မိမိက ကြံ့ခိုင် နေသူဖြစ်ခဲ့လျှင် ပြေးခြင်း၊ အနှေး ပြေးခြင်း၊ ရေကူးခြင်း၊ အက စသည် တို့ကို ပြုလုပ်ပါ။ ယောဂလေ့ကျင့်စဉ် များဖြင့်လည်း ဝမ်းချုပ်မှုမဖြစ်အောင် ပြုလုပ်နိုင်သည်။

HT
Health Updates Journal

အချိုစားသုံးခြင်းကဲ့သို့ပင် အသားစားသုံးခြင်းကြောင့် အ၀လွန်နိုင်ပါသလား


သြစတြေးလျနိုင်ငံအဒယ်လိတ်တက္ကသိုလ်မှသုတေသနပညာ ရှင်များသည် အ၀လွန်ခြင်းကို ဖြစ်စေနိုင်သည့် ပရိုတင်းတစ်မျိုးကို ]]အသား}}များထဲမှ တွေ့ရှိခဲ့ပြီး ယင်း ပရိုတင်း၏ အ၀လွန်ခြင်းကို ဖြစ်စေနိုင်သောအာနိသင်သည် ]]သကြား}}ကဲ့သို့ပင်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ သတ်မှတ်ကိုယ်အလေးချိန်ထက်များနေသောသူအရေအတွက် ၁.၉ ဘီလီယံခန့်ရှိပြီး ယင်းတို့ထဲမှခြောက်ရာမီလီယံခန့်သည် အ၀ လွန်နေသူများ ဖြစ်ကြသည်။

 နိုင်ငံပေါင်း ၁၇၀ ကျော်မှာ အ၀လွန်ခြင်း ဖြစ်ပွားမှုများအား ဆန်းစစ်လေ့လာခဲ့ပြီးနောက်နိုင်ငံတစ်နိုင်ငံတွင် သကြားရရှိနိုင်မှုသည် အ၀လွန်ခြင်း ကိုဖြစ်စေသည့်ရာခိုင်နှုန်းအားဖြင့် ၃၃ ရာခိုင်နှုန်းအထိ ရှိနေပြီး အသားရရှိနိုင်မှု သည်လည်း ၁၃ ရာခိုင်နှုန်းပင် ဖြစ်ကြောင်းတွေ့ရှိ ရသည်။ BMC Nutrition နှင့် Journal of Nutrition & Food Science တို့တွင် ထည့်သွင်းဖော်ပြထားခဲ့သော သုတေသနတွင် မျက်မှောက်ခေတ်အစားအသောက်များ ၌ပါဝင်သည့် အဆီများနှင့်ကာဗို ဟိုက်ဒရိတ် များသည်နေ့စဉ်လိုအပ်သည့် ကယ်လိုရီပမာဏလုံလောက်စွာဖြည့်ဆည်းပေးနိုင်သည်ဟု ဆိုထားပါသည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

ဝိတ်ချမယ်ဆိုပြီး ပိုပိုစားမိနေလို့စိတ်ညစ်နေပါသလား၊


ကိုယ်အလေးချိန်ထိန်းလိုသူတွေအနေနဲ့အစာကိုနည်းနည်းပဲစား လိုပေမဲ့ဦးနှောက်ကဘယ်လိုမှတင်း တိမ်နိုင်ခြင်းမရှိပဲ ဆက်စားဆက်စား နေရင်း မိမိမှန်းထားတာထက်ပိုပိုစားမိသွားတာမျိုးက ၀ိတ်ချဖို့ ကြိုး စားနေသူတိုင်း ကြုံဖူးတဲ့ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ယင်းပြဿနာအတွက်အဖြေရဖို့ Wageningen University က ၎င်းတို့တီထွင်ထားတဲ့ Combined MRI နည်းပညာကိုသုံးပြီး အစာအိမ်နဲ့ဦးနှောက်ရဲ့ MRI ပုံရိပ်တွေကိုနှိုင်းယှဉ်ပြီး အစားစားမှုနဲ့ဦးနှောက်ရဲ့စိတ်ကျေနပ်မှုတွေကိုသုတေသနလုပ်ခဲ့ပါတယ်။

သုတေသနမှာ ပါဝင်သူတွေကို အစာအိမ်ထဲမှာမည်သည့်အစာမျှ မစားရသေးသည့်အချိန်တွင် ပါဝင်သူ တစ်ဝက်ကို ရေ 50ml တိုက်၍ ကျန်တစ်ဝက်ကို ရေ 350ml တိုက် ကာ အစာ စားသောက်နေစဉ် တစ်လျောက်လုံး၌အစာအိမ်ရဲ့ကြွက်သားတွေကျုံ့ဆန့်မှုကို MRI ပုံရိပ်ဖော်စက်နဲ့လေ့လာခဲ့ပါတယ်။
တစ်ဆက်ထဲမှာပဲဦးနှောက်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုပါ functional MRIှု နဲ့စစ်ဆေးခဲ့ပါတယ်။
ရလဒ်တွေအရကတော့ ရေ 350ml သောက်ခြင်းက ရေ 50ml သောက်ခြင်းထက် ၂ ဆခန့်ပိုပြီး အစာအိမ်ထဲကအစာတွေကိုပွားစေတာတွေ့ရပါတယ်။ ဒါ့အပြင်ဦးနှောက် FMRI ပုံရိပ်တွေမှာလည်း ရေ 350ml သောက်ထားသည့်အခါအစာအိမ်ကြွက်သားဆန့်ထွက်မှုပိုများပြီး ဦးနှောက်တွင်း mid-temporal gyrus လို့ခေါ်တဲ့အပိုင်း က ပိုမိုတက်ကြွလာကာအစာစားပြီး နောက်ကျေနပ်တင်းတိမ်မှု ရတာ ကိုတွေ့ရပါတယ် ။ ဒါကြောင့်သုတေသီတွေကစာသောက်ပုံအမူအကျင့်ကို အနည်းငယ်ပြောင်းလဲရုံမျှနဲ့ ကျန်း မာရေးနဲ့ပိုပြီး ညီညွတ်တဲ့စားသောက်မှုပုံစံကိုရရှိနိုင်တာဖြစ်တဲ့အကြောင်း တိုက်တွန်းထားပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုး

မျက်လုံးဖောင်းအစ်မှု သက်သာစေမည့် နည်းငါးမျိုးမျက်စိ ယားယံမှုနဲ့ ဓာတ်မတည့်မှု တို့ကြောင့် မျက်လုံးကို လက်နဲ့ မကြာခဏ ပွတ်သပ်မိရာက မျက်လုံးဖောင်းအစ် မှုတို့ ဖြစ်တတ်ပါတယ်။ အဲဒီလိုမဖြစ်စေ ဖို့ အောက်ပါနည်း ငါးမျိုးကို လိုက်နာသင့် ပါတယ်။

(၁) မျက်စိကို မထိတွေ့ခင် လက်ဆေးပါ

မျက်စိထဲကို ဝင်တဲ့ ဓာတ်မတည့်မှု ဖြစ်စေတဲ့ ပိုးမွှားတွေက အဓိကအားဖြင့် လက်ကနေ ဝင်လာတာပါ။ လက်ကို မကြာ ခဏ ဆေးကြောပေးပါ။ အထူးသဖြင့် လက်ကို ဆေးကြောသန့်စင်ပြီးမှ မျက်လုံး ကို ထိတွေ့ကိုင်တွယ်သင့်ပါတယ်။

(၂) မျက်စိယားလျှင် မျက်စဉ်းဆေးခတ်ပါ

ဆားရည်နဲ့ မျက်ရည်တုတွေက မျက်စိတွင်း ဓာတ်မတည့်မှုတွေ သန့်စင် အောင် ဖယ်ရှားပေးနိုင် ပါတယ်။ မျက်စိ ခြောက်သွေ့မှုအတွက် သုံးတဲ့ မျက်ရည် တုတွေက မျက်စိ ယားယံမှုနဲ့ ခြောက် သွေ့မှုကို သက်သာစေပါတယ်။

(၃) အေးမြသော ပိတ်စတစ်စ ကပ်ပါ

မျက်စိယားယံ မှုဖြစ်လွန်းရင် အေး မြသန့်ရှင်းတဲ့ ပိတ်စကို မျက်စိပေါ်ကို အုပ်ပေးပါ။ ဒါဆိုရင် မျက်လုံးဖောင်းအစ် မှုကို သက်သာစေပြီး မျက်စိရောင်ရမ်းမှု လျော့ကျကာ ယားယံတာကို သက်သာ စေပါတယ်။

(၄) ပြတင်းပေါက်ကို ပိတ်ထားပါ

ပြင်ပက ဓာတ်မတည့်မှုဖြစ်စေတဲ့ အရာတွေကို အမြဲရှောင်လွှဲဖို့ဆိုတာ မ ဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မျက်စိထဲကို ဖုန် မှုန့်တွေ မဝင်ဖို့ဆိုရင် အိမ်ထဲမှာနေရင် တောင် ပြတင်းပေါက်ကို ပိတ်ထားဖို့ လို ပါတယ်။ အထူးသဖြင့် ဖုန်မှုန့်ထူထပ်တဲ့ နေရာတွေမှာ ပြတင်းပေါက်ပိတ်ပြီး အဲ ကွန်းဖွင့်ထားပေး ရပါမယ်။ လေအပြင်း အထန်တိုက်တဲ့ အချိန်တွေမှာ ပြတင်း ပေါက်ကို ပိတ်ပြီး အိမ်ထဲမှာနေပါ။

(၅) နေကာမျက်မှန် တပ်ပါ

နေကာ မျက်မှန်နဲ့ ပုံမှန်မျက်မှန်တပ် ရင် မျက်စိထဲကို ဖုန်မှုန့်တွေ၊ ပန်းဝတ် မှုန်တွေ မဝင်အောင် ကာကွယ်ပေးနိုင်ပါ တယ်။ နေကာမျက်မှန်ဟာ ခရမ်းလွန် ရောင်ခြည်ဒဏ်ကြောင့် မျက်စိထိခိုက်မှု မရှိအောင် ကာကွယ်နိုင် ပါတယ်။ 

ဇွန်

By Good Health

အစာအိမ်အောင့်ပြီး နာလာလျှင် ဒါတွေကို သတိထားပါ


၁။ ဆေးလိပ်သောက်လျှင် ရပ်ပစ်ပါ။ ဆေးလိပ်အနံ့ မရအောင် ရှောင်ပါ။ ဆေးလိပ်ငွေ့ သည် အစာအိမ်မှ အက်စစ်ဓါတ်ထွက်မှုကို ပိုမိုဆိုးဝါးစေပါတယ်။

၂။ အရက်သောက်ပါက ခေတ္တရပ်ထားပါ။ ကဖိန်းဓါတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်တို့ကို လျှော့သောက်ပါ။ ၄င်းတို့သည် အက်စစ်ဓါတ်ကို ပိုမိုမြင့်တက်စေပြီး အစာအိမ်ကို ပို၍ နာကျင်စေပါသည်။

၃။ အစာကို တစ်ထိုင်တည်း အ၀မစားပဲ အဆာပြေရုံသာ စားပါ။ တစ်နေ့ကို ၅ကြိမ်၊ ၆ ကြိမ်ခန့် စားပေးပါ။ အချိန်ယူ၍ အစာကြေအောင် အေးဆေးစွာ စားပါ။

၎။ စိတ်ပူစရာ၊ ပူပန်စရာ သောကများကို လျှော့ချပါ။ စိတ်ဖိစီးမှုများလျှင် အစာအိမ်နှင့် ဆက်စပ်နေသောကြောင့် စိတ်ဖိစည်းမှုနည်းအောင် နေပါ။

၅။ နို့ထွက်ပစ္စည်းများ၊ ချောကလက်များ၊ အသားငါးတို့၏ အဆီများ၊ အကြော်များ စတဲ့ အဆီပါသော အစားအစာများကို လျှော့စားပါ။

၆။ အစာစားပြီးချိန်၊ ညဖက်အနားယူ အိပ်စက်ချိန်တို့မှာ အစာအိမ်နာလာပါက အန္တရာယ်ကြီးနိုင်သည့်အတွက် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။

လူတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
ကျမ်းကိုး ။ ။ Health Care for Stomachache
ကျန်းမာရေးသတင်းများ

ခါးနာရခြင်း အကြောင်းရင်း လေးရပ်


လူတော်တော် များများ ခါးနာ တတ်ကြ ပါတယ်။ ခါးကို အသုံးပြု များတာနဲ့ အသက်အရွယ် ကြီးလာတာကြောင့်ပဲ ခါးနာတတ်တာ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းအရာ တစ်ခုခု ကြောင့်လည်း ခါးနာ တတ်တယ်လို့ သုတေသန အသစ်တွေ အရ သိရပါတယ်။

၁။ဗီတာမင် Dလုံလုံ လောက်လောက် မရရှိလို့ပါ ဒဏ်ရာရလို့ ဒါမှမဟုတ် ရောဂါကြောင့် မဟုတ်ဘဲ နာတာရှည် ခါးနာတတ် သူတွေမှာ ဗီတာမင် D လုံလုံလောက်လောက် မရရှိဘူးလို့ နာကျင်မှု ဝေဒနာ အထူးကု ဆရာဝန် Stewart B Leavittက ပြောပါတယ်။ ခန္ဓာကိုယ်တွင်း ဗီတာမင် D အဆင့် နည်းတာဟာ ခါးနောက် ကျောရိုး အောက်ပိုင်း အရိုး ကျန်းမာရေး အတွက် အန္တရာယ်များတာနဲ့ ဆက်စပ်တတ်ပါတယ်။ ဗီတာမင် D ကို နေ့စဉ် ၂၀၀ IU ရအောင် ပမာဏ များများ သောက်ပေးပါ။ ခါးနာတာ သိသိသာသာ သက်သာ ဒါမှမဟုတ် ပျောက်ကင်းသွားမယ်လို့ Leavitt ကဆိုပါတယ်။

၂။သင်ဟာ ပုံမှန် ဝမ်းမသွားလို့ပါ အူမကြီး အောက်ပိုင်းမှာ ပိတ်ဆို့မှု ရှိတာကြောင့် ခါးအနောက်ပိုင်းမှာ ဖိအား ပေးခံ ရပါတယ်။ ဝမ်းချုပ် တာကြာရင် ခါးနာ တတ်ပါတယ်။ ဝမ်းမချုပ်အောင် ရေများများ သောက်ပါ။ အမျှင်များတဲ့ အစာများများ စားပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

၃။စိတ်ဖိစီးမှု များနေလို့ပါ ခန္ဓာကိုယ်ရဲ့ နာကျင်တာကို ခံနိုင်ရည် ရှိမှုဟာ မိမိရဲ့ စိတ်အခြေအနေ ပေါ်မှာ အများကြီး မူတည်ပါတယ်။ စိတ်ဖိစီးမှု ခံရတာများရင် ခါးကိုနာတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိအောင်နဲ့ စိတ်ဓာတ် ကျဆင်းမှု မရှိအောင် စိတ်ဖြေ လျှော့နည်း လမ်းတွေ အသုံးပြုပါ။

၎။သင်ခါးရိုး ကောက်နေလို့ပါ သင်အသက် ကြီးလာရင် ခန္ဓာကိုယ် ခါးနောက်ကျော ကြွက်သားတွေ အားနည်း လာတာနဲ့ ကယ်လ်ဆီယမ် ချို့တဲ့တာကြောင့် ခါးရိုးမကြီး alignment မမှန်တာ ဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် ခါးနာ တာဖြစ်ရင် ဆရာဝန်တွေ အနေနဲ့ ခါးရိုးကောက် နေတာလား ( Scoliosis ) ဒါမှမဟုတ် disk ပြဿနာလား၊ ဒါမှမဟုတ် ခါးအသုံးများလို့ ဖြစ်တာလား ဆိုတာ ခွဲခြား ရပါတယ်။ အသက်ကြီးလာလို့ ခါးရိုးကောက် သွားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေနဲ့ ကာကွယ်လို့ ရပါတယ်။ မိမိအရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာ၊ ခါးရိုးကြွက်သား အားကောင်းမယ့် လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် ဖြတ်တာတွေ လုပ်ပေးပါ။
  

မြ၀တီ

တုပ်ကွေးကာကွယ်ဆေးဖြင့် ဆီးချိုဝေဒနာရှင်များ သေဆုံးမှုကို လျော့ချပေးနိုင်ဖွယ်ရှိ


တုပ်ကွေးကာကွယ်ဆေးသည်ဆီးချိုအမျိုးအစား(၂) ရှိသော သူများအား လေဖြတ်ခြင်း (သို့မဟုတ်) နှလုံးရောဂါ (နှလုံးစွမ်းဆောင်ရည်ကျဆင်းလာခြင်း) တို့ဖြင့် ဆေးရုံ တက်ရခြင်းအား လျော့ကျစေနိုင်ဖွယ် ရှိသည်ဟု ဆိုလိုက်ပါတယ်။ အင်ပီရီ ယယ်ကောလိပ်လန်ဒန်မှသိပ္ပံပညာ ရှင်များသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကာလအတွင်း ဆီးချိုရောဂါ အမျိုးအစား (၂) ဝေဒနာရှင် ၁၂၄ ၅၀၃ ယောက်တို့အား သုတေသနလေ့လာမှုပြုခဲ့ပြီးနောက်တုပ်ကွေး ကာကွယ်ဆေးထိုးခြင်း ခံယူထား သောလူနာများ၏ သေဆုံးနှုန်းမှာကာကွယ်ဆေးမခံယူထားသည့်သူများထက်တုပ်ကွေးရာသီတွင် ၂၄ ရာခိုင်နှုန်း လျော့နည်းသည်ကိုတွေ့ ရှိခဲ့သည်။

 ထို့အပြင်လေဖြတ်ခြင်း ကြောင့် ဆေးရုံတက်ရခြင်းတွင်လည်း ၃၀ ရာခိုင်နှုန်း၊ နှလုံးရောဂါကြောင့် ဆေးရုံတက်ရခြင်းတွင်လည်း ၂၂ ရာခိုင်နှုန်းနှင့်အဆုတ်ရောင်နမိုးနီး ယား သို့မဟုတ် တုပ်ကွေးဝင် ဖလူရန်စာကြောင့် ဆေးရုံတက်ရခြင်းတို့ တွင် ၁၅ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့သည်ကို တွေ့ရှိခဲ့ကြပါသည်။ သုတေသနစာတမ်းရှင် ဒေါက်တာအက်စတာဗာဗို့မှ နှစ်စဉ်တုပ်ကွေး ကြောင့်ဖြစ်သောသေဆုံးမှုတွေလိုဆီးချိုကဲ့သို့သော နာတာရှည်ရောဂါ ရှိတဲ့သူတွေမှာ တွေ့ရများလေ့ရှိပါ တယ်။ ယခုလေ့လာမှုကတုပ်ကွေး ကာကွယ်ဆေးအနေနဲ့ နာတာရှည် ရောဂါ ဝေဒနာရှင်တွေအတွက် အကျိုးကျေးဇူးများစွာ ရှိတယ်လို့ ညွှန်းဆိုနေခြင်း ဖြစ်ပါတယ် ဟု ပြောကြားခဲ့ပါသည်။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မိမိသန္ဓေသားရဲ့အခြေအနေကိုအချိန်မရွေး စစ်ဆေးနိုင်မည့်စက်သစ်


ပိုလန်နိုင်ငံသား သုတေသန ပညာရှင်တွေက အလွယ်တကူသယ်ဆောင်သွားလို့ရတဲ့ ကိုယ်ဝန်ဆောင် မိခင်တွေမိမိရဲ့သန္ဓေသားအခြေအနေကိုစောင့်ကြည့်လို့ရနိုင်မယ့်စက်ကိုတီထွင်ခဲ့ကြပါတယ်။ ယင်း စက်ကိုအသုံးပြုခြင်းအားဖြင့်သန္ဓေ သားရဲ့ နှလုံးခုန်နှုန်း၊ အချင်းကြိုးကွာကျမှု၊ သန္ဓေသားရဲ့ အောက်ဆီဂျင်အခြေအနေနဲ့ချက်ကြိုးရစ်ပတ်နေမှု ရှိ၊မရှိ တို့ကို သိရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ယင်းကိရိယာကို Pregnabit လို့အမည်ပေးထားပြီး၊ အဓိကရည်ရွယ်ချက်ကတော့ သန္ဓေ သားအပေါ်မှာဖြစ်ပေါ်လာနိုင်မယ့်အန္တရာယ်တွေကိုစောစောစီးစီး ကြို တင်သိရှိနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။ သန္ဓေသားအပေါ်မှာကျလာနိုင်မယ့်အန္တရာယ်တွေကိုကြိုတင် သိရှိခြင်းအားဖြင့် သင့်လျော်တဲ့ဆေး ၀ါးကုသမှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ခြင်းအားဖြင့်ကလေးရဲ့ အသက်ကိုအချိန်မီကယ်တင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ယခုထုတ်လုပ်ထားသော Pregnabit ကိုလက် ရှိသုံးစွဲလျက်ရှိတဲ့ cardiotocography technology device (CTG) နေရာမှာ အစားထိုးသုံးစွဲနိုင် မှာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမဲ့ Pregnabit က CTG စက်ထက်အဆများစွာသေးငယ်ပြီး အလွယ်တကူ သယ်ယူသွားလို့ရတဲ့ အပြင်အမျိုးသမီးအနေနဲ့မိမိနှစ်သက်ရာဘယ်နေရာမှာမဆိုမိမိဖာသာစမ်းသပ်စစ်ဆေးနိုင်မယ်လို့သိရပါတယ်။ အသုံးပြုပုံမှာစက်ကိုအမျိုးသမီးရဲ့ ၀မ်းဗိုက်ပေါ် အထူးပြုလုပ်ထားတဲ့ခါးစည်းကြိုးနဲ့စည်းပေး ရုံသာဖြစ်ပြီး၊ စမ်းသပ်ရန်အတွက်ကြာမြင့်ချိန်မှာမိနစ် ၃၀ ခန့်သာကြာမြင့်မှာဖြစ်ပါတယ်။ အဲဒီနောက်ရလဒ်ကို ကျွမ်းကျင်သူတွေရှိတဲ့ စောင့်ကြည့်ဌာနကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။ ယင်း ကိရိယာအသစ် မှာဈေးကွက်သို့ ၂၀၁၆ မှာ ၀င်ရောက်မှာဖြစ်ပြီး၊ အဓိကအားဖြင့် ဆရာဝန်၊ သူနာပြုဆရာမ၊ သားဖွားဆရာမများအတွက်ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

Selling Sickness ရောဂါကို ရောင်းချနေခြင်း


ဆေးကြော်ငြာတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုပြောင်းစေသလဲ။ ဆေးတွေကို ဆေးကုမ္ပဏီတွေကနေ ဆရာဝန်တွေကို ပစ်မှတ်ထားပြီး ဆေးညွှန်းရေးပေးစေချင်လို့ ကြော်ငြာရပါတယ်။ စားသုံးသူတိုက်ရိုက် ဆေးကြော်ငြာခြင်း နည်းသစ်ကတော့ ဆေးဝယ်သူတွေကို ဝယ်ချင်လာအောင် ကြော်ငြာနည်းဖြစ်ပါတယ်။ FDA ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ကနေ ဒါတွေကိုပါ ကြီးကြပ်ဘို့တာဝန်ရှိပါတယ်။

စားသုံးသူတိုက်ရိုက် ဆေးကြော်ငြာကို စတင်ခဲ့တာက ၁၉၈၁ ခုထုတ် (ရီးဒါးစ်ဒိုင်ဂျက်စ်) ထဲမှာပါလာတဲ့ Pneumovax နူမိုးနီးယားကာကွယ်ဆေးဖြစ်ပါတယ်။ နောက်နှစ်မှာပဲ FDA ကနေ NSAID အုပ်စုဝင်အနာသက်သာဆေး Oraflex ကို ဈေးကွက်ကနေ ရုပ်သိမ်းခိုင်းခဲ့ရပါတယ်။ မှားယွင်းပြီး တလွဲကိုအထင်ရောက်စေတဲ့ဆေးကြော်ငြာဖြစ်တယ်လို့ဆိုပါတယ်။

၁၉၉၃ ကတည်းက အသိအမှတ်ပြုခံခဲ့ရတဲ့ Claritin အလာဂျီဆေးအတွက် ကြော်ငြာစရိတ် ၁၂၄ သန်းသုံးစွဲခဲ့ပါတယ်။ FDA ကနေ လမ်းညွှန်ချက်အသစ် ထပ်ထုတ်ရပါတယ်။ ဒါပေမဲ့ ကြော်ငြာခသုံးစွဲမှုတွေဟာ ၁၉၉၇ ကနေ ၂ဝဝ၂ အထိ သန်း ၂၂ဝ ကနေ ၂့၈ ဘီလျန်အထိတိုးသုံးလာတာတွေ့ရတယ်။

မီဒီယာသစ်တွေပေါ်လာတော့ နည်းသစ်တွေလဲပြောင်းသလို လူတွေရဲ့ စိတ်ဝင်စားမှုလဲ ပြောင်းလာပါတယ်။ အရင်က သတင်းစာ၊ ရေဒီယိုနဲ့ တီဗွီကိုသာအာရုံထားကြရာကနေ အွန်လိုင်းပေါ်လာတယ်။ ၂ဝဝ၈ အတွင်း အမေရိကန် ၁၄၅ သန်းဟာ ကျန်းမာရေးသတင်းအတွက် အွန်လိုင်းတက်ကြပါသတဲ့။ ဆေးကုမ္ပဏီတွေကလဲ ကြော်ငြာခကို ၁၉၉၆ ကနေ ၂ဝဝ၅ အတွင်းမှာ ၃၃ဝ% အထိ တိုးသုံးတာတွေ့ရပါတယ်။

Patent medicines မှတ်ပုံတင်ဆေးဆိုတဲ့ဝေါဟာရတခုရှိပါတယ်။ ဒီဆေးမျိုး တချို့ဟာ မှတ်ပုံတင်ထားကြတာ မဟုတ်ပါ။ ဆေးကြော်ငြာမှာ အရင်နေရာယူခဲ့တဲ့ဆေးမျိုးဖြစ်ပါတယ်။ တိုင်းရင်းဆေးမျိုးတွေက ဒီထဲမှာ အများဆုံးပါတယ်။ ဥပမာ မြွေအဆီကနေဆေး လုပ်တာမျိုးပါ။ မြန်မာပြည်မှာက အဲဒါမျိုးများမှများ။

ဟာဗယ်ခေါ်တဲ့ တိုင်းရင်းဆေးတွေကို နောက်ပိုင်းမှာ Nutritional supplements အာဟာရဆေးဆိုပြီး လုပ်လာကြတယ်။ လိမ်မာပါးနပ်သူတွေက ဥပဒေကိုလက်တလုံးခြား ကြော်ငြာပါတယ်။ စမ်းသပ်မှုတွေ လုပ်ထားတယ်၊ ရောဂါရှာဖွေရေးအတွက် မဟုတ်ပါ၊ ရောဂါပျောက်မယ်လို့ မဟုတ်ပါဆိုပြီး Disclaimer ထည့်ရေးမှ ဥပဒေလွတ်တယ်။ အဲတာကို မဖတ်ကြပါ။

Airborne အဲဘောင်းအဖြစ်အပျက်တခုရှိပါတယ်။ Herbal health formula that boosts your immune system to help your body combat germs သင့်ကိုယ်ခန္ဓာ ခုခံအားတိုးစေပြီး ပိုးအမွှားတွေရန်ကနေ ကာကွယ်မဲ့ ဟာဗယ်ဆေးလို့ ကြော်ငြာပါတယ်။ မကြာခင်က Airborne Health, Inc. ကုမ္ပဏီကနေ စားသုံးသူတွေကို ၂၃့၃ သန်း ငွေပြန်အမ်း လိုက်ရပါတယ်။

နာမည်ကြီး ဆေးကုမ္ပဏီကြီးတွေလည်း ဒီအထဲမှာပါတယ်။ Pfizer ဆိုရင် ၂ဝဝ၄-၂ဝဝ၈ အတွင်းမှာ ၂၄၅ ဘီလီယန် ဝင်ငွေရတယ်။ Eli Lilly က ၃၆ ဘီလီယန်ရတယ်။ Zyprexa ဆိုတဲ့ဆေး တမျိုးထဲအတွက်သာဖြစ်ပါတယ်။ ဒီဆေးကို FDA က စစ်ဆေးပြီး အဓိကဆေးကုမ္ပဏီတွေကို ဒဏ်ငွေ ၇ ဘီလီယန်ချမှတ်ခဲ့ပါတယ်။ ဒီလောက်တော့ ဆေးကုမ္ပဏီကြီးတွေအတွက် အနည်းလေးသာဖြစ်ပါတယ်။

မှားထုတ်ပြီးရောင်းခဲ့ဆေးတွေကတော့ -
• Diabetes Drugs ဆီးချိုဆေးတွေထဲမှာ Actos နဲ့ Avandia ဆေးတွေပါတယ်။
• Antidepressants စိတ်ကျဆေးတွေထဲမှာ Paxil, Prozac, Effexor, Zoloft, Lexapro နဲ့ Depakote ဆေးတွေပါတယ်။
• Birth Control Pills ကိုယ်ဝန်တားဆေးတွေထဲမှာ Yaz နဲ့ Yasmin ဆေး။
• Acne Medication ဝက်ခြံဆေး Accutane ဆေး။
• Cholesterol Drugs (ကိုလက်စထော) ကျဆေး Crestor ဆေး။
• Blood Thinners သွေးကျဲဆေး Pradaxa နဲ့ Xarelto ဆေး။
• Osteoporosis Treatment အရိုးအားကောင်းဆေး Fosamax ဆေး။
• Pain Medication အနာသက်သာဆေး Vioxx ဆေး။
• Gastrointestinal Drugs လေနာဆေး Reglan (metoclopramide) ဆေး။
• Dialysis Treatment ကျောက်ကပ်ဆး GranuFlo နဲ့ NaturaLyte ဆေး။
• Hair Loss Pill ဆံပင်ကျွတ်ပျောက်ဆေး Propecia နဲ့ Proscar ဆေးတွေဖြစ်တယ်။

သတင်းထောက်တွေကို ကျေးဇူးတင်ရမှာပါ။ The Great American Fraud အမေရိကန် မဟာလိမ်လည်မှုကြီးဆိုတဲ့ စူးစမ်းရှာဖွေရေးဆောင်းပါး ၁၉ဝ၅ မှာ ထွက်လာတယ်။ ၁၉ဝ၆ မှာ Pure Food and Drug Act အမေရိကန် စစ်မှန်တဲ့ အစားအစာနဲ့ဆေးဝါး အက်ဥပဒေဖြစ်လာခဲ့ပါတယ်။ အဲဒီတုံးက အရက်၊ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးတွေကို တားမြစ်တဲ့ အထဲမှာ မပါသေးပါ။ အမှန်အတိုင်းကြော်ငြာရင် ရောင်းခွင့်ရှိတဲ့သဘောပါ။ အက်ဥပဒေကတားတာက မှားပြီး ကြော်ငြာတာသာ ဖြစ်ပါတယ်။

မြန်မာပြည်မှာလဲ ကြော်ငြာနဲ့ရောင်းတဲ့ရောဂါတွေ လာနေပါပြီ။ မီဒီယာအမျိုးမျိုးကနေ ထောက်ပြလာတာတွေ့ရပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ထောက်ပြတာမှာ အထောက်အထားနဲ့မှသာ ခိုင်မာပါတယ်။ လူတွေကို အထိန်တလန့် ဖြစ်အောင်လုပ်တာ မသင့်ပါ။ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်တွေကို ပြောစရာရှိရင် အရပ်စကား၊ ကြားဘူးနားဝ၊ ကောလဟလနဲ့ ရေးကြပြောကြရင် မနစ်နာသင့်သူတွေကို နစ်နာစေပါတယ်။

စားသုံးရန်မသင့်လို့ ပြောထားတာကို သတင်းစာရှင်းလင်းပွဲလုပ်တာနဲ့ အကောင်းဖြစ်သွားသလို လုပ်တာမျိုးလည်း တွေ့ရတယ်။ လက်ညှိုးထိုးတာ လွယ်လွန်းကြပြီး၊ ဘွာခတ်တာနဲ့ ကျေအေးတတ်ကြတာ အကျင့်ဖြစ်နေတယ်။ ကလေးကစားသလိုပဲ။ ကျန်းမာရေးနဲ့ဆေးမှာ အဲလိုမရပါ။

မြန်မာပြည်မှာ ဥပဒေတွေက ဟောင်းနွမ်းတာနဲ့ မလုံလောက်တာတွေက များလွန်းနေတယ်။ ဥပဒေအထက်မှာ စိတ်စေတနာရှိသင့်တယ်။ အပြုသဘောလဲတွေး၊ အရေးအသားလဲတိကျ၊ စိတ်ထားစေတနာ မှန်ကြမှသာ ကျန်းမာရေးအတွက် အားတက်ရမှာ ဖြစ်ပါတယ်။ (ဒီစာရေးထားတာ ၃ နှစ်ရှိပြီ။)

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Imperforate hymen အပျိုမြှေးပိတ်နေခြင်း



၁။ မင်္ဂလာပါ ဆရာ။ ကျနော့်သမီးကအသက် ၃ နှစ်ရှိပါပြီ။ မအဂါင်္ပေါက်ပိတ်တယ်လို့ ပြောပါတယ်။ ကျနော်က့ မှာ၊ သမီးက မြန်မာပြည်မှာ ဓမ္မတာလာတဲ့အပေါက်လို့ပြောပါတယ်။ သွားပြီးဆရာဝန်နဲ့ ဖောက်ရတာ၂ခါရှိပြီ၊ ပြန်ပြီးပိတ်လို့တဲ့။ အခုလဲပိတ်ပြန်ပြီးတဲ့။ ဘာလို့ဖြစ်တာလဲ သိချင်လို့ပါဆရာ။
၂။ ဆရာ တူမလေးအသက် ၃ နစ်ပါ။ သူ့ရဲ့မိန်းမကိုယ်အပေါက်က ပိတ်ပိတ်နေလို့ nurse နင့်ပြပြီး ဖေါက်ပေးတာ နစ်ခါရှိပြီ။ ဖေါက်ပြီးပြန်ပြန်ပိတ်တယ်တဲ့။ ဆရာမကနောက်တခါဆို သူမဖေါက်ပေးတော့ဘူးပြောတယ်တဲ့။ အဲ့ဒါမဖေါက်ပဲ နေရလား။ အသက်ကြီးလာမှ ဖောက်ရမှာလား။ ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောုပြပေးစေချင်ပါတယ်။


ဒေလီမှာနေခဲ့တုံးက အနည်းဆုံး ၅ ယောက်လောက်တွေ့ခဲ့ရတယ်။ ငယ်ငယ်လေးတွေကို ခွဲစိတ်ပြုပြင်ရတာ ပိုပြီး လက်ဝင်တယ်။ ပြန်ပိတ်နိုင်တယ်။ ကလေးကရှူပေါက်တာနဲ့ သန့်အောင်လုပ်ခိုင်းရတာခက်တယ်။ ဆီးပိုက်နဲ့ထားလည်း မရသေးတဲ့အရွယ်။ အရွယ်လေးနည်းနည်းရမှာ စနစ်တကျလုပ်သင့်တယ်။


အမျိုးသမီး မွေးလမ်းကြောင်းမှာဖြစ်တဲ့ မွေးရာပါပြဿနာတွေကတော့ အပျိုမြှေး လုံးဝပိတ်နေတာနဲ့ မွေးလမ်းကြောင်းမှာ အကန့်ပါနေတာတွေဖြစ်တယ်။ မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား ဆေးကျောင်းဘဝမှာ တွေ့ဘူးတယ်။ ပါမောက္ခတွေက ဆေးကျောင်းသားတွေကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ်မဟုတ်လား။ အာစရိရကျေးဇူး၊ ဂီလာနကျေးဇူး အထူးမမေ့ပါ။
အပျိုမြှေးလုံးဝပိတ်နေတာကို သည်အတိုင်းတော့ ထားလို့မရပါ။ ငယ်စဉ်မှာတော့ ထားနိုင်ပါသေးတယ်။ စိုးရိမ်စရာမရှိပါ။ အပျိုမဖြစ်ခင် လုပ်ရင်ရတယ်။ ခွဲနည်းမမှန်ရင် ပြန်ပိတ်တယ်။ လိုတာထက်လည်း မကျယ်စေသင့်ပါ။ အတွေ့အကြုံရှိတဲ့ ဆရာဝန်နဲ့က ပိုကောင်းတယ်။

ကျွန်တော် တောနယ်တခုမှာတာဝန်ကျစဉ်က အသက် ၁၆ နှစ်မိန်းကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီတခါမှမလာဘူးသေး၊ ဗိုက်ကလေးကလည်းဖေါင်းလာလို့ မိဘတွေက ခေါ်လာပြီးပြတယ်။ အပျိုမြှေး လုံးဝပိတ်နေတာ ဖြစ်နေတယ်။ လွယ်ပါတယ်။ ပိုးသန့်နည်း ၁-၂-၃ လုပ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဓါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့ အမည်း-အညို၊ နောက် နီညိုညို-အနီ ရာသီသွေးဟောင်းတွေ ဒလဟော ဆင်းလာတယ်။ ခုချိန်ဆို ကလေးဘယ်နှစ်ယောက် မွေးပြီးလည်း မသိပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လွယ်ကူတဲ့ဗီဇကုထုံးသစ်


Angina ဆိုတာကတော့ သက်ကြီးရွယ်အိုအများစုမှာ ကြုံရလေ့ရှိတဲ့ လက္ခဏာတစ်မျိုးဖြစ်ပြီး အင်္ဂလန်မှာတော့အသက် ၅၅ ကနေ ၆၄ ကြား အမျိုးသား ၁၂ ဦးမှာ ၁ ဦးနှုန်း၊ အမျိုးသမီး ၃၀ ဦးမှာ ၁ ဦးနှုန်း ကြုံတွေ့ရတာတွေ့ရပါတယ်။ အသက် ၆၅ အထက်ဆိုရင်တော့အမျိုးသား ၇ ဦးမှာ ၁ ဦးနှုန်း အမျိုးသမီး ၁၂ ဦးမှာတစ်ဦး နှုန်းကြုံရတဲ့အထိများပြားပါတယ်။

အဓိကဖြစ်ပွားရတဲ့အကြောင်းကတော့နှလုံးကိုထောက်ပံ့ပေးနေတဲ့သွေးကြောလေးတွေကမာပြီး ကျဉ်း နေတဲ့အတွက်အကြောင်းအမျိုးမျိုး ကြောင့်နှလုံးမှာအောက်ဆီဂျင်ပိုလိုအပ်လာတဲ့အခါရင်ဘတ်အောင့်တာ (တစ်ယောက်ယောက်ကရင်ဘတ် ပေါ် တက်ထိုင်ထားသလိုတင်းတင်း ကြပ်ကြပ်ခံစားရတာ) ရင်ဘတ်ကနေတဆင့်ဘယ်ဖက်လက်မောင်း၊ လည် ပင်းမေးရိုးနဲ့ ကျောဖက်တွေအထိပြန့်နှံ့သွားတာမျိုး ကြုံရနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်နေတာ၊ စိတ်ဖိစီးမှုများ တာတွေကြောင့် ရင်ဘတ်အောင့်တာပိုဆိုး နိုင်ပါတယ် ။


သုတေသနတစ်ခုမှာတော့လူနာရဲ့ကိုယ်ပိုင်ဗီဇဆဲလ်ကိုအသုံးပြုပြီး ခွဲစိတ်ကုသဖို့မလိုဘဲ Angina ကြောင့်ဖြစ်တဲ့ရင်ဘတ်အောင့်တာကိုကုသနိုင်မယ်လို့သိရပါတယ်။ သု တေသနအရလူနာရဲ့ ရိုးတွင်းချဉ်စီက ရယူထားတဲ့ဗီဇဆဲလ်နဲ့ကုသခြင်း အားဖြင့် Angina ကြောင့်ကြုံရမယ့် လက္ခဏာတွေကို သက်သာစေနိုင်သလို ဝေဒနာရှင်တွေရဲ့ တက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားနေနိုင်မယ့်အချိန် ကာလကိုမြှင့်တင်ပေးနိုင်မယ်လို့လည်း သိရပါတယ်။

 ဒါ့အပြင်အခြားကုထုံးတွေနဲ့အဆင်မပြေတဲ့ထိန်းချုပ်ဖို့ခက်ခဲသော Angina ဝေဒနာရှင်တွေမှာလည်း အသုံးပြုလို့ရနိုင်မယ်လို့ဆိုပါတယ်။ သုတေသနမှာ ပါဝင်သူ ၁၅ ဦးထိ ရှိခဲ့ပြီး ပါဝင်သူတွေကို hgranulocyte colony stimulating factor (G-CSF) မော်လီကျူးကို တစ်ရက်တစ်ကြိမ်နဲ့ လေးရက် ထိုးပေးပါတယ် ။ G-CSF က ရိုးတွင်းချဉ်စီထဲက ဗီဇဆဲလ် (CD34-) တွေကိုသွေး ကြောများအတွင်း ရောက်ရှိစေပါ တယ်။ လေးကြိမ်မြောက်ထိုးထားပြီး (၃) နာရီအကြာမှာ ဝေဒနာရှင်ဆီမှ သွေးကိုယူ၍သွေးကြောတွင်းမှဗီဇဆဲလ်များကိုခွဲယူပြီး နာရီဝက် ကြာပြီးနောက်မှာ ယင်းခွဲထုတ်ထား တဲ့ဗီဇဆဲလ်တွေကိုလူနာထံသွေး ကြောထဲမှတစ်ဆင့်ပြန်လည်ထိုး ပေးခြင်း ဖြစ်ပါတယ်။ ဘေးထွက်ဆိုး ကျိုးအနေနဲ့ကကျောနဲ့ခြေထောက်နာတာကြုံရနိုင်ပေမယ့် ယင်းလက္ခ ဏာကလည်း အကိုက်အခဲပျောက်ဆေးလောက်နဲ့သက်သာနိုင်တာတွေ့ရပါတယ်။ သုတေသနအရ ဗီဇ ဆဲလ်တွေကကျဉ်းနေတဲ့နှလုံးသွေး ကြောတစ်ဝိုက်မှာ သွေးကြောသစ်တွေဖြစ်ပေါ်စေဖို့အားပေးပြီး သွေးကြောနံရံတွေကိုလည်း ပြုပြင်ပေးတယ်လို့ဆိုပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

အွန်လိုင်းမှဆေးဝါးများ ၃%ခန့်သာ စိတ်ချရ


ယခုခေတ်မှာနည်းပညာတွေဖွံ့ဖြိုးလာတာနဲ့အမျှအွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခြင်းက လူအများနဲ့ ရင်းနှီးကျွမ်းဝင်လာပါတယ်။ အွန်လိုင်းကတစ်ဆင့်ရောင်းတဲ့ပစ္စည်း တွေထဲမှာ ဆေးဝါးတွေပါ ပါဝင်လာ ပါတယ်။ University of Buffalo School of Pharmacy and Pharmaceutical Science မှသုတေသီတွေရဲ့ပြောပြချက်အရအွန်လိုင်းမှတစ်ဆင့် ၀ယ်ယူသုံးစွဲ ကြတဲ့ ဆေးဝါးပစ္စည်းတွေက အဆင်ပြေမှုထက်ဆိုးကျိုးကပိုများတယ်လို့သိရပါတယ်။ အမေရိကန်အစား အစာနဲ့ ဆေးဝါးမှတ်ပုံတင်အဖွဲ့US FDA မှဖော်ပြချက်အရအွန်လိုင်းမှတစ်ဆင့်ရောင်းသော ဆေးဝါးများ တွင်အရည်အသွေးစိတ်ချရပြီး တရားဝင်သည်မှာ ၃ %သာ ရှိတယ် လို့ဆိုပါတယ်။

 ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO ရဲ့ သတင်း ပို့ချက်အရအွန်လိုင်းမှတစ်ဆင့်ရောင်းသော ဆေးဝါးတွေရဲ့ တစ် ၀က်ခန့်ဟာ အတုတွေဖြစ်ပြီး တခါတရံမှာအန္တရာယ်ဖြစ်စေတဲ့ drywall (သို့) boric အက်ဆစ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ အွန်လိုင်းမှတစ်ဆင့်ဆေးရောင်းချသူတွေဟာ တစ်နိုင်ငံလုံးအတိုင်း အတာ ဆေးဝါးညွှန်ကြားမှုတွေရဲ့ ၁၈% ထိ ရောင်းဝယ်နေကြတယ်လို့ နာမည်ကြီးဆေးဝါးထုတ်လုပ်ရေး BoehringerIngelhelm က ပြုလုပ်ခဲ့တဲ့၂၀၁၅ Pharmacy Salisfaction OWSE သုတေသနစစ်တမ်း ကောက်ယူမှုအရသိရပါတယ်။ လူနာတွေအနေနဲ့သူတို့ရဲ့ညွှန်ကြားထားတဲ့ ဆေးဝါးအချက် အလက်တွေ၊ အာမခံကုမ္ပဏီရဲ့အချက်အလက်တွေကိုမေးလ်ကတဆင့် ပို့ပေးရုံနဲ့ လိုအပ်တဲ့ဆေးဝါးကို လာပို့ပေးပြီး တစ်ခါတရံမှာတော့ပိုမိုသက်သာတဲ့ဈေးနှုန်းတွေနဲ့ရရှိ တယ်သိရပါတယ်။

ဒါပေမဲ့အမျိုး သားဆေးဝါးကျွမ်းကျင် အဖွဲ့အစည်းရဲ့အချက်အလက်တွေ အရ ယင်းအချက်အလက်ဟာ မမှန်ကန်တာကိုတွေ့ရပြီး၊ တကယ်လို့လူနာတွေအနေနဲ့ဒေသတွင်းဆေး အရောင်းဌာနတွေမှာ သွားဝယ်ခဲ့ရင် အွန်လိုင်းတွင်ရောင်းသောဈေးနှင့်ဈေးနှုန်းတူတူရနိုင်သလို၊ တကယ်လို့ လူနာအနေနှင့် မတတ်နိုင်ရင်တောင်ကျွမ်းကျင်သူတွေကအမျိုးအစားတူပိုပြီးဈေးသက်သာတဲ့ဆေးတွေနဲ့အစားထိုးပေးနိုင်ပါတယ်။ ဆေးဝါး ကုသစရိတ်လျော့ချဖို့ရည်ရွယ်ချက်နဲ့ အွန်လိုင်းမှတစ်ဆင့် ၀ယ်သူတွေက တကယ့် အရေးပေါ်ဖြစ်လာတဲ့အချိန်မှာဒေသတွင်း ဆေးဝါးကျွမ်းကျင် ပညာရှင်ကို မိမိသောက်နေသောဆေးနှင့် ပတ်သက်ပြီး ပြောပြ၀ယ်ယူ ရာမှာ အခက်အခဲရှိနိုင်ပါတယ်။ ဒေ သတွင်း ဆေးဝါးကျွမ်းကျင်ပညာရှင် တွေက သင်တို့ရဲ့ဆေးဝါးသုံးစွဲမှု အခြေအနေအန္တရာယ်ရှိနိုင်တဲ့ ဆေး ဓါတ်ပြုမှုစတာတွေကိုစောင့်ကြည့်ပြီး သင်တို့ရဲ့မူလကျန်းမာရေးစောင့် ရှောက်သူတွေနဲ့ ဆက်သွယ်ကာသင့်ရဲ့ဘတ်ဂျက်နဲ့ကျန်းမာရေး အတွက် သင့်လျော်တဲ့ဆေးဝါးရအောင် ဆောင်ရွက်ပေးပြီး ဆေးဝါး အကြောင်းကိုလည်း မျက်နှာခြင်း ဆိုင်ဆွေးနွေးနိုင်ပါတယ် ။ အွန်လိုင်းမှတစ်ဆင့် ၀ယ်သူတွေကတော့ ဒီရပိုင်ခွင့်တွေကိုရရှိမှာ မဟုတ်ပါဘူးလို့အကြံပြုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal/

ကလေးငယ်များနှင့် အိပ်ယာဝင်ချိန်


ကျောင်းမနေမီအရွယ် ကလေး ငယ်တွေမှာ ညအိပ်ယာဝင်ချိန်က ည ၉ နာရီထက်နောက်ကျခြင်းက အရွယ်ရောက်လာချိန်မှာ အ၀လွန် နိုင်ခြေကိုနှစ်ဆမြင့်တက်စေနိုင်တယ်လို့ Ohio ပြည်နယ်ပြည်သူ့ကျန်းမာ ရေးတက္ကသိုလ်ကောလိပ်မှသုတေသနအရသိရပါတယ်။ ကျောင်းမနေမီကလေးတွေမှာအချိန်မှန် ည ရှစ်နာရီမတိုင်မီ အိပ်ယာဝင်စေခြင်း အားဖြင့် ဆယ်ကျော်သက်အရွယ်မှာ အ၀လွန်နိုင်ခြေ ပိုနည်းတဲ့အတွက်မိဘတွေအနေနဲ့မိမိတို့ရဲ့သားသမီး တွေကို ပုံမှန်အိပ်ယာဝင်ချိန်နဲ့ ပတ်သတ်ပြီး ပြဌာန်းချက်တွေလုပ်ထား သင့်တယ်လို့အကြံပြုထားပါတယ်။ ဒါ့အပြင်စောစောစီးစီး အိပ်ယာဝင် ခြင်းအားဖြင့်ပိုပြီးမြန်မြန်အိပ်မောကျစေနိုင်ပါသေးတယ်လို့သိရပါတယ်။

 ကလေးဆရာဝန်များကလည်း သိပ္ပံနည်းကျ တွေ့ရှိချက်များဖြင့် ကလေးတွေကိုစောစီးစွာအချိန်မှာ အိပ်ယာဝင်စေခြင်းက ကလေးရဲ့ ဆိုးကျိုးဖြစ်စေနိုင်တဲ့ အချက်ကိုလျော့နည်းအောင် မိသားစုကလုပ်ပေးနိုင်တဲ့အချက်တစ်ခုဖြစ်ပြီး၊ ယင်းသို့လုပ်ခြင်းအားဖြင့်ကလေးရဲ့ လူမှုဆက်ဆံရေး၊ စိတ်ခံစား၊ မှတ်ဥာဏ်အရည်အသွေးတွေပေါ် ကောင်းမွန်တဲ့ ရလဒ်တွေရစေမှာဖြစ်တယ်လို့  မိဘတွေကိုအကြံပြုလေ့ ရှိပါသည် ။ US မှာတော့ကလေး တွေအ၀လွန်နေခြင်းက အဓိကကျန်း မာရေးပြဿနာတစ်ခုဖြစ်ပြီး၊ တစ်နိုင်ငံလုံးအတိုင်းအတာ အရကလေး နဲ့ဆယ်ကျော်သက် ၁၂.၇ သန်း ခန့် ဟာ အ၀လွန်နေတယ်လို့ ရောဂါ ကာကွယ်တားဆီးရေးဗဟိုရဲ့အချက်အလက်တွေအရသိရပါတယ်။ အ၀ လွန်ခြင်းကကလေးတွေကို ဘ၀တစ် လျောက်ဆိုးကျိုးတွေဖြစ်စေနိုငပါတယ်။ Paediatric Journal မှာဖော်ပြခဲ့တဲ့သုတေသနတစ်ခုမှာ ကျောင်းမနေမီအရွယ် ကလေးတွေရဲ့ အိပ်ယာဝင်ချိန်က ဆယ်ကျော်သက် အရွယ် အ၀လွန်မှုနဲ့ ဆက်စပ်နေတယ်လို့ဖော်ပြခဲ့ပါတယ်။

 ယင်းသုတေသနရဲ့ ရလဒ်တွေအရအစောဆုံးအိပ်ယာ ၀င်တဲ့ ကလေး ၁၀ ဦးမှာ ၁ ဦးနှုန်းကဆယ်ကျော်သက်မှာ အ၀လွန်ပြီး အလယ်အလတ်အချိန် အိပ်ယာဝင် လေ့ရှိတဲ့ ကလေးတွေမှာ ၁၆% နဲ့နောက်ကျမှအိပ်တဲ့ကလေးတွေမှာ ၂၃% ထိ အ၀လွန်တာတွေ့ရပါ တယ်။ သုတေသနမှာ ပါဝင်တဲ့ ကလေးတွေရဲ့ တစ်ဝက်လောက်က အလယ်အလတ်အုပ်စုထဲမှာ ပါဝင်ပြီး လေးပုံတစ်ပုံကစောစောအိပ်တဲ့အုပ်စုမှာ ပါဝင်ကာ ကျန်လေးပုံတစ်ပုံကနောက်ကျမှအိပ်တဲ့အုပ်စု မှာပါဝင်တာ တွေ့ရပါတယ်။ မိသား စုနဲ့ကလေးကြား ဆက်ဆံရေးက လည်း ကလေးရဲ့ လုပ်ရိုးလုပ်စဉ် ဥပမာအိပ်ချိန်တွေပေါ်မှာသက်ရောက်မှု ရှိနိုင်တဲ့အတွက် ကလေး နဲ့မိခင်ကြား ဆက်ဆံရေးကိုပါစစ်ခဲ့ကြပါတယ်။ ဒါပေမယ့်မိခင်နဲ့ကလေးကြား ဆက်ဆံရေးက မည်သို့ ပင်ရှိနေပါစေ၊ အိပ်စက်ချိန်နဲ့ အ၀ လွန်ခြင်းကခိုင်ခိုင်မာမာဆက်စပ်နေတာတွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အိပ်ယာဝင်နောက်အကျဆုံး ကလေး တွေရဲ့မိခင်တွေကကလေးနဲ့ဆက်ဆံမှုအဆိုးဆုံးဖြစ်သလို အ၀ လွန်မှုအတွေ့ကြုံရဆုံး အုပ်စုလဲဖြစ်ပါတယ်။ အိပ်စက်ချိန်နောက်ကျတဲ့ကလေးအများစုဟာ လူဖြူများ မဟုတ်သလို၊ မိခင်ကလည်း ပညာ ရေးအဆင့်အတန်း နိမ့်ကျပြီး ၀င်ငွေ နည်းတဲ့မိသားစုတွေဖြစ်တာကိုလည်း တွေ့ရပါတယ်။

သုတေသီတွေကတော့ကလေးတွေကိုအိပ်ယာထဲစောစောသွားစေခြင်းကသူတို့တွေချက်ချင်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်လို့အာမမခံနိုင်ပေမယ့်အချိန်မှန်အိပ်ယာထဲ ၀င်စေခြင်း အားဖြင့်ကလေးတွေကိုသူတို့အတွက်လိုအပ်တဲ့အိပ်ချိန်ကိုအကောင်းဆုံးရရှိစေမှာပါလို့ ဆိုခဲ့ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Risk of having a baby with Down Syndrome ဒေါင်းဆင်ဒရုမ်းကလေးရနိုင်ချေ


ဒေါင်းဆင်ဒရုမ်းနဲ့ကလေးကို မြင်တာနဲ့သိမယ်။ ပုံထဲကကလေးလေး မျက်နှာကိုကြည့်ပါ။

ဆရာရှင့် သမီးအသက် ၃၅ နှစ်၊ အသက် ၃၁ နှစ်မှာ အိမ်ထောင်ပြုပါတယ်။ ၃၂နှစ်မှာ အလုပ်တဖက်၊ကျောင်းတဖက်မို့ ကိုယ်ဝန်၂ လနဲ့ ပျက်ခဲ့ပါတယ်။ ၃၃ နှစ်မှာ နောက်ထပ်ကိုယ်ဝန်ရတော့ သေချာဂရုတစိုက်ကို နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် သမီးလေးက မွေးရာပါ down syndrome ရောဂါသည်လေးဖြစ်နေပါတယ်။ အရမ်းကို ဂရုတစိုက်နဲ့ သေချာပြုစုခဲ့ပေမယ့် သူရဲ့မွေးရာပါနှလုံးရောဂါနဲ့ အသက် ၄ လအထိပဲရှင်ခဲ့ပါတယ်။ အမျိုးသားကလည်း သက်တူရွယ်တူပါ။ ၂ ဖက်မျိုးရိုး မှာလည်း ဒီလို down syndrome ရောဂါသည် မရှိခဲ့ကြပဲ ၊ သမီးတို့ ၂ယောက်မှာ ပထမဦးဆုံးပါ။ တခါမှမကြုံခဲ့ဖူးကြလို့ အားလုံးအံ့သြထိတ်လန့်ပြီး သေချာကိုဝိုင်းဂရုစိုက်ခဲ့ကြတာပါ။ အခုသမီးလေး ဆုံးတာ ၁ နှစ် နှင့် ၄ လရှိပါပြီ။ နောက်ထပ်ကလေးယူရင် သမီးလေးလိုမျိုး ထပ်ပြီးမွေးလာနိုင်လားဆိုတာ သိချင်ပါတယ်။ နောက်ထပ် ရလာမယ့်ကလေးအတွက်လည်း အရမ်းစိတ်ပူနေမိလို့ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။

ဒေါင်းဆင်ဒရုမ်း ဘာလို့ဖြစ်သလည်း တိတိကျကျမသိသေးပါ။ ကိုယ်ဝန်ကတည်းကတော့ စစ်လို့ရတယ်။ ခရိုမိုဇုမ်း ၂၁ မှာ ချို့ယွင်းနေမယ်။ ဒေါင်းဆင်ဒရုမ်းကလေးတွေ ၃-၄% မှာ ကော်ပီအပို ၂ ခုနဲ့ တဝက်တပျက်တခုပါနေတာတွေ့ရတယ်။ မိသားစုရာဇဝင် မလိုက်ဖူးလို့ ယူဆရတယ်။ ဆရာဝန်တွေက (ဘိုင်ချန့်စ်) ပြောတာကို ကံတရားလို့သာဘာသာပြန်ရမယ်။
မျိုးဗီဇ (၃) မျိုးဖြစ်နိုင်တယ်။ Trisomy 21က ၉ဝ% ရှိတယ်။ Trisomy 21 က ၂% သာရှိတယ်။ Translocation Trisomy 21-Sometimes က ၃-၄% ရှိတယ်။ Trisomy 21 ကလေးမျိုးမွေးဖူးရင် နောက်ကိုယ်ဝန်မှာလည်းထပ်ဖြစ်ကောင်း ဖြစ်နိုင်တယ်။ မိဘတယောက်ယောက်မှာ ကယ်ရီယာဖြစ်နေလို့ပါ။ ဖခင်က ကယ်ရီယာဖြစ်နေရင် နောက်ကိုယ်ဝန်မှာ ၃% ထပ်ဖြစ်စရာအလားအလာရှိတယ်။ မိခင်ကကယ်ရီယာဖြစ်နေရင် ၁၂% အလားအလာရှိတယ်။ ယေဘုယျ ၁% သာ ရှိပါတယ်။

အိမ်ထောင်ပြုတဲ့အသက်က အချက်တခုဖြစ်တယ်။ ၂၅ နှစ်မှာအိမ်ထောင်ပြုရင် ဒေါင်းဆင်ဒရုမ်းကလေးမွေးဖို့ အခွင့်အလမ်း ၁၂ဝဝ မှာ ၁ ရှိတယ်။ ၃၅ နှစ်ဆိုရင် ၃၅ဝ မှာ ၁ ယောက်၊ အသက် ၄ဝ ဆိုရင် ၁ဝဝ မှာ ၁ ယောက်။ ၄၉ နှစ်ဆိုရင် ၁ဝ ယောက် ၁ ယောက်အလားအလာရှိတယ်။

နောက်လေ့လာမှုတခုအရ အသက် ၂ဝ = ၁၆ဝဝ မှာ ၁ ယောက်၊ အသက် ၂၅ = ၁၃ဝဝ မှာ ၁ ယောက်၊ အသက် ၃ဝ = ၁ဝဝဝ မှာ ၁ ယောက်၊ အသက် ၃၅ = ၃၆၅ မှာ ၁ ယောက်၊ အသက် ၄ဝ = ၉ဝ မှာ ၁ ယောက်နဲ့ အသက် ၄၅ = ၃ဝ မှာ ၁ ယောက် အလားအလာရှိတယ်။ ဒါပေမယ့် ဒေါင်းဆင်ဒရုမ်းကလေး ၈ဝ% ဟာ မိခင်အသက် ၃၅ နှစ်ထက်မကြီးသေးသူတွေကနေ မွေးလာကြတာဖြစ်တယ်။

မိဘတွေမှာ ချို့ယွင်းချက်ရှိနေရင်လည်း ကလေးမရတတ်ပါ။ Trisomy 21 အမျိုးသမီးကနေ ကိုယ်ဝန်ရနိုင်ဘို့ ၁၅-၃ဝ% သာရှိပြီး ၅ဝ% အဲလိုကလေးမွေးလာနိုင်တယ်။ ယောက်ျားမှာ ဒေါင်းဆင်ဒရုမ်းရှိရင် ကလေးမမွေးပါ။

ကိုယ်ဝန်ဆောင်ချိန် Prenatal genetic screening မျိုးဗီဇစစ်ဆေးခြင်းလုပ်နိုင်ပါတယ်။ ကိုယ်ဝန် ၁၁ ကနေ ၁၄ ပတ်မှာ သွေးစစ်မယ်။ အာလ်ထွာဆောင်းရိုက်မယ်။ ကလေးဂုတ်ပိုးနေရာ အထူအပါး ကြည့်ရတယ်။ nuchal translucency ခေါ်တယ်။ ၈၂ ကနေ ၈၇% ကိုစစ်ဆေးတွေ့နိုင်တယ်။

Chorionic villus sampling (CVS) ကို ၉-၁၄ ပါတ်မှာစလုပ်နိုင်တယ်။ ကိုယ်ဝန်ပဌမ ၁၁-၁၄ ပါတ်မှာ စစ်ဆေးမှု ၂ ဆင့် လုပ်မယ်။ သွေးစစ်တာနဲ့ အာလ်ထွာဆောင်း။ Quad Marker Screen သွေးစစ်နည်းကို ၁၅-၂ဝ ပါတ်မှာလုပ်တယ်။ Triple Screen ကို ၁၆-၁၈ ပါတ်မှာလုပ်မယ်။ ကလေးကနေထုတ်တဲ့ Alpha-fetoprotein (AFP) ကိုစစ်မယ်။ human chorionic gonadotropin (hCG) နဲ့ unconjugated estriol အချင်းထုတ်တာတွေစစ်မယ်။ Amniocentesis ကို ကိုယ်ဝန် ၁၅ ပါတ် နောက်မှာသာ သေချာစေဘို့လုပ်မယ်။ Percutaneous umbilical blood sampling (PUBS) ကို ၁၈ ပါတ်မှာလုပ်တယ်။
အသက် ၃၅ နှစ်ရောက်မှကိုယ်ဝန်ဆောင်သူတွေက fetal DNA test စမ်းနည်းစစ်ဆေးနိုင်တယ်။ MaterniT21 or Harmony လို့ရောင်းတယ်။ ကိုယ်ဝန်ပဌမ ၃ လအတွင်းစစ်နိုင်တယ်။ ၉၉% တိကျတယ်လို့ဆိုတယ်။ ဒုတိယ ၃ လပိုင်းမှာ သွေးထပ်စစ်မယ်။ multiple marker screening (သို့) quad screening လို့ခေါ်တယ်။ ၈ဝ% သေချာတယ်။

မွေးလာတဲ့ကလေးကို ဒေါင်းဆင်ဒရုမ်းရှိ မရှိ မျက်နှာသွင်ပြင်ကြည့်ရတယ်။
• Short neck လည်ပင်းတိုမယ်။
• Abnormally shaped ears နားရွက်ပုံစံမူမမှန်ပါ။
• Protruding tongue လျှာတလစ်ထွက်မယ်။
• Small head ခေါင်းအရွယ်အစားသေးမယ်။
• Deep crease in the palm of the hand with relatively short fingers လက်ဝါးအရေးအကြောင်းတွေ နက်မယ်။ လက်ချောင်းလေးတွေ တိုမယ်။
• Small hands and feet ခြေရောလက်ပါ သေးနေမယ်။
• White spots in the iris of the eye မျက်စိသူငယ်အိမ်မှာ အဖြေူစက်လေးတွေရှိမယ်။
• Poor muscle tone, loose ligaments, excessive flexibility ကြွက်သား (တုန်း) အားနည်းမယ်။ အရွတ်တွေ ချောင်မယ်။ ကွေးနိုင်စွမ်း လွန်ကဲနေမယ်။

လိုတဲ့ကလေးကို chromosomal karyotype test စစ်မယ်။ chromosome 21 အပိုတွေ့ရင် ဒေါင်းဆင်ဒရုမ်းဖြစ်မယ်။ တခြားတွဲပါနေနိုင်တဲ့မွေးရာပါချို့ယွင်းချက်တွေကိုလည်း စစ်ဆေးရမယ်
• Congenital heart disease မွေးရာပါနှလုံးရောဂါ၊
• Hearing problems နားအကြားမကောင်းတာ၊
• blocked small bowel or esophagus အူလမ်းကြောင်းပိတ်တာ၊
• Celiac disease ဆီးလိယက်ရောဂါ၊
• cataracts မျက်စိအတွင်းတိမ်၊
• Thyroid dysfunctions လည်ပင်းကြီးအလုပ်မမှန်ခြင်း၊
• Skeletal problems အရိုးရောဂါ။
• Dementia similar to Alzheimer’s မှတ်ဉာဏ်ချို့ယွင်းချက်တွေဖြစ်တယ်။ ခုခံအားစနစ်အားနည်းလို့ ရောဂါပိုးဝင်လွယ်လို့ Pneumonia နူမိုးနီးယားကိုလည်းသတိထားရမယ်။

အမေရိကားမှာ ကလေး ၈ဝဝ မွေးတိုင်းတယောက်မှာ အဲဒီရောဂါပါလာတယ်။ တနှစ်မှာ ၆ဝဝဝ ရှိတယ်။ အဲလိုကလေး ၈၅% ဟာ ၁ နှစ်သာအသက်ရှင်တယ်။ ၅ဝ% ဟာ အသက် ၅ဝ အထိရှင်ကြတယ်။ လက်ရှိ လူဦးရေ ၃၅ဝဝဝဝ မှာ ဒေါင်းဆင်ဒရုမ်းရှိကြတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မိခင်ရော ကလေးအတွက်ပါ ကောင်းမွန်


ကိုယ်ဝန်ဆောင်သည် အမျိုး သမီးများအနေဖြင့် လေ့ကျင့်ခန်း ပြုလုပ်ပါက ကလေးနေ့မစေ့ပဲ မွေးဖွားနိုင်လိမ့်မည်ဟု ရှေးရိုးအယူ အဆလက်ခံထားသူများ ရှိနေသေး သည်။ ယခုအခါ ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် မိခင်သာမက ရင်သွေးငယ်လေး အတွက်ပါ အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်ဟု အခြားသောလေ့လာ မှုများ၏တွေ့ရှိချက်များအား ပြန် လည်သုံးသပ်ခြင်း၊ သက်သေ အထောက်အထားများကို ခွဲခြမ်းလေ့ လာခဲ့သည့် လေ့လာမှုအသစ်တစ်ခု အရ သိရှိရပါသည်။

ယင်းလေ့လာမှုသည် အမေရိ ကန် သားဖွားမီးယပ်ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယခင်အယူအဆဟောင်းအရ ကိုယ် လက်လှုပ်ရှားမှုများကြောင့် ခန္ဓာ ကိုယ်မှ နောအက်ဖီနက်ဖရင်း ဒြပ် ပေါင်းထွက်ရှိလာပြီး ၎င်းင်းဒြပ်ပေါင်း သည် သားအိမ်ကြွက်သားများကို ညှစ်စေခြင်းကြောင့်၊ ကလေးနေ့မ စေ့ပဲ မွေးဖွားလာရသည်ဟု ဆိုထား ပါသည်။ လေ့လာမှုအရ လေ့ကျင့်ခန်း လုပ်သော ကိုယ်ဝန်သည်အုပ်စုတွင် သွေးချိုတက်ခြင်းနှင့် သွေးပေါင် တက်ခြင်းမှာ လေ့ကျင့်ခန်းမလုပ် သော အုပ်စုထက် ပိုမိုလျော့နည်း ကြောင်း ရလဒ်များက ဖော်ပြနေ သည်။ ထို့အထူပင် မွေးဖွားလာသည့် ကလေးငယ်များတွင် မွေးဖွားစဉ် ပေါင်အလေးချိန်မပြည့်ခြင်းနှင့် ပျမ်းမျှမွေးပေါင်ချိန်များမှာလည်း လေ့ ကျင့်ခန်းလုပ်သည့်အုပ်စုနှင့် မလုပ် သည်အုပ်စုနှစ်စုတွင် ကွာခြားမှုများ မရှိကြောင်း တွေ့ရှိခဲ့ကြခြင်းဖြစ်ပါ သည်။

Dr.A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

အစားအသောက်ဆင်ခြင်တာတောင် ဘာဖြစ်လို့ ၀ိတ်မကျတာလဲ၊


Baylar တက္ကသိုလ်က ပြုလုပ် ခဲ့တဲ့ သုတေသနမှာ ၀ိတ်ချလိုတဲ့ သူအများစုဟာ ကိုယ်ကြိုက်တဲ့အစားအစာ တွေ ရှောင်တာ၊ အဲဒီအစားအစာတွေအစား မစားလိုတဲ့ အစားတွေ အစားထိုးစားတာစတဲ့ လွဲမှားတဲ့ ဗျူဟာတွေကို သုံးလျက်ရှိတာ တွေ့ရပါတယ်။ သုတေသနမှာ အောင်မြင် တဲ့ ကိုယ်အလေးချိန် ချနိုင်တဲ့သူတွေက ကိုယ်ကြိုက်တဲ့ အစားအစာတွေကိုရှောင်မယ့်အစား သူတို့ကြိုက်တဲ့အစား တွေထဲက ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ပိုစားဖို့ ညွှန်ထားပါတယ်။ သုတေသနမှာ တွေ့ရှိခဲ့တာတွေကတော့ ကိုယ်အလေးချိန်ချလိုတဲ့သူတွေကို အစားအသောက်စား ရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စည်းမျဉ်းတွေ ထုတ်ခိုင်းတဲ့ အခါအများစုက အချို့အစားအစာတွေကို ရှောင်ရှားဖို့ စည်းမျဉ်းထဲထည့်တာ တွေ့ရပါတယ်။ ယင်းကဲ့သို့ ပြု လုပ်လေ့ရှိတဲ့သူအများစုက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းပြီး၊ ၀ိတ်ချဖို့ မအောင်မြင်တဲ့သူတွေဖြစ်တာ တွေ့ရပါ တယ်။ စည်းကမ်းတွေ ရေးစွဲရာမှာ ဘယ်အစားအစာတွေကို ပိုစားဖို့သင့်တယ်ဆိုပြီး ရေးစွဲတဲ့သူတွေက ပိုအောင်မြင်လေ့ ရှိတာ တွေ့ရပါတယ်။

အစားအသောက်ထိန်းရာမှာ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစာတွေကို ရှောင်ကြဉ်ဖို့စဉ်းစားရာမှာ မိမိ ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းနည်းတဲ့သူတွေက လုံးလုံးရှောင် ဖို့လုပ်ပြီး၊ ထိန်းသိမ်းနိုင်စွမ်းကောင်းတဲ့ သူတွေက သင့်တင့် ရုံသာစားဖို့ ဆုံးဖြတ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားတွေအကြောင်း စဉ်းစားရာမှာ မိမိကိုယ်ကို ထိန်းနိုင်စွမ်းနည်းတဲ့သူ တွေက မိမိလုံးဝမကြိုက်တဲ့အစား အစာတွေဖြစ်တဲ့ ဂေါ်ဖီထုတ် အသေး စားလိုအစာတွေကိုရွေးချယ်ပြီး ထိန်းသိမ်းနိုင်စွမ်း ကောင်းတဲ့သူတွေက သူတို့လည်းကြိုက်တဲ့အစားတွေ (ဥပမာ စတော်ဘယ်ရီ) ကို ရွေးချယ်တာတွေ့ရပါတယ်။

ဒါကြောင့် သုတေသီတွေက တစ်ကယ်လို့များ ကိုယ်အလေးချိန်နဲ့ ကျန်းမာရေးကို အစားအသောက်က တဆင့် ပြောင်းလဲလိုတဲ့ ဆန္ဒရှိမယ်ဆို ရင် အဓိကအားဖြင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားတွေ ပါဝင်အောင် တစ်ကယ်ကြိုက်နှစ်သက်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားတွေအပေါ်မှာ အာရုံစိုက်သင့်တယ်လို့ အကြံပြုခဲ့ ပါတယ်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

Blood Thinners သွေးကျဲဆေးများ



မေးခွန်းတခုကို လက်ရေးနဲ့ရေးပြီး ဓါတ်ပုံရိုက်ပို့ပါတယ်။ နှလုံးအဆို့ရှင်အစားထိုးခွဲစိတ်ထားရသူ အမျိုးသမီးတယောက်က ရောဂါ၊ ဆေးဝါးနဲ့ အစားအသောက်တွေကိုမေးတယ်။ သူစားချင်တဲ့ အသီးအရွက်တွေရဲ့ အင်္ဂလိပ်လို အခေါ်တွေကိုလည်း မေးပါသေးတယ်။
ရဲယို = Morinda angustifolita
ကန်စွန်း = Water Convolvulus
မြင်းခွာရွက် = Asiatic Pennywort
ခွေးတောက် = ရုက္ခဗေဒလို Dregea volubilis ခေါ်တယ်။ အင်္ဂလိပ်လို Green wax flower ခေါ်တယ်။
သွေးကျဲစေဘို့ ဆရာဝန်တွေပေးတဲ့ဆေးသာအားကိုးပါ။ တိုင်းရင်းဆေး၊ အစာအာဟာရတွေမှာ ဆေးသုတေသန မပြည့်စုံပါ။ သိထားပြီးဖြစ်တဲ့ အစားအသောက်စာရင်းကိုတော့ ရေးပါမယ်။
(က) သွေးကျဲစေတဲ့အစာများ
Ginge ဂျင်း (ချင်း)၊
Peppermint ပင်စိမ်း
Thyme စမုန်ဖြူ
Cinnamon သစ်ကြံပိုးခေါက်၊
Dill စမြိတ်၊
Oregano တောရှုံးပင်၊
Turmeric နနွင်း၊
Cayenne pepper ငရုတ်တမျိုး၊
Grapes စပျစ်သီး၊
Raisins စပျစ်သီးခြောက်၊
Prunes ဆီးသီးခြောက်။
Cherries ချယ်ရီသီး၊
Cranberries ခရမ္ဘယ္ရီသီး၊
Blueberries ဘလူးဘယ္ရီ၊
Grapes စပျစ်၊
Strawberries စထောဘယ်ရီ၊
Tangerines အခွံပွလိမ္မော်သီး၊
Orange လိမ္မော်သီး၊
(ခ) Foods That Thicken Blood သွေးခဲစေနိုင်တဲ့အစာများ
Vitamin K ဗီတာမင်ကေ၊
Parsley တရုပ်နံနံ၊
Kale ကိုက်လန်၊
Spinach ဟင်းနုနွယ်၊
Asparagus ကညွတ်၊
Cauliflowers မုန်လာထုပ်၊
Celery တရုပ်နံနံကြီး၊
Leeks ကြက်သွန်မြိတ်၊
(ဂ) Antioxidants အင်တီအောက်ဆီဒင့်ဓါတ်ပါအစာများ
Olive oil သံလွင်ဆီ၊
Garlic ကြက်သွန်ဖြူ
(ဃ) Vitamin E ဗီတာမင်အီးပါအစာများ
Whole grains ဖြူဖွေးအောင်ချွတ်မထားတဲ့အစေ့ (ဆန်၊ ဂျုံ)၊ Coconuts အုန်းသီး၊ Sunflower seeds နေကြာစေ့၊
(င) Omega-3 Fatty Acids အိုမီဂါ-သရီး ပါအစာများ
Salmon ဆယ်လမွန်ငါး၊ Albacore tuna ကျူနာငါး၊ Mackerel မက်ရယ်လ်ငါး၊
Blood Thinners သွေးကျဲဆေးတွေကို Anti-platelet drugs, Anticoagulants လို့လည်းခေါ်တယ်။ နှလုံးရောဂါနဲ့ သွေးကြောရောဂါရှိသူတွေကိုပေးတယ်။ နှလုံးအတက်ရမှာကို သက်သာဆေးတယ်။ ဆထုပ်ခ် ခေါ် ဦးနှောက်သွေးကြော မတော်တဆဖြစ်ခြင်း ခေါ် လေဖြတ်တာကို ဖြစ်ခွင့်နည်းစေတယ်။ သွေးခဲဖြစ်လာမှာကို တားဆီးပေးတယ်။
Atrial fibrillation ခေါ် နှလုံးခုန်မမှန်ခြင်း၊ နှလုံးအဆို့ရှင်ခွဲစိတ်ထားရခြင်း၊ မွေးရာပါနှလုံးရောဂါရှိသူတွေကိုပေးတယ်။ အမျိုးအစား နှစ်မျိုးရှိတယ်။ Anticoagulants အမျိုးအစားဆေးတွေကတော့ heparin or warfarin (Coumadin) ဖြစ်တယ်။ Antiplatelet drugs အမျိုးအစားဆေးတွေကတော့ aspirin ဖြစ်တယ်။ သွေးကျဲစေနည်းက မတူကြပါ။
ဆေးတွေမှာ ဘေးထွက်သက်ရောက်မှုတွေတော့ရှိတယ်။ သွေးထွက်စေနိုင်တယ်။ Coumadin ကြောင့်ပိုဖြစ်တယ်။ Vitamin D 2,000 IU, calcium 100-200 mg တွေကိုပါတွဲပေးတာလည်းရှိတယ်။ vitamin K1 ပါတဲ့ ဟင်းသီးဟင်းရွက်တွေ ရှောင်ရတယ်။ Aspirin ဆေးကနေ folic acid, vitamin C, iron, sodium နဲ့ zinc ဓါတ်တွေကို နည်းစေတယ်။ အစာလမ်းလေးနာရှိသူနဲ့ Hemophilia ဟီမိုဖီးလီးယားသွေးရောဂါရှိသူတွေက ဒီဆေးတွေနဲ့ မသင့်ပါ။
နှလုံးအဆို့ရှင်ရောဂါရှိသူတွေ လူနေမှုပုံစံပြောင်းတာလိုတယ်။ စာထဲပါတာထဲက ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ။
ဆေးလိပ်ဖြတ်ပါ။ သွေးတိုးကို ထိန်းနေပါ၊ ကိုလက်စထောချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက် နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။ ဆီးချိုထိန်းနေပါ။ အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုပ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကိုသာ ရွေးချယ်ပါ။ ကိုယ်အလေးချိန် ထိန်းနေပါ။ စိတ်ဖိအား လျှော့နည်းသုံးပါ။ သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။ စိတ်ကို အပြုသဘောဆောင်ပါ။ ကံတရားကိုလည်း အားကိုးပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

Hypothyroidism လည်ပင်းကြီး ဟော်မုန်းနည်းရောဂါ


၁။ ဆရာ မင်္ဂလာပါရှင့် သမီးအသက်ကအခု ၃၂ ပါဆရာ။ အိမ်ထောင်ရှိပါတယ်ဆရာ။ လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ်က Hypothyroid ဖြစ်လို့ တနှစ်လောက် ဆေးစွဲသောက်ခဲ့ရပါတယ်ဆရာ။ ၂ဝ၁၅ ထဲမှာ ဆေးဆက်မသောက်ခိုင်တော့လို့ ရပ်လိုက်ပါတယ်။ အခုကလေးယူဖို့လုပ်တော့ ကလေးမရလို့ OG နဲ့ပြတော့ OG က သွေးပြန်စစ်ခိုင်းလို့ ပြန်စစ်တော့ TSH ပြန်တတ်နေတာတွေ့ပါတယ်ဆရာ။ OG က ကလေးယူဖို့ဆက်မကြိုးစားဖို့ပြောပါတယ်ဆရာ။ တကယ်လို့များ ကလေးရခဲ့ရင် ကလေးဘယ်လိုဖြစ်နိုင်ပါသလဲသိချင်လို့ပါဆရာ။ ပြီးတော့ ဒီရောဂါက ဘယ်လိုပြုမှုနေထိုင်စားသောက်ရင် မြန်မြန်ပျောက်ကင်းနိုင်ပါသလဲဆရာ။ သမီးကိုကျေးဇူးပြုပြီးရှင်းပြပါလားဆရာရှင့်။

ကိုယ်ဝန်ဆောင်ရင် TSH ဟော်မုန်းတက်လာနိုင်တယ်။ အီစထိုဂျင်လည်းတက်တယ်။ TBG လည်းတက်တယ်။ FT3 နဲ့ FT4 တက်မယ်။ ဒါပေမယ့်လည်ပင်းကြီးဟော်မုန်းနည်းသူ ကိုယ်ဝန်ဆောင်ရင်တော့ သွေးတိုးစေနိုင်တယ်။ သွေးအား နည်းစေနိုင်တယ်။ ကလေးကိုယ်အလေးချိန်နည်းနိုင်တယ်။ ကိုယ်ဝန်ပျက်နိုင်တယ်။ ကလေးဖွံ့ဖြိုးမှု (ဦးနှောက်အပါအဝင်) များစေနိုင်တယ်။ ဆောရီး။

၂။ ကျွန်တော့် အမျိုးသမီးက အသက် ၃ဝ နှစ်၊ ကိုယ်အလေးချိန် ၄၇ ကီလို၊ လွန်ခဲ့တဲ့ ၅ နှစ်က ၅၃ ကီလိုရှိပါတယ်။ အိမ်ထောင်ကျတာ ၃ နှစ်လောက် ရှိပါပြီ။ လွန်ခဲတဲ့ ၂ နှစ် နီးပါးလောက်က Thyroid ရောဂါဖြစ်လို့ လည်ပင်းက အကျိတ်ကို ခွဲထုတ်လိုက်ပါပြီ။ အခု ဟိုမုန်းဓါတ်နည်းလို့ဆိုပြီး Thyroxine sodium 100mg ကို တနေ့ တလုံးစား နေရပါတယ်။ အခု အသက်ရှူမဝတဝ (သို့ ) အသက်တဝက်ဘဲ ရှုရသလိုဖြစ်နေပြီးတော့ မကြာမကြာ အသက်ပြင်းပြင်း ရှူပေးရပါတယ်။ နောက်ပြီး နှလုံးတုန် ရင်တလှပ်လှပ်ဖြစ်ပြီး ခြေလက်အားမရှိပါဘူး။ အခြေအနေက ဖြစ်လိုက် ပျောက်လိုက်ပါ။ ခုရက်ပိုင်းမှာ ပိုစိပ်လာပါတယ်။ တပတ်မှာ သုံးလေးရက်လောက်ပါ။ အလုပ်မလုပ်လည်းဖြစ်ပါတယ်။ ဒီနှစ်ခုက တပြိုင်တည်း ဖြစ်တတ်သလို တခုချင်းလည်း ဖြစ်ပါတယ်။ အသက်ရှူ မဝတာက ငယ်ငယ်က ဖြစ်ဖူးတယ်။ နောက်ပိုင်းမှာ မဖြစ်တော့ဘဲနဲ့ လည်ပင်းခွဲခါနီးနဲ့ ခွဲပြီးနောက်မှ ပြန်ဖြစ်ပါတယ်။ ရင်တုန်တာက မခွဲခင်က ဖြစ်ပြီးတော့ ခွဲပြီးနောက်ပိုင်း အဖြစ်များလာတယ်။ နောက်တခုက ဇက်ကျောတက် ခေါင်းကိုက်ပါ။ ဒါကတော့ အမြဲလိုလို ဖြစ်နေပါတယ်။ နေကောင်းတဲ့ရက် တလမှာ ငါးရက်လောက်ပဲ ရှိပါတယ်။ ဆေးစစ် သွေးစစ်တော့လည်း Thyroid ဟိုမုန်း နည်းတာကလွဲပြီး ဘာရောဂါမှ မရှိပါဘူးတဲ့။ နှလုံး၊ သွေးတိုး၊ အားလုံး ကောင်းတယ်တဲ့။ နှလုံးခုန်နှုန်းက 78/min ပါ။ လည်ပင်းကြီးကြောင့် ခွဲခဲ့ရတာကို တိတိကျကျ မသိရသေးဘူး။ အရွယ် ကြီးနေလို့လား၊ ဟော်မုန်းများနေလို့လား။ ဘယ်နိုင်ငံမှာ ဘယ်အဆင့် ဆေးရုံမှာ ခွဲလဲ မသိပါ။ ခွဲလိုက်တုံးက လည်ပင်းကြီးအကျိတ်ကို လိုတာထက် ပိုခွဲထုတ်လိုက်မိတယ် ထင်ရတယ်။ ခွဲစိတ်ဆရာဝန်ကို အပြစ်တင် ပြောချင်တာတော့ မဟုတ်ပါ။ ဘယ်လောက်အထိ ခွဲစိတ် ထုတ်ရမလဲ ဆိုတာကလည်း ဆရာဝန်တွေ အားလုံးက လက်ခံထားတဲ့ ပုံသေနည်း မရှိလို့၊ များတာ-နည်းတာ ဖြစ်နိုင်ပါတယ်။

လည်ပင်းကြီး ခွဲရတာဟာ အင်မတန်ကို သတိကြီးရတဲ့ ခွဲစိတ်မှုဖြစ်တယ်။ မတော်တာ၊ လွဲချော်တာ၊ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ အများကြီး။ Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းလွန်းတာ၊ သွေးယိုတာ၊ Recurrent Laryngeal Nerve အာရုံကြောထိတာ၊ Hypoparathyroidism ပါရာသိုင်းရွိုက်ဟော်မုန်း နည်းတာ၊ Thyrotoxic Storm သိုင်းရွိုက် မုန်တိုင်းကျသလိုဖြစ်တာ၊ Superior Laryngeal Nerve အာရုံကြောထိတာ၊ ရောဂါပိုးဝင်တာ အားလုံးက အကြီးစားတွေပါ။

လည်ပင်းကြီးဟော်မုန်းနည်းရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ -
• တချို့က ဘာမှ မဖြစ်သလိုဘဲ နေတတ်တယ်။
• သာမန်ဖြစ်သူတွေမှာ အားယုတ်၊ စိတ်ကျ၊ ကိုယ်အလေးချိန်တိုး၊ အအေးမခံနိုင်၊ အိပ်ချင်စိတ်များ၊ ဆံပင်ခြောက်၊ အသားအရေခြောက်၊ ဝမ်းချုပ်၊ ကြွက်သားနာ၊ (ကိုလက်စတီရော) များ၊ အာရုံစိုက်မှုနည်း၊ ဟိုက-ဒီကနာ၊ ခြေထောက်ရောင်၊
• ကြာရင် မျက်လုံးဘေးမှာ ဖေါင်း-ရောင်လာ၊ နှလုံးခုန်နှုန်းနှေးလာ၊ ကိုယ်အပူချိန်ကျလာ၊ နှလုံးရောဂါဝင်လာ၊
• ဒိထက်ဆိုးလာရင် Myxedema coma သတိလစ်တာ ဖြစ်နိုင်တယ်။

လူဦးရေရဲ့ ၃% မှာ လည်ပင်းကြီးဟော်မုန်းနည်းရောဂါရှိတယ်။ ကလေးဖွါးပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာ မခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူက ဝလာမယ်။ စိတ်ဓါတ်ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန် နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလဲ ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာ ပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။

Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကျိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို့မှာ ဟော်မုန်း ဆက်ထုတ်ဘို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။

ဆေးကုရတာမှာ တသက်တာကုဘို့ လိုတယ်။ (T4) ဆေးမပေါ်ခင်က တိရစ္ဆာန် လည်ပင်းအကျိတ်ကနေ ထုတ်တဲ့ဆေး ပေးခဲ့တယ်။ Thyroxine sodium 100mg က T4 ဖြစ်ပါတယ်။ ဆေးကို 1.6-1.7 micrograms per kilogram per day ပေးရတယ်။ ကလေးတွေကို ပိုပေးရတယ်။ ဆေးစပေးပြီးနောက် ၁ လ၊ ၁လခွဲမှာ ပြန်စစ်ပြီး ဆေးအဆ ပြင်သင့် ပြင်ရတယ်။ ဆေးကို မနက်ခင်း အစာ မစားခင် နာရီဝက် ကြိုသောက်သင့်တယ်။

ဒီဆေးနဲ့ Amphetamines (အလာဂျီ) အတွက်ဆေး၊ Antacids အက်စစ်ပျယ်ဆေး၊ Anticoagulants သွေးမခဲဆေး၊ Antidepressants စိတ်ကျဆေး၊ Aspirin အက်စ်ပရင်၊ Metoprolol, Propranolol (ဘီတာ-ဘလော့ကာ) ဆေး၊ Cholestyramine (ကိုလက်စတီရော) ကျဆေး၊ ဆီးချိုဆေး၊ Digoxin နှလုံးဆေး၊ Estrogens မ-ဟော်မုန်းဆေး၊ သံဓါတ်ဆေး၊ Methadone အကိုက်-အနာသက်သာဆေး၊ ကိုယ်ဝန်တားစားဆေး၊ Phenytoin အတက်သက်သာဆေး၊ Theophylline ပန်းနာဆေး၊ ဗီတာမင်တွေနဲ့ တချိန်တည်း တွဲမသောက်သင့်ဘူး။

ဆေးကုလို့ ကောင်းတယ်ဆိုတာ Cognition and Mood စိတ်ပိုင်းဖြစ်စဉ်နဲ့ အမူအယာနှစ်ခုက ကောင်းလာရပါမယ်။

၃။ ဒေါက်တာရှင့် Thyroid နဲ့ပတ်သက်ပြီး လည်ပင်းခွဲပြီးတဲ့နောက်မှာ ထုံကျင်တဲ့ဝေဒနာက ဘယ်လောက်ထိဖြစ်မှာလဲရှင့် အစားအစာအနေနဲ့ကုသမှု ရှိနိုင်မလား ဆေးက ဘယ်လောက်ထိ သောက်ရမှာလဲ။

လည်ပင်ကြီးခွဲပြီးလို့ဖြစ်ရတဲ့ ထုံတာပျောက်သွားဘို့ မဖြစ်နိုင်တော့ပါ။ ခွဲပြီးတာမကြာသေးရင်တော့ ဖြေးဖြေး တိုးတက်လာနိုင်ပါတယ်။ ဓါးနဲ့ခွဲရတယ်ဆိုတာ လည်ပင်းမှ မဟုတ်ပါ၊ ဘယ်နေရာခွဲခွဲ အလှီးဖြတ်ခံရရင် ထိခိုက်ရတယ်။ အရိုး၊ ကြွက်သား၊ အဆီ၊ အရေပြား၊ အမှေးပါး၊ အရွတ်၊ ဒါတွေက အသစ်ပြန်ဖြစ်နိုင်တယ်။ သွေးကြောဆိုရင်တောင် ပြန်ဖြစ်သေးတယ်။ အာရုံကြောကတော့ ဒါးနဲ့ခွဲတာ မဟုတ်ဘဲ၊ ထိခိုက်မိတာဖြစ်ဖြစ်၊ လေဖြတ်တာဖြစ်ဖြစ်၊ ပြန်ကောင်းဘို့ မဖြစ်နိုင်ပါ။ ဒါ့ကြောင့် ဓါးမသုံးဘဲ ခွဲစိတ်နည်းတွေ အတော်အောင်မြင်လာနေပြီ။ အကြီးအကျယ်လုပ်နေတဲ့ Stem cell သုတေသနအောင်မြင်လာရင် ဖြစ်လာနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မီးဖိုချောင်ထဲက သွားကိုဖြူစေတဲ့ ပစ္စည်းများ


လူတိုင်းက ညီညာမှုရှိတဲ့ သွား၊ လှပတဲ့ သွားတွေကို ပိုင်ဆိုင် ချင်ကြပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခုက သွားတွေရဲ့ ဖြူစင် လှပမှုအပေါ်မှာ အများကြီး မှီခိုနေပါ တယ်။ သွားလှပမှုက တစ်ပါးသူထက် အမြဲခြေတစ်လှမ်းသာစေသလို ကိုယ့် ကိုကိုယ် ယုံကြည်မှုလည်း ရှိစေပါ တယ်။ ဒါ့ကြောင့် ယနေ့ခေတ် တစ် ကမ္ဘာလုံးမှာ သွားနဲ့ပတ်သတ်ပြီး ကုန်ကျစရိတ်များစွာ အကုန်ခံပြီး ပြုပြင်မှု၊ ကုသမှု၊ ဂရုစိုက်မှုတွေ တစ်ဆက်ထက်တစ်ဆ ပိုပြီးလုပ် ဆောင်လာကြပါတယ်။ နည်းပညာ အသစ် အသစ်တွေလည်း အမြဲပေါ် ပေါက်နေပြီး သွားတွေကိုလည်း ဟိုး အရင်ကလို ဂရုမစိုက်ပဲနေတဲ့သူ မရှိ သလောက် နည်းပါးသွားခဲ့ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ခြင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် တွေများစွာ ပေါ်တက်လာခြင်းက သွားနဲ့ ပတ်သတ်တဲ့ ကျန်းမာရေး၊ အလှအပကို ဂရုစိုက်လာစေဖို့ တွန်း အားပေးနေသလို ဖြစ်သွားပါတယ်။

သွားမရှိတဲ့သူ၊ သွားမညီတဲ့ သူတွေက သွားစိုက်ချင်တယ်၊ သွား တွေကိုညှိပြီး လှလှပပဖြစ်လာချင်ကြ သလို သွားလှပြီး ညီညာနေတဲ့သူတွေ ကလည်း လှပမှုကို အရှည်တည်တံ့ စေချင်သလို သွားတွေကိုဖြူဖြူလေးနဲ့ ပုလဲလုံးလေးတွေ စီတန်းထားသလို မျိုး ဖြစ်ချင်ကြပါတယ်။ သွား တွေကြားမှာ အညစ်အကြေးတွေ မရှိစေဖို့ သွားသန့်ရှင်းရေးလုပ်ခြင်း တွေကို ယနေ့ခေတ်မှာ ပိုမိုလုပ် ဆောင်လာကြပါတယ်။ သွားသန့်ရှင်း ရေးက လူတိုင်းအတွက် တကယ် လည်း အရေးကြီးပါတယ်။ လူတစ် ယောက်က ပုံမှန်အားဖြင့် သွားဆရာ ၀န်နဲ့ ၆ လ ကိုတစ်ကြိမ် ပြသဖို့ လိုပါတယ်။ ခံတွင်းထဲမှာ ကင်ဆာ လက္ခဏာတွေ ရှိမရှိ ပုံမှန်စစ်ဆေးဖို့ က အဓိကအချက်ပါ။ ကျန်တာ တွေကတော့ သွားပိုးစားခြင်း၊ သွားဖုံး ရောဂါ စတာတွေကို စစ်ဆေးဖို့ပါ။ သွားပိုးစားခြင်း မရှိဘူးဆိုရင်တောင် သွားဖုံးကတော့ လူတိုင်းနီးပါး အနည်းနဲ့အများ ရောင်နေလေ့ ရှိပါ တယ်။ သွားတိုက်နည်းစနစ် ပုံစံမကျ ခြင်းကြောင့် ဖြစ်ရတာပါ။

နေ့စဉ်စားသောက်တဲ့ အစား အသောက်တွေကြောင့် သွားမှာ အစွန်းထင်းတွေ ဖြစ်ရတယ်ဆိုတာကို လည်း လူတိုင်းသိကြပါတယ်။ နေ့စဉ် သောက်သုံးတဲ့ လက်ဖက်ရည်၊ ကော်ဖီ၊ ကွမ်း၊ ဆေးလိပ်၊ အချိုရည်နဲ့ အစားအစာမှ ဆိုးဆေးတွေက သွား ရဲ့နဂိုအရောင်ကို ညစ်နွမ်းစေပါ တယ်။ သွားဆရာဝန်နဲ့ ပုံမှန်ပြသ ရာမှာ သွားကြိုသွားကြား၊ သွားနဲ့သွား ဖုံးကြားက အညစ်အကြေး တနည်း အားဖြင့် သွားချေးတွေကိုသာ ဖယ် ရှားနိုင်တာပါ။ သွားမှာရှိတဲ့ အစွန်း ထင်းတွေက ဖယ်ရှားဖို့ မလွယ်ပါဘူး။ ဖယ်ရှားလို့ ရတယ်ဆိုရင်တောင် အကုန်ဖယ်ဖို့ မဖြစ်နိုင်ပါဘူး။ အနည်းငယ်ကတော့ ကျန်နေမှာပါပဲ။ ဒီလို <ကင်းကျန်နေတဲ့ အစွန်းတွေကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမ လဲ...၊
မီးဖိုချောင်သုံးပစ္စည်းအချို့နဲ့ သွားတိုက်ဆေးတွေက ဒါတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် သင်ကိုတိုင်က သွားကိုစွန်းထင်းစေ တဲ့ အရာတွေကို မသောက်သုံး၊ မစားသုံးမှ စွန်းထင်းမှုတွေ ရာနှုန်း ပြည့်ပျောက်ကင်းမှာပါ။ မဟုတ်ရင် သန့်ရှင်းလိုက်အပေါ်ကနေ အစွန်း တွေပြန်ဖြစ်လိုက်နဲ့ လုံးချာလည်လိုက် နေပါလိမ့်မယ်။ သွားအစွန်းချွတ်တဲ့ သွားတိုက်ဆေးတွေက စူပါမားကတ် တွေမှာ အလွယ်တကူဝယ်လို့ ရပါ တယ်။ ဒါပေမယ့် ရာနှုန်းပြည့် အစွန်းတွေ ကျွတ်လိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။ သင်ကိုယ်တိုင်က အစွန်းထင်စေမယ့် အရာတွေကို ရှောင်နိုင်မှ ရမှာပါ။ နောက်ပစ္စည်း တစ်မျိုးကတော့ hydrogen peroxide အရည်နဲ့ ပလုပ်ကျင်းဖို့ပါ။ 3% hydrogen peroxide အရည်ကို ရေနဲ့ရောပြီး တစ်နေ့ကို ၂ ကြိမ် ပလုပ်ကျင်းပေးရင်လည်း ရပါတယ်။ Baking Soda လို့ခေါ်တဲ့ ပေါင်မုန့်ဖုတ်တဲ့ အမှုန့်ကိုသွားမှာ ပွတ်တိုက်ပေးရင်လည်း သွားအစွန်း တွေ ပျောက်စေပါတယ်။ ဂျီးချွတ်တဲ့ အစွမ်းသတ္တိပါပြီး အများကြီးသုံးရင် တော့ သွားရဲ့ကြွေလွှာ ပျက်စီးနိုင် တယ်ဆိုတာကို သတိပြုပေးပါ။ အချို့ကလည့်း hydrogen peroxide နဲ့ baking soda ကိုရောပြီး အသုံးပြုကြပါတယ်။ အသီးအနှံအချို့ ကလည်း သွားတွေကို ဖြူစင်သွားစေ ပါတယ်။ ပန်းသီးစားပေးရင် သွား ချေးတွေနဲ့ အစွန်းထင်းတွေကို ပြောင်စေပြီး ဒိန်ခဲကလည်း ကယ်လ် စီယမ်ဓာတ်ကိုပေးစွမ်းပြီး သွားတွေ အရိုးတွေကို ကျန်းမာစေပါတယ်။ ဒိန်ခဲက ခံတွင်းထဲက အက်ဆစ်ဓာတ် ကို ချေဖျက်ပေးပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးတဲ့အတွက် သွားပိုးစား ခြင်းကြောင့်ဖြစ်တဲ့ သွားအရောင် ပြောင်းမှုတွေကို ကာကွယ်နိုင်မှာပါ။

စတော်ဘယ်ရီသီးကို တစ်ခြမ်း ခြမ်းပြီး သွားရဲ့မျက်နှာပြင်တွေကို ပွတ်တိုက်ပေးခြင်းကလည်း သဘာဝ အတိုင်း သွားဖြူစင်စေပါတယ်။ စတော်ဘယ်ရီမှာပါတဲ့malic acid ငခ ခေငိ က အစွန်းထင်းတွေကို ပျော့ပျောင်း ချေဖျက် ပစ်လိုက်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါသာ အသုံးပြုသင့်ပါတယ်။ malic acid က သွားရဲ့ကြွေလွှာကိုပါ ရေရှည်မှာ ထိခိုက်နိုင်လို့ပါ။ သံပုရာ သီးကိုလည်း စတော်ဘယ်ရီလိုပဲ ရေတိုနည်းအနေနဲ့ အသုံးပြုလို့ ရပါ တယ်။

နောက်ဆုံးတစ်ချက်ကတော့ လူရဲ့အမြင်အာရုံကို လှည့်စားတဲ့ နည်းလမ်းပါ။ အပြင်သွားတဲ့အခါမှာ နှုတ်ခမ်းဆိုးဆေးကို အနီရောင်ကို သာ ရွေးချယ်ပေးဖို့ပါ။ အနီရောင်က သင့်ရဲ့သွားတွေကို ပိုမိုဖြူဖွေးနေ သယောင် ထင်စေပါတယ်။ အနီနဲ့ လိမ္မော်ရောင် စပ်ထားတဲ့အရောင်ကို တော့ မသုံးမိပါစေနဲ့။ သွားတွေကို ၀ါသွားသရောင် ဖြစ်သွားနိုင်ပါတယ်။ အပြာရောင်ကတော့ အဆိုးဆုံးပါ။ သင့်ရဲ့သွားတွေကို မည်းသွားစေပါ တယ်။

Dr.မိုးဝေမြင့်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ