ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ကုပေးနိုင်မယ့် လေဆာကုထုံး


ရင်သားကင်ဆာကို ၁၅မိနစ်အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ကုသလို့ရတဲ့ထိ တိုးတက်မှုတွေရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ်စရာလုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ့အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှားရင်ခုန်နေကြပါတယ်။
အလင်းကုထုံးဟာ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာအပါအဝင် ကင်ဆာ၎မျိုးကို ပျောက်ကင်းအောင် ကုသနိုင်တယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်။ ရင်သားကင်ဆာကို ထိထိရောက်ရောက်ကုသနိုင်ဖို့ကိုလည်း သိပ္ပံပညာရှင်တွေက စမ်းသပ်လုပ်ဆောင်နေကြပါတယ်။ အကျိတ်ပေါ်ကို လေဆာရောင်ခြည်တိုက်ရိုက်ထိုးပြီး အလင်းကိုတုံ့ပြန်မှုရှိအောင်လည်း ဆေးတစ်မျိုးသုံးထားမယ်ဆိုရင် ကင်ဆာကို သတ်နိုင်ပါတယ်။ အောင်မြင်သွားမယ်ဆိုရင် အကျိတ်ဘေးပတ်လည်ကရှိတဲ့ ကျန်းမာတဲ့တစ်သျှူးတွေကို ထိခိုက်မှုမရှိစေပဲ ကုသနိုင်ပါလိမ့်မယ်။ ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။
ကုသနည်းကတော့ အလင်းကိုတုံ့ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကိုသတ်ဖို့ အကြိတ်ကိုလေဆာနဲ့ ခဏတစ်ဖြုတ်ထိုးရမှာဖြစ်ပါတယ်။ 
( Jack )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Daily Mail

တီဘီရောဂါကြောင့် သေဆုံးရတဲ့ AIDS ဝေဒနာရှင် များလာ




HIV/AIDS ရောဂါသည်တွေမှာ တီဘီရောဂါကြောင့် သေဆုံးရခြင်းဟာ ထိပ်တန်းအကြောင်းရင်း တစ်ရပ် ဖြစ်လာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၁၄ခုနှစ်အတွင်းမှာ တီဘီရောဂါကြောင့် သေဆုံးခဲ့သူဟာ ၁.၁ သန်းရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ HIV/AIDS ကြောင့် သေဆုံးသူဟာ ၁.၂ သန်းရှိနေပြီး အဲ့ဒီ့ထဲမှာ HIV ရောဂါအပြင် တီဘီရောဂါကြောင့် သေဆုံးသူဦးရေဟာ ၄၀၀၀၀၀ ရှိခဲ့ပါတယ်။

“တီဘီရောဂါ ထိန်းချုပ်မှုဟာ အသက်ကယ်ဆယ်ဖို့နဲ့ လူနာတွေကို ကုသဖို့ရာ အကျိုးသက်ရောက်မှု ကြီးဖြစ်လာ စေတယ်လို့ ဒီထုတ်ပြန်မှုက ပြသပါတယ်။” လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းရဲ့ အထွေထွေအုပ်ချုပ်ရေးမှူး Margaret Chan ကပြောခဲ့ပါတယ်။

တီဘီ ဆေး မတိုးတာအတွက် ကုသနည်းသစ်တွေကိုလည်း တီထွင်ပြီး ရလဒ်တွေ တိုးတက်လာအောင် လုပ်ဖို့လည်း လိုပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Reuters

အချို့ ဟော့ဒေါ့ Brand များမှာ လူမျိုးရိုးဗီဇများပါဝင်နေ




ကယ်လီဖိုးနီးယားမှ အစားအသောက်အတွင်း မော်လီကျူး Level စမ်းသပ်စစ်ဆေးသည့် ဌာနတစ်ခုမှ  အမေရိကန်တွင် အကြိုက်ဆုံးအစားအစာ တစ်ခုဖြစ်တဲ့ ဟော့ဒေါ့များရဲ့ ၂ရာခိုင်နှုန်းတွင်  လူမျိုးရိုးဗီဇများပါဝင်နေကြောင်းသတင်းတစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။

လေ့လာသူတွေက Brand တော်တော်များများ ကျန်းမာရေးနဲ့ပတ်သတ်ြပီး ပြနာများတွေ့ရှိခဲ့ရပါတယ်။
အစီရင်ခံစာအရ ၃ပုံ ၂နှစ်ပုံမှာ သားသတ်လွတ် ဟော့ဒေါ့ နမူနာများဖြစ်ပြီး နမူနာအားလုံးရဲ့ ၂ ရာခိုင်နှုန်း လူမျိုးရိုးဗီဇများ ပါဝင်နေပါတယ်။

Clear Food က ဟော့ဒေါ့ အများစုမှာပါဝင်တဲ့ အသားတွေဟာ စာရင်းမှာမပါဝင်သော အသားတွေဖြစ်ပြီး သားသတ်လွတ် ဟော့ဒေါ့ နမူနာ ၂၁မျိုးမှာ ၄မျိုးဟာ အသားတွေပါဝင်တာကို တွေ့ရရှိရပါတယ်။

Oscar Mayer Premium Jumbo Beef Franks ကတော့ Clear Food ရဲ့ အကောင်းဆုံး ဟော့ဒေါ့ အဖြစ်ရွေးချယ်ခံရပါတယ်။

( Michlle )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Upi


ဆရာဝန်များက ဆယ်ကျော်သက်တစ်ဦး၏ သွား ၂၃၂ချောင်းကို နှုတ်




သွားဆရာဝန်ဆီ မသွားချင်ဘူး မဟုတ်လား။ Ashik Gavai ဆိုတဲ့ ဆယ်ကျော်သက်လောက်တော့ မဆိုးလောက် ပါဘူး။

အသက် ၁၇နှစ်အရွယ် Ashik Gavai ဆိုသူဟာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှာရှိတဲ့ သွားဆရာဝန်ဆီမှာ နာရီနဲ့ချီပြီး သွားအနှုတ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ညာဘက်မေးရိုးမှာ ပုံမှန်မဟုတ်တဲ့ သွားတွေ ပေါက်နေလို့ပါပဲ။ ဒါက ရှားရှားပါးပါး ရောဂါတစ်မျိုးပါ။ သွား ၂၃၂ ခုဟာ ပေါက်နေတာကို ဆရာဝန်တွေ သိလိုက်ရတဲ့ အခါမှာ အံ့အားသင့်ခဲ့ကြပါတယ်။

“သွားတွေက အရွယ်အစား မတူညီကြဘူး။ တချို့သွားတွေက မုန်ညင်းစေ့လောက်ပဲရှိပေမဲ့ တချို့သွားတွေက ကျောက်ဒိုးလောက်ကြီးတွေ။ ဒါတွေအကုန်လုံးက အံသွားတစ်ချောင်းတည်းကနေ ဖြစ်လာတာ။ ဒါမျိုးက ရှားမှရှားပဲ။” လို့ JJ ဆေးရုံ၊ သွားဘက်ဆိုင်ရာဌာန ဦးစီးဖြစ်တဲ့ ဒေါက်တာ Sunanda Dhivare-Palwankar ကပြောခဲ့ပါတယ်။

Gavai ဟာ ဒီလိုဖြစ်နေတာကို လွန်ခဲ့တဲ့ ၁ နှစ်ခွဲ လောက်ကတည်းက သိခဲ့ပေမဲ့ သူ့ရွာက ဆရာဝန်ဟာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို အဖြေမရှာနိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကစပြီး သူအရမ်း နာခဲ့တာပါ။ အဲ့ဒီ့နောက်မှာတော့ သူဟာ Complex Composite Odontoma ဖြစ်နေတာလို့ ဆရာဝန်တွေက ရောဂါအဖြေရှာနိုင်ခဲ့ပါတယ်။ အန္တရာယ် မရှိတဲ့ သွားအကျိတ် ဖြစ်တာပါ။ ဒါဟာ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ ဒီအကျိတ်မျိုးဖြစ်ရင် အစာစားရတာ အခက်အခဲရှိလာပြီး မျက်နှာပုံလဲ ပျက်လာပါတယ်။

“သူ့အခြေအနေက ကင်ဆာဖြစ်နိုင်မလား စိုးရိမ်လို့ ကျွန်တော် သူ့ကို မွန်ဘိုင်းကို ခေါ်လာတာ။” လို့ Gavai ရဲ့ဖခင်ဖြစ်သူ Suresh Gavai ကပြောခဲ့ပါတယ်။ 

“အခုတော့ သူ့မျက်နှာ ပြောင်းလဲသွားပြီ။ ပုံမှန် ကျန်းကျန်းမာမာ ဘဝကို သူ တကယ်ပိုင်ဆိုင်ရတော့မှာပါ။” လို့ ဒေါက်တာ Dhivare-Palwankar က ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref: Huffingtonpost

နံရိုးအပြင်ဘက်မှာ နှလုံးထွက်၍ မွေးဖွားလာသော ဆယ်ကျော်သက်




နံရိုးအပြင်ဘက်ထိ နှလုံးထွက်ပြီး မွေးဖွားလာတဲ့ ၁၈နှစ်အရွယ် ထူးဆန်းကောင်လေးတစ်ယောက်ကို တွေ့ရှိခဲ့ရပါတယ်။ သူ့နှလုံးဟာ အရေပြားပါးပါး လေးအောက်မှာတင် ခုန်နေတာပါ။ သူ့နာမည်ကတော့ Arpit Gohil ပါ။

ဒီလို အရမ်းရှားပါးတဲ့ အခြေအနေနဲ့ သူ့ကိုမွေးလာတဲ့အခါ သူဟာ တကယ့်ကို သေလုနီးပါးဖြစ်ခဲ့တယ်လို့ သူ့မိဘတွေက ပြောခဲ့ပါတယ်။ သူ့ရဲ့ အဖြစ်ကို ဆေးပညာအရဆိုရင် အံ့ဖွယ်ပဲဆိုပြီး ဆရာဝန်တွေက အံ့သြချီးမွန်းကြပါတယ်။ သူဟာ မှောက်ရက် ချော်လဲတာပဲဖြစ်ဖြစ်၊ တစ်ခုခုနဲ့ ရင်ဘတ်ကို ဝင်စောင့်မိခဲ့တာပဲ ဖြစ်ဖြစ် ချက်ချင်းသေနိုင်ပါတယ်။

Pentalogy of Cantrell လို့သိကြတဲ့ ဒီရှားပါးရောဂါကြောင့် နှလုံး ဒါမှမဟုတ် အစာအိမ် စတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာရောက်လျှက်ရှိတဲ့ ကလေးတွေအဖြစ် မွေးဖွားလာစေနိုင်ပါတယ်။

ဒီလိုအခြေအနေရှိတဲ့ ကလေးတွေကို လက်အိတ်ဝတ်ကာ ဝါဂွမ်းစနဲ့ ပွတ်ပြီး ကုသရပါတယ်။ မလိုလားအပ်တဲ့ အန္တရာယ်တွေ မဖြစ်အောင်လဲ ဂရုစိုက်ပေးရပါတယ်။

Arpit ဖြစ်ခဲ့တဲ့ အခြေအနေကတော့ အဆိုးရွားဆုံး ဖြစ်တဲ့ ‘ectopia cordis’ ဖြစ်ခဲ့ပြီး သူ့လိုအခြေအနေမျိုးကို လူ ၁၆၅ယောက်မှာပဲ တွေ့ဖူးပါသေးတယ်။ ပုံမှန်လူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ သူကတော့ တခြားကလေးတွေလိုပဲ သစ်ပင်တက်ခဲ့ပြီး သူအဖေနဲ့အတူ လယ်ထွန်စက်ကို မောင်းနေပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Daily Mail


တီဗွီကြော်ငြာတွေဟာ အသက်မပြည့်သေးသူတွေကို အရက်သောက်တတ်အောင် သင်ပေးနေ




အသက်မပြည့်သေးပဲ အရက်သောက်သုံးသူတွေဟာ အရက်တွေရဲ့ တီဗွီကြော်ငြာ တွေကို ကြည့်ပြီးတဲ့နောက်မှာ အရက်ဝယ်သောက်ဖို့ ၅ ဆ တိတိ အခွင့်အလမ်းပိုများသွားစေတယ်လို့ လေ့လာမှုတစ်ခုကဖော်ပြလိုက်ပါတယ်။

သုတေသီတွေဟာ အသက် ၁၈ နှစ် မပြည့်သေးသူတွေ တယ်လီဗေးရှင်းမှာ ဘာကိုတွေ့လည်းဆိုတာနဲ့ သူတို့ အရက်ဘယ်လိုသောက်လဲဆိုတာ ကြားထဲက ခိုင်မာတဲ့ ပတ်သက်ဆက်နွယ်နေမှုကို လေ့လာခဲ့ကြပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက်တွေဟာ မဂ္ဂဇင်းကြော်ငြာတွေရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပြီး သူတို့ဟာ မဂ္ဂဇင်းကြော်ငြာ ကို ဖတ်ရှုပြီးနောက်မှာလည်း ၃၆ ရာခိုင်နှုန်းခန့် အရက်ပိုသောက်တတ်လာတာကိုတွေ့ရပြန်ပါတယ်။

ဘော်စတွန် တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုဟာ ဈေးကွက်လေ့လာသူ Nielsen ရဲ့ အကူအညီနဲ့ ကြော်ငြာ အချက်အလက်တွေကို လေ့လာခဲ့ပါတယ်။ ပြီးတော့ အသက် မပြည့်သေးတဲ့ ကလေးတွေဟာ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၂ ခုနှစ်အတွင်း မတူညီတဲ့ အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာတွေကို ဘယ်လို စိတ်ဝင်စားကြတယ်ဆိုတာတွေကို လေ့လာခဲ့တာဖြစ်ပါတယ်။

အမျိုးသား အချက်အလက် ဆိုင်ရာ ရုံးခန်း ကနေပြသခဲ့တာကတော့ ပြီးခဲ့တဲ့ နှစ်တုန်းက အသက် ၁၁ နှစ်ကနေ ၁၅ နှစ်ကြား လူငယ်တွေရဲ့ ၄၃ ရာခိုင်နှုန်းခန့်ဟာ အနည်းဆုံး တစ်ကြိမ်တော့ အရက်သောက်ခဲ့ကြတာကို တွေ့ရှိခဲ့ကြပါတယ်။ ထို ကိန်းဂဏန်း အချက်အလက်တွေဟာ နှစ်စဉ်နှစ်တိုင်း တိုးလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာတော့ အသက် ၁၅ နှစ်အရွယ် လူငယ် ၇၄ ရာခိုင်နှုန်းဟာ အရက် တစ်ခါတော့ သောက်ခဲ့ကြတယ်ဆိုတာကို ၀န်ခံထားပါတယ်။

ဒီလေ့လာမှုတွေကိုတော့ Drug and Alcohol Abuse ဆိုတဲ့ အမေရိကန် ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အကိုက်အခဲပျောက်ဆေး တစ်နေ့တစ်လုံးသောက်ခြင်းက ကိုယ်ဝန်ရစေရန် ကူညီ




အကိုက်အခဲပျောက်ဆေး တစ်နေ့တစ်လုံးသောက်ရင် ကိုယ်ဝန်ရဖို့ကို ကူညီပေးနိုင်တယ်လို့ ကမ္ဘာ့ထိပ်တန်း ဆရာဝန်တွေက အကြံပြုခဲ့ပါတယ်။

အကိုက်အခဲ ပျောက်ဆေး ပုံမှန် သောက်သုံးပေးတာဟာ ကင်ဆာ၊ နှလုံးတိုက်ခိုက်မှု နဲ့ လေဖြတ်ရောဂါ စတဲ့ အန္တရာယ်တွေကို လျော့ကျစေနိုင်တယ်ဆိုတဲ့ အချက်အလက်တွေလဲ အများကြီး ဖော်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

အခု မိသားစုတစ်စုကို စပြီးတည်ထောင်တော့မယ့် အမျိုးသမီးတွေ အတွက် သတင်းကောင်းပါ။ အကိုက်အခဲပျောက်ဆေး တစ်နေ့တစ်လုံး ပုံမှန် သောက်ပေးရင် အချင်းကို ပိုထူစေပါတယ်၊ ဆဲလ်များအတွင်း ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်၊ သွေးလည်ပတ်မှုကိုလည်း အားကောင်းစေပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေအနေနဲ့ အကိုက်အခဲပျောက်ဆေးကို တစ်နေ့တစ်လုံးသောက်ခြင်းဖြင့် ကိုယ်ဝန်ရနိုင်ဖို့ အခွင့်အလမ်းတိုးလာမှာ ဖြစ်ကြောင်း မျိုးပွားဆေးပညာ အမေရိကန်အသင်းအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ Richard Paulson က အကြံပြုထားပါတယ်။

ယခု လေ့လာတွေ့ရှိချက် အကြောင်းတွေကို အသင်းအဖွဲ့ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြမှုပြုလုပ် ခဲ့ပါတယ်။

ကိုယ်ဝန်ပျက်ကျပြီး နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေအတွက်လည်း အောင်မြင်တဲ့ မွေးဖွားမှုကို ဖြစ်စေနိုင်တဲ့ အထောက်အထားတွေလဲ ရှိပါတယ်။

အကိုက်အခဲပျောက်ဆေးမှာ ကိုယ်တွင်းကိုယ်နာ၊ အစာအိမ်သွေးယိုတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် အကိုက်အခဲပျောက်ဆေးကို နေ့တိုင်းသောက်သုံးမယ့်သူတွေအနေနဲ့ မိသားစုဆရာဝန်နဲ့ အရင်တိုင်ပင် ဖို့ကိုတော့ သတိပြုသင့်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Mirror


ယောကျာ်းနဲ့မိန်းမ နှလုံးသား ကြီးရင့်လာပုံချင်းမတူ




ယောကျာ်းတွေနဲ့  မိန်းမတွေရဲ့ နှလုံးသား ကြီးထွားပုံချင်းဟာ သိသိသာသာ မတူကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီလို ကွဲပြားချက်ကို လေ့လာတွေ့ရှိတာဟာ ဒါပထမဆုံးအကြိမ်ပါ။ ယောကျာ်းတွေနဲ့ မိန်းမတွေမှာ တွေ့ရတဲ့ နှလုံးပုံစံ ခြားနားချက်နဲ့ ပတ်သက်ပြီး အလင်းပြနိုင်ခဲ့တာပါ။

ဒါဟာ လိင်ကွဲပြားမှုကိုလိုက်ပြီး ကုသမှုတွေလုပ်ဆောင်ဖို့ရာ ဦးတည်သွားနိုင်တယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။ Johns Hopkins တက္ကသိုလ် သုတေသီ တွေဟာ အရွယ်ရောက်ပြီးသူ ၃၀၀၀ ခန့်ရဲ့ နှလုံးကြီးရင့်ကြီးထွားလာမှုကို MRI Scans တွေနဲ့ လေ့လာသုံးသပ်ခဲ့ပါတယ်။

လိင်ပေါ်မူတည်ပြီး နှလုံးကြီးရင့်မှုပိုင်းမှာ ဘာကွာတယ်ဆိုတာကို လိုရင်းပဲရှင်းပြနိုင်ခဲ့ပါတယ်။

“ယောကျာ်းနဲ့မိန်းမတွေမှာ ရောဂါဗေဒဆိုင်ရာ ပျက်ယွင်း ဇီဝကမ္မ (Pathophysiology) မတူညီကွဲပြားနိုင်တဲ့ နှလုံးရောဂါ အပေါ် အယူအဆကို ကျွန်တော်တို့ရလဒ်တွေက ပြသနိုင်ခဲ့ပါတယ်။ ဒီလို အရေးကြီးတဲ့ ဇီဝဗေဒဆိုင်ရာ ကွဲပြားမှုတွေပေါ်လိုက်ပြီး ကွဲပြားတဲ့ ကုသမှုတွေကိုလည်း လုပ်ရမှာပါ။” လို့ Johns Hopkins ဆေးတက္ကသိုလ်မှ ဦးဆောင်သုတေသီ Joao Lima ကပြောခဲ့ပါတယ်။

ဒီရှာဖွေတွေ့ရှိမှုဟာ MRI Scan တွေကိုအသုံးပြုပြီး အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ နှလုံး ကြီးရင့်လာမှုကို ကာလရှည် လေ့လာခဲ့တဲ့ ပထမဆုံးသုတေသနဖြစ်တယ်လို့ ယုံကြည်ရပြီး အောက်တိုဘာလ ၂၀ရက်နေ့ထုတ် Radiology ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com


Ref:Daily Mail

ဒေါသထွက်ပြတိုင်း မိန်းမတွေ အပြစ်ရ၊ ယောကျာ်းတွေ ဆုလာဘ်ရ




မိန်းမတွေဟာ သူတို့ ဒေါသထွက်ပြတိုင်း အပြစ်ရ ပြီး ယောက်ျားတွေ ဒေါသထွက်ရင်တော့ ဆုလာဘ် ရကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက ထုတ်ဖော်ပြခဲ့ပါတယ်။

၂၀၀၉ခုနှစ်တုန်းက Serena Williams ဆိုသူ အမျိုးသမီး တင်းနစ်ကစားသမားဟာ အမေရိကန်တင်းနစ်ပွဲ ဖွင့်ပွဲမှာ စည်းကြပ်ဒိုင်လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို ဒေါသထွက်ပြီး အော်ခဲ့တဲ့အတွက် ကန်ဒေါ်လာ ၈၂၅၀၀ ပေးဆောင်ခဲ့ရပါတယ်။ သူမ သာ အမျိုးသားတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သူမရဲ့အပြုအမူကို လျစ်လျူရှုလိုက်လို့ ရကြောင်း တင်းနစ်ပရို Serena က ထောက်ပြခဲ့ပါတယ်။

Serena လိုပဲ အမျိုးသမီး တော်တော်များများဟာ သူတို့စိတ်ထဲရှိတဲ့အတိုင်း ပြောခဲ့မိတဲ့အတွက်ကြောင့် အပြစ်သင့်ခဲ့ပေမဲ့ သူတို့ရဲ့ အမျိုးသားတွေ ဒေါသထွက်ရင်တော့ အဲ့ဒါဖြစ်သင့်တယ်လို့ လူတွေရဲ့ ချီးမြှောက်ခြင်းကို ခံရပါတယ်တဲ့။ ဒီလိုမျိုး ဘက်လိုက်မှု (စံမတူညီမှု) ကို အခု လေ့လာမှုသစ်တစ်ရပ်က သက်သေပြနိုင်မယ့် ပုံပါပဲ။

ချီကာဂို၊ အီလီနွိုက် တက္ကသိုလ်နဲ့ အရီဇိုးနား ပြည်နယ်တက္ကသိုလ် မှ သုတေသီတွေဟာ တက္ကသိုလ်ကျောင်းသား ၂၁၀ကိုစုပြီး ဒေါသထွက်တဲ့ ယောကျာ်းတွေနဲ့ ဒေါသထွက်တဲ့ မိန်းမတွေအပေါ် ဘယ်လို တုံ့ပြန်တယ်ဆိုတာ လေ့လာဖို့အတွက် လေ့လာမှုတစ်ခုပြုခဲ့ကြပါတယ်။ သူတို့ရှာတွေခဲ့တာကတော့ သိပ်ကို စိတ်ရှုပ်ဖွယ်ကောင်းပါတယ်။

တက္ကသိုလ် ကျောင်းသားတွေကို ခြောက်ယောက်တစ်ဖွဲ့ဖွဲ့ပြီး တစ်စုချင်းစီ ကို ကြားနာခိုင်းကာ Instant Messenger ကနေတဆင့် ပြောခိုင်းခဲ့ပါတယ်။ Chat room ဖွဲ့ကာ ပြောဆိုကြပြီးတဲ့နောက် သူတို့ ဘယ်လောက် စိတ်ပြင်းပြတယ်၊ ဒေါသထွက်တယ်၊ ယုံကြည်ထိုက်တယ်၊ လွှမ်းမိုးမှုဖြစ်တယ်၊ နှစ်သက်တယ်၊ ဗဟုသုတနဲ့ပြည့်စုံတယ်၊ စွဲဆောင်နိုင်တယ်၊ ယုတ္တိဆန်တယ် ဆိုတာတွေကို အုပ်စုဝင်တွေဆီကနေ စစ်တမ်းကောက်ချက်တွေ ရရှိခဲ့ပါတယ်။

ရလဒ်ကို စစ်ဆေးပြီးတဲ့နောက်မှာတော့ အတိုက်အခံငြင်းရတဲ့ အဖွဲ့ဝင်ဟာ မိန်းမဖြစ်နေပြီး တခြားသူတွေကို သူ့ဘက်ပါလာအောင် ဒေါသထွက်ပြရတဲ့အခါမှာ သူ့ကိုထောက်ခံမဲ့သူတွေ ဆုံးရှုံးခဲ့ရပါတယ်။ အမျိုးသမီးဖြစ်သူက သူ့ရဲ့ အတွေးအမြင်တွေကို အပူတပြင်း ပြောပြခဲ့တဲ့အခါ ကျန်အဖွဲ့ဝင်တွေက သူတို့ဆုံးဖြတ်ရမယ့် အချက်တွေပေါ်မှာ ယုံကြည်မှုပိုရှိနေကြပါတယ်။ ဆိုလိုတာက တဖက်ငြင်းတဲ့သူက အမျိုးသမီးဖြစ်တဲ့အတွက် သိပ် ဂရုမစိုက်ကြတာပါ။

ဒေါသထွက် ငြင်းတဲ့သူက ယောကျာ်းဖြစ်နေတဲ့အခါမှာတော့ သူ့ရဲ့ ဒေါသကို လက်နက်တစ်ခုလိုအသုံး ချနိုင်ကာ အုပ်စုဝင်တွေရဲ့ အထောက်အပံ့ရခဲ့ပါတယ်။ အဖွဲ့ဝင်တွေက သူတို့ရဲ့ ကနဦးအတွေးအမြင်တွေ အပေါ်မှာတောင် သိသိသာသာ သံသယဝင်ခဲ့ကြ ပါသေးတယ်။

လူမှုရေးအရ လွှမ်းမိုးမှုပိုင်းမှာ ဘယ်စိတ်ခံစားချက်ကို ထုတ်ပြတာလဲနဲ့ ဘယ်သူကလဲ ဆိုတာကြား အရေးကြီးလာပါတယ်။ ဒေါသက ယောကျာ်းတွေအတွက်တော့ လွှမ်းမိုးမှုဖြစ်ပေါ်လာစေပေမဲ့ အမျိုးသမီးတွေ အတွက်တော့ လွှမ်းမိုးနိုင်စွမ်းအား ကျဆင်းလာတယ်လို့ သုသေသီတွေက ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Dailymail



အောက်ခံဘောင်းဘီတိုပွပွဝတ်ခြင်းနဲ့ အ၀တ်ဗလာအိပ်ခြင်းက ယောင်္ကျားတွေအတွက် မျိုးအောင်နိုင်ခြေ ပိုများ




အမျိုးသားတွေအနေနဲ့  ကလေးလိုချင်တယ်ဆိုရင် အတွင်းခံဘောင်းဘီအပြတ်အစား ဘောက်ဆာအတွင်းခံ ဘောင်းဘီတိုကို ၀တ်ဆင်သင့်ကြောင်း သုတေသီတွေက အကြံပေးပြောကြားလိုက်ပါတယ်။

အ၀တ်ဗလာနဲ့ အိပ်စက်ပေးရင်လည်း သုတ်ကောင်အရည်အသွေး ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

အဆိုပါနှစ်ချက်လုံးကို ကျင့်သုံးတဲ့အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီပြတ်ဝတ်ဆင်သူတွေထက်  သုတ်ကောင်ပျက်စီးမှု ၂၅ ရာခိုင်နှုန်း ပိုနည်းကြောင်း စမ်းသပ်မှုရလဒ်တွေအရ သိရှိရပါတယ်။

ဝှေးစေ့ကို အေးနေအောင်ထားလေ သုတ်ကောင်အရည်အသွေး ကောင်းမွန်လေဖြစ်ကြောင်း ကျွမ်းကျင်သူတွေရဲ့ အရင်ကလေ့လာထားချက်တွေအရ သိရှိပြီးဖြစ်ပါတယ်။

ယခုအခါ ကယ်လီဖိုးနီးယား၊စတန်းဖို့ ဒ်တက္ကသိုလ်ကလေ့လာခဲ့တဲ့တွေ့ ရှိချက်တွေက အမျိုးသားတွေအနေနဲ့  ပိုမို ချောင်ပြီး ပွပွရွရွရှတဲ့ အတွင်းခံဘောင်းဘီတွေကို ပြောင်းလဲဝတ်ဆင်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

အတွင်းခံဘောင်းဘီတိုချောင်ချောင်ကို နေ့ ဘက်မှာဝတ်ဆင်သူတွေနဲ့ ညဘက်မှာ ဘာမှမ၀တ်ဆင်ပဲ အိပ်တတ်သူတွေဟာ သုတ်ကောင် DNA အရည်အသွေးကို တိုးတက်စေပြီး ကလေးရနိုင်မှုပိုများကြောင်း ရှက်ဖီးဒ်တက္ကသိုလ်က ပရော်ဖက်ဆာ Allan Pacey က ရှင်းပြခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

Antioxidant အသုံးပြုမှုဟာ ကင်ဆာပြန့်နှံ့မှုကို ပိုမိုများပြားစေနိုင်




Antioxidant ဟာ လူတွေရဲ့ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ သိထားကြပေမယ့် သုတေသနပညာရှင်တွေဟာ ကြွက်တွေကိုလေ့လာရာမှာ ကင်ဆာကြီးထွားပြန့်နှံ့မှုကို ပိုမိုများပြားလာစေတာကို တွေ့ရှိခဲ့ကြပါတယ်။

သုသေသနပညာရှင်တွေ အဆိုအရ ဒီလေ့လာမှုဟာ ကင်ဆာရောဂါဝေဒနာသည်တွေကို Antioxidants နဲ့ ကုသမှုတွေပြုလုပ်တဲ့အခါ တကယ်တော့ အကျိတ်တွေ ပိုကြီးထွားလာတဲ့ ရလဒ်တွေကို တွေ့ရှိရတဲ့လေ့လာမှုတွေကို ပိုမိုခိုင်မာစေပါသတဲ့။

UT Southwestern Medical Center ရှိ Pediatric Genetics ၏ဥက္ကဌ Mary McDermott Cook နဲ့ CRI ညွှန်ကြားရေးမှူးချုပ် Dr. Sean Morrison တို့က “ ကင်ဆာကျိတ်တွေကို ပြန့်နှံ့စေတဲ့ melanoma cells တွေမှာ Oxidative လို့ခေါ်တဲ့ ဓါတ်တိုးပမာဏ အရမ်းမြင့်နေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။

ကြွက်တွေမှာ melanoma cells တွေ ပိုပြီးရှင်သန်နိုင်ဖို့အတွက် antioxidants ပမာဏကို ထိန်းချုပ်စီမံခြင်းက ရောဂါပြန့်နှံ့မှုအခြေအနေကို ပိုတိုးလာစေပါတယ်” လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

မူလကင်ဆာကျိတ်ကနေ ခန္ဓာကိုယ်အတွင်း အခြားနေရာတွေကို ပြန့်နှံ့ခြင်းဟာ တစ်ခါတစ်ရံမှာ မထိရောက်တဲ့အခါ ကင်ဆင်ဆဲလ်တွေဟာ သွေးကြောတွေထဲမှာ ရှင်သန်နိုင်ခြင်းမရှိကြပါဘူး။

UT က သုတေသနပညာရှင်တွေဟာ လူတွေမှာရှိတဲ့ melanoma cells တွေကို ကြွက်တွေဆီမှာ ကူးပြောင်းထားပြီး အချို့ကို antioxidants နဲ့ ကုသပြီး အချို့ကိုတော့ ပုံမှန်ကုသကာ ရောဂါပြန့်နှံ့နှုန်းကို ကာကွယ်ဖို့ စမ်းသပ်ခဲ့ကြပါတယ်။ antioxidants နဲ့ ကုသခံရတဲ့ ကြွက်တွေရဲ့ ကင်ဆာဖြစ်ပွားပြန့်နှံ့နှုန်းဟာ အခြားကြွက်တွေထက် ပိုပြီးမြန်ဆန်နေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

နေထိုင်မကောင်း မဖြစ်စေဖို့နဲ့ သတိထားစရာ




မိသားစုဝင် တစ်ယောက်ယောက် ဒါမှမဟုတ် လုပ်ဖောက်ကိုင်ဖက် တစ်ယောက်ယောက် နေထိုင်မကောင်း ဖြစ်ပြီဆိုရင် လက်ကို သန့်ရှင်းအောင်နေဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့က နှာချေ၊ ချောင်းဆိုးရင် လက်အုပ်ပြီး ဆိုးရမယ်လို့ သင်ယူထားသူတွေပါ။ အဲ့ဒါပြီးလို့ လက်မဆေးဘူးဆိုရင်တော့ ဘာမှမထူးပါဘူး။
တစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်ရင် မျက်နှာပြင်အားလုံးကို ပိုးသတ်ဆေး ဖြန်းပါ။ လူတွေက အိမ်သာ၊ ရေချိုးခန်းတွေကို စင်ကြယ်အောင်ထားဖို့ ဂရုစိုက်ကြပေမဲ့ တံခါးလက်ကိုင်၊ ကီးဘုတ် နဲ့ ဖုန်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ကို မေ့နေတတ်ကြပါတယ်။ အဲ့ဒါတွေ ဆီမှာလည်း ရောဂါပိုးမွှားတွေ ကပ်ညိနေနိုင်ပါတယ်။

နေထိုင်မကောင်း မဖြစ်စေဖို့နဲ့ ဖြစ်ရင် ကိုယ့်ကိုကိုယ် စောင့်ရှောက်ဖို့က 

၁။ အစားကို အရောင်စုံနေအောင် စားပေးပါ။ အသီးအရွက်တွေဟာ အရောင်စိုလေ၊ ဗီတာမင်နဲ့ ဓာတ်သတ္တုတွေ ပြည့်ဝလေပါပဲ။

၂။ အနားယူပါ။ ကိုယ်ဘယ်လောက်အိပ်တယ်ဆိုတာ အပေါ် ကျန်းမားရေးက မူတည်ပါတယ်။ စိတ်ဖိစီးမှု ဘယ်လောက်များတယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ဒါ့ကြောင့် အိပ်ရာမဝင်ခင်မှာ အနားယူတဲ့ အချိန်လုပ်ပေးပါ။

၃။ လေ့ကျင့်ခန်းလုပ်ပါ။ လှုပ်လှုပ်ရှားရှားလုပ်လေ၊ ကျန်းမာလေပါပဲ။

၎။ သန့်ရှင်းအောင်နေပါ။ နှာချေရင် လက်ထဲမှာထက်  တစ်ရှူးထဲမှာ ချေပါ။ ပြီးရင် အမှိုက်ပုံးထဲထည့်ပြီး လက်ကို သေချာဆေးပါ။

၅။ ဖျားနေရင် အိမ်မှာနေပါ။ အိမ်မှာနေပြီး ရောဂါပိုးတွေ ပျံ့မသွားအောင် ဂရုစိုက်ပါ။ နေထိုင်ကောင်းလာ ဖို့အတွက်ကို အာရုံစိုက် လုပ်ဆောင်ပါ။ ရေသောက်ပါ၊ ကိုယ်အပူချိန်ကို ထိန်းညှိုပေးပါ၊ ဗီတာမင် စီနဲ့ ဇင့်ဓာတ် ပါတဲ့ အစားအစာတွေ စားပေးပါ။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Mirror 

အအေးမိ နဲ့ တုပ်ကွေး ဘာကွာသလဲ




အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာမှာ တူတဲ့အချက်တွေ တော်တော်များများ ရှိတာကြောင့် ဆရာဝန်တွေတောင်မှ ပြောဖို့ခက်တာကို တွေ့ရမှာပါ။

အအေးမိတာရဲ့ ရောဂါလက္ခဏာတွေက ချောင်းဆိုးမယ်၊ နှာရည်ယိုမယ်၊ ကိုယ်ပူချိန်တက်မယ်၊ အစာစားချင်စိတ် ပျောက်မယ်၊ လည်ပင်းနာမယ်၊ စတာတွေ ဖြစ်လေ့ရှိပြီး ၂၄နာရီကနေ ၇၂နာရီအထိ နေမကောင်းဖြစ်လေ့ရှိပါတယ်။

တုပ်ကွေးကတော့ အချိန်ပိုကြာမယ်၊ မသာမယာ နေမကောင်းဖြစ်ပါမယ်။ ရောဂါလက္ခဏာတွေထဲမှာ ဝမ်းလျှောတာ ဒါမှမဟုတ် အန်တာ၊ ဆိုးဆိုးရွားရွား အားအင်ကုန်ခမ်းပြီး ကြွက်သားတွေနာတာ စတာတွေပါဝင်ပါတယ်။ မသာမယာဖြစ်တယ်ဆိုပေမဲ့ တုပ်ကွေးချိန်အများစုဟာ နောက်ဆက်တွဲရောဂါတွေ မဖြစ်ဘဲ ပြီးဆုံးသွားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ သက်ကြီးပိုင်း၊ ကလေးငယ်၊ နာတာရှည်ရောဂါသည် စတာတွေအတွက်တော့ အန္တရာယ်ရှိနိုင်ပြီး နားပိုးဝင်တာ၊ အဆုပ်ရောင်တာ၊ ရေဓာတ်ခမ်းခြောက်တာ စတာတွေကို ဖြစ်သွားစေနိုင်ပါတယ်။

တစ်သောင်းတန် တစ်ရွက်နဲ့ စမ်းသပ်နိုင်
“အအေးမိနဲ့ တုပ်ကွေး ကိုခွဲခြားဖို့ ခပ်ကြောင်ကြောင် စမ်းသပ်မှုတစ်ခုလုပ်နိုင်ပါတယ်။ တစ်သောင်းတန် တစ်ရွက်ကို ကြမ်းပြင်ပေါ်ချထားရင် အအေးမိတဲ့သူက ကောက်ယူသွားမှာဖြစ်ပေမဲ့ တုပ်ကွေးဖြစ်နေတဲ့သူကတော့ ရှိတယ်လို့တောင် ဂရုစိုက်တော့မှာ မဟုတ်ဘူး။” လို့ ဒေါက်တာ Ran ကပြောပါတယ်။

ရောဂါပိုးတွေက ဘယ်လောက် ကြာကြာ အသက်ရှင်ရပ်တည်နေနိုင်လဲ။
“ရောဂါပိုးတွေက ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန်တစ်ခုထိ အသက်ရှင်ရပ်တည်နေနိုင်ပါတယ်။ သန့်ရှင်းတယ်လို့ ထင်ရတဲ့ အရာတွေမှာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေနိုင်တယ်။” လို့ ဒေါက်တာ Ran ကပြောပါတယ်။

ယေဘုယျအားဖြင့်တော့ ရောဂါပိုးတွေက မျက်နှာပြင်အမာတွေပေါ်မှာ အရှည်ကြာဆုံး အသက်ရှင်ရပ်တည်နိုင်ပါတယ်။
အအေးမိ ဘက်တီးရီးယား - ၇၂နာရီ
လေပြွန်ရောင်ရောဂါပိုး - ၆နာရီ
တုပ်ကွေး ပိုး - ၂၄နာရီ
ကလေးချောင်းဆိုး ရောဂါပိုး - ၄နာရီ မှ ၆နာရီ
အစာအိမ်ပိုး - ၄နာရီ
အူရောင်ရမ်းနာပိုး - ရက်ပိုင်းမှ ရက်သတ္တပတ်


( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Mirror



အားကစားခန်းမ မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့ အမှား (၅) မျိုး




သင်ဟာ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေပေမယ့် သင့်ခန္ဓာကိုယ် ရဲ့ ရလဒ်က သိပ်မထူးဘူးဆိုရင်တော့ သင်ဟာ အားကစားခန်းမ ကို သံသယ ရှိလာမှာပါ။ အမှန်တစ်ကယ် အပြစ်ရှိတာကတော့ သင်ကိုယ်တိုင် ပါပဲ ။ သင့်အနေနဲ့ ရှောင်ကြဉ်ဖို့ လိုအပ်တာကတော့ ခန္ဓာကိုယ် ကျစ်လစ် တောင့်တင်းဖို့ ကြိုးစားနေချိန်မှာ မလုပ်သင့်တဲ့ အမှား လေးတွေပါပဲ ။ အဲဒါတွေကတော့ -

၁။ မဖြစ်နိုင်တဲ့ Goal တွေ သတ်မှတ်ခြင်း

ဒီတစ်လတည်းနဲ့ ငါ ပေါင် ၂၀ ၀ိတ်ကျသွားအောင် လေ့ကျင့်ခန်းလုပ်ပစ်မယ်။ ပထမဆုံးနေ့မှာပဲ ၁၀ ကီလိုမီတာ ပြေးပလိုက်မယ်။ အဲဒီလိုမျိုး မဖြစ်နိုင်တဲ့ Goal တွေကို ကျော်မချလိုက်ပါနဲ့။ ဖြည်းဖြည်းချင်း သွားပါ။ တစ်ဆင့်ချင်းသွားပါ။

၂။ သင့်ရဲ့လုပ်ဆောင်ချက်တွေကို မှတ်တမ်း မယူထားခြင်း

အားကစားလုပ်မှ မဟုတ်ပါဘူး။ လူဆိုတာ လုပ်ခဲ့သမျှ အရာရာတိုင်းကို မှတ်တမ်းလေးတော့ ယူထားသင့်ပါတယ်။အဲဒါမှသာ သင်လုပ်ထားတဲ့ လုပ်ဆောင်ချက်အခြေအနေကို ကြည့်ပြီး ဘာတွေ ရှေ့ဆက်လုပ်ရမယ်ဆိုတာကို နားလည် သိရှိနိုင်မှာပါ။

၃။ လေ့ကျင့်ခန်းတွေထပ်နေခြင်း

ဒါဟာ Gym ဆော့တဲ့သူတိုင်းမှားကြတဲ့အချက်ပါပဲ။ သင့်ရဲ့နေ့စဉ် လေ့ကျင့်ခန်းတွေကို တစ်နေ့နဲ့တစ်နေ့ မတူညီအောင် စီစဉ်ပါ။ ဒီနေ့ဟာ လက်မောင်း ကြွက်သားအတွက်ဆော့မယ်ဆိုရင် ၊ မနက်ဖြန်မှာ ခြေထောက် ဖြစ်စေ ၊ နောက်ကျော ဖြစ်စေ ပြောင်းပြီး လေ့ကျင့်ခန်းလုပ်ပါ။

၎။ အားဖြည့် ပစ္စည်းတွေကို အားကိုးခြင်း

ပရိုတိန်း သောက်တယ်ဆိုတာမျိုးပါ။ အဲဒီလို အားဖြည့်ပစ္စည်းတွေဟာ ကောင်းပါတယ်။ ဒါပေမယ့်လည်း အားဖြည့်ပစ္စည်းတွေဟာ ကိုယ်စားသုံးလိုက်တဲ့ အစားအစာ ရဲ့ အာဟရ ကို စုပ်ယူနိုင်စွမ်းရှိအောင် ဖန်တီးပေးတာပါ။ အားဖြည့်ပစ္စည်းဆိုတာဟာ အာဟာရ အရင်းအမြစ်မဟုတ်ပါဘူး။ ဒါကြောင့် ပရိုတိန်း သောက်ရင် ဗလ ထွက်ပြီ မထင်လိုက်ပါနဲ့။

၅။ အစားအသောက်ပြသနာ

အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်ပြီဆိုကတည်းက ခန္ဓာကိုယ် ကျစ်လစ်တောင့်တင်း သန်မာ မှု အတွက်ပါ။ အဲဒီအချိန်မှာ အစားအစာ ကို အလွန်အကျွံ စားတာမျိုး။ ဒါမှ မဟုတ်လည်း နည်းနည်းလေးပဲ စားတာမျိုးတွေမလုပ်ပါနဲ့။ ဘာမှ မထူးပါဘူး။ အစားအစာ ကို ပုံမှန်စားမှ အာဟာရ ပုံမှန် ရရှိပြီး ခန္ဓာကိုယ် တောင့်တင်းသန်မာမှု ကို ရရှိနိုင်မှာပါ။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MenXP

အဆုတ်ကင်ဆာ အကြောင်း သိကောင်းစရာများ




အဆုတ်ကင်ဆာရောဂါဟာ အမျိုးသားတွေရော ၊အမျိုးသမီးတွေပါ ဒုတိယ မြောက် အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ် ကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာတွေရှိလာရင်ပေါ့နေလို့ မဖြစ်တော့ပါဘူး။ အဆုတ်ကင်ဆာဆိုတာဟာ ဆေးလိပ်သောက်ခြင်း တစ်မျိုးတည်းကမဟုတ်ပဲ လေထုညစ်ညမ်းမှု နဲ့ အစာခြေစနစ်တွေကနေလည်း ဖြစ်တတ်ပါတယ်။ အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့

၁။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့များတယ်

 ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ကြတာများပါတယ်။ ဆေးလိပ်သောက်တတ်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်ဖို့ ၈၇ ရာခိုင်နှုန်းသေချာနေပါတယ်။ ဒါကို သိထားဖို့ လိုအပ်ပါတယ်။

၂။ ဆေးလိပ်မသောက်တတ်ရင်လည်း အဆုတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်

 ဆေးလိပ်သောက်တတ်သူတွေမှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ကိုပဲ ထိုင်ရှုနေရသူတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိနေပါတယ်။

၃။ အဆုတ်ကင်ဆာ ၂ မျိုးရှိတယ်

 ၈၀ ရာခိုင်နှုန်းခန့် အဖြစ်များတဲ့ အဆုတ်ကင်ဆာ ကတော့ Non-Small Cell Type ပါ။ ဒီအခြေအနေကတော့ ရောဂါ ကြီးထွားမှု နှေးသလို ပျံ့နှံ့ ခြင်းလည်းမရှိပါဘူး။ နောက်တစ်မျိုးကတော့ Small Cell Carcinoma ပါ။ ဒီရောဂါကတော့ တစ်ကိုယ်လုံး က ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လျင်မြန်စွာ ပျံ့နှံ့ သွားစေနိုင်ပါတယ်။

၎။ အဆုတ်ကင်ဆာ ရဲ့ လက္ခဏာများ


 အမျိုးသားတွေရော အမျိုးသမီးတွေရော အဆုတ်ကင်ဆာ ရောဂါရဲ့ လက္ခဏာတွေကို သိထားဖို့လိုအပ်ပါတယ်။ အသိသားဆုံး လက္ခဏာ ကတော့ ပုံမှန် ချောင်းဆိုးတာပါ။ ပြီးရင် အသက်ရှု မ၀တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျသွားတယ်ဆိုရင် လည်း အန္တရာယ်ရှိပါတယ်။ ချောင်းဆိုးရင် သွေးပါနေပြီဆိုရင်တော့ ဆေးရုံမှာ အထူးကုဆရာဝန် တစ်ယောက်ယောက် ရဲ့ လမ်းညွှန်မှု ကို အမြန်ဆုံးရ ယူဖို့ လိုပါလိမ့်မယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MenXp

မျက်ကပ်မှန်တွေဟာ မျက်လုံးထဲကို ရောဂါပိုးမွှားတွေ ပိုမိုဝင်ရောက်စေနိုင်




မျက်ကပ်မှန်တွေဟာ အရေပြားပေါ်မှာရှိတဲ့ ရောဂါ ပိုးမွှားတွေကို မျက်စိထဲရောက်အောင် ပို့ဆောင်ပေးနေတယ်လို့ သုတေသန အသစ်တစ်ခုက ပြသလိုက်ပါတယ်။

မျက်ကပ်မှန်တွေဟာ မျက်လုံးမှာ မတပ်ဆင်ခင်ကတည်းက ဘက်တီးရီးယားတွေကို သယ်ဆောင်ထားပြီး မျက်လုံးမှာတပ်ဆင်လိုက်တဲ့အခါမှာ ဘက်တီးရီးယားတွေကို မျက်လုံး အတွင်း သို့ ၀င်ရောက်စေကာ ကူးစက်ရောဂါ တွေကို စတင်ဖြစ်ပေါ်စေပါတယ်။

သုတေသီတွေဟာ မျက်ကပ်မှန် ၀တ်ဆင်သူ ၉ ယောက်နဲ့ မျက်ကပ်မှန် မတပ်ဆင်သူ ၁၁ ယောက် တို့ရဲ့ မျက်လုံး အစိတ်အပိုင်းပေါင်း ၁၀၀ ကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီ အခါမှာ မျက်ကြာ်လွှာ ရဲ့ အစိတ်အပိုင်း အသီးသီးမှာ အရေးပြားမှာထက်ပိုများတဲ့ ဘက်တီးရီးယား တွေ ကပ်တွယ်နေတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ Methylobacterium ၊ Lactobacillus ၊ Acinetobacter နဲ့ Pseudomonas စတဲ့ ဘက်တီးရီးယားတွေဟာ မျက်ကပ်မှန် ၀တ်ဆင်သူတွေရဲ့ မျက်လုံးမှာ ကပ်တွယ်နေခဲ့တာပဲ ဖြစ်ပါတယ်။

မျက်ကပ်မှန်တပ်ဆင်သူတွေရဲ့ မျက်လုံးမှာ တွေ့ရတတ်တဲ့ ဘက်တီးရီးယား တွေရဲ့ ဖွဲ့စည်းပုံ မျိုးတွေကို မျက်လုံးတွေမှာထက် အရေပြားတွေမှာ တွေ့ရတာ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ထို သုတေသန ကို ဦးဆောင်ခဲ့တဲ့ နယူးယော့ခ် ကျန်းမာရေး စင်တာက ဒေါက်တာ Maria Gloria Dominguez-Bello ကတော့ မျက်လုံးမှာ မျက်ကပ်မှန် တပ်ဆင်တာဟာ သာမာန် လုပ်ရပ်တစ်ခုမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် အခုပြုလုပ်ခဲ့တဲ့ သုတေသန ကနေ မျက်ကပ်မှန်တပ်ဆင်သူတွေဟာ မျက်ကပ်မှန်မတပ်ဆင်သူတွေထက် ဘာကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနှုန်းပိုများရတာလဲဆိုတဲ့ နှစ်ပေါင်းရှည်ကြာ ပြသနာ ကြီးကို နားလည်သွားစေခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ရင်သား ကင်ဆာ ဖြစ်/မဖြစ် သိရှိနိုင်စေမယ့် အချက်များ





ဗြိတိန် နိုင်ငံမှာဆိုရင်တော့ အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်ဟာ ရင်သား ကင်ဆာ ရောဂါကို ခံစားနေကြရပါတယ်။ ဒါကြောင့် ကင်ဆာ ရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အမျိုးသမီးတွေကို မိမိတို့ရဲ့ ရင်သားတွေအား နေ့စဉ် ကြည့်ရှုစစ်ဆေးပေးဖို့ အကြံပေးထားပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေအတွက် တော့ ရင်သား ကင်ဆာ ဖြစ်နိုင်ချေကို ရင်သား စစ်ဆေးရုံနဲ့ ဘယ်လိုသိနိုင်မလဲဆိုတာ မသိကြပါဘူး။ ဒါကြောင့် ရင်သား ကင်ဆာ ဖြစ်ပွားနိုင်တဲ့အခြေအနေကို အကဲခတ် နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သာမာန် ဟုတ်/မဟုတ် သင်သိပါတယ်

မိခင်တွေမှာဆိုရင်တော့ မိမိကလေးငယ်ကို နေ့စဉ် နို့ချို တိုက်ကျွေးနေရတဲ့အတွက် မိမိ ရင်သားတွေဟာ သာမန်အတိုင်းခံစားနေရသလား မဟုတ်သလားဆိုတာသိကြပါတယ်။ ဥပမာ အားဖြင့် အမျိုးသမီးတွေဟာ ဓမ္မတာ ချိန် ပတ်ဝန်းကျင်မှာ ရင်သားတွေ အဖုအထစ်ဖြစ်သလို ၊ နာကျင်သလို ခံစားနေရတတ်ပါတယ်။ အဲဒီအတိုင်းမဟုတ်ရင်တော့ ဒါသာမာန် မဟုတ်တော့ပါဘူး။

၂။ မှန်ထဲမှာ ကြည့်လိုက်ပါ ၊ သင့်ရဲ့ ရင်သားတွေ ကြည့်ကောင်းနေသေးရဲ့လား

ရင်သားတွေ ကြည့်ကောင်းတယ်ဆိုတာ Sexy ဖြစ်သေးလားကို ဆိုလိုတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်သေးရဲ့လားကိုဆိုလိုတာပါ။ မှန်ရှေ့မှာ ရပ်ပြီးရင် သင့်ရဲ့ ပခုံးတွေကို ဖြောင့်တန်းနေအောင် မတ်မတ် ရပ်ပါ ပြီးရင် လက်မောင်းတွေကို တင်ပါး နဲ့ တစ်တန်းတည်းဖြစ်နေပါစေ။ အဲဒီအခါမှာ ကျန်းမာတဲ့ ရင်သားတွေဟာ သာမာန် အရွယ်အစား နဲ့ အရောင်မျိုးရှိပါတယ်။ ပျော့ရွဲနေတာမျိုး တွန့်လိမ်နေတာ မျိုး မရှိပါဘူး။ စိတ်ပူရမယ့် အခြေအနေကတော့ ရင်သား အရေပြားတွေ ဖောင်းကားနေတာမျိုး ၊ ရင်သားထိပ်  (Nipple) တွေ နေရာ ပြောင်းနေတာမျိုး ၊ ရင်သားဟာ အနီရောင်သမ်းနေတာမျိုး ၊ မိခင်တွေအတွက်တော့ နို့ချိုတိုက်ကျွေးတဲ့အခါ နို့ရည်ဟာ အ၀ါရောင်ဖြစ်နေတာ ၊ ကျဲတောက်နေတာမျိုးတွေ စတာ တွေပဲဖြစ်ပါတယ်။

၃။ အမျိုးမျိုး စမ်းသပ်ကြည့်ပါ

မိမိရင်သားကို မိမိ စမ်းသပ်တယ်ဆိုတာဟာ ရေချိုးတဲ့အချိန် မျိုး ၊ အိပ်စက်တဲ့အချိန်မျိုးမှာ သင့်ရဲ့ ရင်သားဟာ သာမာန်အတိုင်းဟုတ်ရဲ့လား။ မတူညီတဲ့ ခံစားမှုမျိုးရှိနေလားဆိုတာကို စမ်းသပ်ဖို့ ဆိုလိုတာပါ။ breastcancer.org ဆိုတဲ့ ၀က်ဘ်ဆိုက်က ဖော်ပြထားတာကတော့ ရင်သားတွေကို စစ်ဆေးရမယ့် နည်းလမ်းတွေကတော့ မတ်တပ်ရပ် အနေအထား ၊ ထိုင်လျက်အနေအထား ၊ အိပ်စက်တဲ့အနေအထားတွေမှာ ရင်သားရဲ့ အခြေအနေဟာ တူညီလားဆိုတာကို စစ်ဆေးရမယ်လို့ ဆိုထားပါတယ်။

၎။ အရမ်းလည်း စိတ်ပူမလွန်ပါနဲ့

ရင်သား တွေ နာကျင်တာမျိုး လောက်ကိုတော့ ရင်သားကင်ဆာ ဖြစ်နေပါတယ်ဆိုပြီး ကင်ဆာဆေးတွေ စွတ် မသောက်လိုက်ပါနဲ့။ အမျိုးသမီးတိုင်းကတော့ ဓမ္မတာ ချိန်နီးရင် ရင်သားတွေနာကျင်တတ်ပါတယ်။ ဒါကြောင့် အလျင်စလို ဆုံးဖြတ်ချက်မချပါနဲ့။

၅။ အထူးကုဆရာဝန်တွေကို တိုင်ပင်ကြည့်ပါ

ကိုယ့်ကိုကိုယ် ရင်သား ကင်ဆာ ဖြစ်နေတယ်လို့ သံသယ ရှိလာရင်တော့ ကျွမ်းကျင်သူ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကိုရယူလိုက်ပါ။ ဘယ်ကင်ဆာမှ ဆေးမြီးတိုနဲ့ ကိုယ့်ဘာသာကိုယ် ကုသလို့ မပျောက်ကင်းနိုင်ပါဘူး။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Metro

၂၀၀၀ပြည့်နှစ် ပတ်ဝန်းကျင်မွေး ကျောင်းသားတွေဟာ နေ့စဉ်ဘ၀ကို စိတ်အိုက်နေ




စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်တောင်းခံလာတဲ့ တက္ကသိုလ်ကျောင်းသား အရေအတွက်ဟာ မမျှော်လင့်ဘဲ များလာတာကို တွေ့ရပါတယ်။ သူတို့မှာ နေ့စဉ်ဘ၀နဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာအကျပ်အတည်းတွေ ရှိနေတယ်လို့ စိတ်ပညာရှင်တစ်ယောက်က ဆိုထားပါတယ်။

ကျောင်းသားတွေရဲ့ အခက်အခဲမှလွတ်မြောက်ရေး အကြောင်းအရာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် စိတ်ပညာရှင် ဘော်စတွန်တက္ကသိုလ်ပါမောက္ခ Peter Gray ကို ထိပ်တန်းတက္ကသိုလ်တစ်ခုကနေ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီ့မှာ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကို လိုနေတာကြောင့် အကြံဉာဏ်ပေးဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာပဲ နှစ်ဆတိုးမြင့်ခဲ့ရကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာညှိုးနွမ်းမှုကြောင့် တက္ကသိုလ်ဆရာတွေဟာ ကျောင်းသားတွေရဲ့ အမှတ်အဆင့်ကို နှိမ့်ပြီးပေးဖို့တောင် မရဲကြတော့ပါဘူး။ တက္ကသိုလ်ဆရာတွေက ကျောင်းသားတွေကို စိန်ခေါ်မှုဖြစ်သွားတာမျိုးကို ရှောင်ပြီး လမ်းညွှန်ထောက်ပံ့ပေးဖို့ကိုပဲ အားသန်နေကြပါတယ်။

ကျောင်းသားတွေ အကြံဉာဏ်တောင်းခံရတဲ့ အကြောင်းရင်းကို ပေါမောက္ခ Peter Gray က ခိုင်းနှိုင်းပြခဲ့ပါတယ်။ အခန်းဖော်တစ်ယောက်က နောက်တစ်ယောက်ကို “ခွေးမ” လို့ခေါ်လို့ တိုင်ပင်တာ တစ်ယောက်ရှိရင် သူတို့ရဲ့ကျောင်းပြင်ပတိုက်ခန်းမှာ ကြွက်ရှိနေလို့ လာတိုင်ပင်တဲ့သူ နှစ်ယောက်ရှိနေတာမျိုး။ ကြွက်တွေ့လို့ ရဲကိုတောင် ဖုန်းခေါ်ခဲ့ကြပါသေးတယ်။

ကျောင်းသားတော်တော်များများဟာ အမှတ်အဆင့် C (တစ်ခါတစ်လေမှာ B) ရရင်တောင် ဒီမအောင်မြင်မှုမျိုးကို လောကကြီးရဲ့အဆုံးလို့သတ်မှတ်နေကြပါတယ်။ အမှတ်နည်းတဲ့အတွက် ဆရာတွေကို ပြန်ပြီးအပြစ်တင်ဖို့ အလားအလာတောင် တော်တော်များလာတာကို ဆရာတွေက သတိပြုမိခဲ့ပါတယ်။ အမှတ်နိမ့်လို့ စာပိုလုပ်ရမယ့်နေရာမှာ စောဒကတက်ဖို့အကြောင်းတစ်ရပ် ရလိုက်ပြီလို့ မြင်လာကြတာပါ။

ကျောင်းသားတွေရဲ့ စိတ်အခြေအနေကို အလျှော့ပဲပေးရမလား၊ “အားတင်းထား၊ ဒါ တက္ကသိုလ်” လို့ပြောရမလားဆိုတာကို တက္ကသိုလ်ဆရာတွေက ဗျာများနေရပါတယ်။ ၂၀၀၀ပြည့်နှစ် ၀န်းကျင်မွေး လူငယ်တွေဟာ ဘ၀လမ်းကြောင်းပေါ်က နေ့စဉ်အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း နည်းလာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများလာတာပါ။ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင်တော့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဘက်မှာ ပြဿနာဖြစ်လာမှာပါပဲ။

ဒါတွေဟာ မိဘတွေကနေ သားသမီးတွေရဲ့ အခက်အခဲမှန်သမျှကို လိုက်ဖြေရှင်းပေးခဲ့တာကြောင့် ခုအချိန်မှာ သားသမီးတွေက သူတို့ကိုယ်တိုင် မဖြေရှင်းတတ်တော့တာဖြစ်တယ်လို့ တက္ကသိုလ်အကြံပေးအဖွဲ့ ဥက္ကဌဟောင်း Dan Jones ကပြောသွားပါတယ်။


( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Daily Mail



လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ လေ့ကျင့်ခန်းလုပ်သလိုအကျိုးကျေးဇူးတွေရစေမယ့် ဆေးပြား




ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရတာဟာ အရမ်းကို ပိုလွယ်လာပါတော့မယ်။

Cell Metabolism ဂျာနယ်မှာ တင်ဆက်ခဲ့တဲ့ သုတေသနတစ်ရပ်အရ သိပ္ပံပညာရှင်တွေဟာ ‘exercise pills’ ခေါ် လေ့ကျင့်ခန်းဆေးပြားတွေကို ဖော်စပ်နိုင်ဖို့ အတွက် တစ်ဆင့်နီးကပ်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆစ်ဒနီတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိတဲ့ ကျန်းမာရေးကောင်းမွန်သူအမျိုးသား ၄ ဦးကို ၁၀ မိနစ်စာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပြီး လေ့ကျင့်ခန်းလုပ်စဉ်အတွင်း ခန္ဓာကိုယ်ကဖြစ်ပျက်တဲ့ မော်လီကျူးဆိုင်ရာပြောင်းလဲမှုတွေအကြောင်း လေ့လာခဲ့ကြပါတယ်။

“ လေ့ကျင့်ခန်းလုပ်တာဟာ လူသားတွေရဲ့ကြွက်သားတွေအတွက်မှာ ရှုပ်ထွေးတဲ့ပြောင်းလဲမှုတွေ အတွဲလိုက်ဖြစ်ပေါ်စေကြောင်း သိပ္ပံပညာရှင်တွေက နှစ်ပေါင်းများစွာယူဆလာခဲ့ကြပါတယ်။ ဒီတစ်ကြိမ်မှာ တော့ ကျွန်တော်တို့ ဟာ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်ပုံအသေးစိတ်ကို ရှာဖွေသိရှိနိုင်ခဲ့ပါပြီ” လို့ အဆိုပါစာတမ်းကို ပူးတွဲပြုစုခဲ့သူ Dr. Nolan Hoffman က ပြောကြားခဲ့ပါတယ်။

“ ဒါဟာ အရေးပါတဲ့အောင်မြင်မှုတစ်ခုပါပဲ။ သိပ္ပံပညာရှင်တွေဟာ လေ့ကျင့်ခန်းကခန္ဓာကိုယ်ကို ပေးစွမ်းနိုင်တဲ့ အကျိုးပြုပြောင်းလဲမှုတွေကို တုပနိုင်မယ့် ဆေးသစ်တစ်မျိုးကို ဖော်စပ်ဖို့ အတွက် ဒီအချက်အလက်ကို အသုံးချနိုင်မှာဖြစ်ပါတယ်”

ဆေးဝါးအများစုဟာ မော်လီကျူးတစ်ခုချင်းစီကို ပစ်မှတ်ထားထိရောက်စေတာဖြစ်ပေမယ့် ဒီ လေ့ကျင့်ခန်း ဆေးကတော့ များပြားတဲ့မော်လီကျူးတွေကို ပစ်မှတ်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီဆေးတွေဟာ လေ့ကျင့်ခန်းမလုပ်နိုင်တဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းချို့ တဲ့သူတွေ နဲ့ လေဖြတ်နေသူတွေမျိုးတွေအတွက်သာ ပိုမိုသင့်တော်ပြီး သာမန်သန်စွမ်းတဲ့လူတွေအနေနဲ့ တော့ ဆေးမှီဝဲမယ့်အစား လေ့ကျင့်ခန်းလုပ်တာက ပိုထိရောက်မှုရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ ပုံမှန်လုပ်နေကျလေ့ကျင့်ခန်းတွေကို လေ့ကျင့်ခန်းဆေးနဲ့ အစားထိုးဖို့ တော့ လုံးဝဖြစ်နိုင်မှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာဟာ သင့်ရဲ့နှလုံးခုန်နှုန်းကို မြန်ဆန်ကောင်းမွန်စေသလို၊ သွေးစီးဆင်းမှုကိုလည်း မြန်ဆန်စေပါတယ်။ ဒီကျေးဇူးတွေကို လေ့ကျင့်ခန်းဆေးနဲ့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ လူတွေ အတွက်တော့၊ ဒီဆေးက တကယ့် အကောင်းဆုံးအရာသစ်တစ်ခုဖြစ်လာမှာပါ” လို့  ဒုတိယမြောက်စာတမ်း ဖြစ်တဲ့ “တာထွက်မှတ်ပေါ်က လေ့ကျင့်ရေးဆေးများ” ဆိုတဲ့ ဒုတိယမြောက်စာတမ်းကို ပူးတွဲပြုစုခဲ့သူ ပရော်ဖက်ဆာ Ismail Laher က ရှင်းပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: People

တစ်နေ့ကို အကြိမ်ရေ ၁၂၀၀၀ တိတိ နှာချေမှု ကြောင့် နာကျင်နေရတဲ့ ရှားပါးရောဂါသည် အမျိုးသမီး




ကျောင်းသူလေးတစ်ဦးဟာ ရှားပါးရောဂါ အခြေအနေ တစ်မျိုးကို ခံစားနေရပြီး ထို အခြေအနေဟာ သူမ ကို အကြိမ်ရေ ၁၂၀၀၀ ခန့် နှာချေစေခဲ့တဲ့ အတွက် သူမဟာ အရမ်းကို နာကျင်နေရတယ်လို့ ဆိုပါတယ်။

အသက် ၁၂ နှစ်သာ ရှိသေးတဲ့ Katelyn Thornley ပြီးခဲ့တဲ့ လတုန်းက တစ်နေ့ကို အကြိမ် ၂၀ ၀န်းကျငသ်လောက် နှာချေနေတဲ့အတွက် ဆေးခန်းသွားပြခဲ့ရာမှာ ဆရာဝန် ၆ ယောက် သာပြောင်းသွားတယ် သူမရဲ့ ရောဂါကို ဘာဖြစ်တယ်ဆိုတာ ဘယ်ဆရာဝန်ကမှ အတိအကျ မပြောနိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဆရာဝန်တွေအားလုံးကတော့ ဒါဟာ သာမန်နှာချေတာမျိုး လို့လက်မခံကျပါဘူး။ ဒါဟာ ယားယံမှု တစ်မျိုး (သို့) ဗိုင်းရပ် တစ်မျိုးသာဖြစ်တယ်လို့ ဆိုကြပြီး Katelyn ကိုလည်း ကျောင်းမသွားဖို့ ညွှန်ကြားထားကြတယ်လို့ CBS သတင်းဌာန ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အမေရိကန် ပြည်ထောင်စု ၊ တက္ကဆက်ပြည်နယ် ၊ Angleton မြို့မှာနေထိုင်တဲ့ Katelyn ရဲ့ အဆက်မပြတ် နှာချေမှုတွေဟာ သူ အိပ်ပျော်သွားမှ ရပ်သွားတာဖြစ်ပြီး သူမအနေနဲ့လည်း နှာချေတဲ့ကြားက အိပ်ပျော်သွားအောင် Benadryl ဆိုတဲ့ Allergy ဆေးတွေနဲ့ Beatles အဖွဲ့ရဲ့ သီချင်းတွေကို နားထောင်ရတယ်လို့ ဆိုပါတယ်။

သူမရဲ့ အဆက်မပြတ် နှာချေမှုတွေဟာ အခုချိန်မှာတော့ တစ်စ ထက် တစ်စ အခြေအနေ ပိုဆိုးရွားလာပါတယ်။ CBS သတင်းဌာန ကို Katelyn က ပြောကြားခဲ့တာကတော့ "ကျွန်မ အစပိုင်းမှာ နှာချေရုံလေးပါပဲ။ နောက်ပိုင်းမှာတော့ အခြေအနေဆိုးလာတယ်။ဒါဟာ ကျွန်မ တစ်ခုခုကြောင့် ယားယံလာတယ်လို့ ထင်ပါတယ်" ဆိုတာပဲ ဖြစ်ပါတယ်။

သူမဟာ အဲဒီလို ဆိုးရွားစွာ အဆက်မပြတ် နှာချေနေမှုကြောင့် သူမရဲ့ ၀မ်းဗိုက်တွေ နဲ့ ခြေထောက်တွေဟာ နာကျင်နေရပြီး သူမဟာ အားနည်နေသလို အစာစားလို့လည်း မရဘူးလို့ ဆိုပါတယ်။ သူမဟာ အိပ်ပျော်ဖို့ အပြင်းအထန် ကြိုးစားနေရပြီး အိပ်ပျော်သွားရင်တောင် အိပ်မက်ထဲမှာ နှာချေနေမိတယ်လို့ ဆိုပါတယ်။

သူမနဲ့ သူမရဲ့ မိဘတွေကတော့ သူမရဲ့ ကျန်းမာရေး အခြေအနေကို လူထုသိအောင် ပြောပြလိုက်တာဖြစ်ပြီး ဒီအခြေအနေကို နားလည်နိုင်တဲ့သူ ရှိရင်လည်း အကူအညီပေးဖို့ တောင်းဆိုထားပါသေးတယ်။



( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

လိင်တူချစ်သူဖြစ်နိုင်မဖြစ်နိုင် ဒီအင်န်အေနှင့် စစ်ဆေးခြင်းက ၇၀ရာခိုင်နှုန်းမှန်ကန်




လူတစ်ယောက်ဟာ ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားသူလား (ဒါမှမဟုတ်) လိင်တူချစ်သူလားဆိုတာကို သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်နိုင်ပြီဖြစ်ပြီး သူတို့ရဲ့ဟောကိန်းက ၇၀ရာခိုင်နှုန်းမှန်ကန်တယ်လို့ သိရပါတယ်။

လိင်စိတ်ဝင်စားမှုဟာ ဇီဝဗေဒကို အခြေခံထားတယ်ဆိုတာ သိခဲ့ကြတာတော့ အတော်ကြာပါပြီ။ လိင်တူချစ်သူ ဖြစ်ရခြင်းဟာ မျိုးရိုးဗီဇနဲ့တိုက်ရိုက် ပတ်သက်နေလို့ပါ။ လူတွေရဲ့ မျိုးရိုးဗီဇဟာ မွေးကတည်းက သတ်သတ်မှတ်မှတ် ပါလာပြီးသားဖြစ်တဲ့အတွက် မျိုးရိုးဗီဇပေါ်မှာ ပါလာတာတွေက အချိန်ကြာလာတာနဲ့အမျှ ဘယ်လောက်ပြောင်းလဲသွားနိုင်တယ်ဆိုတာ ဖြစ်လာပါတယ်။

“ကျွန်တော်တို့ သိလိုက်တာကတော့၊ မော်လီကျူး ဖန်တီးသူတွေ ပေါ်မှာအခြေခံပြီး လိင်ပိုင်ဆိုင်ရာ အနေအထားပြောင်းလဲခြင်းအတွက် ပထမဆုံးအကြိမ် ဟောကိန်းထုတ်နိုင်ခြင်းတစ်ရပ်ပါ။” လို့ ကယ်လ်ဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာ Tuck Ngun ကပြောသွားပါတယ်။

ထပ်တူညီတဲ့ အမွှာတွေက အမြဲတမ်းတော့မဟုတ်ပေမဲ့ တူညီတဲ့ လိင်ပိုင်းရှိလေ့ရှိပါတယ်။ ဒီရှာဖွေတွေ့ရှိမှုက လိင်တူချစ်သူ ဖြစ်ရခြင်းရဲ့ မျိုးရိုးဗီဇပိုင်းဆိုင်ရာ ညွှန်းကိန်းတစ်ခုရှိတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ ယုံကြည်မှုဆီကို ဦးဆောင်သွားပါတယ်။

ဒေါက်တာ Ngun နဲ့ အဖွဲ့ဟာ အရွယ်ရောက် အမျိုးသားအမွှာပေါင်း ၄၇တွဲရဲ့ မျိုးရိုးဗီဇတွေကို လေ့လာခဲ့တာဖြစ်ပြီး ၃၇တွဲမှာ တစ်ယောက်က လိင်တူချစ်သူဖြစ်နေပြီး ကျန်တစ်ယောက်က ဆန့်ကျင်ဘက်လိင်ချစ်သူ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ကျန် ၁၀တွဲကတော့ လိင်တူချစ်သူတွေဖြစ်နေပါတယ်။

“လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုက လိင်တူချစ်သူတွေရဲ့ဘ၀အတွက် အခြေခံကျတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မျိုးရိုးဗီဇနဲ့ မော်လီကျူးဆိုင်ရာ အဆင့်တွေအကြောင်း ဒီ့ထက်တော့လည်း မသိသေးပါဘူး။ ဒီသုတေသနရပ်က ကျွန်တော်တို့ကိုကျွန်တော်တို့ ဘာဆိုတာနဲ့ ကျွန်တော်တို့က ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို ပိုမိုသိရှိနားလည်လာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။” လို့ ဒေါက်တာ Ngun ကပြောခဲ့ပါတယ်။
သူတို့ရဲ့ စမ်းသပ်မှုက ၇၀ရာခိုင်နှုန်းမှန်တယ် ဆိုဦးတော့၊ မမှန်တဲ့ဘက်ကလည်း ၃၀ရာခိုင်နှုန်းရှိနေပါသေးတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:Daily Mail



ပုံမှန် ချစ်တင်းနှောခြင်းက ခုခံအားစနစ်ကို ပြောင်းလဲပေးခြင်းကြောင့် ကိုယ်ဝန်ရနိုင်ခြေ များလာစေနိုင်




မျိုးပွားနိုင်ရေးအတွက် အမျိုးသမီးရဲ့ ရာသီစက်ဝန်းနဲ့ ချိန်ကိုက်ပြီးဖြစ်စေ စုံတွဲတွေဟာ ရင်သွေးလေးရရှိဖို့အတွက် ကြိမ်ဖန်များစွာ ကြိုးစားကြသော်လည်း ဒါဟာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အရေးရှိနိုင်အောင် ဘယ်လိုကူညီပေးနေတယ်ဆိုတာ မသိရှိကြသေးပါဘူး။

လိင်ဆက်ဆံခြင်းက အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ် ကို ကိုယ်ဝန်ဆောင်နိုင်မှုအခြေအနေအတွက် ပြုပြင်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အသစ်တွေအရ သိရပါတယ်။ ဒီလေ့လာချက်တွေဟာ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပိုမိုသိရှိနိုင်ခြင်းသာမက လေ့လာသူတွေအနေနဲ့လည်း autoimmunity disorders ကို ကုသရာမှာလည်း အသုံးဝင်လာမယ်လို့ ဆိုပါတယ်။

Indiana University ရှိ Kinsey Institute မှ သိပ္ပံပညာရှင် Tierney Lorenz က “ ကလေးလိုချင်ကြတဲ့ စုံတွဲတွေကို အမျိုးသမီးရဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်း တိုးတက်ပြောင်းလဲနိုင်ဖို့အတွက် သားဥမကြွေခင်လည်း ပုံမှန်ဆက်ဆံမှုတွေ ပြုလုပ်ဖို့ အကြံဥာဏ်ပေးတာ ပုံမှန်လိုဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ဒါဟာဘယ်လိုအလုပ်လုပ်တယ်ဆိုတာ အတိအကျမသိခဲ့ပါဘူး။ ဒီလေ့လာတွေ့ရှိချက်က လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်တွင်း ထောက်ပံ့မှုပေးနိုင်တဲ့ Immunity ကို ပိုမိုတိုးပွားစေတယ်ဆိုတာကို ပထမဆုံး ပြသပေးသွားတာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။

လေ့လာသူတွေဟာ အမျိုးသမီး  ၃၀ မှာ တစ်ဝက်စီကို လိင်ပိုင်းဆိုင်ရာ တက်ကြွစေပြီး တစ်ဝက်ကိုတော့ ပုံမှန်အတိုင်းထားရှိ လေ့လာခဲ့ကြပါတယ်။အကူအညီပေးတဲ့T ဆဲလ်တွေနဲ့ Antibodies အဆင့်တွေဟာ အုပ်စု၂ခုမှာရှိတဲ့ အမျိုးသမီးတွေမှာ မတူညီတာကို တွေ့ရှိရပါတယ်။

လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့အမျိုးသမီးတွေမှာ ရာသီစက်ဝန်းအတွင်းမှာ ကိုယ်ဝန်ရနိုင်ခြင်းကို ကာကွယ်စွမ်းအားပြည့်ဝတဲ့ ဆဲလ်များပါဝင်မှုမြင့်မားနေတာကို တွေ့ရှိရပါတယ်။ အခြားအမျိုးသမီးတွေမှာတော့ ဒီလိုကာကွယ်စွမ်းအားတွေ ပြောင်းလဲခြင်းမရှိဘူးလို့ ဆိုပါတယ်။

"လူမှုရေးဆိုင်ရာ အပြုအမူတစ်ခုဖြစ်တဲ့ လိင်ဆက်ဆံခြင်းဟာ ကာကွယ်စွမ်းအားစနစ်အပေါ် သက်ရောက်မှုရှိကြောင်း ကျွန်တော်တို့ အမှန်တကယ်တွေ့ရှိခဲ့ကြပါတယ်။  လိင်ပိုင်းဆိုင်ရာတက်ကြွမှု ရှိတဲ့ အမျိုးသမီးတွေရဲ့ immune systems ဟာ ကိုယ်ဝန်ဆောင်နိုင်ခြေကို နည်းပါးစေဖို့ ပိုပြီး ပြုပြင်ပေးနိုင်ပါတယ်”  လို့ Lorenz က ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI






ရေဒီယိုသတ္တိကြွ ရောင်ခြည်ကြောင့် နဖူးအလယ်တည့်တည့်မှာ မျက်လုံးတစ်လုံးတည်းပါလာတဲ့ ကလေးကို မွေးဖွား




နဖူးအလယ်တည့်တည့်မှာ မျက်လုံးတစ်လုံးတည်းနဲ့ မွေးဖွားလာတဲ့ ကလေးငယ်လေးဟာ ရက်အနည်းငယ်သာ အသက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေက ခန့် မှန်းထားပါတယ်။

မိခင်သားအိမ်အတွင်းမှာ ရေဒီယိုသတ္တိကြွရောင်ခြည်နဲ့ ထိတွေ့ မိမှုကြောင့် အဆိုပါ ကလေးငယ်ဟာ ‘Cyclopia’ ခေါ် ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပါတယ်။ ‘Cyclopia’ ရောဂါဟာ ဂရိဒဏ္ဍာရီလာ မျက်လုံးတစ်လုံးတည်းပါတဲ့ဘီလူးကြီး Cyclops ကို အစွဲပြုပြီး မှည့်ခေါ်ထားတဲ့ ထူးခြားတဲ့ရောဂါအခြေ အနေတစ်မျိုးဖြစ်ပါတယ်။

Cyclopia ဟာ မွေးဖွားမှုချို့ ယွင်းချက်တွေထဲမှာ အရှားပါးဆုံးအမျိုးအစားတစ်ခုဖြစ်ပြီး အဆိုပါ ရောဂါအခြေအနေနဲ့ မွေးဖွားလာသူ ကလေးငယ်တွေဟာ မွေးပြီးမကြာခင်မှာပဲ သေဆုံးရလေ့ရှိပါတယ်။

မိခင်သားအိမ်အတွင်းမှာ မျက်လုံးအိမ်ဖြစ်ပေါ်မှုဟာ မှန်ကန်မှုမရှိတာကြောင့် နှာခေါင်းပျောက်ကာ မျက်လုံးတစ်လုံးတည်း ပါဝင်လာရတာဖြစ်ပါတယ်။  အဆိုပါကလေးငယ်တွေရဲ့ နှလုံးဟာလည်း ဆိုးဆိုးရွားရွားမူမမှန်ပုံပျက်နေတတ်တာကြောင့် အသက်ရှင်သန်လေ့မရှိဘူးလို့ သိရပါတယ်။

ဆော်ဒီအာရေဗျသတင်းဝက်ဘ်ဆိုဒ် slaati.com ရဲ့ အဆိုအရ၊ မိခင်ဖြစ်သူဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးပါးတွေ ရောနှောသောက်သုံးခဲ့မိခြင်း ဒါမှမဟုတ် ရေဒီယိုသတ္တိကြွရောင်ခြည်နဲ့ ထိတွေ့ ခြင်းကြောင့် အခုလို သန္ဓေသားအင်္ဂါမူမမှန်မှုဖြစ်တာ ဖြစ်နိုင်ကြောင်း ဆရာဝန်တွေက ယူဆထားတယ်လို့ သိရပါတယ်။

Egypt နိုင်ငံ၊ El Senbellawein မြို့ က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးငယ်ရဲ့ အခြေအနေကို စောင့်ကြည့်ကုသပေးနေတဲ့ ဒေါက်တာ Ahmed Badruddin က အဆိုပါ ကလေးငယ်မှာ တခြားအင်္ဂါချို့ ယွင်းပုံပျက်မှုတွေလည်း ရှိနေတာကြောင့် ရက်အနည်းငယ်သာ အသက်ရှင်နိုင်ဖို့ ခန့် မှန်း ထားကြောင်း ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Dailymail

ငရုတ်ကောင်း၏ ထူးခြားသော ဆေးဖက်ဝင်အာနိသင်


အစားမှားပြီး ကြို့ထိုးနေသူတစ်ဦးကို အသက်ကြီး အဖိုးတစ်ဦးက ရှေးနည်းဟုဆိုကာ
ငရုတ်ကောင်းစေ့ကို အပ်ဖျားတွင်စိုက်ပြီး ဖယောင်းတိုင်မီးဖြင့် ကင်သည်။ ငရုတ်ကောင်းစေ့မှ
မီးလောင်ပြီး အခိုးအငွေ့များ ထွက် လာသည်။ ထိုအငွေ့များကို ရှူရှိုက်ခိုင်းရာ မကြာမီ ကြို့ထိုးပျောက်သွားသည်ဟု ကိုယ်တွေ့ကြုံသူ ပြောပြ ၍သိရပါသည်။

နှာခေါင်းသွေးလျှံသူကို ငရုတ်ကောင်းအမှုန့်ကို နွားနို့ တစ်ခွက်တွင် ရောဖျော်ပြီးတိုက်သောအခါ နှာခေါင်း သွေးလျှံရပ်သွားသည်ဟု ဆိုသည်။
ထူးခြားသော ငရုတ် ကောင်းအသုံးပြုသည့် ဆေးမြီးတိုများဖြစ်ပြီး ရှေးက လူကြီးများ လက်ဆင့်ကမ်းခဲ့ကြသည့် ရိုးရာနည်း(Traditional Metho) များဖြစ်သည်။ သိပ္ပံနည်းကျ သည်၊ မကျသည်မသိသော်လည်း တိုက်ဆိုင်သူများ အမှန်တကယ်ပျောက်ကင်းခဲ့သော
အလွယ်နည်းများဖြစ် သည်။
 ငရုတ်ကောင်းဟူသည် ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာသုံးကြပြီး အရေးပေါ်ဆေးမြီးတိုအဖြစ် သုံးနိုင်သည်ကို သိရှိသူနည်းမည် ထင်ပါသည်။

ငရုတ်ကောင်းပင်၏ မူရင်းထွက်ရှိရာဒေသမှာ အိန္ဒိယနိုင်ငံမှဖြစ်သည်ဟု မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ ကမ္ဘာသစ်ရှာဖွေသူ
ကိုလံဘတ်သည် အိန္ဒိယနိုင်ငံမှ သစ်ကြံပိုး၊ ငရုတ်ကောင်းနှင့် လေးညှင်း တို့ကို ၁၄၉၂ ခုနှစ်ကပင် သယ်ယူခဲ့သည်ဟု မှတ်တမ်း များရှိပြီး ၁၆ ရာစုတွင် ဥရောပတိုက်၊ အင်္ဂလန်နှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ဟင်းခတ်အမွှေး အကြိုင်အဖြစ် ကုန်သွယ်ခဲ့ကြသည်ဟုဆိုသည်။ အရှေ့ တောင်အာရှ ကမ်းရိုးတန်းရှိသော နိုင်ငံများနှင့် မြန်မာ နိုင်ငံတွင် ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းများတွင် ငရုတ်ကောင်းပင်သည် အမြဲစိမ်းသော ပင်စည်ရှိ၍ အဆစ်များပါရှိကာ ကွမ်းပင်နှင့်သဏ္ဌာန်တူသည်။ နွယ်ပင်မျိုးဖြစ်၍ အခြားအပင်အားနွယ်တက်ရာ အမြင့် ပေ ၂ဝ
ထိအောင် တက်သည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံမှအခြေခံလာသော အာယုဗ္ဗေဒဆေး ပညာတွင် ' တြိကဋုတ် ၃ ပါး' ဟူ၍ရှိသည်။
 ထိုသုံးပါးမှာ (၁) ငရုတ်ကောင်း (၂) ပိတ်ချင်း (၃) ချင်းတို့ဖြစ်သည်။ ဆေးဖက်ဝင် အစပ်သုံးမျိုးတွင် ငရုတ်သီးမပါသည်ကို တွေ့ရသည်။ အထက်ပါအစပ်သုံးပါးပါဝင်သော ဆေး များသည် အပူဆေး(ဆေးပူ)များဖြစ်သည်။

အခိုးပွင့်စေ သောဆေး၊ ချွေးထွက်ပြီး အဖျားကျစေသောဆေးများ ဖြစ်သည်။ အစာကြေဆေး ဝမ်းမီးတောက်ဆေးများတွင် ငရုတ်ကောင်း ပါဝင်သည်။
ငရုတ်ကောင်းကို ဆေးအဖြစ်အသုံးပြုရာတွင် အနက် ရောင် ငရုတ်ကောင်းစေ့များကို ရွေးချယ်ရမည်ဟု ပရဆေးကျွမ်းကျင်သူဆရာကြီးတစ်ဦးက ပြောပြဖူးပါ သည်။ အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော ငရုတ်ကောင်း သည် ပြည်တွင်းမှထွက်သော ငရုတ်ကောင်းထက် ပို၍ အရောင်နက်သည်ကို
 တွေ့ရသည်။ အကယ်၍ ပြည် တွင်းမှထွက်သော ငရုတ်ကောင်းကိုသာ သုံးစွဲမည် ဆိုပါက ဆေးဖော်မည့်ငရုတ်ကောင်းစေ့များကို ရေတွင် စိမ်လိုက်ပါ။ ရေမြုပ်သော ငရုတ်ကောင်းစေ့များသည် အဆန်ပြည့်ပြီး အာနိသင်ထက်ကာ ရေပေါ်သောငရုတ် ကောင်းစေ့များသည် အဆန်မပြည့် အာနိသင်မရှိသော ငရုတ်ကောင်းစေ့များဖြစ်၍ အသုံးမပြုဘဲ ပယ်ပစ် ရမည်။ ငရုတ်ကောင်းစေ့အစား မြေဆူပန်းအစေ့များကို ရောနှောရောင်းချသည့် မသမာသူများရှိသည်။ သေချာ စစ်ဆေးခွဲခြားရန်လိုသည်။ ပုံသဏ္ဌာန် အရွယ်အစားတူ သော်ငြားလည်း ဝါးစားကြည့်လျှင် ငရုတ်ကောင်းကဲ့သို့ ပူစပ်ခါးအရသာမရှိသည်ကို တွေ့နိုင်သည်။

ငရုတ်ကောင်းသည် ချမ်းတုန်ဖျား၊ ငှက်ဖျားရောဂါ အတွက်လည်း အလွန်ထိရောက်သော
 ဆေးဖြစ်သည်။ ရိုးမတောင်ခြေတွင်ဝါးခုတ်သော လုပ်သားအဘိုးက ငရုတ်ကောင်းနှင့်ရှိန်းခိုကို ဆတူရောကြိတ်ထားပြီး နေ့စဉ်နံနက်အိပ်ရာထသည်နှင့် မကျည်းစေ့ခန့် စားသုံး ပေးလျှင် ငှက်ဖျားရောဂါမဖြစ်နိုင်ကြောင်းနှင့် သူ၏အတွေ့အကြုံအရ လက်တွေ့သုံးစွဲကြောင်း
 ပြောပြဖူး သည်။

ရှေးဆေးကျမ်းများအလိုအရ ငရုတ်ကောင်းကို မိခင် နို့ထွက်ဆေးအဖြစ် အသုံးပြုသည်ကိုလည်း တွေ့ရသည်။ ဟင်းခါးတစ်မျိုးမျိုးချက်ပြီး ငရုတ်ကောင်းအမှုန့်ခတ် ပြီးတိုက်ခြင်းဖြင့် နို့ထွက်စေသည်ဟုဆိုသည်။ အစပ် အမျိုးမျိုးသည် ဆီးကိုပူစေတတ်သော်လည်း ငရုတ် ကောင်းသည် ဆီးပူရောဂါကို သက်သာစေသည်။ ငရုတ် ကောင်း အပူအစပ်သည်
မျက်စိကိုလည်း မထိခိုက်စေ နိုင်ဟု ဆိုသည်။

ငရုတ်ကောင်းအမှုန့်ကို ပျားရည်နှင့်ရောစပ်ပြီး လျက် ပေးပါက ရင်ချောင်စေပြီး ချောင်းအဆက်မပြတ်ဆိုး သောရောဂါ၊ သလိပ်မရသောရောဂါများကို သက်သာ စေနိုင်သည်။ ငရုတ်ကောင်းမှုန့်ကို နွယ်ချိုနှင့်ရောပြီး လျက်ပေးပါက
 လေထိုးလေအောင့်ရောဂါ၊ အစာအိမ် ရောဂါများ ပျောက်ကင်းစေနိုင်သည်။

မီးတွင်းဆေးအဖြစ် ငရုတ်ကောင်းကို ချင်း၊ ပိတ်ချင်း သီး၊ ယင်းပြား၊ ကန့်ချုပ်နီ၊ မဟာဂါ၊
 ဒန့်သလွန်မြစ်တို့နှင့် ဆတူပေါင်းစပ်၍ဆေးဖော်သည်ကို တွေ့ရသည်။ မီးယပ်ချမ်းတုန်ဖျားများအတွက် ကောင်းသည်။ သွေးတက်ပါက နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်ပါသော
 ဆေးကို ဆတူစပ်ပြီး နှာခေါင်းအတွင်းသို့ မှုတ်သွင်း ခြင်းဖြင့် အတက်ကျစေနိုင်သည်။
ပဋိသန္ဓေရှိလျက်နှင့် သွေးဆင်းသောရောဂါတွင် ငရုတ်ကောင်းနှင့် စမုံနက်၊ ပိတ်ချင်း၊ ဒန့်သလွန်မြစ်၊ ဥသျှစ်ကင်း၊ မိဿလင်၊ ဆောင်းမေခါး ရောစပ်ပြီး ဆေး ဖော်စပ်၍ ပျားရည်နှင့်ရောပြီးတိုက်လျှင် ပျောက် သည်ဟု မြန်မာ့ဆေးကျမ်းများတွင်တွေ့ရသည်။

သွားနာရောဂါဖြစ်လျှင်၊ သွားအခေါင်းပေါက်ရှိလျှင် ရှေးဆေးကျမ်းများအလိုအရ 'ငါးပိလက်လေးသစ်'ဟူသော စာဆိုနှင့်အညီ ငရုတ်ကောင်း၊ ပိတ်ချင်း၊ လက် ချား၊ လေးညှင်း၊ သစ်ကြံပိုးတို့ကို ဆတူရော၍ အမှုန့် ကြိတ်ပါ။ ထိုအမှုန့်ကို သွားပိုးပေါက်အခေါင်းတွင် သိပ် ပေးခြင်း၊ ငုံပေးခြင်း၊ အမှုန့်ဖြင့်သွားတိုက်ပေးခြင်း ပြုလုပ်ပါက သွားနာရောဂါကို သက်သာစေနိုင်သည်။

နှာစေးချောင်းဆိုး၊ အအေးမိတုပ်ကွေး အဖျားမပြတ် လျှင် ကျောက်ဖရုံသီးကို
ငရုတ်ကောင်းမှုန့်နိုင်နိုင်ခပ်၍ ဟင်းခါးချက်ကျွေးလျှင် ချွေးများထွက်၍ အဖျား သက်သာစေနိုင်သည်။ ချောင်းခြောက်ဆိုးလျှင်လည်း ငရုတ်ကောင်းမှုန့်ကို ပျားရည်ဖြင့်စပ်၍
လျက်ပေးလျှင် လည်း သက်သာစေနိုင်သည်။
ကုသရခက်သော နှင်းခူရောဂါဖြစ်လျှင် ငရုတ်ကောင်း နှင့် ကြွေပုပ်စေ့ကို ရော၍ပြာချပြီး အုန်းဆီဖြင့်လိမ်းလျှင် သက်သာပျောက်ကင်းစေနိုင်သည်။ အခြားတစ်နည်းမှာ ငရုတ်ကောင်း၊
 ပိတ်ချင်း၊ ချင်းခြောက်၊ ဆေးဒန်း၊ ကန့် တို့ကို ဆတူရော၍ အမှုန့်ပြုကာ အုန်းဆီ သို့မဟုတ် ရေနံချေးဖြင့်လိမ်းလျှင် နှင်းခူနာကြီးများကို ကွာကျစေ နိုင်သည်။

နို့တိုက်မိခင်များ နို့ကောင်းစွာမထွက်လျှင် ရှားစောင်း လက်ပပ်ကို ဟင်းခါးချက်၍ ငရုတ်ကောင်းမှုန့်
 နိုင်နိုင် ထည့်သောက်လျှင် နို့ထွက်စေနိုင်သည်။ အခြားတစ်နည်း မှာ ရှားစောင်းလက်ပပ်အမြစ်ကို အနည်းငယ်ထုထောင်း ပြီး ငရုတ်ကောင်းမှုန့်နှင့်ရော၍ ဟင်းခါးချက်သောက် လျှင် နို့ကောင်းစွာထွက်သည်ဟု ဆိုသည်။

ရှေးကလူကြီးများသည် အသက်ရှည်ဆေးအဖြစ် မြင်းခွာရွက်ကို အသုံးပြုသကဲ့သို့ ညောင်းညာကိုက်ခဲ ပျောက်ဆေးအဖြစ် ငရုတ်ကောင်းကို အသုံးပြုသည်။ အခိုးပွင့်ဆေး၊ ချွေးထွက်ဆေးအဖြစ်လည်း အသုံးပြု သည်။ အသက်ရှည်ကျန်းမာစေရန်အတွက် မြင်းခွာရွက် အခြောက်မှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ပျားရည်ကို ရောတေပြီး ဆေးအဖြစ်နေ့စဉ်စားသုံးပါက အညောင်း အညာကင်းပြီး အသက်ရှည်စေနိုင်သည်ဟု ရှေးဆေး နည်းအသုံးများတွင် ဖော်ပြထားသည့် ငရုတ်ကောင်း၏ အသုံးဝင်အစွမ်းထက်ပုံများကို တင်ပြလိုက်ရပါသည်။











ကြည်လွင်မြင့်(မုဒြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

ဆယ်နှစ်ကျော် တစ်နေကုန်နီးပါး လိင်အကြောင်းတွေးနေမိခဲ့တဲ့ ရှားပါးရောဂါသည် အမျိုးသမီး




Obsessive Compulsive Disorder ရှားပါးရောဂါဖြစ်ပွားနေတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခေါင်းထဲမှာ လိင်မှုဆိုင်ရာပုံရိပ်တွေ ဆယ်စုနှစ်ကျော် ထင်ဟပ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ OCD ဆိုတာ မှတ်ဉာဏ်နဲ့ အပြုအမူချို့ယွင်းမှုပါ။

ဒီပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေကြား အချိန်တော်တော်များများ ဖြစ်လေ့ရှိတာတော့ မင်းသား Jake Gyllenhaal ရဲ့ MTV တစ်ခုကိုကြည့်ရင်း သူမရဲ့အမြင်မှာ သူ့ရဲ့မျက်နှာက ယောနိမို့မို့ဖောင်းဖောင်းထဲကို အရည်ပျော်ကျလာတာပဲဖြစ်ပါတယ်တဲ့။

Ray Mears ရဲ့ မှတ်တမ်းဗီဒီယိုတွေကြည့်တုန်းကလည်း မျက်နှာရိုက်ချက်တစ်ခုချင်းစီကနေ ယောနိပုံအသေးစိတ် ရုတ်တရက်ဖြစ်ဖြစ်လာပါတယ်တဲ့။

Rose Bretecher (အမည်ရင်းမဟုတ်) ရဲ့ ရောဂါစပေါ်ခဲ့တာကတော့ ကိုယ်လုံးတီး ကလေးငယ်တစ်ရောက်ရဲ့ ပုံကို စိတ်ကူးပုံဖော်နေမိခဲ့တာက စခဲ့တာပါ။ အဲဒီ့အချိန်မှာ ကလေးငယ်လိင်စွဲမက်သူ တစ်ယောက်ဖြစ်မှာကို သိပ်ကြောက်နေခဲ့ပါတယ်။

အဲ့ဒီ့ကနေတဆင့် ပုံရိပ်တွေဟာ တဖြည်းဖြည်း မြန်ဆန်၊ ထင်ရှားလာပြီး နှစ်ဆယ့်လေးနာရီတစ်ရက်၊ ခုနှစ်ရက်တစ်ပတ် အဆင့်ထိဖြစ်လာပါတော့တယ်။ ဒါပေမဲ့ ဒီပုံရိပ်တွေဟာ သူ့အတွက်တော့ ခံစားလို့မကောင်းတဲ့အပြင် အိမ်မက်ဆိုးတွေပါပဲ။

“နေ့တိုင်းနေ့တိုင်းရဲ့ မိနစ်တိုင်းမိနစ်တိုင်းမှာ ကလေးတွေကိုတင် ကိုယ်လုံးတီးမြင်တာမဟုတ်ဘဲ၊ လူတိုင်းကို ကိုယ်လုံးတီးပုံတွေက ဇွတ်အတင်းဝင်လာတယ်။ စာပွဲထိုးကောင်မလေးလား၊ ကျောင်းအုပ်ဆရာကြီးလား။ စုပ်လုံးရောင်းတဲ့ကောင်မလေးလား၊ ရဲသားကြီးလား။ Cherie Blair လား၊ Tony Blair လား။ အို အစုံပါပဲ။ မြက်ပင်ကိုကြည့်ရင်တောင်၊ လိင်တံတစ်ခုကိုမြင်နေရတယ်။ ပြီးရင်တစ်ယောက်ယောက်က အဲဒီ့ မြက်ပင်ကို သွားစုပ်နေတာ မြင်ပြန်ရော။ နေ့တိုင်းနေ့တိုင်းက အိပ်မက်ဆိုးပါပဲ။ ဘယ်လို ရှင်သန်ရပ်တည်ရမယ်ဆိုတာ မသိတော့ဘူး။ ထင်ယောင်ထင်မှား၊ ကတောင်ခြောက်ခြားတွေ ဖြစ်နေရောပဲ။” လို့ သူမကပြောပါတယ်။

သူ အသက် ၁၇နှစ်တုန်းက သူငယ်ချင်းတွေနဲ့ ဘင်ဂိုကစားနေတုန်းကလည်း သူတို့ရဲ့ ရင်သားတွေကို မြင်မြဲမြင်နေရတယ်လို့ ဆိုပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ လိင်တူချစ်သူ မဂ္ဂဇင်းတွေဝယ်ပေမဲ့ သူဟာ ဘာလိင်အမျိုးအစားထဲမှာ ပါတယ်ဆိုတာကို သတ်မှတ်ဖို့ ခက်ခဲခဲ့ပါတယ်။

သူဟာ ပိုပိုဆိုးလာခဲ့ပြီး ရည်စားကောင်လေးနဲ့ပြတ်တယ်၊ တက္ကသိုလ်ကနေ ထွက်လိုက်ရတယ်၊ နောက်ဆုံး သေကြောင်းကြံဖို့အထိပါ ကြိုးစားခဲ့ရပါတော့တယ်။ ကံအကြောင်းသင့်စွာပဲ အွန်လိုင်းကနေ ‘Pure O’ အခြေအနေလို့ခေါ်တဲ့ ရှားပါးရောဂါ OCD အမျိုးအစားအကြောင်းကို သိရှိနားလည်သွားခဲ့ပါတယ်။

 ( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref:Mirror



ယာဉ်တိုက်မှုမှာ ဇက်ကျိုးသွားတဲ့ကလေးငယ်ကို ဆရာဝန်တွေပြန်ဆက်ပေးပြီး ထူးဆန်းစွာ အသက်ဆက်ရှင်နိုင်ခဲ့




အသက် ၁၆ လသားအရွယ်ကလေးငယ်လေးဟာ ယာဉ်တိုက်မှုတစ်ခုမှာ ဇက်ကျိုးသွားခဲ့ပြီးနောက် ဆေးပညာသမိုင်းမှာ ထူးဆန်းစွာပြန်လည်ကောင်းမွန်ခဲ့ပါတယ်။

အမေဖြစ်သူ Rylea ၊ Jaxon နဲ့  အသက် ကိုးနှစ်အရွယ် အစ်မ Shayne တို့ ရဲ့ ကားဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ တစ်နာရီ မိုင် ၇၀ နှုန်းမောင်းလာတဲ့ယာဉ်တစ်စီးနဲ့ အပြင်းအထန် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အခင်းဖြစ်ပွားရာနေရာကနေ Brisbane မြို့ မှာရှိတဲ့ ဆေးရုံဆီ ကလေးငယ်ကို ရဟတ်ယာဉ်နဲ့ ပို့ ဆောင်ခဲ့ရ တယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုက အရှိန်ဟာ အလွန်ပြင်းထန်တာကြောင့် ဦးခေါင်းအတွင်းပိုင်း ပြတ်တောက်မှု (internal decapitation) အဖြစ် Jaxon ရဲ့ ဦးခေါင်းဟာ လည်ပင်းရိုးကနေ အထက်ကို ဆွဲဟသွားတယ်လို့  ကျောရိုးခွဲစိတ်အထူးကုဆရာဝန် Dr Geoff Askin က ပြောကြားခဲ့ပါတယ်။

မယုံကြည်နိုင်စရာကောင်းလောက်အောင်ပဲ၊ ဆရာဝန်တွေဟာ ကလေးရဲ့ခေါင်းကို အခုအခါ ပြန်တွဲဆက် နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ခြောက်နာရီကြာခဲ့တဲ့ခွဲစိတ်မှုမှာ Dr Asin နဲ့ အဖွဲ့ ဟာ ဟေလိုအထိန်းစက်တစ်ခုကို Jackson ရဲ့ ဦးခေါင်းခွံရိုးမှာ ခွဲစိတ်မှုပြုစဉ် လုံးဝမလှုပ်မယှက်ဖြစ်အောင်လို့ တပ်ဆင်ကာ အလွန်သေးငယ်တဲ့ ၀ိုင်ယာကြိုးစလေးတစ်ခုကိုအသုံးပြုပြီး ပြုတ်သွားတဲ့ ကျောရိုးအဆစ်ကို ပြန်လည်တွဲဆက်ပေးနိုင်ခဲ့ပါတယ်။

“ပထမဦးဆုံးအနေနဲ့ ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာမျိုးမှာ ကလေးငယ်တော်တော်များများဟာ အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ ရှင်ခဲ့ပြီး သတိပြန်လည်လာအောင်ကုသပေးခဲ့ရင်တောင် မလှုပ်မရှားနိုင်၊အသက်မရှူနိုင်ဖြစ်နေမှာပါ” လို့ Dr Askin က ပြောကြားခဲ့ပါတယ်။

Jaxon ရဲ့ အခြေအနေဟာ သူကြုံဖူးသမျှထဲမှာ အဆိုးရွားဆုံးဖြစ်တယ်လို့ Dr Askin က ပြောကြားခဲ့ပါတယ်။

Jaxon လေးဟာ ခန္ဓာကိုယ်ကို ထိန်းထားပေးဖို့ အတွက် ဟေလိုစက်ကို ယခုအခါတပ်ဆင်ထားရပြီး နောက် ရှစ်ပတ်အကြာမှာ ဖြုတ်ပေးမှာဖြစ်ပါတယ်။ ဒီနောက်မှာတော့ Jaxon ဟာ သာမန်လိုပဲ ကျန်းမာတဲ့ဘ၀ကို ပိုင်ဆိုင်နေထိုင်နိုင်မှာဖြစ်ပါတယ်။

အသက်ကိုးနှစ်အရွယ် အစ်မဖြစ်သူ Shayne ဟာလည်း အတွင်းပိုင်းသွေးယိုစိမ့်မှုကို ရပ်တန်ဖို့ အတွက် ခွဲစိတ်မှုခံယူခဲ့ရပြီး အခုအခါ ခန္ဓာကိုယ်မလှုပ်နိုင်အောင်ထိန်းထားပေးတဲ့ဖရိန်မှာ ရှစ်ပတ်ကြာ နေရဦးမှာ ဖြစ်ပါတယ်။ အမေဖြစ်သူ Rylea ကတော့ လေအိတ်ကြောင့် ဆိုးရွားတဲ့ဒဏ်ရာမရဘဲ အသက်ရှင်နိုင်ခဲ့ပါတယ်။
( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

ယောကျာ်းဆန်ဖို့အတွက် မုတ်ဆိတ်အစားထိုးမှုနှုန်း များလာ




မုတ်ဆိတ်အစားထိုး ခွဲစိတ်မှုနှုန်းဟာ ကမ္ဘာအနှံ့များလာကြောင်း သိရှိရပါတယ်။ နယူးယောက်ဆရာဝန်တစ်ယောက်ကတော့ တစ်ပတ်ကို သုံးခါလောက်အစားထိုးခွဲစိတ် ပေးရကြောင်း ပြောပါတယ်။

အမွှေးပြန်ပေါက်ရေးခွဲစိတ်မှုဆိုင်ရာ အကျိုးအမြတ်မယူနိုင်ငံတကာအဖွဲ့အစည်း ရဲ့အဆိုအရ ၂၀၁၂ခုနှစ်မှာ မုတ်ဆိတ်အစားထိုးခွဲစိတ်မှုဟာ ၁ ဒဿမ ၅ရာခိုင်နှုန်းသာရှိခဲ့ပေမဲ့ ၂၀၁၄ခုနှစ်မှာတော့ ၃ ဒဿမ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပါတယ်။

၂၀၀၄ခုနှစ်ကနေ ၂၀၁၄ခုနှစ်အတွင်း မုတ်ဆိတ်အစားထိုးခွဲစိတ်မှုနှုန်းဟာ ၆ဆမြင့်တက်လာခဲ့တယ်လို့ Medigo ကုမ္ပဏီရဲ့ အချက်အလက်တွေကနေ ညွှန်ပြနေပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မုတ်ဆိတ်အစားထိုးခွဲစိတ်မှုကို တစ်နှစ် ၅ကြိမ်လောက်ပြုလုပ်ပေးခဲ့ရရာကနေ ယခုဆို ပျှမ်းမျှ တစ်ပတ်ကို ၃ကြိမ်လောက်ပြုလုပ်ပေးနေရတယ်လို့လည်း နယူးယောက်ခွဲစိတ်ဆရာဝန် ဒေါက်တာJeffrey Epstein က နယူးယောက်တိုင်းမ်စ် သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

“ဘရွတ်ကလင်းက မုတ်ဆိတ်အစားထိုးခွဲစိတ်မှု ရေစီးကြောင်းရဲ့ အဓိကပင်ရင်းလို့ပြောရမယ်။ အမျိုးသားတွေက ဒီသွင်ပြင်ကို အဓိကလိုချင်ကြတာ။ မုတ်ဆိတ်မွေးထူထူရှိမယ်ဆိုရင်တော့ ကောင်းပြီး၊ ရိတ်လိုက်ပြီဆိုရင်တော့ မသပ်မရပ် ပုံပေါက်သွားတယ်။ ယောကျာ်းဆန်တဲ့သွင်ပြင်ကိုလိုချင်လို့ ကျွန်တော့်စီအလုပ်လာအပ်သူတွေက မုတ်ဆိတ်ကိုလိုချင်ကြတာ။ ယောကျာ်းဆန်ဖို့အတွက် မုတ်ဆိတ်တွေက အရေးကြီးတယ်။” လို့ ဒေါက်တာ Epstein ကပြောသွားခဲ့ပါတယ်။

“အရင်ကဆို ကျွန်တော့်မှာ ကလေးမျက်နှာပေါက်ကြီးရှိလို့ လူတွေဆီက အယုံအကြည်ရဖို့ ခက်ခဲတယ်။ သက်လတ်ပိုင်ယောကျာ်းလေးတော်တော်များများက ကိုယ့်ကိုကိုယ်ယုံကြည်မှုရဖို့အတွက် ပြိုင်ကားတွေဝယ်စီးကြတယ်။ ကျွန်တော့်အတွက်ကတော့ မုတ်ဆိတ်ရှိရင်ရပြီ။” လို့ မုတ်ဆိတ်အစားထိုးခဲ့သူ Jose Armos ဆိုသူကပြောပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref:UPI



နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ