ဗော့ကာပုလင်း လည်ပင်းချိတ်ထားရာကနေ မီးလောင်သွားသော ဆယ်ကျော်သက်တစ်ဦး



ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ဟာ ဗော့ကာ တစ်ပုလင်းလည်ပင်းချိတ်ထားရာကနေ မီးလောင်သွားတဲ့အတွက် ဆေးရုံမှာ သတိလစ်မေ့မျောနေခဲ့ရပါတယ်။ ကံကောင်းထောက်မစွာပဲ ခုတော့ သူအသက်ရှင်ခွင့်ရခဲ့ပါပြီ။

အသက် ၂၃နှစ်ရှိ Scott McLellan ဟာ သူ့ရဲ့ အသက် ၁၈နှစ် မွေးနေ့မှာ သူငယ်ချင်းတွေနဲ့အတူ ဘီယာဗူးတွေသောက်ပြီးနောက် ဟော်တယ်ဘားတစ်ခုကနေ ဗော့ကာတစ်ပုလင်းကိုဝယ်လာကာ လည်ပင်းချိတ်ပြီး ပြန်လာခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့လမ်းခွဲပြီးနောက် ဘူတာရုံမှာ အမေလာကြိုမှာကို သွားစောင့်နေချိန်မှာ ရထားသံလမ်းပေါ်ပြုတ်ကျခဲ့ပြီး သူဟာ ၂၅၀၀ဗို့ လျှပ်စစ်အားနဲ့ ထိခတ်ခဲ့ပါတယ်။ အဲ့ဒီ့မှာ လည်ပင်းချိတ်ထားတဲ့ ဗော့ကာပုလင်းက မီးထတောက်ရာကနေ သူ့ကို မီးလောင်သွားခဲ့တာဖြစ်ပါတယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၂၇ရာခိုင်နှုန်းဟာ လောင်ကျွမ်းသွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရကာ ၂ရက်လောက် ဆေးရုံပေါ်မှာ သတိလစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက သူ့ကို ကယ်တင်လိုက်နိုင်ပါတယ်။

သူဟာ ကံကောင်းလို့မသေရာကနေ အသက်ရှင်လာတဲ့အတွက် ကျန်တဲ့သူတွေ သူ့လိုမျိုး မတော်တဆမှုမျိုးမဖြစ်ရအောင် သတိထားရစေဖို့အတွက် သူ့အဖြစ်ကို ဝေငှခဲ့တာဖြစ်ကြောင်း သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်းက နောက်မျိုးဆက် ၃ဆက်ကို အရက်သမားတွေဖြစ်စေနိုင်



ကိုယ်ဝန်ဆောင်စဉ် အရက်သောက်သုံးခြင်းကြောင့် နောက်ထပ်မျိုးဆက် ၃ဆက်မှာ အရက်သမားတွေဖြစ်လာဖို့ အခွင့်အလမ်းပိုများကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

ကိုယ်ဝန်ဆောင်မိခင်ဟာ အရက်ပမာဏ အနည်းငယ်ကို သောက်သုံးရင်တောင် အခွင့်အလမ်းပိုများသွားကြောင်း Binghampton တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုက ကိုယ်ဝန်ဆောင်စဉ် အရက်သောက်သုံးခြင်းက သားအိမ်ထဲမှာ အရက်ထိတွေ့မှုမရှိတဲ့ မျိုးဆက်တွေအပေါ် အရက်နဲ့ဆက်စပ်တဲ့ အမူအကျင့်တွေအပေါ် သက်ရောက်မှုအကြောင်း လေ့လာခဲ့တာဖြစ်ပါတယ်။

"အရက်ရဲ့ အကျိုးဆက်တွေက genome နဲ့ epigenome (မျိုးဆက်ပြောင်းလဲမှု ကိုထိန်းချုပ်တဲ့ မော်လီကျူးများ) အပေါ် သက်ရောက်မှုဘယ်လို ရှိတယ်ဆိုတာကို စူးစမ်းလေ့လာပြီး နောက်မျိုးဆက်တွေကို ဘယ်လိုမျိုးရိုးလိုက်တယ်ဆိုတာ သိရှိသတ်မှတ်ဖို့ လိုပါတယ်။" လို့ စိတ္တဗေဒပညာရှင် တွဲဖက်ပါမောက္ခ ဒေါက်တာ Nicole Cameron ကပြောသွားပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: Daily Mail

လက်သည်းတွေက ပြောပြနေတဲ့ သင့်ကျန်းမာရေး



သင့်မှာရှိနေတဲ့လက်သည်းတွေဟာ သင့်ရဲ့ကျန်းမာရေးအကြောင်းကို တစ်နည်းတစ်ဖုံနဲ့ပြောပြနေပါတယ်။ လက်သည်းတွေ အရောင်ပုံမှန်မဟုတ်တာ ၊ ကျိုးလွယ်ပဲ့လွယ်တာတွေဟာဆိုရင်တော့ သင့်မှာဖြစ်ပေါ်နေတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေလည်းဖြစ်ပါတယ်။

လက်သည်းများ အရောင် ဖျော့နေရင်တော့ သွေးအားနည်းတာတွေ ၊ နှလုံးသွေး အိုင်လို့ အလုပ်မလုပ်နိုင်တာ (Congestive Heart Failure)၊ အသည်းရောဂါနဲ့ အာဟာရ မပြည့်ဝမှုတို့ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

လက်သည်းတွေက ဖြူနေပြီး လက်သည်း၏ နှုတ်ခမ်းသားတွေ အရောင်ရင့်နေရင်တော့ အသည်း ရောဂါ လက္ခဏာတစ်ခုဖြစ်တဲ့ အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။

လက်သည်းတွေဝါစေတဲ့ အဖြစ်များဆုံး အကြောင်းကတော့ လက်သည်းမှို စွဲတာပါပဲ။ အခြား အဖြစ်နည်းတဲ့ လက်သည်းဝါ စေတဲ့အကြောင်းတွေ ကတော့ သိုင်းရွိုက် ရောဂါ၊ အဆုတ်နဲ့ ဆီးချိုရောဂါတွေ ဖြစ်ပါတယ်။

လက်သည်းတွေ ပြာနေရင် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်လုံလုံလောက်လောက်မရဘူးဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီလက္ခဏာဟာ နမိုးနီးယားလိုမျိုး အဆုတ်ရောဂါနဲ့ နှလုံးရောဂါတွေနဲ့လည်း ဆက်စပ် နိုင်ပါတယ်။

လက်သည်းတွေပေါ်မှာ လှိုင်းများ ထနေတာ ဒါမှမဟုတ် အချိုင့်ငယ်တွေ ပေါ်နေတာတွေဖြစ်နေရင်တော့  အဆစ်ရောင် ရောဂါရဲ့ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လက်သည်းအရောင်တွေ လျော့လာပြီး လက်သည်း အောက်ခြေအသားနီညိုရောင်ကို ပိုပြီး ထင်ထင်ရှားရှား မြင်လာရရင်လည်း ဒီလိုရောဂါတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

လက်သည်းများကွဲခြင်း၊ ကျိုး ခြင်းဟာဆိုရင်တော့ ရောဂါတစ်ခုခုနဲ့ ဆက်စပ် နေနိုင်ပါတယ်။ (ဒါပေမယ့် လက်သည်းကျိုး လွယ်တာနဲ့ လက်သည်း ၀ါတာတွေ တွဲဖြစ်လာရင်တော့ လက်သည်း မှိုစွဲခြင်းကြောင့် ပိုဖြစ် နိုင်ပါတယ်)။

လက်သည်းပတ်လည်မှာရှိနေတဲ့ အသားတွေရောင်တာဟာ ကြွက်သားရောဂါ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လက်သည်း အောက်ခြေမှာ အနက်စင်းတွေပေါ်နေရင်တော့ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။ အဲဒါက အရေပြား ကင်ဆာရဲ့လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။

လက်သည်းတွေကိုက်တတ်တဲ့အကျင့်ကတော့  စိတ်ပူပန်မှုရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပြီး ဒီအကျင့်ကို မဖျောက်နိုင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေး သင့်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : WebMD


ချောကလက်စားသုံးခြင်းက မှတ်ဥာဏ်ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်နိုင်မှု မြင့်မားစေ



ချောကလက်ကြိုက်တတ်တဲ့သူတွေအတွက်တော့ သတင်းကောင်းဖြစ်စေမှာပါ။ ချောကလက်စားတာဟာ မှတ်ဥာဏ်ကို ပိုပြီးကောင်းမွန်စေနိုင်ပြီး အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြင့်မားစေတယ်လို့ သိရပါတယ်။ မှတ်ဥာဏ်စွမ်းရည်ကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ချိန်မှာတော့ တစ်ပတ်တစ်ခါ ပုံမှန်နှုန်းနဲ့ ချောကလက်စားတဲ့သူဟာ ပိုပြီးတော့ ရလဒ်တွေကောင်းမွန်လေ့ရှိတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

ဒီလိုရလဒ်မျိုးထွက်ပေါ်လာရတာဟာဆိုရင်တော့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ ဖလေဗနိုးလ်ကြောင့်ဖြစ်ပြီး အချိုကဲတဲ့အစားအစာတွေမှာ ပါဝင်တတ်ပြီး ချောကလက်အနက်မှာတော့ ကြွယ်ကြွယ်ဝဝပါဝင်တယ်လို့ သိရပါတယ်။ ဒီရဲ့ ဖလေဗနိုးလ်ဒြပ်ပေါင်းဟာဆိုရင်တော့ Antioxidant ဓာတ်တစ်မျိုးဖြစ်တာကြောင့် ဆိုးကျိုးတွေလည်းရှိပြီး တစ်ချို့ဆဲလ်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တယ်လို့ သိရပါတယ်။

ချောကလက်ဟာ မှတ်ဥာဏ်ပျောက်ဆုံးတာတွေ ၊ နှလုံးရောဂါတွေနဲ့ အလေးချိန်တိုးမှုကို တားဆီးပေးတာတွေကို လေ့လာတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ အခုလို မှတ်ဥာဏ်ကောင်းစေပြီး အာရုံစူးစိုက်နိုင်စွမ်းမြင့်တက်စေတာကို ထပ်ပြီးတော့ တွေ့ရှိခဲ့ရတာပါ။  လူ ၁၀၀၀ လောက်ကို ကာလရှည်စောင့်ကြည့်ခဲ့တဲ့ ဒီလေ့လာမှုမှာတော့ ချောကလက်ဟာ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆက်စပ်နေတာကို အခုလို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပစ္စည်းတွေ ဘယ်နေရာမှာထားခဲ့တာ ၊ စာလုံးစုတွေကို အချိန်ကြာမှာ ပြန်မေးတာနဲ့ အတိတ်က အကြောင်းအရာနဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်မေးမြန်းမှုတွေပြုလုပ်ခဲ့ရာမှာတော့ ချောကလက်ကို တစ်ပတ်တစ်ခါလောက် ပုံမှန်စားသုံးသူတွေက ရလဒ်ပိုကောင်းတာကို တွေ့ခဲ့ရပါတယ်။

ဒီလိုတွေ့ရှိမှုတွေကြောင့် ချောကလက်စားသုံးတာဟာ ဦးနှောက်ပိုင်းဆိုင်ရာ မေ့လျော့မှုတွေကို ဖယ်ရှားပေးနိုင်ပြီး သက်ကြီးရွယ်အိုတွေမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


ဆယ်ကျော်သက်အရွယ်မှာ အရက်သောက်တာက သွေးတိုးနဲ့နလုံးရောဂါဖြစ်ပွားနိုင်မှုကို ပိုမိုအားပေး



ဒီနေ့ခေတ် ဆယ်ကျော်သက်တွေရဲ့ လေးပုံတစ်ပုံခန့်ဟာဆိုရင်တော့ အရက်သောက်တတ်နေကြပြီး သူတို့ရဲ့ အခုလို အပြုအမူတွေဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါတွေဖြစ်နိုင်ချေကို တိုးတက်နေစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အခုလို သောက်စားပျော်ပါးတတ်တဲ့ ပြဿနာဟာဆိုရင်တော့ ဆယ်ကျော်သက်အရွယ် ကျား ၊ မ မရွေးမှာ တွေ့ကြုံရလေ့ရှိတဲ့ အမူအကျင့် တစ်ခုလို ဖြစ်နေတယ်လို့လည်း သုတေသီတွေက ဖော်ပြထားပါတယ်။

တက္ကသိုလ်တွေမှာ လိုက်လံစမ်းသပ်ခဲ့တဲ့ ဒီစစ်တမ်းမှာဆိုရင်တော့ အသက် ၂၀ မတိုင်ခင် သောက်စားပျော်ပါးနေခဲ့တာဟာ သာမန်လူတွေထက် နှလုံးနဲ့ သွေးတိုးရောဂါတွေ ပိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

“ဒီလို သောက်စားတတ်တဲ့ကလေးတွေကို ကျွန်တော်တို့ သွေးဖိအားသွားတိုင်းခဲ့ကြတော့ လုံးဝမသောက်စားတတ်တဲ့သူတွေနဲ့ ယှဉ်ရင် မာကျူရီမီလီမီတာ ၂ ကနေ ၄ အထိ မြှင့်တက်နေတာတွေ့ရတယ်။ဒီလို သွေးဖိအားအမြဲတမ်းမြင့်နေတာက သွေးတိုးနဲ့ နှလုံးလို
 ရောဂါတွေဖြစ်နိုင်ချေကို ပိုမြင့်စေတယ် ”

“ဒီလို အခြေအနေတွေက စိုးရိမ်စရာပဲ။ ဒီလို လက္ခဏာတွေက ဆယ်ကျော်သက်တွေကို ပိုပြီးတော့ စိတ်ဖိစီးမှုတိုးစေတဲ့အပြင် ဒီလိုရောဂါတွေဆိုတာကလည်း နာတာရှည်ရောဂါတွေချည်းပဲမို့ စောစောစီးစီးသေဆုံးနိုင်ချေကို မြင့်စေတယ်။  ဆရာဝန်အတော်များများအနေနဲ့တော့ သူတို့လေးတွေရဲ့ အရက်သောက်သုံးမှုပမာဏကို တိုင်းထွာပေးသင့်တယ်ထင်တယ် ” လို့ ပရော်ဖက်ဆာ O’Loughlin က ပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

တရုတ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ရောက်ရှိနေပြီဟု အတည်ပြု




တရုတ်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဋ္ဌာနဟာဆိုရင်တော့ သူတို့ရဲ့ နိုင်ငံကို ရောက်ရှိလာတဲ့ ဇီကာဗိုင်းရပ်စ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး တရုတ်နိုင်ငံအတွင်းမှာ ပထမဆုံးအဖြစ် ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့ အမျိုးသားကိုလည်း နိုင်ငံအဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဆင်ဟွာသတင်းဋ္ဌာနရဲ့ အဆိုအရတော့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ဟာ ရာသီဥတု အအေးဒဏ်ကြောင့် လျင်လျင်မြန်မြန်တော့ ပျံ့နှံ့နိုင်ဖွယ်မရှိဘူးလို့ ယူဆနေကြတယ်လို့ သိရပါတယ်။ ကူးစက်ခံရတဲ့အမျိုးသားဟာ ပြီးခဲ့တဲ့ရက်အတွင်းက ဗင်နီဇွဲလားနိုင်ငံကို ခရီးထွက်နေတည်းက ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ ၊ မူးဝေတာတွေဖြစ်ခဲ့ပြီး တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာတော့ ဇီကာဗိုင်းရပ်စ်ကူးစက်ခံလာရတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

WHO ကတော့ ဇီကာဗိုင်းရပ်စ်ကို စိုးရိမ်ဖွယ်အဆင့်အထိ ကြေညာထားပြီး ဖြစ်ပြီး အမေရိကတောင်ပိုင်းနဲ့ မြေထဲပင်လယ်ဒေသတွေမှာ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်လာခဲ့တာဖြစ်ပါတယ်။ နွေရာသီအိုလံပစ်ပွဲတော်ကို လက်ခံကျင်းပမယ့် ဘရာဇီးလ်နိုင်ငံကတော့ ဇီကာဗိုင်းရပ်စ်ကြောင့် အဖြစ်ပွားဆုံးနေရာတစ်ခု ဖြစ်နေပါတယ်။ ဘရာဇီးဟာ အခုလို ရောဂါပြန့်ပွားနှုန်းမြန်ဆန်နေပေမယ့်လည်း သူတို့ရဲ့ ကာနီဗယ်ပွဲတော်ကို မကြာသေးခင်အချိန်ကမှ စည်စည်ကားကား ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။

ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ ဦးနှောက်ကို ကျုံ့သွားနိုင်တဲ့အထိ ပြင်းထန်ပြီး  ဇီကာဗိုင်းရပ်စ်ကိုက်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကလေးမွေးဖွားလာချိန်မှာလည်း သာမန်ထက် ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ဦးနှောက်လေးတွေနဲ့ ကလေးတွေကို မွေးဖွားလာစေနိုင်တဲ့အထိ ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အတော်များများကတော့ သူတို့ရဲ့ ခန္ဒာကိုယ်မှာ ဇီကာဗိုင်းရပ်စ်ရှိနေတယ်ဆိုတာ မသိရှိကြဘဲနဲ့ အခုနောက်ပိုင်းမှာမှ ဆေးပညာ လေ့လာမှုတွေကြောင့်သာ သိရှိခဲ့ရတာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : BBC

ဘာသာစကားနှစ်မျိုးတတ်တဲ့ကလေးတွေက ပြဿနာဖြေရှင်းရာမှာပိုတော်


ဘာသာစကားနှစ်မျိုးပြောတတ်တဲ့ကလေးတွေဟာ ဘာသာစကားတစ်မျိုးပဲပြောတတ်တဲ့ကလေးတွေထက်စာရင် ပြဿနာတွေကိုဖြေရှင်းတဲ့နေရာမှာ ပိုမိုသာလွန်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြခဲ့ပါတယ်။

သုတေသီတွေဟာ မွန်ထရီယယ်လ်နဲ့ ကနေဒါက အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုပါပြောတတ်တဲ့ ကလေး၃၉ယောက်နဲ့ ဘာသာစကားတစ်မျိုးပဲပြောတတ်တဲ့ ကလေး၄၃ယောက်တို့ကို ဆန်ဒီယေဂိုမှာ နှိုင်းယှဉ်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေအနေနဲ့ ကလေးတွေရဲ့ မိဘတွေကို ကလေးအနေနဲ့ ဘာသာစကားဘယ်လောက်များများနားလည်နိုင်လဲ ဆိုတာကို မေးမြန်းခဲ့ကြပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ ဝေါဟာရတွေကို အသက်နှစ်နှစ်အရွယ်မှာ သင်ကြားပြီး နောက် ၃၁လနေရင် ဦးနှောက်က ထပ်မံသင်ကြားတာဖြစ်ပါတယ်။

ဒီလေ့လာချက်ကို ကနေဒါနိုင်ငံ ကွန်ကော်ဒီယာတက္ကသိုလ်နဲ့ အမေရိကန်ပြည်ထောင်စုက ဆန်ဒီယေဂိုပြည်နယ်တက္ကသိုလ် နဲ့ ဆွစ်ဇာလန်နိုင်ငံဂျီနီဗာ တက္ကသိုလ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး  "ကလေးစိတ်ပိုင်းဆိုင်ရာစမ်းသပ်လေ့လာ" ဆိုတဲ့ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

သုတေသီတွေက ကလေးတွေကို ဂိမ်းကစားနည်းတစ်မျိုးနဲ့စမ်းသပ်ခဲ့ကြပြီး ဂိမ်းကစားတဲ့အတုံးတွေကို ဘယ်ဟာအကြီးလဲ၊ ဘယ်ဟာအသေးလဲ အရင်မေးပြီး ကြီးတဲ့အတုံးကို ခြင်းအကြီးမှာထည့်စေပြီး သေးတဲ့အတုံးကို ခြင်းသေးမှာ ထည့်စေခဲ့တာပါ။ ပြီးတော့ အပြန်အလှန်အနေနဲ့ သေးတဲ့အတုံးကို ကြီးတဲ့ခြင်းမှာ ကြီးတဲ့အတုံးကို သေးတဲ့ခြင်းမှာထည့်စေခဲ့တာပါ။

ဒီလိုလုပ်ဆောင်စေရာမှာ ဘာသာစကားနှစ်မျိုးတတ်တဲ့ကလေးတွေက ဒုတိယအကြိမ်ပြုလုပ်တဲ့ဂိမ်းမှာ ပိုပြီးလုပ်ဆောင်နိုင်ခဲ့ကြတာကိုတွေ့ရတာဖြစ်ပါတယ်။ သုတေသီတွေက ဘာသာစကားနှစ်မျိုးတတ်တဲ့ ကလေးတွေဟာ ဖြတ်ထိုးဥာဏ်နဲ့ တခြားစဉ်းစားတွေးခေါ်မှုပိုင်းတွေမှာလည်း အရွယ်ရောက်လာတဲ့အခါ ပိုမိုအားကောင်းလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Independent

မိမိရင်သွေးငယ်ရဲ့ ချစ်ခင်ကြောင်းပြသတဲ့ လက္ခဏာများ



ကလေးငယ်ဟာ ကိုယ့်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ခြင်း - မွေးကင်းစကလေးငယ်လေးတွေဟာ မျက်နှာတွေကို လိုက်ကြည့််ရတာ နှစ်သက်တတ်ကြပြီး မိခင်မျက်နှာကတော့ သူတို့ရဲ့ အကြိုက်ဆုံးပါပဲ။

မိခင်ရဲ့ကိုယ်သင်းနံ့ကို မှတ်မိနေခြင်း - ကလေးငယ်ကို ရနံ့မွှေးပျံ့တဲ့ နှင်းဆီပန်းတစ်စည်းကို မိခင်ရဲ့ ချွေးစိုပြီး၊ နို့ရည်တွေပေကျံနေတဲ့ တီရှပ်တစ်ထည်နဲ့အတူတူ ထားပေးကြည့်ပါ။ မိခင်ရဲ့တီရှပ်အင်္ကျီဆီကိုပဲ ဦးတည်သွားမှာဖြစ်ပါတယ်။ သူ့အတွက်တော့ မိခင်ရဲ့ကိုယ်သင်းရနံ့က အမွှေးပျံ့ဆုံးပါပဲ။

မိခင်ကို ပြုံးပြတတ်ခြင်း - မိမိရင်သွေးလေးက ကိုယ့်ကို ပထမဆုံးအကြိမ်ပြုံးပြတာဟာ တကယ့်ကို မှော်ဆန်လှတဲ့ အချိန်အခိုက်အတန့်ပါပဲ။ ဒါဟာ သူက ကိုယ့်ကို ချစ်တယ်လို့ ပြောတာနဲ့ အတူတူပဲမို့ပါ။

မိခင်ဖြစ်သူကို စကားတွေပြောခြင်း - ပထမပိုင်းမှာတော့ ကလေးငယ်ဟာ ကိုယ့်ကိုတွေ့တဲ့အခါ ၀ူးဝူးဝါးဝါးစကားတွေ စပြောမှာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက်ယုံကြည်စိတ်ချပြီး အားကိုးရတဲ့သူအဖြစ် သတ်မှတ်လို့ဖြစ်ပါတယ်။ သူကစကားတွေပြောလာတဲ့အခါ သူ့ကိုစကားတွေ ပြန်ပြောပေးဖို့လိုပါတယ်။

မိခင်ဖြစ်သူကို အနားမှာပဲ ရှိနေစေချင်ခြင်း -  ၆လ သားအရွယ်ရောက်လာတဲ့အခါ မိခင်အနားမှာ ရှိတဲ့အခါ ပျော်နေတတ်ပြီ မိခင်ကို မတွေ့တဲ့အခါ မပျော်တတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

မိခင်ကို အကွာအကွယ်ယူတတ်လာခြင်း - သူစိမ်းတစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ သူ့ခေါင်းကို မိခင်ရင်ခွင်ထဲ တိုးဝှေ့အကာအကွယ် ယူလာမှာဖြစ်ပါတယ်။ ဒါကတော့ ကလေးငယ်ဟာ မိခင်ဖြစ်သူကို ယုံကြည်စိတ်ချပြီး ချစ်ခင်မြတ်နိုးစွာနဲ့ အားကိုးရနိုင်တယ်လို့ ယူဆတဲ့အတွက်ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter

အရက်သောက်ခြင်းက HIV ရောဂါပိုးရှိနေတဲ့ လူတွေကို ပိုပြီး သက်တမ်းတိုစေ



အရက်သောက်ခြင်းက HIV ရောဂါပိုးရှိနေတဲ့ လူတွေကို ပိုပြီး သက်တမ်းတိုစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ HIV ပိုးကို ART ဆေးဝါးတွေနဲ့ ဆက်မပြန့်ပွားအောင် ထိန်းထားပြီး သက်တမ်းစေ့ နေနိုင်ပါတယ်။ ဒါပေမယ့်လည်း HIV ရောဂါပိုးရှိသူတွေဟာ
အရက်သောက်တတ်ရင်တော့ တခြားလူနာတွေထက် အရက်ကြောင့်ဖြစ်တဲ့ ရောဂါဖြစ်ပွားတာပိုမြန်ပြီး အသက်တိုစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လေ့လာသူတွေဟာ့ HIV ရောဂါဖြစ်နေပြီး တစ်နေ့ကို အရက်နှစ်ခွက်အထက် ပုံမှန်သောက်တတ်တဲ့သူတွေကို လေ့လာခဲ့ရာမှာ အယ်လ်ကိုဟောကြောင့် ဖြစ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေဟာ လူနာကို သာမန်လူနာတွေထက် အသက်တိုစေနိုင်တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

HIV ရောဂါပိုးရှိနေတဲ့ လူနာ ၁၈၀၀၀ နဲ့ HIV မဖြစ်တဲ့လူနာ ၄၂၀၀၀ ကို လေ့လာသူတွေက စောင့်ကြည့်ခဲ့ကြပါတယ်။ HIV ရောဂါပိုးရှိတဲ့ သူတွေဟာဆိုရင်တော့ အရက်သောက်သုံးရာမှာ အရက်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးထိခိုက်မှုတွေ ပိုအဖြစ်မြန်ပြီး သာမန်လူတွေကတော့ ကျန်းမာရေးဆိုးကျိုးတွေကို နောက်ပိုင်းမှာမှ ခံစားရတာကို တွေ့ခဲ့ရတာပါ။

ဒါ့ကြောင့် ဦးဆောင်လေ့လာသူ ဒေါက်တာအေမီဂျက်စတစ်က “ HIV ရှိနေတဲ့ လူနာတွေဟာ ART ဆေးကို မှန်မှန်သောက်ပြီး ကျန်းမာရေးနဲ့အညီ နေထိုင်မှ သက်တမ်းစေ့နေနိုင်မှာပါ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေကို မပြောင်းလဲရင်တော့ ဆေးသောက်လည်း သက်တမ်းစေ့နေနိုင်ဖို့ အာမ,မခံနိုင်ဘူး ” လို့ ပြောပါတယ်။   

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : WebMD


ကလေးသေးခံ Diaper အပူလောင်ခြင်း



ကလေးငယ်လေးတွေတိုင်း တစ်ချိန်မဟုတ်တစ်ချိန် သေးခံအ၀တ် Diaper ကြောင့် အပူလောင်တာတွေဖြစ်တတ်ကြပါတယ်။ ဘာကြောင့် ဒီလိုအပူလောင်ရတယ်၊ ဘယ်လိုပုံစံမျိုး ဖြစ်နေတယ်၊ ဘယ်လိုကုသရမယ်၊ မဖြစ်အောင်ဘယ်လိုကာကွယ်မယ်ဆိုတာတွေကို သိထားဖို့က အရေးကြီးပါတယ်။

ကလေးသေးခံအ၀တ် Diaper ကြောင့်အပူလောင်တာတွေကို ဘယ်လိုကာကွယ်မလဲ?

ဒါတွေကတော့ ဘယ်လိုပုံစံကာကွယ်မလဲဆိုတဲ့ အသုံးမယ့်အချက်အလက်လေးတွေပါ:

•    တင်ပါးလေးတွေကို ခြောက်သွေ့နေစတာကတော့ အကောင်းဆုံးကာကွယ်နည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မကြာခနဆိုသလို Diaper ၀တ်ကို လဲလှယ်ပေးဖို့ လိုပါတယ်။

•    Diaper ၀တ် ပြောင်းလဲပေးမယ်ဆိုတိုင်း ကလေးငယ်ရဲ့ လိင်အင်္ဂင်္ါတစ်ဝိုက်ကို သန့်ရှင်းပေးရပါမယ်။

•    အသားအရည်လေးတွေ ခြောက်သွေ့သွားအောင် အသာအယာ ပုတ်ပေးဖို့ လိုပါတယ်။ ဘယ်တော့မှ အ၀တ်နဲ့ သုတ်မပစ်ပါနဲ့။ Diaper အသစ် ၀တ်မပေးခင် ဆံပင်ခြောက်သွေ့အောင်လုပ်တဲ့ Hair Dryer အပူချိန်အနိမ့်ဆုံးနဲ့ လည်း ခြောက်သွေ့အောင်လုပ်ပေးနိုင်ပါတယ်။

•    Diaper ကိုလည်း တင်းတင်းကျပ်ကျပ် ၀တ်ဆင်ပေးတာမျိုး မလုပ်ပါနဲ့။ လေ၀င်လေထွက်ရှိနေစေဖို့အတွက် ချောင်ချောင်ချိချိရှိတဲ့ အ၀တ်မျိုး ၀တ်ဆင်ပေးပါ။

•    အ၀တ်နဲ့ချုပ်လုပ်ထားတဲ့ Diaper တွေကို အမွှေးနံ့ပါတဲ့ ဆပ်ပြာနဲ့ လျှော်ဖွတ်ခြင်း၊ အမွှေးရည်စိမ်ခြင်းတွေ မပြုလုပ်ရပါဘူး။ အဲဒီလိုပြုလုပ်ခြင်းက ကလေးငယ်ရဲ့ အရေပြားကို ယားယံစေနိုင်ပါတယ်။

•    မိခင်နို့ကို အချိန်ကြာကြာ တိုက်ကျွေးနိုင်သမျှ တိုက်ကျွေးဖို့လိုပါတယ်။ ဒီလို နို့ချိုတိုက်ကျွေးခြင်းအားဖြင့် သာမာန် ရောဂါပိုးမွှားကူးစက်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး Diaper အပူလောင်ခြင်းဖြစ်စေတဲ့ ရောဂါပိုးမွှားကူးစက်ခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter

အားကစားသမားတွေအပေါ် သက်ရောက်လေ့ရှိတဲ့ နှလုံးရောဂါကို ကာကွယ်နိုင်ဖို့ လေ့လာတွေ့ရှိ



အားကစားသမားတွေမှာ ရုတ်တရက်သေဆုံးမှုဖြစ်စေတဲ့ နှလုံးရောဂါ အခြေအနေတွေကို ကာကွယ်နိုင်ဖို့  သိပ္ပံပညာရှင်များက ကုထုံးအသစ်ကို တွေ့ရှိခဲ့ကြပါတယ်။

ဒီကုထုံးအသစ်ကို  Vermont တက္ကသိုလ်မှ  လေ့လာသူ David Warshaw ပြုလုပ်တဲ့ သုသေသနအပေါ်ကို အခြေခံခဲ့ပြီး နှလုံးထဲမှာရှိတဲ့ ပရိုတင်းတွေရဲ့ဇီဝပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို လေ့လာခဲ့ပါတယ်။

 “ ဒီသုသေသနပြုလုပ်မှုက Hypertrophic cardiomyopathy ရောဂါကို ကုသနိုင်မယ့် အခြေခံအချက်အလက်တွေကို ပေးပါတယ်” လို့ Warshaw က ပြောခဲ့ပါတယ်။

Hypertrophic cardiomyopathy မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး နှလုံးရဲ့နံရံတွေကို ပါးလွာစေသောကြောင့် သွေးတွေကို ကောင်းကောင်း ညှစ်မထုတ်နိုင်တဲ့အတွက် နှလုံးရပ်တန့်စေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

ပရိုတင်းများရဲ့ဇီဝဖြစ်ပေါ်မှုလို့ သိရှိသော myosin များဖြစ်ပေါ်မှုက ဒီလိုအခြေအနေတွေကို ဖြစ်ပေါ်စေပြီး myosin တွေက ဓာတုစွမ်းအင် မှ စက်မှုစွမ်းအင် ကို ပြောင်းလဲပြီး နှလုံးရဲ့ရွေ့လျားမှုကိုဖြစ်ပေါ်စေပါတယ်။

 myosin တွေက စွမ်းအင်တွေများစွာထုတ်လုပ်တဲ့အခါ hypertrophic cardiomyopathy ရောဂါကို ဖြစ်ပေါ်စေပါတယ်လို့ Warshaw ကပြောပါတယ်။

လက်ရှိကုထုံးတွေကတော့ ဒီလိုရောဂါလက္ခဏာရှိတဲ့ မွေးကင်းစ ကလေးငယ်လေးတွေမှာ ခံနိုင်ရည်စွမ်း မျိုးရိုးဗီဇတွေ ပြောင်းလဲပေးပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ရောဂါတွေကို ကုသပေးနိုင်ပြီး ကောင်းမွန်တဲ့ရလဒ်တွေကို တွေ့ရှိခဲ့ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ ငါးကြီးဆီ



နေ့စဉ်ပုံမှန် သောက်လေ့ရှိတဲ့ ငါးကြီးဆီကြောင့် အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုနှုန်း ၇၀ ရာခိုင်နှုန်းကျော် မြင့်မား လာနိုင်တယ်လို့ အမေရိကန်ကင်ဆာရောဂါဋ္ဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုဖြစ်ပွားနှုန်းမြင့်မားရတာကတော့ ငါးကြီးဆီးဟာ "အိုမီဂါ 3"  ပါဝင်မှု များပြားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ "အိုမီဂါ 3" ဟာဆိုရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ဆဲလ်တွေကို ပျက်စီးစေပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်တယ်လို့ ကင်ဆာသုတေသီတွေက ပြောပါတယ်။
သုတေသနပညာရှင်တွေဟာဆိုရင်တော့ ဆီးကျိတ်ကင်ဆာခံစားနေရတဲ့ အမျိုးသား ၁၇ ယောက်ကို ရှစ်နှစ်တာ သုတေသန ပြုလုပ်ရာကနေပြီး အခုလိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်ရတာဟာဆိုရင်တော့ မျိုးရိုးဗီဇနှင့် ယောက်ျားဟော်မုန်း DTH (Dihydrotestosterone) ကြောင့် အဖြစ်များလေ့ရှိတယ်လို့ လေ့လာသူတွေက ပြောပြပါတယ်။ ငါးကြီးဆီးက " အိုမီဂါ 3 " အက်စစ်က ဒီဟော်မုန်းကို အားပေးတာကြောင့် အခုလို ဖြစ်ပွားနှုန်းမြင့်တက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင်တော့ ငါးကြီးဆီကို အရိုးသန်မာစေရေးနှင့် မျက်စိအားကောင်းစေရေး တို့အတွက် ကလေးတွေကို နေ့တိုင်းလိုလို တိုက်ကျွေးလေ့ ရှိပြီး ပုံမှန်သောက်သုံးနေကျ ဆေးပမာဏဆိုရင်တော့ ကျန်းမာရေးအရ ပူပန်စရာ အကြောင်းမရှိဘူးလို့လည်း လေ့လာသူတွေက ပြောပါတယ်။ သက်ကြီးပိုင်းမှာဆိုရင်တော့ ငါးကြီးဆီကို ကိုလက်စထရောကျဆင်းစေဖို့ သောက်သုံးလေ့ရှိကြပါတယ်။

 " အိုမီဂါ 3 "အက်စစ်ဟာဆိုရင်တော့ နှလုံးသွေးကြောစနစ်ကို အဓိက ကိုင်တွယ် ဖြေရှင်းပေးပြီး ခန္ဓာကိုယ်အလေးချိန်နှင့် ဇီဝ ဖြစ်စဉ်များကို အထောက်အကူပေးကြောင်း နိုင်ငံတကာ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဒါပေမယ့်လည်း ပုံမှန်မဟုတ်ဘဲ ပမာဏများများသောက်မိရင်တော့ အမျိုးသားတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတေ ဖြစ်စေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Foxnews

ဆေးခြောက်သောက်ခြင်းက စာလုံးမှတ်နိုင်စွမ်းကို လျော့ကျစေ



ဆေးခြောက်ကို နှစ်ရှည်လများသောက်သုံးလာတဲ့သူတွေဟာဆိုရင်တော့ သူတို့ရဲ့ ဦးနှောက်မှာ စာလုံးပေါင်းမှတ်ဥာဏ်တွေ လျော့ကျလာတာကို တွေ့ရတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။ ဆေးခြောက်သောက်သုံးနေတဲ့သူတွေကို ငါးနှစ်ကြာတစ်ခါ လေ့လာမှုပြုလုပ်ခဲ့ရာမှာတော့ လူနှစ်ယောက်မှာ တစ်ယောက်ဟာ စာလုံးရေ ဆယ့်ငါးလုံးမှာ တစ်လုံးထက်မနည်းမေ့လျော့လာတာကို တွေ့ရှိခဲ့ရပါတယ်။

ဆေးခြောက်ကို ကာလရှည်သုံးစွဲလာခဲ့တဲ့သူတွေဟာ ဆိုရင်တော့ အခုလို မေ့လျော့လာတတ်တဲ့အပြင် စီမံခန့်ခွဲမှုနဲ့ အာရုံစိုက်နိုင်မှု စွမ်းအားတွေလည်း အခြားသူတွေထက် လျော့နည်းလာတယ်လို့လည်း သိရပါတယ်။ လေ့လာသူတွေဟာဆိုရင်တော့ ဆေးခြောက်သုံးစွဲနေတဲ့ အရွယ်ရောက်ပြီးသူ ၅၀၀၀ လောက်ကို မှတ်ဥာဏ်စွမ်းရည်စမ်းသပ်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက်မှာတော့ အခုလို ရလဒ်တွေကို သိရှိခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမျိုး မှတ်ဥာဏ်ကျဆင်းမှုတွေ ဖြစ်ပေါ်လာအောင် ဘယ်ဓာတ်က အဓိက အကျိုးသက်ရောက်လဲ မသိသေးပေမယ့်လည်း ပညာရှင်တွေကတော့ tetrahydrocannabinol က ဦးနှောက်ကို အကျိုးသက်ရောက်စေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီလိုကာလရှည်လေ့လာမှုတွေအရတော့ ဆေးခြောက်သုံးစွဲတာက မှတ်ဥာဏ်စွမ်းရည်ကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ သေချာတဲ့ အကြောင်းပြချက်တစ်ခုဖြစ်နေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။




( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Foxnews

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?



နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT

အကြောအရွတ်များနာကျင်မှုက အဆင့် ၂ ဆီးချိုရောဂါနှင့် ဆက်စပ်မှုရှိ



လေ့ကျင့်ခန်း ပြုလုပ်တာက အဆင့်နှစ် ဆီးချိုရောဂါကို တားဆီးရာမှာ အရေးကြီးပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် ပြုလုပ်တာကလည်း အကြောအရွတ်များနာကျင်မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းပြုလုပ်မှုကို အနှောက်ယှက်စေတယ် လို့ သုသေသနပြုသူတွေက ပြောပါတယ်။

ပြုလုပ်ခဲ့ပြီးသောလေ့လာမှုများကို အသေးစိတ်ဆန်းစစ်ချက်များအရ  Tendinopathy လို့ခေါ်တဲ့ အကြောအရွတ်တွေနာကျင်တဲ့ရောဂါရှိသူတွေက မရှိသူတွေထက် အဆင့်နှစ် ဆီးချိုရောဂါဖြစ်နိုင်ခြေ ၃ဆပိုများတယ်လို့ သုသေသနပြုသူတွေက တွေ့ရှိထားကြပါတယ်။

အကြောအရွတ်ဆိုတာ အရိုးနဲ့ကြွက်သားတွေကို တွယ်ဆက်ပေးထားတဲ့ နူးညံ့လှတဲ့တစ်ရူးတွေဖြစ်ကာ အဲဒီတစ်ရူးတွေ ဒဏ်ရာရတာနဲ့ယောင်ယမ်းတာကို Tendinopathy လို့ခေါ်တာဖြစ်ပါတယ်။

များသောအားဖြင့် အလွန်အကျွံလှုပ်ရှားတာနဲ့ထပ်ကာထပ်ကာပြုလုပ်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်တတ်ပါတယ်။ အကြောအရွတ်များနာကျင်မှုက လေ့ကျင့်ခန်းအစီအစဉ်တွေ မပြုလုပ်နိုင်အောင်ဖြစ်စေတတ်ပါတယ်။ လေ့ကျင့်ခန်းတွေက ဆီးချိုရောဂါထိန်းချုပ်မှုအတွက် အလွန်အရေးပါလှပါတယ်။

ဆီးချိုရောဂါနဲ့အကြောအရွတ်တွေနာကျင်မှုတို့ရဲ့ ဆက်စပ်မှုကို လေ့လာဖို့အတွက် Gaida ကောလိပ်မှကျောင်းသားတွေက အဖွဲ့ ၃၁ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ၂၆ဖွဲ့က အဆင့်နှစ် ဆီးချိုရောဂါရှိတဲ့သူတွေကို လေ့လာပြီး ကျန်တဲ့ငါးဖွဲ့ကတော့ Tendinopathy ရောဂါလက္ခဏာရှိတဲ့သူတွေကို လေ့လာပါတယ်။

သူတို့တွေ ရရှိလာတဲ့ အချက်အလက်တွေကို ပြန်လည်စုပေါင်းပြီး စစ်ဆေးတဲ့အခါမှာတော့ Gaita အဖွဲ့က ဆီးချိုရှိတဲ့သူတွေက မရှိတဲ့သူတွေနဲ့ယှဉ်ကြည့်လိုက်ရင် Tendinopathy ဖြစ်နိုင်ခြေ ၃.၆၇ဆ ပိုများတာကို တွေ့ရှိရပါတယ်။ Tendinopathy ရှိနေတဲ့သူတွေကတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁.၃ဆ ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Foxnews

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျသက်သာစေတဲ့ဆေးဝါးတွေသုံးစွဲခြင်းက ကလေးငယ်ရဲ့နှလုံးရောဂါဖြစ်နိုင်မှုကို မတိုးတက်စေ



ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်ကျရောဂါကို သက်သာစေတဲ့ ဆေးဝါးများသုံးခြင်းက ကလေးငယ်ရဲ့ နှလုံးကိုချို့ယွင်းမှု မဖြစ်စေနိုင်ပါဘူးလို့ England မှာ ပြုလုပ်တဲ့ လေ့လာချက်အသစ်အရ သိရှိရပါတယ်။ ဒါပေမယ့် သန္ဓေသားအပေါ်မှာ ဆေးဝါးရဲ့ အကျိုးသက်ရောက်မှုကိုတော့ လေ့လာဆဲ ဖြစ်ပါတယ်။

လန်ဒန်ကောလိပ်တက္ကသိုလ်မှ သုသေသနပြုသူတွေက မွေးကာစကလေးငယ်တွေဖြစ်တတ်တဲ့ မွေးရာပါနှလုံးရောဂါချို့ယွင်းမှုတွေနဲ့ ဒီဆေးဝါးတွေနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာကို တွေ့ရှိခဲ့ကြတာက ကိုယ်ဝန်ဆောင်အမျိုးသမီးများ စိတ်ဓါတ်ကျခြင်းကို ကုသရာမှာ ကလေးငယ်တွေအတွက် ဆိုးကျိုးတွေရှိနိုင်ချေထဲက တစ်ချက်ကို ထည့်သွင်းစဉ်းစာဖို့ မလိုတော့ပါဘူးတဲ့။

 “ တစ်ချို့ အမျိုးသမီးတွေက သူတို့တွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ကျရောဂါသက်သာစေတဲ့ ဆေးဝါးတွေကို သုံးသင့်တယ်လို့ ယူဆကြပြီး အမျိုးသမီးအများစုကတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ကျရောဂါကို သက်သာစေတဲ့ ဆေးဝါးတွေကို မမွေးဖွားရသေးတဲ့ ကလေးငယ်အပေါ် ဘေးဥပဒ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် အသုံးမပြုကြပါဘူး “ လို့ University College London က သုသေသီတစ်ယောက်ဖြစ်တဲ့ Dr. Irene Petersen ကပြောပါတယ်။

သုသေသီတွေက မွေးဖွားပြီးချင်း ငါးနှစ်အတွင်း မွေးရာပါနှလုံးပုံမှန်မဟုတ်တဲ့ ကလေးများမှာပဲ  တစ်ရာခိုင်နှုန်းတောင်မရှိကြောင်း ပြီးတော့ စိတ်ကျရောဂါသက်သာစေတဲ့ ဆေးဝါးတွေ သုံးစွဲတဲ့ အမျိုးသမီးတွေ နှင့် မသုံးစွဲတဲ့ အမျိုးသမီးတွေမှာလည်း ထူးခြားတဲ့  ကွဲပြားခြားနားမှု မရှိဘူးလို့လည်း ဆိုပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အဝလွန်မှုက ကလေးကို အော်တစ်ဇင်ဖြစ်နိုင်နှုန်း မြှင့်တက်စေ




ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အဝလွန်ခြင်းဟာဆိုရင်တော့ မွေးဖွားလာမယ့် ကလေးငယ်ရဲ့ အော်တစ်ဇင်ရောဂါ(အထီးကျန်သည့်စိတ်ဝေဒနာရောဂါ) ဖြစ်နိုင်မှုနှုန်းထားကို
လေးဆလောက်မြင့်မားစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချိုရောဂါဖြစ်နေရင်လည်း ကလေးငယ်မှာ အော်တစ်ဇင်ရောဂါဖြစ်ပွားနိုင်မှု ရှိ / မရှိက တိုက်ရိုက်အချိုးကျနေတယ်လို့ Bloomberg ကျောင်းက လေ့လာသူတွေက ပြောပါတယ်။

“ ကျွန်တော်တို့ သိခဲ့တာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ အဝလွန်နေတာနဲ့ ဆီးချိုရောဂါလိုမျိုးတွေ ရှိနေတာဟာ ကလေးငယ်ရဲ့ ကျန်းမာရေးအတွက် မကောင်းစေဘူးဆိုတာကိုပါ။ အခုတော့ ကျွန်တော်တို့ ထပ်တွေ့ခဲ့ရတာကတော့ မိခင်ရဲ့ ဒီလိုရောဂါတွေဟာ ကလေးကို ကာလရှည်ကြာလာတဲ့အခါမှာတော့ အာရုံကြောဖွံ့ဖြိုးမှု နှေးကွေးစေတယ်ဆိုတာပါပဲ ” လို့ ဦးဆောင်လေ့လာသူ ဒေါက်တာ ရှောင်ဘင်ဝန်းက ပြောပါတယ်။

နောက်ဆုံးစစ်တမ်းတွေအရတော့ အော်တစ်ဇင်ရောဂါဖြစ်နေတဲ့ ကလေးငယ်တွေဟာဆိုရင်တော့ ၆၈ ယောက်မှာ တစ်ယောက်နှုန်းအထိမြှင့်တက်လာခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်တုန်းကတော့ ကလေးငယ် ၁၅၀ လောက်မှာ တစ်ယောက်နှုန်းဖြစ်ခဲ့တာ ဖြစ်ပေမယ့်လည်း အခုကာလမှာတော့ နှစ်ဆကျော်အထိ ဖြစ်ပွားမှုနှုန်းတိုးတက်လာခဲ့တာပါ။ ပညာရှင်တွေကလည်း ဒီရောဂါကို ကုသနိုင်ဖို့ နည်းလမ်းကို အခုကာလအထိ ရေရေရာရာ မရှာဖွေနိုင်သေးပါဘူး။

ဒါ့ကြောင့် ဒေါက်တာဝန်းနဲ့ လေ့လာသူတွေဟာဆိုရင်တော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ မွေးဖွားခဲ့တဲ့ ကလေးငယ် ၂၇၃၄ ယောက်နဲ့ သူတို့ရဲ့ မိခင်တွေကို သုတေသနပြုလုပ်ခဲ့ကြပါတယ်။ သုတေသနကာလတစ်လျှောက်လုံးမှာတော့ မိခင်တွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ကလေးငယ်တွေရဲ့ အာရုံကြော  ဖွံ့ဖြိုးမှုတွေကို စောင့်ကြည့်ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့တော့ ဆီးချိုရောဂါရှိတဲ့ မိခင်တွေနဲ့ အဝလွန်တဲ့မိခင်တွေရဲ့ ကလေးငယ်တွေဟာဆိုရင်တော့ ASD (အော်တစ်ဇင်အာရုံကြောချို့တဲ့မှုဖြစ်ပွားနိုင်နှုန်း) ပိုမိုမြင့်မားနေခဲ့တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
သူတို့ရဲ့ အခုလိုတွေ့ရှိမှုဟာဆိုရင်တော့ သန္ဓေသားလောင်းထဲမှာတည်းက အော်တစ်ဇင်ရောဂါက ဖြစ်ပွားနိုင်မှုရှိနေတယ်ဆိုတာကို သိရှိနိုင်ခဲ့ကြပါတယ်။

့အခုလိုတွေ့ရှိမှုတွေကြောင့် လေ့လာသူတွေဟာ ကလေးငယ်တွေ မိခင်ဝမ်းထဲမှာရှိစဉ်တည်းက ဒီရောဂါကို ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို ကြိုးစားပြီး ရှာဖွေသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : MNT

E-cigarettes သောက်သုံးခြင်းက ကိုယ်ခံစွမ်းအားကို ကျဆင်းစေ



Electronic cigarettes (E စီးကရက်) လို့ လူသိများတဲ့ ကျန်းမာရေးစီးကရက်ဟာဆိုရင်တော့ အဖျက်အမှောင့် ဘက်တီးရီးယားတွေရဲ့ လုပ်ဆောင်ချက်တွေကို အားပေးတာကြောင့် ကိုယ်ခံစွမ်းအားကို ကျဆင်းစေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ E-cigarettes သောက်သုံးသူအရေအတွက်ဟာဆိုရင်တော့ သုံးဆအထိမြှင့်တက်လာခဲ့တာကြောင့် ဒီစီးကရက်ရဲ့ ဆိုးကျိုးတွေကိုလည်း သုတေသီတွေက လိုက်လံရှာဖွေခဲ့တာပါ။

ဒီစီးကရက်တွေကိုတော့ ဆေးလိပ်မဖြတ်နိုင်တဲ့သူတွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့ပေမယ့်လည်း လူငယ်တွေကတော့ ခေတ်ပေါ်စီးကရက်တစ်မျိုးလို သောက်သုံးနေကြတာပါ။

ဒီဆေးလိပ်မှာ အောက်စီဂျင်လိုမျိုး လူတွေကို အကျိုးပြုစေတဲ့ ဓာတ်တွေပါဝင်နေပေမယ့်လည်း နောက်ဆုံးလေ့လာမှုတွေအရတော့ ဒီစီးကရက်တွေဟာ ကိုယ်တွင်းရောဂါပိုးတွေ ပြန့်ပွားအောင် ကူညီပေးတာကြောင့် လူရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို တဖြည်းဖြည်းအားနည်းလာအောင် ပြုလုပ်လိုက်ပြီး သေစေနိုင်တဲ့ အန္တရာယ်ရှိနေတာကို တွေ့ခဲ့ရတာပါ။

ကယ်လီဖိုးနီးယားက သုတေသနပြုလုပ်တဲ့သူတွေဟာဆိုရင်တော့ E စီးကရက် သောက်သုံးရာမှာ ထည့်သွင်းတဲ့ E liquid ထုတ်လုပ်သူတွေဆီကို သွားရောက်လေ့လာခဲ့ကြပါတယ်။ လေ့လာသူတွေဟာဆိုရင်တော့ E စီးကရက်ကနေ ထွက်လာတဲ့ အငွေ့တွေကို တစ်နေ့ကို တစ်နာရီနှုန်းနဲ့ အချိန်လေးပတ်ကျော် ရှူခိုင်းခဲ့ကြပါတယ်။

အဲ့လို့ ရှူရှိုက်ရတဲ့ ကြွက်တွေဟာဆိုရင်တော့ အသက်ရှူလမ်းကြောင်းတွေမှာ ရောင်ရမ်းတဲ့ အစက်အပြောက်တွေဖြစ်လာတဲ့အပြင် သူတို့ရဲ့ ကိုယ်ထဲမှာရှိတဲ့ နမိုးနီးယားရောဂါလို ဘက်တီးရီးယားတွေကလည်း ပြန့်ပွားနှုန်း ပိုမိုမြန်ဆန်လာတာကို တွေ့ခဲ့ကြပါတယ်။
ဒါ့ကြောင့် လူတွေမှာလည်း အလားတူဖြစ်ရပ်မျိုးတွေဟာ အချိန်ကြာလာတဲ့အခါမှာဖြစ်ပေါ်လာနိုင်ပြီး လေ့လာသူတွေကတော့ သင်သုံးတဲ့ အရည်အမျိုးအစားပေါ်မှာ မူတည်ပြီးတော့လည်း ကျန်းမာရေးကို အနှေးနဲ့ အမြန်ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။



( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : MNT
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ