ဇီကာဗိုင်းရပ်စ်ကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံပြဿနာများရှိနေ


ဇီကာဗိုင်းရပ်စ်နဲ့ဆက်စပ် မွေးဖွားလာတဲ့ ကလေးငယ်များမှာ အမြင်အာရုံပြဿနာသစ်တွေ ထပ်မံတွေ့ရှိကြောင်း သုတေသီများက ဆိုပါတယ်။
ပုံမှန်ထက် သေးငယ်တဲ့ ဦးခေါင်းနဲ့ ဦးနှောက်အရွယ်အစားဖြင့် မွေးဖွားလာစေနိုင်တဲ့ ဒီဗိုင်းရပ်စ်ကို တော်တော်များများ သိရှိပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လေ့လာချက်တွေမှာတော့ ဘရာဇီးကလေးငယ်တွေရဲ့ သုံးပုံပုံ တစ်ပုံမှာ အမြင်အာရုံကြောဆိုင်ရာ ပြဿနာတွေကိုပါ ထပ်မံခံစားနေရကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး မွေးဖွားလာတဲ့ ဘရာဇီးကလေးငယ်တွေမှာ မျက်လုံးပိုင်းဆိုင်ရာ အဓိကပြဿနာသုံးမျိုးဖြစ်တဲ့ မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်း၊ မျက်ကြည်လွှာအတွင်း သွေးယိုစီးခြင်းနဲ့ မျက်ကြည်လွှာအတွင်း ပုံမှန်မဟုတ်သော သွေးလွှတ်ကြောဖြစ်ပေါ်ခြင်း တို့ဖြစ်ပါတယ်။

အမြင်အာရုံပိုင်းဆိုင်ရာ ပြဿနာတွေတွေ့ရှိမှု နောက်ဆုံးအစီရင်ခံစာကို မေလ ၂၅ ရက်နေ့က အွန်လိုင်းဂျာနယ်ဖြစ်တဲ့ Ophthalmology မှာ ရေးသားဖော်ပြထားခဲ့တာဖြစ်ပါတယ်။

 “ ကျွန်တော်သိသလောက်တော့ မျက်စိပိုင်းဆိုင်ရာ ပြဿနာတွေဟာ အရင်တုန်းကတော့ ဇီကာဗိုင်းရပ်စ်နဲ့ မသက်ဆိုင်ပါဘူး။ ဒါပေမယ့် နောက်ထပ်ထပ်လေ့လာရမှာကတော့ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး ဖြစ်ပွားတဲ့ မျက်လုံးပြဿနာတွေကိုဖြစ်ပြီး ကလေးငယ်တွေမှာ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ပိုပြီးပြုလုပ်ရမလဲ ဆိုတာပဲဖြစ်ပါတယ် “ လို့ Stanford, Calif ရှိ Stanford University School of Medicine မှ ပါမောက္ခ Dr. Darius Moshfeghi က ဆိုပါတယ်။

သုတေသီတွေကတော့ ဇီကာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ရှိခဲ့တဲ့ နေရာဒေသအတွင်းရှိ ကလေးငယ်အားလုံး အမြင်အာရုံနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI



အသက် ၈ လကနေ ၁၀ လကြားကလေးတွေကို အစာမာ စကျွေးနိုင်တဲ့လက္ခဏာများ


•    အရာဝထ္ထုတွေကို လက်မနဲ့ လက်ညှိုးသုံးပြီး ကောက်ယူနိုင်ခြင်း
•    လက်တစ်ဖက်ရှိ ပစ္စည်းတွေကို အခြားလက်တစ်ဖက်သို့ ပြောင်းလဲယူနိုင်ခြင်း
•    ပါးစပ်အတွင်းကို ပစ္စည်းများထည့်သွင်းနိုင်ခြင်း
•    မေးရိုးများ လှုပ်ရှားပြီး ကြိတ်ချေဝါးနိုင်ခြင်း

ဘာတွေကျွေးမလဲ

•    မိခင်နို့ သို့ နို့မှုန့်
•    ပိုးသတ်ထားသော ချိစ်အနည်းငယ်နဲ့ အိမ်လုပ် ချိစ်အနည်းငယ်
•    ချက်ပြုတ်ပြီး ကြိတ်ချေထားသော မုန်လာဥနီ၊ အာလူး၊ ကန်စွန်းဥ
•    ကြိတ်ချေထားသော ငှက်ပျောသီး၊ မက်မွန်သီး၊ သစ်တော်သီး၊ ထောပတ်သီး
•    ကြက်ဥပြုတ်၊ အားလူးပြုတ်၊ မုန့်ကြွပ် အနည်းငယ်
•    ဆန်ပြုတ်၊ အရိုးမပါငါး၊ တိုဟူး၊ ပဲပြုတ် အနည်းငယ်ကဲ့သို့ ပရိုတင်းဓါတ်ပါသော အစာများ
•    ဘာလီစေ့၊ ဂျုံ အစရှိ သံဓါတ်ပြည့်ဝသော အစာများ

အစာမာစတင် ကျွေးပုံကျွေးနည်း

•    အစားအစာသစ်တစ်မျိုးကို တစ်ကြိမ် စတင်မိတ်ဆက်ကျွေးမွေးပါ။ ပြီးရင် ၂ ရက် ၃ ရက်ခန့် စောင့်ကြည့်ပြီးမှ နောက်ထပ် အစာသစ်တစ်မျိုးကို ထပ်ကျွေးပါ။ အစာစတင်ကျွေးပြီး တစ်မျိုးချင်းစီအကြောင်း ရေးချမှတ်သားထားပြီး နောက်တစ်ကြိမ်ထပ်မံကျွေးနိုင်ခြင်းရှိမရှိကို လွယ်လွယ်ကူကူသိရှိနိုင်မှာဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Babycenter


အမဲသားကင်နဲ့ဆယ်လ်မွန်တို့ကို နေ့စဉ်စားသုံးတာက ဆေးလိပ်ဖြတ်လိုက်သလို ကောင်းကျိုးတွေရနိုင်



အမဲသား ကင် နဲ့ ဆယ်လ်မွန် တွေ နေ့စဉ်စားသုံးခြင်းဟာ သင့်အတွက် ဆေးလိပ် ဖြတ်လိုက်သလို ကောင်းကျိုးတွေ ရရှိစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

ပရိုတိန်း ကြွယ်ဝတဲ့ အစားအစာ တွေကို များစွာ စားသုံးသူတွေဟာ သွေးဖိအား နည်းကျတာ ကိုတွေ့ရှိရပြီး ပိုမိုကျန်းမာရေး နဲ့ ညီညွတ်တဲ့ သွေးကြောတွေ ပိုင်ဆိုင် ထားကြတာ ကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် နှလုံး ရောဂါ နဲ့ အမောဖောက်မှု အန္တရာယ်တွေကို လျော့ကျ စေနိုင်ပါတယ်။

သိပ္ပံ ပညာရှင်တွေရဲ့ ပြောကြားချက်အရတော့ အခုလို အမဲသားကင် နဲ့ ဆယ်လ်မွန် တို့စားခြင်းကနေ ကောင်းကျိုးတွေ ရရှိလာတာဟာ ပရိုတိန်း ကို တည်ဆောက်ပေးနိုင်တဲ့ အမိုင်နို အက်ဆစ် ကိုရရှိ စေတဲ့အတွက် ခန္ဓာကိုယ်တွင်းက ဆဲလ်တွေ ၊ တစ်သျှူးတွေ နဲ့ ကြွက်သားတွေကို သန်မာလာစေရန် အကူအညီ ပေးပါတယ်။

အမိုင်နို အက်ဆစ် ပမာဏ များစွာ ကို စားသုံးသူတွေဟာလည်း ဆေးလိပ်ဖြတ်လိုက်သလို ၊ ဆား သုံးစွဲမှု လျော့လိုက်သလို (သို့) လေ့ကျင့်ခန်းတွေ ပိုလုပ်လိုက်သလို ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။

ထို သုတေသန မှာတော့ ဗြိတိန် အမျိုးသမီး အယောက် ၂၀၀၀ ကို အခြေခံပြီး ကျန်းမာရေး အချက်အလက် တွေ ရယူကာ လေ့လာခဲ့တယ်လို့ သိရပါတယ်။ အမိုင်နိုအက်ဆစ် ပုံစံ ၇ မျိုး နဲ့ ခွဲခြားပြီး အမျိုးသမီးတွေ စားသုံးတဲ့ အစားအစာတွေကို သုတေသီတွေက စစ်ဆေးခဲ့ကြပါတယ်။ အဲဒီအခါမှာတော့ အမိုင်နို အက်ဆစ် ပမာဏ များများစားသုံးခဲ့သူ အမျိုးသမီးတွေဟာ နှလုံးရောဂါ နဲ့ အမောဖောက်ခြင်းကို အဓိက ဖြစ်စေနိုင်တဲ့ သွေးဖိအား ပမာဏ ကို လျော့နည်းသွားစေသလို သွေးကြောတောင့်တင်းမှု ကို လည်း လျော့ကျသွားစေတယ်လို့ သုတေသီ တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် အမိုင်နို အက်ဆစ် ပါဝင်မှု ဟာ အစားအသောက် ပေါ်မူတည်ပြီး မတူညီ တဲ့ ကောင်းကျိုးတွေ ရှိကြပါတယ်။ ပဲစေ့ ၊ ပဲနီ ၊ ပန်းမုန်လာ နဲ့ ဟင်းနုနွယ်တို့လို ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အမိုင်နို အက်ဆစ် တွေဟာ သွေးဖိအား ကို လျော့ကျစေနိုင်ပါတယ်။ အဲ့လိုပဲ နို့ထွက်ပစ္စည်း များ ၊ အသားများ နဲ့ ငါးများ မှာ ပါဝင်တဲ့ အမိုင်နို အက်ဆစ်ကတော့ သွေးကြောတောင့်တင်းမှု ပမာဏ တွေကို လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : DailyMail

ကင်ဆာရောဂါတွေကြောင့် သေဆုံးမှုကို ကာကွယ်နိုင်ရန် အလေ့အထ ၄ခုကို ပြောင်းလဲသင့်



လေ့လာတွေ့ရှိချက် အသစ်တွေအရ ကင်ဆာရောဂါခံစားရဖို့အတွက် ကံတရားဟာလည်း အရေးပါတဲ့ ကဏ္ဍက ပါဝင်ကြောင်း တွေ့ရှိရပါသတဲ့။

လေ့လာချက်အသစ်အရ ဘ၀နေထိုင်မှု အလေ့အထတွေကို ပြောင်းလဲခြင်းဟာ မျိုးရိုးဗီဇကမောက်ကမဖြစ်ပွားမှုတွေအပေါ် အကျိုးသက်ရောက်မှုရှိပြီး ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဆေးလိပ်မသောက်ခြင်း၊ အရက်သေစာသောက်စားမှု လျှော့ချခြင်း၊ ကျန်းမာမှန်ကန်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်းနဲ့ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းတွေဟာ ကင်ဆာကြောင့်သေဆုံးနိုင်မှုကို ထက်ဝက်လျှော့ချပေးနိုင်ကြောင်း Harvard University ရှိ သုတေသီတွေရဲ့ လေ့လာမှုစစ်တမ်းကြီး ၂ခုအရ သိရှိရပါတယ်။

ကင်ဆာရောဂါတွေရဲ့ သုံးပုံပုံ တစ်ပုံဟာ လူနေမှုဘ၀ပုံစံတွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် ကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ပြီး ကျန်တာကတော့ ကံတရားပေါ်မူတည်နေတယ်လို့ ဆိုပါတယ်။ မျိုးရိုးဗီဇအပေါ်မှာ ဒီလိုအလေ့အကျင့်တွေကြောင့် အကျိုးသက်ရောက်မှု ရှိပေမယ့် ကင်ဆာအများစုဟာ ဆဲလ်ပွားမှု ကစဉ့်ကလျားဖြစ်တာကြောင့် ကာကွယ်နိုင်ခြင်းမရှိလို့ ဖြစ်ပါတယ်။

 “ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ တကယ်တော့ ကင်ဆာအများစုကို ကြိုတင်ကာကွယ်လို့ရပါတယ်။ ခန့်မှန်းချက်အရ ဆေးလိပ်သောက်သုံးခြင်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေဖြစ်တဲ့ အဆုတ်ကင်ဆာဟာ အများဆုံး ၈၀ မှ ၉၀ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တဲ့ ဆီးကျိတ်ကင်ဆာတို့လို ဟာမျိုးတွေကတော့ လူနေမှုပုံစံအလေ့အထနဲ့ ဆက်နွယ်နေတာဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၆၀ ရာခိုင်နှုန်းဖြစ်ပါတယ်။ “ လို့ St. Louis ရှိ Washington University School က သုတေသီတွေက JAMA Oncology မှာ အစီရင်ခံစာ ဆောင်းပါးအဖြစ် ရေးသားဖော်ပြထားပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


စိတ်ရှုပ် ၊ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ပီကေဝါးတာက အကောင်းဆုံးနည်းလမ်းဖြစ်




သင့်အနေနဲ့ စိတ်ဓာတ်ကျ ၊ စိတ်ရှုပ်နေတဲ့အချိန်မှာ ပီကေဝါးလိုက်တာက စိတ်ကို ပြန်လည်တည်ငြိမ်စေပြီး အကောင်းဆုံးဆိုတဲ့ အဖြေကို ရှာတွေ့နိုင်မှာဖြစ်တယ်လို့ သုတေသနပြုလုပ်မှုတွေအရသိရပါတယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်မှုရှိစေဖို့အတွက် မန်ယူနည်းပြဟောင်း ဖာဂူဆန်တစ်ယောက် ပီကေဝါးပြီး ဘောလုံးပွဲတွေကို ကိုင်တွယ်ခဲ့တဲ့ ပုံပါပဲ။ ဥပမာပေးကြည့်တာပါ။

ကဲ ...ပီကေဝါးတာက စိတ်နဲ့ ဘယ်လိုဆက်စပ်နေလဲဆိုတာ တစ်ချက်လောက်ဖတ်ကြည့်ရအောင်….

 


သင့်စိတ်ရဲ့ စိုးရိမ်ပူပန်မှုအဆင့်ကို လျှော့ချပေးနိုင်ပါတယ်

နှစ်ပတ်ကြာတစ်ခါလောက် ပီကေဝါးပေးတာက တကယ်ပဲ စိတ်ကို အေးချမ်းစေပြီး စိုးရိမ်စိတ်ဖြစ်တာတွေ ၊ ပူပန်မှုတွေကို  လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ စိတ်ပူပန်မှုညွှန်းကိန်းကတော့ အခုလို ပီကေဝါးတဲ့အချိန်မှာ ရုတ်တရက်ထိုးကျသွားတာကိုလည်း တွေ့ရပါတယ်။  

စိတ်ပါဝင်စားမှုကို မြင့်တက်စေတယ်

ပီကေဝါးနေချိန်မှာ သွေးလှည့်ပတ်မှုနဲ့ တံတွေးထုတ်လုပ်မှုတွေက ပိုပြီး မြန်မြန်ဆန်ဆန်လည်ပတ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် အနံ့နဲ့အရသာကို တစ်ပြိုင်တည်းခံစားရတာက အာရုံကြောတွေကို ပိုမိုကောင်းမွန်စေပြီး သင့်ရဲ့ အလုပ်ပေါ်မှာ စိတ်ပါဝင်စားမှုကို မြင့်တက်စေတယ်လို့ သိရပါတယ်။



ကော်တီဆောလ် ဟော်မုန်းကို လျှော့ချပေးတယ်

ပီကေဝါးတာက ကော်တီဆောလ် ဟော်မုန်းထွက်ရှိမှုကို လျှော့ချပေးပါတယ်တဲ့။ ဒီရဲ့ ကော်တီဆောလ်ဟော်မုန်းဟာ စိတ်ဖိအားတွေကို ဖြစ်ပေါ်စေတဲ့ အဓိက ဟော်မုန်းတစ်မျိုးဖြစ်ပြီး ဒီဟော်မုန်းကို လျှော့ချပေးနိုင်တာက စိတ်ဖိအားတွေကိုလည်း အချိုးတူလျှော့ချပေးနိုင်တာဖြစ်ပါတယ်။

ဦးနှောက်တွင်းသွေးလှည့်ပတ်မှုကောင်းစေတယ်

ဦးနှောက်ရဲ့ အဓိက အစိတ်အပိုင်းရှစ်ခုကို သင်ပီကေဝါးနေချိန်မှာ သွေးတွေပိုရောက်ပြီး သွေးလှည့်ပတ်မှုလည်း ပိုကောင်းနေမှာပါ။ ဒီလိုသွေးလှည့်ပတ်မှုကောင်းတာကတော့ ပီကေကို ကြိတ်ဝါးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။



ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်စေပြီး အာရုံစူးစိုက်မှုပိုကောင်းစေတယ်

လေ့လာမှုတွေအရတော့ ပီကေဝါးသူတွေဟာ အာရုံစူးစိုက်မှုပိုကောင်းပြီး မှတ်မိနိုင်စွမ်းမှာလည်း သာမန်လူတွေထက် ၁၀% အထိ တိုးမြင့်နေပါတယ်တဲ့။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : LifeHack



ဆောင့်ကြောင့်ထိုင် အနေအထားနဲ့ အိမ်သာတက်ခြင်းဟာ အမှန်ကန်ဆုံးနည်းလမ်းဖြစ်



လူသားတွေ မစင်စွန့်တဲ့ အကြောင်းအရာဟာ မပြောသင့်မပြောအပ် တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံ ပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်း ပြောပြီး အောင်မြင်မှု ရပြီးတဲ့နောက် လူတိုင်းအတွက်လည်း ပြောစရာ တစ်ခုဖြစ်လာခဲ့ပါပြီ။

ဂျာမနီ နိုင်ငံက အနုဇီဝ ပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူ အခိုင်အမာ ပြောပြခဲ့တာ ကတော့ အနောက်နိုင်ငံတွေမှာ အိမ်သာတက် ၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကတော့ အရှေ့တိုင်း အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ငုတ်တုတ်ထိုင် မစင်စွန့်ခြင်း က ဘာကြောင့်မှားယွင်းရသလဲဆိုတာကိုလည်း ဂျာမနီနိုင်ငံ Frankfurt မြို့မှာ အနုဇီဝ ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ရဖို့ ကြိုးစားနေတဲ့ မစ္စ Enders က ရှင်းပြထားပါတယ်။

အနောက်နိုင်ငံတွေမှာလို ငုတ်တုတ်ထိုင် အိမ်သာတက်ခြင်းဟာ မစင်စွန့်ခြင်း လုပ်ဆောင်ချက်တွေကို ပိုမို ကြာရှည်စေပါတယ်။ ဒါ့အပြင် လိပ်ခေါင်းရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါ (Diverticulitis) လို အူမကြီးအတွင်းမှာ နာကျင်မှု ကိုခံစားရတဲ့ ရောဂါ တွေဟာ အာရှနိုင်ငံတွေမှာ ထက် အနောက်နိုင်ငံတွေမှာ ဖြစ်ပွားတာ ပိုများပါတယ်။ ဒါဟာ အိမ်သာတက်တဲ့ ပုံစံ အနေအထားကြောင့်ပါ။

"၁.၂ ဘီလီယံ အရေအတွက် ရှိတဲ့ ကမ္ဘာတစ်ဝှမ်းက ဆောင့်ကြောင့်ထိုင် ပြီး အိမ်သာတက်တဲ့သူတွေဟာ ၀မ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားလေ့သိပ် မရှိ သလို လိပ်ခေါင်းပြသနာ လည်း မရှိကြပါဘူး" လို့ Enders က Guardian သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာတက်ခြင်းဟာ အူလမ်းကြောင်းကို အန္တရာယ် ကင်းစေနိုင်ပါတယ်။ အစာအိမ်ကနေ အစာချေဖျက်ပြီး ကျန်နေတဲ့ အကြွင်းအကျန်တွေကို မစင်စွန့်ရတဲ့ အူလမ်းကြောင်း အ၀ ဟာ ကျွန်ုပ်တို့ ငုတ်တုတ်ထိုင်နေချိန်နဲ့ မတ်တပ်ရပ်နေချိန်တို့မှာ မစင်စွန့်ဖို့ အတွက် လိုအပ်သလောက် မဟ ပေးနိုင်ပါဘူး။ ထို အူလမ်းကြောင်းကို လုံလောက်စွာ ဟ နေစေဖို့အတွက် အာရှ နိုင်ငံ တွေမှာလို ဆောင့်ကြောင့်ထိုင် အိမ်သာတက်တာသာ အကောင်းဆုံး ဖြစ်ပါတယ်။

အနောက်နိုင်ငံ သုံး အိမ်သာတွေမှာ ဆောင့်ကြောင့်ထိုင် အသုံးပြုဖို့ကလည်း အဲဒီလို အသုံးပြုဖူးတဲ့ ကျောင်းသား တွေ ဒဏ်ရာကိုယ်စီ ရခဲ့ဖူးတဲ့ သာဓက တွေရှိနေပါတယ်။ ဒါကြောင့် အာရှ နိုင်ငံတွေမှာ သုံးတဲ့ အိမ်သာက သာ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com


Ref : Dailymail

အိမ်ထောင်ပြုခြင်းက အသက်ရှည်စေတယ်လို့ လေ့လာမှုတစ်ရပ်ဖော်ပြ


သက်လတ်ပိုင်း ရောက်တဲ့အထိ တည်ငြိမ်တဲ့ သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့နေသူတွေဟာ အရွယ်မတိုင်မီ သေဆုံးနိုင်တဲ့ အလားအလာတွေ ပိုမိုနေတယ်လို့ Duke တက္ကသိုလ် ဆေးပညာဋ္ဌာနရဲ့ လေ့လာမှုမှာ ဖော်ပြထားခဲ့ပါတယ်။

Duke တက္ကသိုလ် သုတေသီတွေကတော့ သုတေသနပြုလုပ်ဖို့အတွက် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့တာပါ။သူတို့အားလုံးကတော့ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။အဲ့သင်တန်းကတော့ ၁၉၄၀ ခုနှစ်များမှာမွေးဖွားခဲ့သူတွေရဲ့ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့်နေခဲ့တဲ့ သင်တန်း တစ်ခုလည်းဖြစ်ပါတယ်။

လက်ထပ်ထိမ်းမြားမှုရဲ့ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာခဲ့ကြရာမှာတော့ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ်ခဲ့တာပါ။ သုတေသနမှာ တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်းကို တွေ့ရှိလိုက်ရတာဖြစ်ပါတယ်။

တစ်ကိုယ်တည်းနေသူတွေ ၊ ဇနီးခင်ပွန်းဆုံးပါးသွားသူတွေဟာ သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားပါတယ်။ဒီသက်ရောက်မှုကတော့ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရတတ်ပါတယ်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်လို့ သုတေသနမှတ်တမ်းတွေမျာ ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : GoodHealth



ချောမွေ့သန်စွမ်းတဲ့ ဆံသားတွေပိုင်ဆိုင်နိုင်ဖို့ အစားအစာ ၅ မျိုး



ကိုယ်စားတဲ့အတိုင်း ကိုယ့်ပုံစံဖြစ်လာမှာပါပဲတဲ့။ ဦးနှောက်၊ ခြေသည်းလက်သည်း၊ အရေပြားနဲ့ ဆံသားတွေအတွက် လိုအပ်တဲ့ အာဟာရတွေကို အစားအသောက်တွေကနေပဲ ရယူနိုင်ပါတယ်။

ဆံသားတွေအတွက် ဘာတွေစားသင့်လဲ? ဈေးကွက်ထဲမှာတော့ ဆံသားတောက်ပြောင်ကျန်းမာဖို့အတွက် ပစ္စည်းအမျိုးအစားမျိုးစုံကို ပုံစံအမျိုးမျိုးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုထွက်သမျှ ပစ္စည်းမျိုးစုံကို ၀ယ်ယူပြီး ကိုယ့်ဆံပင်တွေအတွက် အသုံးပြုဖို့ဆိုတာကတော့ ထင်သလောက်မလွယ်ပါဘူ။ ဒီတော့ အစားအသောက်ကနေတစ်ဆင့် ခန္ဓာကိုယ်အတွက်ကော၊ ဆံသာတွေအတွက်ပါ ကျန်းမာကြံ့ခိုင်စေမယ့် အစားအစားတွေကို ဖော်ပြလိုက်ပါတယ်။

အိုမီဂါ ၃ ဖက်တီအက်ဆစ်

ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အိုမီဂါ ၃ ဖက်တီအက်ဆစ် တွေဟာ ဆံသားတွေကို သန်စွမ်းကျန်းမာပြီး  ပြောင်လက်တောက်ပစေဖို့ ကူညီပေးပါတယ်။ အိုမီဂါ ၃ ဖက်တီအက်ဆစ်ကို ငါး၊ အစေ့အဆံတွေကနေပြီး ရရှိနိုင်ပါတယ်။


ဒိန်ချဉ်


ဒိန်ချဉ် ကတော့ ပရိုတင်းဓါတ်အပြည့်အ၀ ပါဝင်တာမို့ ဆံသားကျန်းမာရေးအတွက် အဓိကကျတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ ဗီတာမင် B5 ကလည်း ဆံလုံးသေးခြင်း၊ ဆံပင်ကျွတ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။


စတော်ဘယ်ရီ၊ အချဉ်ဓါတ်ရှိတဲ့ အသီးများနဲ့ ငရုတ်ကောင်း

ဒီအစားအစာတွေမှာတော့ ဗီတာမင် စီ ဓါတ်အပြည့်အ၀ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ပရိုတင်းဓါတ်ထုတ်လုပ်နိုင်ဖို့ အကူအညီပေးပါတယ်။ ဒါကြောင့် ဗီတာမင် စီ ဓါတ်ပါဝင်တဲ့ နာနတ်သီး၊ ကီဝီသီး၊ ပန်းပွင့်စိမ်း လိုအသီးအရွက်တွေကို များများစားပေးသင့်ပါတယ်။

သံဓါတ်ပြည့်ဝသော အစားအစာများ

သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေကတော့ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသား၊ အစေ့အဆံ၊ သစ်သီးခြောက် နဲ့ ဥ အနှစ်တွေကို စားသုံးနိုင်ပါတယ်။

ကန်စွန်းဥ

ခန္ဓာကိုယ်ဟာ ဓါတ်တိုးပစ္စည်းတွေကို ဗီတာမင် အေ အဖြစ်ပြောင်းလဲပေးတတ်ပြီး ဗီတာမင် အေ ကတော့ ခြောက်သွေ့ပြီး အရောင်မွဲတဲ့ ဆံသားတွေမဖြစ်စေဖို့ အကာအကွယ်ပေးပြီး လိုအပ်တဲ့ အဆီဓါတ်တွေ ထုတ်လုပ်ပေးပါတယ်။ ဒီလို ဓါတ်တိုးပစ္စည်းတွေကို မုန်လာဥနီ၊ သရက်သီး၊ ကန်စွန်းဥ တို့လို အရောင်အသွေးတောက်ပတဲ့ အသီးအရွက်တွေကို စားပေးသင့်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Healthywomen


ဆံပင်မသန်တော့တဲ့ အကြောင်းရင်းခြောက်ခု



တစ်ချို့ကတော့ ဆံပင်မသန်တော့ဘဲ တဖြည်းဖြည်းနဲ့ ဆံသားကျဲပါးလာတာကြောင့် စိတ်ညစ်နေကြပါတယ်။ ဒီလို ဆံသားမသန်စွမ်းတော့တာကတော့ အောက်ကအကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ အောက်က အကြောင်းရင်းတွေကို ဖတ်ကြည့်ပြီး ဆံသားသန်စွမ်းစေဖို့အတွက် ဆောင်ရန်ရှောင်ရန်တွေကို သတိထားမိနိုင်ကြပါစေ။

မျိုးရိုးဗီဇ

လူတစ်ဦးချင်းဆီမှာ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်တွေ မတူညီတတ်ကြပါဘူး။ လေ့လာကြည့်မယ်ဆိုရင်၂-နှစ်ကနေ၆-နှစ်အတွင်းဆံပင်ရဲ့ အရှည်က တစ်ယောက်နဲ့တစ်ယောက် မတူညီတာကို တွေ့နိုင်ပါတယ်။
အများစုမှာတော့၁-လအတွင်းမှာ ဆံပင်လက်မ၀က်လောက် ရှည်ထွက်လာ တတ်ပါတယ်။ အာဖရိကန်တွေထက် အာရှသားတွေ ကဆံပင်ရှည်တာ နည်းနည်း နှေးတတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

လူတိုင်းဆံပင်ကျွတ်ကြပါတယ်။ ဒါဟာသဘာဝပါပဲ။ ကျွတ်သွားတဲ့ ဆံပင်တွေနေရာမှာ ဆံပင်အသစ်တွေ အစားထိုး ပေါက်လာပါတယ်။ အများစုကတစ်နေ့ကိုဆံပင် ၁၀၀ နီးပါးကျွတ်တတ်ကြပြီး အဲဒီနေရာ ဆံပင်အသစ်တွေအမြန် ဆုံးပြန်ပေါက်လာပါတယ်။ ဆံပင်ရဲ့ပြန်ပေါက်နှုန်းက ကျွတ်တဲ့ နှုန်းထက် နှေးနေရင်တော့ ဆံပင်တွေ ကျဲပါးလာပါတယ်။ ဆံပင် ကျဲပါးလာရတဲ့ အကြောင်းတွေက အများကြီး ရှိပါတယ်။

အသက်အရွယ်နှင့်စိတ်ဖိစီးမှု


အသက်ကြီးလာရင် ဆံပင်တွေက အားနည်းလာပါတယ်။ အနှစ်နှစ်အလလကအပူပေးပြီး ဆံပင်ပြုပြင်တာ၊ ဓာတုပစ္စည်းတွေအသုံးပြုပြီး ဆံပင်ကောက်တာ ၊ဖြောင့်တာတွေ လုပ်တာစတာတွေက ဆံပင်တွေကို ပျက်စီးစေပါတယ်။အသက်ကြီးလာတဲ့အခါဆံပင်ကကျွတ်တာများပြီး ပြန်ပေါက်တာနည်းလာလို့ဆံပင်ကျဲလာပါတယ်။

အသက်၄၅ နှစ်ကျော်လာတဲ့အခါ ဆံပင်ကအဆီထွက်တာ သိသိသာသာနည်းလာပြီးဆံသားတွေ ခြောက်သွေ့ပြီးကြမ်းတမ်းလာပါတယ်။စိတ်ဖိစီးမှုတွေများတာ၊နေထိုင်မကောင်းတာတွေ ဖြစ်ရင်လည်းဆံပင်ကျွတ်တတ်ပါတယ်။စိတ်ခံစားမှုနဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေက ဆံပင်ကျွတ်တာနဲ့ဆက်စပ်မှုရှိပါတယ်။မျက်နှာနဲ့ ဆံပင်ပေါင်းတင်တာ၊ညင်သာစွာနှိပ်နယ်ပေးတာတွေကဆံသားသန်စွမ်းစေဖို့
အားပေးပါတယ်။

အဖျားနှစ်ခွကွဲခြင်း။


မကြာခဏခေါင်းဖြီးတာ၊ဆံပင်ပုံစံအမျိုးမျိုးပြုပြင်တာ၊ဆံပင်အရောင်ချွတ်တာစတာတွေလုပ်ပါကဆံပင်အဖျား နှစ်ခုကွဲတာဖြစ်နိုင်ခြေများပါတယ်။ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တာ၊နေရောင်ခြည်ထိတွေ့မှုများ တာတွေကဆံသားခြောက်သွေ့ပြီးကြွပ်ဆတ်လာပါတယ်။ဆံပင်အရောင်ချွတ်တာ၊ဓာတုပစ္စည်းအသုံးများတာ
တွေကဆံပင်ရဲ့ကျုံ့နိုင်ဆန့်နိုင်အားလျော့နည်းစေပြီးအစိုဓာတ်ကိုလျော့နည်းစေပါတယ်။ ဆံသားတွေဟာ တစ်လကိုလက်မတစ်ဝက်လောက်ရှည်ထွက်ပါတယ် ။ဒါပေမယ့်ဆံသားအဖျားကနှစ်ခုကွဲပြီး ကျိုးပြတ်တာကြောင့်ဆံပင်က ရှည်ထွက်မလာပါဘူး။ ဆံပင်အဖျားတွေကိုလိမ်တာ ၊ခေါက်တာတွေမလုပ်သင့်ပါဘူး။နေရောင်ခြည်ထိတွေ့မှု
နဲ့အပူပေးပြုပြင်တာတွေရှောင်ပါ။


အပူပေးပြီးဆံပင်ပြုပြင်ခြင်း။


အပူပေးပြီးဆံပင်ပြုပြင်မှုတွေ မကြာခဏလုပ်တာကြောင့်ဆံသားတွေ ပျက်စီးတတ်ပါတယ်။ ဆံပင်ပြုပြင်မှု အများစုဖြစ်တဲ့လေမှုတ်အခြောက်ခံတာ ဆံပင်ဖြောင့်တာ၊အပူချောင်းသုံးပြီးဆံပင်ကောက်တာစတာတွေကို
အပူပေးပြီးလုပ်ဆောင်ရပါတယ်။အပူပြင်းပြင်းပေးတာကဆံသားရဲ့ အပေါ်ယံအလွှာကိုပျက်စီးစေပြီးဆံပင်သန်စွမ်းမှုကိုဟန့်တားထားပါတယ်။ ဆီကြည်သုံးတာကဆံသားအစိုဓာတ်ကိုဖြည့်ပေးပြီးဆံသားရဲ့အပေါ်ယံ အလွှာပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။

အစားအစာ

ဗီတာမင်နဲ့သတ္တုဓာတ်တွေချို့တဲ့ပါကဆံသားသန်စွမ်းမှုမရှိဖြစ်တတ်ပါတယ်။ ဖာရင်တင်၊ဇင့်၊ ဗီတာမင်ဘီ-၁၂၊စတာတွေကဆံပင်သန်စွမ်းပြီး
အရှည်မြန်စေပါတယ်။သံဓာတ်နဲ့ပရိုတင်းကဆံပင်သန်စွမ်းစေပြီး အဖျားနှစ်ခွဖြစ်တာနဲ့ဆံပင်ပျက်စီးတာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခန္တာကိုယ်မှာဖရင်တင်ချို့တဲ့ပါကဆံပင်ပြန်ပေါက်တဲ့ဖြစ်စဉ်ကို နှေးစေတာကြောင့်ဆံပင်ကျဲပါးလာပါတယ်။သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုနည်းတာ၊များတာ တွေကလည်းဆံပင်ရှည်ထွက်မှုအပေါ်သက်ရောက်မှုရှိပါတယ်။ ဆံသားအတွက်အာဟာရပြည့်ဝစွာစားသုံးပြီး ၊
ဖြည့်စွက်သောက်သုံးချင်တယ်ဆိုရင်တော့ ဘိုင်အိုတင်သောက်ရမှာဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : For Hair

ကလေးငယ် အများစုဟာ “ Essential Oils “ ကြောင့် မတော်တဆ အဆိပ်သင့်နေ


Tennessee poison center ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြချက်အရ သဘာဝကုထုံးအဖြစ် အသုံးပြုကြတဲ့ Essential Oil တွေကြောင့် မကြခဏဆိုသလို အဆိပ်သင့်နေကြရတယ်လို့ သိရပါတယ်။

၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်ကြား လက်ဖက်စိမ်းဆီ ကဲ့သို့ အဆီတွေကြောင့် အဆိပ်သင့်ကြရတဲ့ အစီရင်ခံစာများစွာ ရရှိကြောင့် Center က ဆိုပါတယ်။ ပိုပြီး ဂရုစိုက်ရမယ့်အချက်ကတော့ ဒီလိုအဆိပ်သင့်တဲ့ အဖြစ်အပျက်တွေရဲ့ ၅ ခုမှာ ၄ ခုနှုန်းဟာ ကလေးငယ်တွေဖြစ်နေကြတာ ဖြစ်ပါတယ်။

ရနံ့နဲ့ အိမ်သုံးကုထုံးပစ္စည်းတွေအဖြစ် အပင်ကနေ ထုတ်လုပ်ရယူထားတဲ့ အဆီတွေဟာ အသုံးပြုတဲ့အခါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ အသုံးပြုတဲ့အခါ ကလေးငယ်တွေရဲ့ မျက်နှာကို ထိခိုက်စေနိုင်နှုန်းအများဆုံး ဖြစ်စေနိုင်ပါတယ်။

 “ ကလေးငယ်တွေဟာ များသောအားဖြင့် အဆီကို မြိုချဖို့ကြိုးစားတဲ့အခါမှာဖြစ်ပြီး ပြန်လည်အော့အန်လိုက်တာကြောင့် အဆုတ်ထဲကို အဆီအနည်းငယ်ရောက်သွားပြီး အဆိပ်သင့်စေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ လက်ဖက်စားဇွန်းတစ်ဝက်စာလောက် ဆီပမာဏပဲလိုအပ်တာကြောင့် အိမ်သုံးကုထုံး ဆီတွေအားလုံးဟာ အန္တရာယ်ဖြစ်နိုင်ပါတယ်။” လို့ Vanderbilt University Medical Center's Tennessee Poison Center မှ Dr. Justin Loden က သတင်းထုတ်ပြန်ချက်အသစ်မှာ ဖော်ပြထားပါတယ်။

ဒီနှစ်ပိုင်းတွေမှာ ဒီလိုအိမ်သုံးကုထုံးဆီ သုံးစွဲမှု ပိုမိုများပြားလာပြီး ပုံစံမျိုးစုံနဲ့ သုံးစွဲလာကြပါတယ်။ အရေပြားပေါ်မှာ ပွတ်လိမ်းပေးခြင်းဖြင့် လေထဲမှာလည်း စိမ့်ဝင်ပျံ့နှံ့စေနိုင်တယ်လို့လည်း Loden က ဆက်လက်ရှင်းပြထားပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI    

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းက ကင်ဆာရောဂါ ၁၃ မျိုးရဲ့ ဖြစ်နိုင်ချေတွေကို လျှော့ချပေး


လူသားတွေအတွက် ကြီးမားတိကျတဲ့ လေ့လာမှုကြီးတစ်ခုကိုတော့ ဆေးပညာရှင်တွေ အချိန်အတော်ကြာယူပြီး လေ့လာမှုပြုလုပ်ခဲ့ကြပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သူတွေအတွက် ဘယ်လို ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာ သိရှိနိုင်ဖို့ဖြစ်ပါတယ်။ တကယ်လည်း သေချာလေ့လာခဲ့တဲ့အချိန်မှာတော့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဟာ ကင်ဆာရောဂါဖြစ်နိုင်ချေတွေကို လျှော့ချပေးနိုင်ခဲ့ပြီး ဖြစ်နိုင်ချေတစ်ဝက်နီးပါးအထိကို လျှော့ချပေးနိုင်တဲ့အထိကို လေ့လာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တာဟာ သွေးဖြူဥကင်ဆာ ၊ အသည်းကင်ဆာ ၊ ရင်သားကင်ဆာတို့လို အဖြစ်များတဲ့ ကင်ဆာဖြစ်နိုင်ချေကို ငါးပုံတစ်ပုံလောက်အထိ လျှော့ချပစ်နိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

လေ့ကျင့်ခန်းပြုလုပ်တာဟာ အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို အလျှော့ချနိုင်ဆုံးဖြစ်လို့နေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက အစာရေမျိုကင်ဆာဖြစ်ပွားမှုကို ၄၂ ရာနှုန်းအထိ လျှော့ချပေးနိုင်ပြီး အသည်းကင်ဆာဖြစ်ပွားမှုကို ၂၇ ရာနှုန်းအထိ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

ကင်ဆာရောဂါဋ္ဌာနတွေနဲ့ ပူးပေါင်းပြီး တစ်ယောက်ချင်းစီကို သေချာ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ခဲ့တာပါ။ လေ့လာမှုတွေရဲ့ နောက်ဆုံးမှာတော့ အခုလို ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ လူသန်းချီကို လေ့လာမှုပြုလုပ်ခဲ့တာဖြစ်လို့ တိုက်ဆိုင်မှုလို့ ဆိုနိုင်မှာတော့မဟုတ်ပါဘူး။

လေ့ကျင့်ခန်းပြုလုပ်တာက အထက်မှာ ဖော်ပြခဲ့တဲ့ ကင်ဆာနှစ်ခုကို အဲ့ဒီရာနှုန်းနဲ့ လျှော့ချနိုင်ပြီး ကျန်တဲ့ ကင်ဆာ ၁၁ မျိုးကိုလည်း ဒီလောက် ရာနှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

အဆုတ်ကင်ဆာ (၂၆ ရာနှုန်းလျှော့ချနိုင်)
ကျောက်ကပ်ကင်ဆာ (၂၃ ရာနှုန်းလျှော့ချနိုင်)
အစာအိမ်ကင်ဆာ ( ၂၂ ရာနှုန်းလျှော့ချနိုင် )
သားအိမ်ခေါင်းကင်ဆာ (၂၁ ရာနှုန်းလျှော့ချနိုင်)
သွေးဖြူဥကင်ဆာ (၂၀ ရာနှုန်းလျှော့ချနိုင်)
သွေးကင်ဆာ ( ၁၇ ရာနှုန်းလျှော့ချနိုင်)
အူမကြီးကင်ဆာ (၁၆ ရာနှုန်းလျှော့ချနိုင်)
လည်ပင်းနှင့် ဦးခေါင်းဆိုင်ရာ ကင်ဆာ (၁၅ ရာနှုန်းလျှော့ချနိုင်)
ကျင်ကြီးအိတ်ကင်ဆာ (၁၃ ရာနှုန်းလျှော့ချပေးနိုင်)
ဆီးအိတ်ကင်ဆာ (၁၃ ရာနှုန်းလျှော့ချနိုင်) နဲ့
ရင်သားကင်ဆာကိုတော့ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

လေ့ကျင့်ခန်းကို နေ့တိုင်း အနည်းဆုံးတစ်နာရီလောက် အချိန်ပေးပြုလုပ်သင့်ပြီး တစ်နာရီထက်မနည်းမှသာ ကျန်းမာရေးအတွက် အကျိုးများစေတယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : NBC

အောက်ခံဘောင်းဘီပွပွဝတ်ခြင်းနဲ့ အ၀တ်ဗလာအိပ်ခြင်းက အမျိုးသားတွေအတွက်မျိုးအောင်နိုင်ခြေပိုများ



အမျိုးသားတွေအနေနဲ့  ကလေးလိုချင်တယ်ဆိုရင် အတွင်းခံဘောင်းဘီအပြတ်အစား ဘောက်ဆာအတွင်းခံ ဘောင်းဘီတိုကို ၀တ်ဆင်သင့်ကြောင်း သုတေသီတွေက အကြံပေးပြောကြားလိုက်ပါတယ်။

အ၀တ်ဗလာနဲ့ အိပ်စက်ပေးရင်လည်း သုတ်ကောင်အရည်အသွေး ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

အဆိုပါနှစ်ချက်လုံးကို ကျင့်သုံးတဲ့အမျိုးသားတွေဟာ အတွင်းခံဘောင်းဘီပြတ်ဝတ်ဆင်သူတွေထက်  သုတ်ကောင်ပျက်စီးမှု ၂၅ ရာခိုင်နှုန်း ပိုနည်းကြောင်း စမ်းသပ်မှုရလဒ်တွေအရ သိရှိရပါတယ်။

ဝှေးစေ့ကို အေးနေအောင်ထားလေ သုတ်ကောင်အရည်အသွေး ကောင်းမွန်လေဖြစ်ကြောင်း ကျွမ်းကျင်သူတွေရဲ့ အရင်ကလေ့လာထားချက်တွေအရ သိရှိပြီးဖြစ်ပါတယ်။

ယခုအခါ ကယ်လီဖိုးနီးယား၊စတန်းဖို့ ဒ်တက္ကသိုလ်ကလေ့လာခဲ့တဲ့တွေ့ ရှိချက်တွေက အမျိုးသားတွေအနေနဲ့  ပိုမို ချောင်ပြီး ပွပွရွရွရှတဲ့ အတွင်းခံဘောင်းဘီတွေကို ပြောင်းလဲဝတ်ဆင်ဖို့ တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။

အတွင်းခံဘောင်းဘီတိုချောင်ချောင်ကို နေ့ ဘက်မှာဝတ်ဆင်သူတွေနဲ့ ညဘက်မှာ ဘာမှမ၀တ်ဆင်ပဲ အိပ်တတ်သူတွေဟာ သုတ်ကောင် DNA အရည်အသွေးကို တိုးတက်စေပြီး ကလေးရနိုင်မှုပိုများကြောင်း ရှက်ဖီးဒ်တက္ကသိုလ်က ပရော်ဖက်ဆာ Allan Pacey က ရှင်းပြခဲ့ပါတယ်။

( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror

မိုးရာသီအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ


မိုးတွင်းရောက်တဲ့အခါ ခန္ဓာကိုယ်တွင်းရှိ ကိုယ်ခံစွမ်းအားတွေဟာ ကျဆင်းနေတတ်ပါတယ်။ ဒီလိုအချိန်မှာ ရောဂါဘယတွေ ဖြစ်ပွားစေနိုင်တဲ့ ကူးစက်မှုတွေဟာ ခန္ဓာကိုယ်တွင်းမှာ ၀င်ရောက်နေရာယူလာနိုင်ပါတယ်။ အစာအိမ်နဲ့ ပတ်သက်တဲ့ အစာမကျေခြင်း၊ အူယောင်ငန်းဖျား သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ အအေးမိ၊ ချောင်းဆိုး၊ ရင်ကြပ် စတာတွေအပြင် အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူရောဂါ၊ အဖုအပိမ့်များ၊ ပြည်တည်နာများ နဲ့ ၀က်ခြံစတာတွေ ဖြစ်ပွားစေနိုင်ပါတယ်။

ရာသီဥတုရဲ့ လေထု၊ ပတ်ဝန်းကျင်ရှိ အစားအသောက်များဟာလည်း အများကြီး အရေးကြီးပါတယ်။

မိုးရာသီမှာ ပတ်ဝန်းကျင် လေထုနဲ့ အစားအသောက်တွေအတွင်း ပျံ့နှံ့နေနိုင်တဲ့ ရောဂါပိုးမွှားတွေ၊ ၀မ်းပျက်ဝမ်းလျှော၊ အထက်လန်အောက်လျှော စတဲ့ ရောဂါတွေလည်း ဖြစ်ပွားနိုင်တာကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေ၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေမှာလည်း အဆုတ်ရောဂါတွေ၊ အသက်ရှုလမ်းကြောင်း ရောဂါပိုးကူးစက်တာတွေလည်း ဖြစ်စေနိုင်လို့ အထူးဂရုစိုက်သင့်ပါတယ်။

မိုးရာသီမှာဆိုရင် ခန္ဓာကိုယ်ကို အထူးပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မိုးရာသီမှာ ဓါတုပစ္စည်းတွေနဲ့  အမှိုက်သရိုက်တွေက ရေမှာပျော်ဝင်နေနိုင်တာမို့ ရေနဲ့ပတ်သက်တဲ့ ရောဂါဘယတွေ ပိုမိုများပြားတာပါတယ်။ မိုးရာသီဟာ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ပိုမိုပေါက်ပွားနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာတွေ၊ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးမွှားတွေ ပိုမိုပေါက်ပွားနေတာဖို့ သေချာသန့်စင်ဆေးကြောပြီးမှ စားသုံးသင့်ပါတယ်။


( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref :

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး



၁။ အမူအကျင့်

တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။

၂။ နေရောင်ခြည်

နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။

၃။ အိပ်ရေး မဝခြင်း

အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။

၎။ အချိုနှင့် အငန်ဓာတ်

အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊ အငန်စာတွေက သင့် အရေပြား တင်းရင်းမှုကို ဖျက်ဆီးနေတဲ့ အဓိက တရားခံပါ။

၅။ လှုပ်ရှားမှု မရှိခြင်း

လှုပ်ရှားမှု မရှိတာကြောင့် သင့်ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှု မကောင်းနိုင် ပါဘူး။ သွေးလှည့် ပတ်မှု မကောင်းတဲ့အခါ အရေပြားမှာရှိတဲ့ ဆံခြည်မျှင် သွေးကြောလေးတွေဆီကို သွေးသွား လာမှု နည်းသွားစေပါတယ်။ ဒီလို သွေးလှည့်ပတ်မှု နည်းတာက အရေပြားဆီကို အစာ အာဟာရ ထောက်ပံ့မှု နည်းစေပြီး အရေပြားကျန်းမာရေးကို ထိခိုက်စေပါတယ်။ အရေပြား နုပျိုစေဖို့၊ ကျန်းမာစေဖို့ လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက သင့်အရေပြားအတွက် အကျိုး ရှိစေပါတယ်။ 



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Good Health

ကိုယ်ဝန်ဆောင်စဉ်မှာ အထူးပြုလုပ်ထားတဲ့ အချိုတည်းစရာတွေဟာ သန္ဓေသားအလေးချိန် ပိုမိုတိုးစေနိုင်



ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ နေ့စဉ် အထူးပြုလုပ်ဖန်တီးထားတဲ့ အချိုရည်တွေကို သောက်သုံးခြင်းဟာ မွေးဖွားတဲ့အခါ ပုံမှန်ထက်အလေးချိန်ပိုများတဲ့ ကလေးငယ်လေးတွေ မွေးဖွားနိုင်ပြီး ထိုကလေးငယ်တွေမှာ အ၀လွန်မှုတွေ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။

 “ တစ်နေ့ကို နှစ်ကြိမ်ခန့် အချိုရည်တွေ သောက်သုံးလေ့ရှိတဲ့ မိခင်လောင်းတွေရဲ့ ကလေးငယ်တွေဟာ ၁ နှစ်သားအရွယ်မှာ အ၀လွန်မှုတွေဖြစ်ပွားစေနိုင်ပါတယ် “ လို့ Winnipeg, Canada ရှိ University of Manitoba မှ သိပ္ပံနဲ့ သုတေသနပညာရှင် Meghan Azad က ရှင်းလင်းပြောပြထားပါတယ်။

အ၀လွန်နေတဲ့ ကလေးတစ်ယောက်ရဲ့ အလေးချိန်ဟာ အလေးချိန်နဲ့အရပ်အတိုင်းအတာ တူညီတဲ့ တခြားပုံမှန် ကလေးငယ်တွေထက် ၉၇ ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။

လူလုပ် သကြားဓါတ်တွေပါတဲ့ အချိုရည်တွေ သောက်သုံးခြင်းဟာ အမျိုးသမီးတွေအနေနဲ့ လူလုပ်သကြားဓါတ်တွေ ပါဝင်နေတဲ့ ဆိုဒါအချိုရည်တွေနဲ့ Iced Tea ဘယ်နှစ်ကြိမ်သောက်သုံးသလဲ သို့ ကော်ဖီထဲမှာ ဒီလိုသကြားမျိုးဘယ်လောက်များများ ထည့်သောက်သလဲ ဆိုတာတွေအပေါ် အခြေခံဆုံးဖြတ်နိုင်ပါတယ်။

 “ ကယ်လိုရီဓါတ် နည်းပါးတဲ့ လူလုပ်သကြားတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်နဲ့ ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်မှု ပိုနည်းတာကို ပြသနေပါတယ် “ လို့ သူကဆက်လက် ရှင်းပြထားပါတယ်။

 “ ကယ်လိုရီနည်းတဲ့ လူလုပ်သကြားတွေဟာ ကိုယ်ဝန်ဆောင်တွေကို ကယ်လိုရီလွန်ကဲခြင်းကနေ ရှောင်ရှားပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်လွန်ကဲတာဟာ မိခင်ရော သန္ဓေသားကိုပါ ထိခိုက်စေနိုင်ပါတယ် “ လို့လည်း ထပ်လောင်းပြောကြားသွားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


ပူပြင်းပြီး ချွေးထွက်များနေတဲ့အချိန်မှာ ချွေးနံ့မနံရအောင်


အခုလို ပူပြင်းလှတဲ့ နွေရာသီမှာတော့ လူတိုင်းလိုလိုက ချွေးထွက်လွန်ပြီး ချွေးနံ့နံတဲ့ ပြဿနာကိုတော့ အနည်းနဲ့အများကြုံတွေ့ရတတ်ပါတယ်။

ဒီလိုပြဿနာတွေ တွေ့ကြုံလာရတဲ့အချိန်မှာတော့ ကိုယ့်ဆီက ချွေးနံ့ကြောင့် တစ်ပါးသူတွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် ချွေးနံ့မနံရအောင် ဆောင်ရန် ရှောင်ရန်လေးတွေကို အခုလိုပဲ ဝေမျှလိုက်ရပါတယ်။

အကယ်လို့ သင့်အနေနဲ့ ချွေးထွက်များနေရင် ရေများများပြန်သောက်ပေးသင့်ပါတယ်။ ခန္ဒာကိုယ်အတွင်းကနေ အပူဖလှယ်တာကြောင့် ချွေးထွက်ရတာပါ။ ဒါ့ကြောင့် သင့်အနေနဲ့ ရေဓာတ်ပြည့်ဝနေတဲ့ အချိန် ချွေးထွက်တဲ့အခါမှာ ချွေးကသာ များပေမယ့် ကိုယ့်ဆီက ဘာအနံ့အသက်မှ မရှိတာကို ခံစားမိမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ ကိုယ်တိုင်က ချွေးနံ့ သိပ်မထွက်တတ်တဲ့သူတွေမှာ သိသာလေ့ရှိပါတယ်။ရေက ချွေးနံကို ဖြစ်စေသောအဆိပ် အတောက်တွေကို ချေဖျက်ပေးနိုင်လို့ဖြစ်ပါတယ်။

ချွေးနံ့ကို နဂိုတည်းက ထွက်တတ်တဲ့သူတွေအတွက်လည်း နည်းကောင်းလေးတွေ ဝေမျှပေးပါအုံးမယ်။ ခရမ်းချဉ်သီးဖျော်ရည်ကို ကြိုက် ကြိုက် မကြိုက်ကြိုက် တစ်ပတ်လုံးသောက်ပေးကြည့်ပါ။ တစ်ပတ်အတွင်း ချွေးနံ့မရှိတော့တာကို သိသိသာသာတွေ့ရမှာဖြစ်ပြီး သင့်အနေနဲ့ လုံးဝပျောက်ချင်တယ်ဆိုရင်တော့ စွဲပြီး သောက်ပေးသွားပါ။ ချွေးနံ့ မထွက်တော့တဲ့အချိန်မှာ ရပ်တန့်လိုက်ပါ။

ချိုင်းကြားကနေ ချွေးနံ့နံတတ်တဲ့သူတွေအတွက်တော့ ရေချိုးပြီးတိုင်း ကျောက်ချဉ်ကို ရေဆွတ်ပြီး ချိုင်းကြားကို သုတ်ပေးပါ။ ကျောက်ချဉ်လိမ်းထားတာ ခြောက်သွားတဲ့အချိန်မှာတော့ သင့်အနေနဲ့ နှစ်သက်ရာ Roll On တစ်ဘူးနဲ့ တွဲဖက်ပြီး အသုံးပြုနိုင်ပါတယ်။ ခြေထောက်မှာ ချွေးအထွက်များတဲ့သူတွေအတွက်တော့ ဗင်နီဂါရည်ကို ခြေထောက်အနှံ့လိမ်းပေးပြီး ဆယ့်ငါးမိနစ်လောက် အခြောက်ခံထားပါ။

ပြီးရင် ရေဆေးချပေးလို့ရပါတယ်။ ဒီနည်းတွေကတော့ ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး အနံ့အသက်ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေတာကြောင့် အရမ်းအသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

လက်ဖက်စိမ်းရည်တစ်ခွက်လောက်သောက်ပေးတာကလည်း ချွေးထွက်မှုကို ထိန်းချုပ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ မှိုစွဲမှုကို လျှော့ချပေးတာကြောင့် အနံ့အသက်ဖြစ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အစားအသောက် အစားအသောက်အနေနဲ့တော့ အဆီများတဲ့အစားအစာတွေ ၊ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ ကဖိန်း၊အရက်နဲ့ ကျက်ကျက် ကြော်ထားတဲ့ သရေစာတွေနဲ့ ချောကလတ်စားသုံးမှုတွေကို ရှောင်ကြဉ်ပေးရမှာပါ။ ဆီလီကွန်ဓာတ်ပါတဲ့  စတော် ဘယ်ရီ၊ စပျစ်နှင့်ဗံဒါစေ့တို့ကို စားသုံးသင့်ပါတယ်။ ဆီလီကွန်ဓာတ်ဟာ ချွေးထွက်မှုကို အကောင်းဆုံး ထိန်းချုပ်ပေးတဲ့ ဓာတ်တစ်မျိုးဖြစ်တာကြောင့်ပါ။

အဝတ်အစားအနေနဲ့တော့ ချွေးစုပ်တဲ့ ချည်နဲ့ လီနင်သားတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ဒီအဝတ်အထည်တွေဟာ လေဝင်လေထွက်ကောင်းပြီး အမြဲတမ်း ချွေးခြောက်နေတာကြောင့် အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို မပေါက်ပွားစေတော့တာကြောင့် ဖြစ်ပါတယ်။

သင့်အနေနဲ့ ရေမွှေးသုံးတတ်တယ်ဆိုရင်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေစေမယ့် သင်းပျံ့တဲ့ရေမွှေးလေးကို ရွေးချယ်သုံးခြင်းက ချွေးနံ့ထွက်ခြင်းကို အထိုက်အလျောက် လျော့ကျစေပါလိမ့်မယ်။


( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : GoodHealth


ပျော့ခွေပြီး အလုပ်လုပ်တာက ဦးနှောက် ဖြတ်ထိုးဥာဏ်ပိုကောင်းစေတယ်လို့ လေ့လာမှုတွေဆို


ကျွန်တော်တို့ သိထားခဲ့တာက မတ်မတ်ထိုင်ပြီး အလုပ်လုပ်တာက ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ သိခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးလေ့လာချက်တွေအရလည်း မတ်မတ်မထိုင်ဘဲ ပျော့ပျော့ခွေခွေနေတာက အလုပ်လုပ်နှုန်းပိုမြန်စေပြီး  ကျွန်တော်တို့ မျှော်လင့်မထားတဲ့ တစ်ခြားသော ကောင်းကျိုးတွေလည်း ရှိနေသေးတာကို နောက်ဆုံး လေ့လာမှုတွေက သက်သေပြလိုက်ပြီဖြစ်ပါတယ်။ 

မတ်မတ်ထိုင်ပြီး အလုပ်လုပ်တာက ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်တွင်းက အင်္ဂါတွေအတွက် ကောင်းကျိုးများစေပြီး ကျောရိုးတစ်လျှောက်နဲ့ ခါးရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်လို့ ယခင်လေ့လာမှုတွေ အရ သိရှိခဲ့ရပါတယ်။ အခုဆိုရင်တော့ ပျော့ခွေနေပြီး အလုပ်လုပ်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း သူတို့က လေ့လာခဲ့ကြပါတယ်။ 

လူတွေဟာ ပျော့ခွေနေတဲ့ အချိန်မှာ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်ကို အာရုံပိုစိုက်နိုင်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လည်း အကောင်းဆုံး စဉ်းစားတွေးခေါ်နိုင်ကြတယ်လို့ သိရပါတယ်။ အာရုံစူးစိုက်မှုပိုကောင်းနေတာကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေပေါ်မူတည်ပြီးတော့လည်း ဖြတ်ထိုးဥာဏ်ကောင်းကောင်းနဲ့ ဖြေရှင်းနိုင်တာကို
 တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

လေ့လာမှုတွေကိုတော့ ကျောင်းသားတွေကြားမှာ ပြုလုပ်ခဲ့တာပါ။ ကျောင်းသားတွေကို
 တောင့်တောင့်တင်းတင်းမနေခိုင်းဘဲ ကြွက်သားတွေကို ဖြေလျှော့ခိုင်းထားပြီး ပျင်းရိပျင်းတွဲ ပုံစံမျိုး ရောက်ရှိအောင် စောင့်ကြည့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ခက်ခဲတဲ့ သင်္ချာပုစ္ဆာတွေကို ဖြေရှင်းခိုင်းခဲ့ပြီး ကျောင်းသားတွေကတော့ အခက်အခဲမရှိ ဖြေရှင်းနိုင်ခဲ့ပါတယ်။ 

ဒီလိုမျိုး ဖြစ်ပွားလာရတာဟာ တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ပညာရှင်တွေက ယုံကြည်ထားပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ 

လူတွေဟာ ကြွက်သားတွေကို ဖြေလျှော့ထားပြီး အလုပ်လုပ်နေချိန်မှာတော့ ဦးနှောက်ရဲ့ အလုပ်နှုန်းက ပိုမိုတိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ပျော့ခွေပြီးနေတာက ဖြတ်ထိုးဥာဏ်ပိုကောင်းလာပြီး စွမ်းဆောင်ရည် ပိုကောင်းလာတာကိုတွေ့ရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

ဒီလို လေ့လာမှုတွေကတော့ ရူးကြောင်ကြောင်နိုင်တယ်ဆိုပေမယ့်လည်း သူတို့ကတော့ အဆိုးဘက်က အကောင်းတွေသိရဖို့အတွက် ဆက်လက်လေ့လာသွားမယ်လို့ ဆိုပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Lifehack




အရေးအကြောင်းတွေကို ခဏတာ ချောမွေ့ဖျောက်ဖျက်ပေးနိုင်တဲ့ ဒုတိယအရေပြားအသစ်



MIT သုတေသီတွေဟာ နုပျိုချောမွေ့တဲ့ အရေပြားအတွက် အခြေခံအချက်တစ်ခုကို ရှာဖွေတွေ့ထားပါတယ်..အနည်းဆုံးတော့ ခဏတာပျိုမြစ်တဲ့အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒုတိယအရေပြား ကို သုတေသီတွေက ဖန်တီးထုတ်လုပ်ထားပြီး ဖြစ်တာကြောင့် အရေအကြောင်းတွေကို ချောမွေ့သွားစေနိုင်ခြင်း၊ ထိခိုက်မှုတွေကနေ အကာအကွယ်ပေးနိုင်ခြင်း သို့ အရေပြားအတွက် ကုသမှုတွေပြုလုပ်ခြင်းတွေမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

“ ဒီဟာလေးက မမြင်ရတဲ့ အလွှာတစ်ခုဖြစ်ပြီး ထိခိုက်မှုတွေကို ကာကွယ်နိုင်တဲ့အပြင် အလှကုန်ပစ္စည်းတွေရဲ့ တိုးတက်မှုတစ်ခု ဖြစ်လာမှာပါ။

ပြီးတော့ ကုသမှုခံယူနေရတဲ့ အရေပြားနေရာတွေအတွက်လည်း ဆေးဝါးအကူအညီပေးတဲ့အချိန်မှာ အသုံးပြုကောင်းပြုနိုင်မှာဖြစ်ပါတယ် “ လို့ တက္ကသိုလ်သတင်းစာမှာ MITရဲ့ ဓါတုဗေဒအင်ဂျင်နီယာဌာနက တွဲဖက်ပါမေ  Daniel Anderson က ထုတ်ဖော်ရေးသားထားပါတယ်။

 “ ဒီအရာတွေက လူသားတွေအတွက် တကယ်အသုံးဝင်လာမယ့် ပစ္စည်းတွေ ဖြစ်ပါတယ် “ လို့ Anderson က ဆက်လက်ရေးသားထားပါတယ်။

လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့အရေပြားဟာ ဆန့်နိုင်ကျုံ့နိုင်မှု နည်းပါလာပြီး တင်းရင်းမှုမရှိတော့ပါဘူး။ နေရောင်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေထက် အိုမင်းရင့်ရော်မှုက ပိုပြီးဆိုးပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက သုတေသနအဖွဲ့ဟာ အရေပြားကို နုပျိုတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်ပြီး ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ပေးနိင်ဖို့အတွက် အပေါ်ယံအလွှာတစ်ခုကို ထုတ်လုပ်ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


Gamer တစ်ယောက်ဖြစ်ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးငါးခု



ဗီဒီယိုဂိမ်းတွေဆော့တယ်ဆိုတာ အချိန်ဖြုန်းနေတာပဲ၊ အကြမ်းဖက်သတ်ဖြတ်ချင်စိတ်တွေ ဦးတည်တယ်ဆိုတဲ့ ခေတ်တွေ ကျန်ခဲ့ပါပြီ။ Gamer တစ်ယောက်မှာလည်း သူ့ ကိုယ်ပိုင် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိတယ်ဆိုတဲ့ အချက်ကို ကျွန်တော်တို့ ယုံကြည်လာအောင် သိပ္ပံပညာက ယုတ္တိရှိတဲ့ အကြောင်းပြချက် လုံလုံလောက်လောက် သယ်ဆောင်လာပါပြီ။ ကဲ Gamer တို့ ဖတ်ကြည့်ရအောင်။


၁။ ကိုယ်လက်ကြံ့ခိုင်မှုကို မြှင့်တင်ပေးတယ်။

တကယ်လို့ ခင်ဗျားဟာ တစ်နေကုန် ဖင်ချထိုင်ပြီး ဂိမ်းဆော့နေတဲ့လူဆိုရင်တော့ ဘယ်အရာကမှ ခင်ဗျားကို မကယ်တင်နိုင်ပါဘူး။ ဒါပေမယ့် လှုပ်ရှားမှုအသားပေးဂိမ်းတွေကို အကူပစ္စည်းနဲ့ ဆော့ရတဲ့ Nintendo Wii, Playstation Move နဲ့ Xbox Kinect တို့ ဆော့မယ်ဆိုရင်တော့ ပျော်ရမယ့် အချက်လေးတွေရှိပါတယ်။ လှုပ်ရှားမှုဂိမ်းတွေဟာ ကိုယ်လက်ကြံ့ခိုင်မှုအပြင် ပေါ့ပါးဖျတ်လတ်မှုတို့ အတွက် လမ်းကြောင်းသစ်တွေ ဖွင့်လှစ်ပေးလိုက်ပါပြီ။ သင့်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေခြင်းနဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးခြင်းအား ဖြင့် သင့်ရဲ့ ကိုယ်လက်ကြံ့ခိုင်မှုအခြေအနေကို တိုးတက်စေနိုင်ပါတယ်။



၂။ ဥာဏ်ရည်ဥာဏ်သွေး နဲ့ တုံ့ ပြန်မှု စွမ်းရည်ကို မြင့်တက်စေတယ်။

သင့်ရဲ့ ဂိမ်းကစားတဲ့အရည်အချင်းတွေကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်မယ်ဆိုရင် သင့်ရဲ့ မှတ်ဥာဏ်စွမ်းရည်ကို အမြင့်ဆုံးရောက်အောင်လုပ်နိုင်ပါတယ်။ Gamer တစ်ယောက်ဟာ မှတ်ဥာဏ်စူးရှဖို့ လိုပြီး တခြား အကျိုးလည်း ရနိုင်ပါသေးတယ်။ ဂိမ်းကစားခြင်းဟာ မှတ်ဥာဏ်တွေကို စူးရှစေယုံမက သင့်ရဲ့ တုံ့ ပြန်နိုင်မှု စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်။ ဂိမ်းကစားတာဟာ သင့်ရဲ့ ဦးနှောက်ကို ထက်မြက်လာအောင်လို့  လေ့ကျင့်မောင်းနှင်နေတာနဲ့ တူပါတယ်။


၃။ အမြင်အာရုံစူးစိုက်နိုင်မှု တိုးတက်ကောင်းမွန်စေတယ်။

ဂိမ်းထဲမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုမရှိဘဲ သင်ကစားနေတဲ့ ဂိမ်းကို အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဗီဒီယိုဂိမ်းတွေဟာ အမြင်အာရုံချို့ တဲ့နေတဲ့လူတွေမှာ အမြင်အာရုံပြန်လည်ရရှိလာစေတယ်ဆိုတဲ့  အကြောင်း သုတေသနပြုလေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ လှုပ်ရှားပြီးဂိမ်းကစားခြင်းက အာရုံစူးစိုက်နိုင်မှု မြင့်တက်စေတယ်တဲ့အချက်ကို စစ်ဘက်ဆိုင်ရာအတွက် စစ်သားတွေကို လေ့ကျင့်ပေးတဲ့နေရာမှာတောင် အသုံးဝင်လာပါပြီ။



၎။ စိတ်ကျမှုကို တိုက်ဖျက်ပေးတယ်။

ကျည်ဆံသံတွေ၊ အရှိန်အမြင့်ဆုံးနဲ့ ပြိုင်နေတဲ့ ကားတွေရဲ့ အသံလောက် ဘယ်ဂီတကမှ ယောင်္ကျားတစ်ယောက်အတွက် ပိုမကောင်းနိုင်ပါဘူး။ လေ့လာမှုတွေအရ ဂိမ်းကစားတာဟာ စိတ်ကျရောဂါဝင်ရောက် မှုနဲ့ ဖိအားတွေကို အမှန်တကယ် တိုက်ဖျက်နိုင်တယ်လို့ သိရပါတယ်။


၅။ သင့်ရဲ့ အိပ်မက်တွေကို ထိန်းချုပ်နိုင်တယ်။

များသောအားဖြင့် ဗီဒီယိုဂိမ်းတွေဆိုတာ စိတ်ကူးစိတ်သန်းတွေ ကွန့် မြူးရာ နယ်ပယ်တွေပါပဲ။ ဂိမ်းထဲမှာ ဖြစ်ပျက်နေသမျှ အခြေအနေအားလုံးကို ထိန်းချပ်ရတဲ့ နေရာမှာ သင်ကိုယ်တိုင် ပါဝင်ရပါတယ်။ ဒါကြောင့် ညတိုင်းမက်တဲ့ အိပ်မက်တွေကိုတွေ သင်ကိုယ်တိုင် ကောင်းကောင်းထိန်းချုပ်နိုင်ပြီး ဖြစ်နိုင်ရင် အိပ်မက်ဆိုးတွေကိုတောင် ချောင်ထိုးထားနိုင်ပါတယ်။




( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : mens health

သွားဖုံးသွေးယိုရတဲ့ အကြောင်းရင်းများ



သွားတိုက်တဲ့အခါနဲ့ တစ်ခါတစ်လေ အစာစားနေတဲ့ အချိန်တွေမှာ သွားဖုံးသွေးယိုဖြစ်တတ်တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပါတယ်။ ဒီလိုသွားဖုံးသွေးယိုတတ်တဲ့ အကျင့်ကတော့ အောက်က အချက်တွေနဲ့ ညှိစွန်းနေလို့ပဲ ဖြစ်နိုင်ပါတယ်။
ခံတွင်းသန့်ရှင်းရေး လုပ် ဆောင်မှုနည်းခြင်းကြောင့်လည်း အစာအ ကြွင်းအကျန်တွေက သွားဖုံးမှာ စုပုံ ပြီး ယင်းကတစ်ဆင့် သွားဖုံတွေနီရဲ၊ ရောင်ရမ်း၊ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။

 သွားအနေအထား မမှန်ရင် သွားသန့်ရှင်းရေး လုပ်ရခက်ခဲပြီး ယင်းသွားကြားမှာ အစားအကြွင်း အကျန်တွေ ကပ်ကျန်ကာ ယင်းမှ တစ်ဆင့် သွားဖုံးသွေးယိုနိုင်ပါတယ်။ သွားတိုက်လျှင် အလွန်အကျွံဖိတိုက် ခြင်းနဲ့ သွားပွတ်တံအမာတွေ ကြောင့် သွားဖုံးမှာ ဒဏ်ရာရပြီး သွားဖုံး သွေးယိုနိုင်ပါတယ်။

သွားဖုံးသွေးယိုရတာကတော့ ဗီတာမင်စီနဲ့ဗီတာမင်ကေချိုတဲ့လို့ ဖြစ်ပါတယ်။  ခန္ဓာကိုယ်က ဗီတာမင်ကေအဓိကရနိုင်တဲ့ အရင်းအမြစ်တွေကတော့ အူတွင်းက သဘာဝအဏုဇီဝပိုးမွှားတွေဖြစ်ပြီး ကာလကြာရှည် ပဋိ ဇီဝ ပိုးသတ်ဆေးသောက်နေရသူတွေမှာတော့ အဲ့ဒီပိုးမွှားတွေမရှိတော့တာကြောင့် သွားဖုံးသွေးယိုနိုင်တယ်လို့ သိရပါတယ်။

 အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် သွားဖုံး သွေးယိုနိုင်ပါတယ်။ ဥပမာ အရွယ် စတင်ရောက်ချိန် ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန်၊ ရာသီလာချိန်နှင့် ကိုယ်ဝန်တားဆေးသုံးတဲ့အခါတွေ မှာ သွားဖုံးသွေးယိုနိုင်ပါတယ်။

သွေးနဲ့ပတ်သက်တဲ့ရောဂါဖြစ် ပွား တဲ့မျိုးရိုးရှိသူတွေမှာ သွားဖုံးတွေ သွေးယိုမှုဖြစ်ပွားနိုင်ပါတယ်။ သွေးနဲ့ ပတ်သက်တဲ့ ဆေးတွေသောက်သုံးနေရတဲ့သူတွေမှာ သွားဖုံးသွေးယိုနိုင်ပါတယ်။ ဆေးဝါးတွေ ဥပမာအားဖြင့် Aspirin, Clopidogrel စတဲ့နှလုံး နဲ့လေဖြတ်ရာမှာ သုံးတဲ့သွေးခဲဖျော် ပေးတဲ့ဆေးတွေ၊ တက်တဲ့သူတွေမှာ သုံးတဲ့ဆေးတွေ ကင်ဆာဓာတုကု ထုံးမှာသုံးတဲ့ ဆေးတွေက သွားဖုံး သွေးယိုမှုကို ဖြစ်စေနိုင်ပါတယ်။

အသည်းရောဂါသည်တွေကတော့ သွားဖုံးသွေးယိုနိုင်ချေမြင့်မားပါတယ်။ အသည်းက သွေးခဲရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့အဓိက အင်္ဂါဖြစ်ပြီး အသည်းရောဂါရှိနေရင်တော့ သွေးမခဲတော့ဘဲ သွားဖုံးသွေးယိုခြင်း ဖြစ်ပွားနိုင်ပါတယ်။သွေးကင်ဆာရောဂါများနဲ့ အရိုးကင်ဆာစတဲ့ ကင်ဆာတွေမှာ လည်း သွားဖုံးသွေးယိုနိုင်တယ်လို့ သိရပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : FamilyDoctor



အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်ဘီ



ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော်မုန်းပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။

ဗီတာမင် B1 - သိုင်ယာမင်း

သိုင်ယာမင်းဟာ သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အတွက် နှလုံးဆီသို့ သာမက လိင်အင်္ဂါဆီကိုလည်း သွေးစီးဆင်း ရောက်ရှိစေ ပါတယ်။ စွမ်းအင်အဆင့် တိုးစေပြီး ဦးနှောက်လုပ်ငန်း ဆောင်တာကို ကောင်းမွန်စေပါတယ်။ အိမ်ထောင်ရှင် အမျိုးသမီးတွေကို စွမ်းအင် ပိုရှိစေပါတယ်။
 အင်တီအောက်ဆီးဒင့် အစွမ်းလည်း ရှိတဲ့ အတွက် ခန္ဓာကိုယ်ကို အိုမင်းမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ လူတွေက ပိုမို နုပျိုကြည့်ကောင်း လေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိ လေလေ ဖြစ်ပြီး လိင်ဆွဲဆောင်အား ပိုကောင်း လေလေပါ။

ဗီတာမင် B1 ပါဝင်မှု မြင့်မားသည့် အစာများ - ဆန်လုံးညို၊ မြေပဲ၊ ပဲစိမ်း၊ ပင်လယ်ရေညှိလို ပင်လယ် ဟင်းသီးဟင်းရွက်တွေ၊ ဖွဲနုနဲ့ အခွံ ချွတ်မထားတဲ့ ကောက်နှံစာ အများစုထဲမှာ သိုင်ယာမင်းဓာတ် ပါဝင်ပါတယ်။

ဗီတာမင် B2 - ရိုင်ဘိုဖလေဗင်

ကာဗိုဟိုက်ဒရိတ်၊ အဆီနဲ့ ပရိုတင်းဓာတ်တို့ တည်ဆောက် ဖြိုခွဲရာမှာ အသုံးဝင်ပါတယ်။ ဗီတာမင် B1 ခိျု့တဲ့ရင် စားသမျှ အစာတွေကို တည်ဆောက်ဖြိုခွဲမှု မပြုလုပ်နိုင်ဘဲ အဆီအဖြစ် သိုလှောင် ထားတတ်ပါတယ်။ ဆံပင်တစ်သျှူးတွေ၊ အရေပြားနဲ့ လက်သည်း ခြေသည်းတွေမှာ အောက်ဆီဂျင် အသုံးပြုမှု အားကောင်းစေတဲ့ အတွက် ငယ်ရွယ်နုပျိုပြီး ဆွဲဆောင်အား ကောင်းမွန်စေပါတယ်။

ဗီတာမင် B2 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ ဟင်းနုနယ်ရွက်နဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာထဲမှာ ရိုင်ဘိုဖလေဗင် ပါဝင်ပါတယ်။

ဗီတာမင် B3 - နိုင်ယာစင်

နိုင်ယာစင်ဟာ အသားအရေကို ကျန်းမာစေပြီး သွေးလှည့်ပတ်မှု ကောင်း မွန်စေတဲ့အတွက် အသားအရေကို ထိ တွေ့လိုက်ရုံနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ခံစား ချက်ကို ဖြစ်စေနိုင်ပါတယ်။ လိင်ဟော်မုန်း တည်ဆောက်မှုမှာ ပါဝင်တဲ့အပြင် မကောင်းတဲ့ ကိုလက်စ ထရောတွေကို လျော့ကျစေပါတယ်။

ဗီတာမင် B3 ပါဝင်မှု မြင့်မားသည့် အစာများ - နိုင်ယာစင် ပါဝင်မှုများတဲ့ အစာတွေက မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်း၊ ခရမ်းချဉ်သီး၊ အာလူး၊ ဂျုံစေ့၊ စွန်ပလွံသီးနဲ့ မြေပဲတို့ ဖြစ်ကြပါတယ်။

ဗီတာမင် B5 - ပန်တိုသီးနစ်အက်စစ်

ဗီတာမင် B5 ဟာ အဒရီနယ်ဟော် မုန်းထွက်ရှိမှုကို သက်ရောက်စေပြီး စိတ် ဖိစီးမှု လျော့ကျစေတဲ့အတွက် စိတ်ခံစား မှုကို ကောင်းမွန်စေပါတယ်။ အဒရီနယ် ဂလင်းက ကောင်းကောင်း အလုပ်မလုပ် ရင် သက်လုံလျော့ကျပြီး လိင်စိတ်ဆန္ဒ လည်း လျော့နည်းတတ်ပါတယ်။ နည်း နည်းလောက် လှုပ်ရှားလိုက်ရုံနဲ့ ချွေး ထွက်ပြီး စိတ်ဖိစီးမှုကို ခံနိုင်ရည်လည်း နည်းပါတယ်။

ဗီတာမင် B5 ပါဝင်မှု မြင့်မားသည့် အစာများ - ပဲသီး၊ အစိမ်းအတိုင်း စား နိုင်တဲ့ ဟင်းသီးဟင်းရွက် အများစု၊ မှို၊ အခွံမာတဲ့ အစေ့အဆန်၊ ပျားရည်စတာ တွေထဲမှာ ဗီတာမင် B5 ပါဝင်မှုများပါ တယ်။

ဗီတာမင် B6 - ပရီဒေါက်စင်း

ရာသီအကြိုဝေဒနာ လက္ခဏာတွေ ကို လျော့ကျစေသလို ၀မ်းမှန်မှန် သွားစေတဲ့ အစွမ်းလည်း ရှိပါတယ်။ နှလုံးကြွက်သားတွေကို ဟိုမိုစစ္စ တင်းဓာတ်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကူညီပေးပြီး ကိုလက်စထရော စုပုံမှု မဖြစ်စေပါဘူး။

ဗီတာမင် B6 ပါဝင်မှု မြင့်မားသည့် အစာများ - ဟင်းနုနယ်ရွက်၊ နေကြာ စေ့၊ မုန်လာဥနီ၊ ပဲ၊ သီဟိုဠ်စေ့၊ ထောပတ် သီး၊ ငှက်ပျောသီး၊ ပဲ၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ စိမ်းနဲ့ အခွံချွတ်မထားတဲ့ ကောက်နှံစာ တို့မှာ ဗီတာမင် B6 ပါဝင်ပါတယ်။

ဗီတာမင် B12 - ဆိုင်ယာနိုကိုဘက်လမင်း


ဗီတာမင် B12 ဟာ မျိုးအောင်နိုင်စွမ်း ကောင်းမွန်အောင် ကူညီပေးပြီး ပန်းသေပန်းညှိုး ဖြစ်တာကို လျော့ကျစေ ပါတယ်။ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှု တို့ အားကောင်းစေဖို့ ဗီတာမင် B12 လိုအပ်ပါတယ်။ ဗီတာမင် B12 ဟာ စားသမျှ အစာတွေကို စွမ်းအင် ဖြစ်အောင် အသုံးပြုပေးပါတယ်။ စွမ်းအင်ရှိလေ၊ အိမ်ထောင်မှု သုခ ပြည့်ဝလေပါ။

ဗီတာမင် B12 ပါဝင်မှု မြင့်မားသည့် အစာများ - ပင်လယ်ရေမှော်လို ပင်လယ်အောက်က ရတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ပါဝင်မှု များပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Health

သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာ ကိုးရပ်




ပျမ်းမျှ အမျိုးသမီး ၁ဝ ဦးမှာ ခြောက်ဦးခန့်က သံဓာတ်ချို့တဲ့ လေ့ရှိကြပြီး နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုများတဲ့ အမျိုးသမီးတွေမှာ သံဓာတ်ပိုမိုလိုအပ်နေတယ်လို့  အမေရိကန်နိုင်ငံရှိ the Centers for Disease Control and Prevention မှ ကျွမ်းကျင်သူများက ဆိုပါတယ်။ သံဓာတ်ချို့တဲ့ခြင်းရှိ-မရှိ မိမိကျန်းမာရေး အခြေအနေကို အောက်ပါ လက္ခဏာကိုးရပ်တို့ဖြင့် စမ်းစစ်နိုင်ပါတယ် -

အလွန်အမင်း မောပန်းခြင်း

ခန္ဓာကိုယ်က သံဓာတ်ကိုအသုံးပြု၍၊ သွေးကလာပ် စည်းဆဲလ်များထဲရှိ အောက်စီဂျင်ကို သယ်ယူပေးတဲ့ သွေးနီဓာတ်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။ သံဓာတ်ချို့တဲ့ လာသော အခါမှာ ကျန်းမာသန်စွမ်းတဲ့ သွေးဆဲလ်
တွေ အလုံအလောက်မရှိတော့ဘဲ အလွန်အမင်း မောပမ်း နွမ်းနယ်လာပါတော့တယ်။

အာရုံစူးစိုက်၍ မရခြင်း

သံဓာတ်ချို့တဲ့လာတဲ့အခါ အာရုံခံအင်္ဂါအဖွဲ့အစည်းတွေ ချို့ယွင်းသွားတာကြောင့် ပုံမှန်လုပ်နေကျအလုပ်တွေ
မှာတောင် စိတ်အာရုံစူးစိုက်၍မရတော့ဘဲ တက်တက်ကြွကြွမရှိ စွမ်းဆောင်ရည်တွေ တဖြည်းဖြည်းကျဆင်းလာပါတယ်။

စိတ်ဝင်စားမှု မရှိုခြင်း

သံဓာတ်ချို့တဲ့လာခြင်းကြောင့်၊ အာရုံခံအဖွဲ့အစည်းတွေကို ထိခိုက်စေရုံမျှမက စိတ်နှလုံးနောက်ကျိလာကာ မိမိရဲ့မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ ယခင်လို စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်
ယောက်ထည်း ဘာသိဘာသာနေလိုစိတ် ပြင်းပြနေတတ်ပါတယ်။

အသက်ရှူကြပ်ခြင်း

သွေးထဲမှာ သံဓာတ်လုံလောက်မှုမရှိတဲ့အခါ ခန္ဓာကိုယ်က အောက်စီဂျင်ကို အလွန်အမင်းတောင်းတလာပြီး
အသက်ရှူမဝ မွန်းကြပ်မှုတွေဖြစ်လာပါတယ်။ ပုံမှန်အားကစားလေ့ကျင့်ခန်းလုပ်တဲ့အခါတွေ၊ ပုံမှန်လမ်း
လျှောက်တဲ့အခါတွေမှာ သိသိသာသာ အသက်ရှူမဝလာခြင်းဟာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။

အသားအရေဖြူရော်ရော်ဖြစ်ခြင်း

နှုတ်ခမ်းသား၊ လက်ဖဝါး၊ အောက်မျက်ခမ်းအတွင်းသားတွေမှာ ယခင်နဲ့မတူ ဖြူစွတ်လာခြင်း၊ လက်ဖဝါး၊ ခြေဖဝါးတွေ အေးစက်ကာ မျက်နှာနှင့် အသားအရေတွေ ဖြူရော်ရော်ဖြစ်လာခြင်းကလည်း သွေးနီဥပမာဏတွေ ကျဆင်းလာတာကြောင့် သွေးမလျှောက်နိုင်တော့ပါဘူး။

ကြွက်သားတွေနာကျင်ခြင်း

ခန္ဓာကိုယ်ကြွက်သားတွေမှာ သံဓာတ်တွေအားနည်းလာတာကြောင့် ကြွက်သားတွေ ပျော့အိလျော့ရဲလာပြီး တော်ရုံတန်ရုံ ဖိတွန်းမိတာကိုတောင် အထိမခံနိုင်တော့ဘဲ အသားတွေနာကျင်လာပါတယ်။

ခြေသည်း၊ လက်သည်းတွေကွဲထွက်ခြင်း

ခြေသည်း၊ လက်သည်းအစပ်နားတွေ သူ့အလိုလိုတစ်စစီကွဲထွက်ခြင်းက သံဓာတ်ချို့တဲ့ခြင်းရဲ့လက္ခဏာ
တစ်ရပ်ဖြစ်ပါတယ်။ အချို့သူတွေမှာ လက်သည်းခွံတွေက အပေါ်ကိုဖောင်းမနေတော့ဘဲ၊ ဇွန်းသဏ္ဍာန် အတွင်းပိုင်းကို ချိုင့်ခွက်ဝင်နေကြပါတယ်။

မကြာခဏဖျားနာခြင်း

အသက်ရှူလမ်းကြောင်းမှတဆင့် အလွယ်တကူကူးစက်နိုင်တဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ရာသီဖျားတွေကို မကြာခဏကူးစက်ခံရခြင်း၊ ခါတိုင်းနဲ့မတူ တော်ရုံတန်ရုံအအေးခံရရုံမျှနှင့် နှာခေါင်းပိတ်ခြင်းတို့ကလည်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ပါပဲ။

ပန်းရောင် (သို့မဟုတ်) အနီရောင် ဆီးသွားခြင်း

သွေးဆုံးပြီး အမျိုးသမီးကြီးတွေ ၁ဝ ဦးမှာ နှစ်ဦးလောက်က ပန်းရောင် (သို့မ ဟုတ်) အနီရောင် ဆီးသွားတတ်ပါတယ်။ တချို့အမျိုးသမီးကြီးတွေက လက်ဖက်ရည်ကြမ်း ကျကျကဲ့သို့ နီညိုရောင်ဆီးသွားတတ်ပါတယ်။ အကယ်၍ အနီရောင်ခြယ် စတော်ဘယ်ရီသီးတွေ၊ beet root (ခေါ်)သကြားမုန်လာ(ခေါ်)သွေးနီရောင် အရည်ရွှမ်းတဲ့ မုန် လာဥနီအလုံးတွေကို မစားဖြစ်ဘဲ ဆီးအရောင်က သူ့အလိုလို ပြောင်းသွားခြင်းက သံဓာတ်ချို့တဲ့ခြင်း၏လက္ခဏာဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Womenshealth

အမေရိကန် မှာ ဇီကာ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုကို ပထမဆုံး အကြိမ် အတည်ပြု



ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ရောဂါထိန်းချုပ်မှု နဲ့ ကာကွယ်ရေး စင်တာ(CDC) က ကြေညာမှုတစ်ခု ပြုလုပ်ခဲ့ပါ တယ်။ အဲဒါကတော့ Puerto Rican ဒေသမှာနေထိုင်တဲ့ အသက် ၇၀ အရွယ် အမျိုးသား တစ်ဦးဟာ ဇီကာ ဗိုင်းရပ်စ် နဲ့ ဆက်စပ်နေတဲ့ သွေးထွက်လွန်ရောဂါ တစ်မျိုးကြောင့် ဖေဖော်ဝါရီလက သေဆုံးသွားခဲ့တယ်ဆိုပါပဲ။

ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့  ပထမဆုံး ဇီကာ ဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး သေဆုံးမှုလည်း ဖြစ်တယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုအမျိုးသားဟာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက်မှာ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေအတွက် တစ်ပတ်ခန့် ဆေးကုသမှု ခံယူခဲ့ပါသေးတယ်။

“သူ သက်သာသွားပြီး ရက်အနည်းငယ် အကြာမှာပဲ သူဆေးရုံကို သွေးထွက်လွန်ရောဂါ တစ်မျိုးရဲ့  လက္ခဏာတွေနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ပြီးတော့ Immune Thrombocytopenic Purpura (သို့) ITP လို့ခေါ်တဲ့ရောဂါ တစ်မျိုးလည်း စွဲကပ်လာပါတယ်။ အဲဒီရောဂါကတော့ လူတစ်ယောက်ရဲ့  ခုခံအား စနစ်က သွေးဆဲလ်တွေကို တိုက်ဆိုက်ပြီး အေးခဲစေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူကြီးတစ်ယောက်အတွက် ဒါမျိုးတွေက ဖြစ်လေ့ရှိတဲ့ ကျန်းမာရေး အခြေအနေတွေဖြစ်ပြီး အသက်အန္တရာယ် မရှိနိုင်ခဲ့ပါဘူး။” လို့ အရေပြား ရောဂါ ပညာရှင်တစ်ယောက်ဖြစ်တဲ့ Tyler Sharp က ဆိုပါတယ်။

ထို အမျိုးသားရဲ့  သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ကတည်းက ထုတ်ပြန်မှု မပြုလုပ်ခဲ့ခြင်းဟာ တိကျတဲ့ သေဆုံးမှု အကြောင်းအရင်းကို မသိရှိသေးခဲ့တာကြောင့်ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဇီကာ ဆိုတာဟာ ခြင် အမျိုးအနွယ် ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အေးဒီးစ် ဆိုတဲ့ ခြင် အမျိုးအစားတွေက တဆင့် ပျံ့နှံ့လေ့ရှိပါတယ်။ ထိုရောဂါ စွဲကပ်သွားပြီဆိုရင်တော့ အလွန်ဆုံး တစ်ပတ်ခန့်သာ ရှင်သန်ခွင့်ရှိပါတယ်။ ထိုရောဂါကို ကုသနိုင်ဖို့အတွက် ဆေးမရှိသေးသလို ဆေးပညာ သုတေသီတွေဟာလည်း ထို ဇီကာ ဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်နေကြဆဲ ပဲ ဖြစ်ပါတယ်။ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသန အရတော့ ဇီကာ ဗိုင်းရပ်စ်ဟာ ဟေတီ နိုင်ငံမှာ စတင် ပေါက်ဖွားလာခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Elitedaily


မျိုးဗီဇတစ်မျိုး များပြားပျံ့နှံ့စွာပါဝင်ခြင်းဟာ ပိုမိုအိုမင်းရင့်ရော်တယ်လို့ ထင်ရစေနိုင်



မျိုးရိုးဗီဇအမျိုးမျိုး ကွာခြားမှုဟာ လူတစ်ယောက်ခြင်းရဲ့ ပိုမို ပျိုမြစ်နုနယ်တဲ့အသွင်အပြင် ပိုင်ဆိုင်စေနိုင်ဖို့ အကူအညီဖြစ်စေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

MC1R လို့ လူသိများတဲ့ မျိုးရိုးဗီဇတစ်မျိုးဟာ အသားအရည်နဲ့ ဆံပင်အရောင်တွေပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ MC1R ပျံ့နှံ့များပြားမှုဟာ အနီရောင်ဆံပင်၊ ဖြူဖွေးတဲ့အသားရောင်တွေကို ရရှိစေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာချက်အသစ်မှာတော့ ဒီလိုမျိုးဗီဇတွေဟာ အိုမင်းရင့်ရော်မှုအပေါ် အကျိုးသက်ရောက်မှု ရှိတာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

MC1R မျိုးဗီဇ များပြားပျံ့နှံ့မှု ပိုရှိသူတွေဟာ လက်ရှိအသက်အရွယ်ထက် ၂ နှစ်ခန့် ပိုအသက်ကြီးတယ်လို့ ထင်ရစေနိုင်တဲ့ ရုပ်ရည်သွင်ပြင်ကို ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI


နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ