ဝိုင်သောက်ခြင်းက အဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို ခံစားရဖို့ အခွင့်အလမ်းနည်းစေ


ဝိုင်သောက်တဲ့ သူတွေဟာ ဒူးခေါင်း အဆစ်အမြစ်ရောင်ရမ်း နာကျင်ခြင်း ဝေဒနာ ကို ခံစားရဖို့အခွင့်အလမ်း နည်းပေမယ့်လည်း ဘီယာ သောက်တဲ့သူတွေကတော့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ဖို့ ပိုများစေတယ်လို့ လေ့လာမှု အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။

နော့တင်ဟမ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ဒူးခေါင်း (သို့) တင်ပါးရောင်ရမ်း နာကျင်တာ မျိုးတွေ ခံစားနေရပြီး အသက် ၄၅ နှစ်ကနေ ၈၆ နှစ်ကြားရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး အယောက် ၂၀၀၀ ရဲ့ ယမကာ မှီဝဲမှု အကျင့်တွေကို ကျန်းမာတဲ့ လူ အယောက် ၁၀၀၀ နဲ့ နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။

ဘီယာ မသောက်တတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် တစ်ပတ်ကို ၂၀ ယူနစ်ထက်ပိုပြီးဘီယာ သောက်သုံးသူတွေဟာ ဒူးခေါင်း အဆစ်အမြစ်ရောင်ရမ်းနာကျင်ဖို့ ၉၃ ရာခိုင်နှုန်း အခွင့်အရေးပိုများနေပါတယ်။ ခါး ၊ တင်ပါး တို့ရဲ့ အဆစ်အမြစ်တွေရောင်ရမ်းနိုင်ချေကတော့ ဒူးခေါင်းထက်ပင် အခွင့်အရေး ၂ ဆ ပိုများနေပြန်ပါတယ်။

တစ်ဖက်မှာကျပြန်တော့လည်း တစ်ပတ်ကို ၀ိုင် ၄ ခွက်ကနေ ၆ ခွက် အထိ သောက်သုံးသူတွေဟာ ဒူးခေါင်းအဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၇ ခွက် သောက်သုံးသူတွေဆိုရင် ၂ ဆ ပိုမို လျော့ကျစေမှာ ဖြစ်ပါတယ်။

ဒီလို ဘာကြောင့် ၀ိုင်က အဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို သက်သာစေသလဲဆိုတဲ့ အကြောင်းပြချက်တော့ တိတိကျကျမသိရပါဘူး။ သီအိုရီအရတော့ ၀ိုင်မှာပါဝင်တဲ့ Polyphenols ဆိုတဲ့ အန်တီအောက်ဆီးဒင့် တစ်မျိုးကြောင့်ဖြစ်ပါတယ်။ Polyphenols ဟာ ကာကွယ်မှုနဲ့ ဆိုင်တဲ့ သက်ရောက်မှု တွေ ခန္ဓာကိုယ်ကို ဖြစ်စေပါတယ်။ ဘီယာမှာပါဝင်တဲ့ Uric အက်ဆစ် ပမာဏကတော့ ထိခိုက်တဲ့ သက်ရောက်မှုတွေစာ ဖြစ်စေနိုင်တာဖြစ်ပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ Arthtitis Research Therapy ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

ပုံမှန် ချစ်တင်းနှောခြင်းက ခုခံအားစနစ်ကို ပြောင်းလဲပေးခြင်းကြောင့် ကိုယ်ဝန်ရနိုင်ခြေ များလာစေနိုင်

မျိုးပွားနိုင်ရေးအတွက် အမျိုးသမီးရဲ့ ရာသီစက်ဝန်းနဲ့ ချိန်ကိုက်ပြီးဖြစ်စေ စုံတွဲတွေဟာ ရင်သွေးလေးရရှိဖို့အတွက် ကြိမ်ဖန်များစွာ ကြိုးစားကြသော်လည်း ဒါဟာကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အရေးရှိနိုင်အောင် ဘယ်လိုကူညီပေးနေတယ်ဆိုတာ မသိရှိကြသေးပါဘူး။

လိင်ဆက်ဆံခြင်းက အမျိုးသမီးတစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ် ကို ကိုယ်ဝန်ဆောင်နိုင်မှုအခြေအနေအတွက် ပြုပြင်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်အသစ်တွေအရ သိရပါတယ်။ ဒီလေ့လာချက်တွေဟာ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပိုမိုသိရှိနိုင်ခြင်းသာမက လေ့လာသူတွေအနေနဲ့လည်း autoimmunity disorders ကို ကုသရာမှာလည်း အသုံးဝင်လာမယ်လို့ ဆိုပါတယ်။

Indiana University ရှိ Kinsey Institute မှ သိပ္ပံပညာရှင် Tierney Lorenz က “ ကလေးလိုချင်ကြတဲ့ စုံတွဲတွေကို အမျိုးသမီးရဲ့ ကိုယ်ဝန်ဆောင်နိုင်စွမ်း တိုးတက်ပြောင်းလဲနိုင်ဖို့အတွက် သားဥမကြွေခင်လည်း ပုံမှန်ဆက်ဆံမှုတွေ ပြုလုပ်ဖို့ အကြံဥာဏ်ပေးတာ ပုံမှန်လိုဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ဒါဟာဘယ်လိုအလုပ်လုပ်တယ်ဆိုတာ အတိအကျမသိခဲ့ပါဘူး။ ဒီလေ့လာတွေ့ရှိချက်က လိင်ဆက်ဆံခြင်းဟာ ခန္ဓာကိုယ်တွင်း ထောက်ပံ့မှုပေးနိုင်တဲ့ Immunity ကို ပိုမိုတိုးပွားစေတယ်ဆိုတာကို ပထမဆုံး ပြသပေးသွားတာ ဖြစ်ပါတယ်” လို့ ရှင်းလင်းပြောပြထားပါတယ်။

လေ့လာသူတွေဟာ အမျိုးသမီး  ၃၀ မှာ တစ်ဝက်စီကို လိင်ပိုင်းဆိုင်ရာ တက်ကြွစေပြီး တစ်ဝက်ကိုတော့ ပုံမှန်အတိုင်းထားရှိ လေ့လာခဲ့ကြပါတယ်။အကူအညီပေးတဲ့T ဆဲလ်တွေနဲ့ Antibodies အဆင့်တွေဟာ အုပ်စု၂ခုမှာရှိတဲ့ အမျိုးသမီးတွေမှာ မတူညီတာကို တွေ့ရှိရပါတယ်။

လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့အမျိုးသမီးတွေမှာ ရာသီစက်ဝန်းအတွင်းမှာ ကိုယ်ဝန်ရနိုင်ခြင်းကို ကာကွယ်စွမ်းအားပြည့်ဝတဲ့ ဆဲလ်များပါဝင်မှုမြင့်မားနေတာကို တွေ့ရှိရပါတယ်။ အခြားအမျိုးသမီးတွေမှာတော့ ဒီလိုကာကွယ်စွမ်းအားတွေ ပြောင်းလဲခြင်းမရှိဘူးလို့ ဆိုပါတယ်။

"လူမှုရေးဆိုင်ရာ အပြုအမူတစ်ခုဖြစ်တဲ့ လိင်ဆက်ဆံခြင်းဟာ ကာကွယ်စွမ်းအားစနစ်အပေါ် သက်ရောက်မှုရှိကြောင်း ကျွန်တော်တို့ အမှန်တကယ်တွေ့ရှိခဲ့ကြပါတယ်။  လိင်ပိုင်းဆိုင်ရာတက်ကြွမှု ရှိတဲ့ အမျိုးသမီးတွေရဲ့ immune systems ဟာ ကိုယ်ဝန်ဆောင်နိုင်ခြေကို နည်းပါးစေဖို့ ပိုပြီး ပြုပြင်ပေးနိုင်ပါတယ်”  လို့ Lorenz က ဆိုပါတယ်။

( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

တစ်ညကို ၈နာရီ အိပ်စက်ခြင်းဟာ မှတ်ဥာဏ် ပိုမို ကောင်းမွန်စေနိုင်



ကျန်းမာရေးအတွက် လိုအပ်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ အတွက် လူသားတွေလိုအပ်နေတာက တစ်ညကို ၈ နာရီ ဆိုတဲ့ အိပ်ချိန်ပါ။

ဒါပေမယ့်လည်း သုတေသီအဖွဲ့တစ်ဖွဲ့ဟာ သင့်ကို လုံလောက်စွာ အိပ်တာ သေချာစေမယ့် မက်လုံး တစ်ခုကို ထုတ်ဖော်ပြောပြလိုက်ပါတယ်။ သူတို့ ရှာဖွေတွေ့ရှိခဲ့တာက လူတွေဟာ တစ်ညကို အိပ်ချိန် ၈ နာရီ ရှိတဲ့အခါမှာ သူတို့ မမှတ်မိနိုင်တဲ့ မျက်နှာတွေနဲ့ နာမည်တွေကို ကောင်းမွန်စွာ မှတ်မိသွားနိုင်ပါတယ်တဲ့။

Brigham မှာ အာရုံကြော သိပ္ပံဆိုင်ရာ တွဲဖက်ပညာရှင်တစ်ယောက်ဖြစ်ပြီး ဘော်စတွန်မှာရှိတဲ့ အမျိုးသမီး ဆေးရုံမှာလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Jeanne Duffy က ပြောပြခဲ့တာကတော့" ငါတို့သိထားတာက မတူညီတဲ့များစွာသော မှတ်ဥာဏ်တွေဟာ အိပ်စက်ခြင်း နဲ့ ကောင်းမွန်လာနိုင်ပါတယ်။ လေ့လာမှု အချို့ကနေသိခဲ့ရတာက အိပ်စက်ခြင်းဟာ ကျွန်ုပ်တို့ရဲ့ လူတွေ ၊ နာမည်တွေကို မှတ်မိနိုင်စွမ်းကို ဘယ်လောက်ထိ သက်ရောက်မှု ရှိလဲဆိုတာပါပဲ"။

ထိုလေ့လာမှု မှာပါဝင်တဲ့ လုပ်အားပေးတွေဟာ ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခု မှာ စမ်းသပ်စစ်ဆေးမှု ခံယူခဲ့ကြရပါတယ်။ သူတို့ဟာ အရွယ်ရောက်ပြီးသူတွေရဲ့ ကာလာဓါတ်ပုံ ၆၀၀ ကျော်ထဲကမှာ အယောက် ၂၀ ရဲ့ ဓါတ်ပုံနဲ့ အမည်တွေကို ပြသခြင်းခံခဲ့ရပါတယ်။ ၁၂ နာရီ ကြာတဲ့အခါမှာတော့ သူတို့ကို ဓါတ်ပုံတွေပြန်ပြခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဓါတ်ပုံနဲ့ နာမည်တွေနဲ့ တွဲဖက်ထားခြင်းမရှိတော့ပါဘူး။

သူတို့ကို မှန်ကန်တဲ့နာမည်တွေ ပြောပြခိုင်းပြီး ၂ ကြိမ်တိုင်စစ်ဆေးခဲ့ပါတယ်။ ရလဒ်ကတော့ ၈ နာရီကြာ အိပ်စက်ခဲ့ရသူတွေဟာ အိပ်ရေးမ၀ခဲ့တဲ့ သူတွေထက် အမည်နဲ့ ဓါတ်ပုံတွေကို တွဲဖက် ဖြေဆိုနိုင်စွမ်း ၁၂ ရာခိုင်နှုန်း ပိုမို ကောင်းမွန်နေတာကို တွေ့ရပါတယ်။

"အိပ်စက်ခြင်းစာ သတင်းအချက်အလက် အသစ်တွေကို လေ့လာဖို့အတွက် အရေးကြီးပါတယ်" လို့ ဒေါက်တာ Duffy က ဆိုပါတယ်။

လူတွေဟာ အသက်ကြီးလာတဲ့အခါမှာ အိပ်ချိန်တွေ မှားယွင်းလာပြီး အိပ်ရေးပျက်လာကြတာ များပါတယ်။ အဲဒီကတဆင့် မှတ်ဥာဏ် ပြသနာ တွေ ဖြစ်လာတာပဲဖြစ်ပါတယ်။ ထိုရှာဖွေတွေ့ရှိမှုတွေကိုတော့ Neurobiology of Learning and Memory ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

အမျိုးသမီးတွေ အာလူး စားသုံးမှု များခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုသွေးချို ရောဂါ ဖြစ်စေနိုင်



ကိုယ်ဝန် မဆောင်ခင်မှာ အာလူးများများစားခဲ့တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားဖို့အတွက် အခွင့်အလမ်း များတယ်လို့ မယ်ရီလန်းအခြေစိုက် အမျိုးသား ကျန်းမာရေးဌာနက ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရ သိရပါတယ်။

သုတေသီတွေ ပြောပြခဲ့တာကတော့ ကိုယ်ဝန်မဆောင်ခင်ကာလမှာ အာလူး စားမယ့်အစား ပဲတောင့်ရှည် ၊ ကောက်ပဲသီးနှံ တို့လို အခြား ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကတော့ ပဋိသန္ဓေ ဆီးချိုသွေးချို ရောဂါတွေဖြစ်ပွားနိုင်ချေ လျော့နည်းသွားစေနိုင်တယ် ဆိုတာပါပဲ။

ထိုလေ့လာမှုကိုတော့ BMJ သတင်းစာမှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ပဋိသန္ဓေ ဆီးချိုသွေးချို ရောဂါ ဖွံ့ဖြိုးမှုနဲ့ ဂလိုင်းစီးမစ် ပါဝင်မှု အများဆုံးဖြစ်တဲ့ အာလူး တို့ ပတ်သက်ဆက်နွယ်နေမှုကို ပထမဆုံး လေ့လာခဲ့မှု လည်း ဖြစ်ပါတယ်။ ပဋိသန္ဓေ ဆီးချိုသွေးချို ရောဂါဆိုတာဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ရောဂါဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ကို သွေးထဲက သကြားဓါတ်ပမာဏ တွေမြင့်တက်လာစေပါတယ်။ အဲဒီကတဆင့် အနာဂါတ်မှာ မိခင်ရော ကလေး ပါကျန်းမာရေး ပြဿနာတွေရှိစေနိုင်ပါတယ်။

သုတေသီတွေဟာ အမျိုးသမီး ၁၅၀၀၀ ယောက်ကို သူတို့ရဲ့  ကိုယ်ဝန်မဆောင်ခင်ကာလအတွင်း စားသုံးခဲ့တဲ့ အစားအစာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လုပ်ခဲ့ပါတယ်။ အာလူး နဲ့ ပတ်သက်ပြီးတော့လည်း အမျိုးသမီးတွေဟာ အာလူးဖုတ် ၊ အာလူးပြုတ် ၊ အာလူးထောင်း ၊ အာလူးချောင်းကြော် ၊ အာလူးပြား တို့ကို တစ်နေ့ ၆ ကြိမ်နဲ့အထက် စားသုံးမှုတွေကို မှတ်တမ်းတင်ထားခဲ့ပါတယ်။

ရလဒ်အနေနဲ့ကတော့ အာလူး စားသုံးမှု ပိုများခဲ့တဲ့ အမျိုးသမီးတွေဟာ ပဋိသန္ဓေ ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ချေ ပိုများနေတာကို သုတေသီတွေက တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ အကယ်၍ အာလူးစားသုံးမှုနေရာမှာ ကောက်ပဲသီးနှံတွေကို အစားထိုး စားသုံးတဲ့အခါမှာတော့ ပဋိသန္ဓေ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားဖို့အတွက် ၁၂ ရာခိုင်နှုန်း လျော့နည်းလာပြီး ၊ ပဲတောင့်ရှည်တွေစားသုံးတဲ့အခါ ၁၀ ရာခိုင်နှုန်းလျော့နည်းသွားစေကာ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုး စားသုံးတဲ့အခါမှာတော့ ၉ ရာခိုင်နှုန်း လျော့နည်းသွားတာကိုလည်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Health Spectator

လူနာ ၅ ယောက် မှာ ၁ ယောက်ဟာ ရေ လုံလောက်စွာ မသောက်တဲ့အတွက် ရောဂါ ဖြစ်နေ


သန်းနဲ့ချီ အရေအတွက် ရှိတဲ့ လူနာတွေဟာ ရေလုံလောက်စွာ မသောက်တဲ့ အတွက် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြသနာ တွေကြောင့် ဆေးရုံ ဆေးခန်းတွေကို လာရောက်နေကြကြောင်းကို သုတေသီတွေက အခိုင်အမာဆိုလိုက်ပါတယ်။အများဆုံး လာရောက်ကြတဲ့ ဘုံ ပြသနာ တွေကတော့ ရေဓါတ်ခမ်းခြောက်မှုကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။


စစ်တမ်းကောက်ယူကြည့်ခဲ့ရာမှာတော့ ဆေးရုံ ဆေးခန်း တွေသို့ လာရောက်နေကြတဲ့ လူနာ ၅ ယောက်မှာ ၁ ယောက်ဟာ ရေလုံလောက်စွာ မသောက်တဲ့အတွက် ပင်ပန်းနွမ်းနယ် ခြင်းကို ဖြစ်ပေါ်စေပြီး အခြား ဆက်စပ် ရောဂါတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဆရာဝန် ၄ ရာခိုင်နှုန်းခန့်ကလည်း သူတို့ရဲ့ လူနာတွေဟာ တစ်နေ့ကို ရေ ပမာဏ ဘယ်လောက်သောက်သင့်တယ်ဆိုတာကို မသိကြဘူးလို့ ဆိုပါတယ်။


အမှန်တစ်ကယ်တော့ အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု ဌာနရဲ့ လမ်းညွှန်မှုတွေအရ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ရေ ၁.၆ လီတာ ခန့်သောက်သုံးသင့်ပါတယ်။ ဒါဟာ ဖန်ခွက် ၈ ခွက် စာနဲ့ ညီမျှပါတယ်။


အမျိုးသား တွေအနေနဲ့ ကတော့ တစ်နေ့ကို ရေ ၂ လီတာ ခန့်သောက်သုံးသင့်ပြီး ဒါဟာ ဖန်ခွက် ၁၀ ခွက်စာနဲ့ ညီမျှပါတယ်။ရေ လို့ ပြောပေမယ့် အခြား ဖျော်ရည်နဲ့ သောက်စရာတွေဖြစ်တဲ့ လက်ဖက်ရည် ၊ ကော်ဖီ ၊ နွားနို့ နဲ့ သစ်သီးဖျော်ရည်တွေကိုလည်း သောက်သင့်ပေမယ့် အဲဒီအရာတွေမှာ ပါဝင်တဲ့ ကဖိန်းဓါတ်နဲ့ သကြားဓါတ်ကတော့ သုံးစွဲမှုများနေရင် အန္တရာယ်ရှိလာနိုင်ပါတယ်။


ရေ သောက်ရခြင်းအကြောင်းအရင်းကတော့ ရေဓါတ်ခမ်းခြောက်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှု တွေကို ရှောင်ရှားဖို့နဲ့ အာရုံစူးစိုက်လို့ မရတဲ့ ပြသနာမျိုးကို ပျောက်ကင်းစေဖို့ပဲ ဖြစ်ပါတယ်။ အခြား ရေသောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသားအရေ လှပမှု ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။


သစ်သီးဖျော်ရည်တွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ရေဓါတ်ကို ပေးစွမ်းနိုင်ပေမယ့် များသောအားဖြင့် ရေဓါတ်ထက် သကြားဓါတ်ပိုများနေတာ မျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို သစ်သီးဖျော်ရည် တစ်ခွက်ခန့်သာ သောက်သုံးပေးသင့်ပါတယ်။ နွားနို့ကတော့ ကယ်လ်ဆီယမ် နဲ့ ပရိုတိန်း ကို ပေးစွမ်းနိုင်တဲ့အတွက် သစ်သီးဖျော်ရည်ထက်စာရင် ပိုပြီး သင့်တော်တယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


အဆီအများဆုံးကျဖို့ အတွက် အမျိုးသားတွေအနေနဲ့ အစာမစားခင် လေ့ကျင့်ခန်းလုပ်သင့်ပြီး၊ အမျိုးသမီးတွေက အစာစားပြီးမှသာ လုပ်သင့်




သုတေသနလေ့လာမှုအသစ်တစ်ခုအရ ကျွန်တော်တို့ တွေရဲ့ စားသောက်မှုအချိန်ပုံစံကို ပြင်လိုက်ရုံနဲ့  အားကစားလုပ်ရာမှာ အဆီ ၂၂ ရာခိုင်နှုန်းလောက် ပိုကျနိုင်တယ်လို့ သိရှိရပါတယ်။ 

ဒါပေမယ့် အမျိုးသားတွေနဲ့အမျိုးသမီးတွေတော့တူညီခြင်းမရှိဘဲ၊ အမျိုးသားတွေဟာ အစာမစားခင်မှာ အားကစားလုပ်တာက အဆီပိုကျစေနိုင်ပြီး၊ အမျိုးသမီးတွေကတော့ အစာစားပြီးမှ အားကစားလုပ်တာက အဆီပိုကျနိုင်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာတွေ့ ရှိမှုကို BBC ရဲ့ Trust Me I’m A Doctor အစီအစဉ်မှာ ပြသခဲ့တာဖြစ်ပါတယ်။
လေ့လာမှုမှာပါဝင်ခဲ့တဲ့ ပညာရှင် Dr Collins ရဲ့အဆိုအရ အမျိုးသမီးတွေအနေနဲ့  လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားတာဟာ လေ့ကျင့်ခန်းကြောင့် ကိုယ်ကအဆီလောင်ကျွမ်းနိုင်တဲ့ အကျိုးသက်ရောက်မှုကို   လျော့ပါးစေသလို ဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

လေ့လာမှုမှာ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၇ ဦးပါဝင်ပြီး လေးပတ်ကြာ လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ တွေ့ ရှိချက်အရ အမျိုးသမီးတွေဟာ အားကစားပြုလုပ်ရာမှာ အမျိုးသားတွေထက် အဆီလောင်ကျွမ်းမှု ပိုမိုများပြားပြီး၊ ကစီဓာတ်ပါဝင်တဲ့အစားအစာတွေကို အားကစား မလုပ်ခင်စားပေးတဲ့အမျိုးသမီးတွေဟာ အဆီ လောင်ကျွမ်းမှု ၂၂ ရာခိုင်နှုန်းပိုများတာကို တွေ့ ရှိခဲ့ရပါတယ်။ 

ထူးခြားချက်အနေနဲ့ အမျိုးသားတွေမှာတော့ ဒီရလဒ်ဟာ ပြောင်းပြန်ဖြစ်ပြီး အားကစားလုပ်ပြီးမှ ကစီဓာတ်ပါတဲ့အစားအစာတွေကို စားပေးတဲ့အမျိုးသားတွေဟာ အဆီ ၈ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။ 

ရလဒ်ခြင်းမတူညီရတဲ့အကြောင်းရင်းက အမျိုးသားတွေမှာ ကြွက်သားပိုမိုများပြား တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာစားထားရင်၊ ကစီဓာတ်တွေကို ကြွက်သားက သိုလှောင်ထားသလိုဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရင် အဆီ လောင်ကျွမ်းသင့်သလောင် မလောင်ကျွမ်းဘဲ၊ အစာမစားထားပါက ကြွက်သားကို ပိုမိုဖိအားပေးသလိုဖြစ်ပြီး အဆီပိုမိုလောင်ကျွမ်းစေတာဖြစ်တယ်လို့  သိရပါတယ်။

ယခုလေ့လာမှုအရ အားကစားလေ့ကျင့်ခန်းလုပ်ရာကနေ အဆီလောင်ကျွမ်းမှု အမြင့်ဆုံးကိုရရှိဖို့အတွက် အမျိုးသားတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားသင့်ပြီး အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းမလုပ်ခင် စားသင့်ကြောင်း အကြံပေးပြောကြားလိုပါတယ်။

(YeWint)

#သစ်ထူးလွင်ကျန်းမာရေး
#health.thithtoolwin.com

 Ref: DailyMail


ဗီတာမင် ဒီ မှီဝဲမှု လွန်ကဲခြင်းဟာ ချော်လဲမှု တွေခဏခဏ ဖြစ်စေ


ဗီတာမင် ဒီ ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေဟာ အသက်ကြီးပိုင်း ပုဂ္ဂိုလ်တွေရဲ့  အရိုးသန်မာမှုနဲ့ အရိုးကျိုးကြေမှုတို့ကို ကာကွယ်ဖို့အတွက် အသုံးပြု သောက်သုံးနေကြပါတယ်။ ဒါပေမယ့်လည်း လေ့လာမှု အသစ်တစ်ခုအရတော့ ဗီတာမင် ဒီ မှီဝဲဖြည့်တင်းမှု နည်းလေလေ ချော်လဲနိုင်မှု နည်းလေလေ ပဲ ဖြစ်တယ်ဆိုတာကို တွေ့ခဲ့ရပြန်ပါတယ်။

ဇူးရစ် တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှု အသစ်မှာတော့ ဗီတာမင် ဒီ မှီဝဲ မှုများခြင်းဟာ ချော်လဲမှုတွေ ခဏခဏ ဖြစ်စေနိုင်တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ထိုလေ့လာမှုက တင်ပြလာတာကတော့ ဗီတာမင် ဒီ မှီဝဲမှု ပမာဏ တစ်ခုဟာ အသင့်အတင့်အနေအထားမှာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးနိုင်ပေမယ့် အရမ်းများသွားတဲ့အခါနဲ့ အရမ်းနည်းသွားတဲ့အခါတွေမှာ ဟန်ချက် နဲ့ လုပ်ဆောင်ချက်တွေကို မကောင်းတဲ့ဘက်က သက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်။

JAMA Internal Medicine ဆိုတဲ့ စာစောင်မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုမှာ သုတေသီတွေဟာ အသက် ၇၀ ကျော်နေပြီဖြစ်တဲ့ အမျိုးသား နဲ့ အမျိုးသမီး အယောက် ၂၀၀ တို့ကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လေ့လာခဲ့ပါတယ်။ အဖွဲ့ ၁ ကတော့ ဗီတာမင် ဒီ ၂၄,၀၀၀ ယူနစ် ၊ အဖွဲ့ ၃ ကတော့ ဗီတာမင် ဒီ ၆၀,၀၀၀ ယူနစ် နဲ့ နောက်တစ်ဖွဲ့ ကိုတော့ ဗီတာမင် ဒီ ၂၄,၀၀၀ ယူနစ် နဲ့ ကယ်လ်ဆီဖီဒီယော လို့ခေါ်တဲ့ ဗီတာမင် တစ်မျိုးကို ၃၀၀ မိုက်ကရို ဂရမ် စသဖြင့် အသီးသီး မှီဝဲစေခဲ့ပါတယ်။

၁၂ ကြာ မှီဝဲစေခဲ့ပြီးတဲ့အခါမှာ အဖွဲ့ ၂ ရဲ့  ၆၆.၉ ရာခိုင်နှုန်းဟာ ချော်လဲမှုတွေ ဖြစ်ခဲ့ကြပြီး အဖွဲ့ ၃ ရဲ့  ၆၆.၁ ရာခိုင်နှုန်းဟာလည်း ချော်လဲမှုတွေဖြစ်ခဲ့ကြပါတယ်။ ဗီတာမင် ဒီ မှီဝဲမှု အနည်းဆုံး အဖွဲ့ ၁ ကတော့ ၄၇.၉  ရာခိုင်နှုန်းသာ ချော်လဲမှုတွေ ဖြစ်ခဲ့ကြပါတယ်။

သုတေသီတွေရဲ့  ပြောကြားချက်အရတော့ အဲဒီလို ချော်လဲမှု တွေမကြာမကြာဖြစ်ခြင်း မှ ကာကွယ်ဖို့ ၊ အရိုးတွေပိုမိုသန်မာဖို့အတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ပမာဏ ကို သိရှိဖို့အတွက်တော့ နောက်ထပ် သုတေသန တွေ ထပ်မံ လုပ်ဆောင်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

Food Storage and Safety Guidelines အစားအသောက် သိုလှောင်ခြင်း


၁။ သမီး စိတ်ထဲမရှင်းတာလေး မေးချင်လို့ပါ။ အစားအသောက်တွေ အသားတွေ ချက်ထားတဲ့ဟင်းကို ရေခဲသေတ္တာထဲ ဘယ်နှစ်ရက် ထားသင့်ပါသလဲဆရာ။ သမီးသူငယ်ချင်းက တပတ်လောက်ဘပဲထားထား ဘာမှမဖြစ်ပါဘူးတဲ့။ သမီးကတော့ ၂ ရက်လောက်ဘဲထားသင့်တယ်။ အသားအစိမ်းဆိုရင်တော့တမျိုးပေါ့။ ချက်ပြီးသားဆိုရင် ၂ ရက်ထပ် ပိုထားရင် ကျန်းမာရေးအရမကောင်းပါဘူးလို့။ သူကအဲ့လိုမဟုတ်ပါဘူးရတယ်တဲ့။ အဲ့ဒါ စိတ်ထဲမရှင်းမလင်း ဖြစ်နေလို့ပါဆရာ။

၂။ ဆရာရှင့် ရေခဲသေတ္တာသုံးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်စေပါသလားရှင်။ အသားငါးများ၊ အရွက်၊ အအေး၊ ဥ၊ နို့ လက်ဖက်တို့ကို ရေခဲသေတ္တာထဲတွင် ကြာရှည်ထားပြီး စားသောက်ခြင်းများသည် ကျန်းမာရေးကို သိသိသာသာ ထိခိုက်နိုင်ပါသလားရှင်။ ရေခဲသေတ္တာအသုံးပြုခြင်းသည် ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆိုင်မဆိုင်ကိုလည်း ဖြေကြားပေးစေချင်ပါတယ်ရှင့်။

အစားအစာတွေကို တနပ်စာထက်ပိုနေတာမှန်သမျှ ထားသိုဘို့လိုရင် စတနစ်တကျ ထားသိုတတ်ရပါမယ်။ အစားအစာရဲ့ အရည်အသွေး၊ အနံ့-အရသာ၊ အာဟာရဓါတ်တွေ မနည်းစေ၊ မပျက်စီးစေအောင် သတိထားရမှာ ဖြစ်ပါတယ်။
မထားသိုတတ်လို့ အစားအစာပုပ်သိုးပြီး စာမိရင် အစာဆိပ်သင့်ပါမယ်။ အခြေခံအားဖြင့် ရေခဲသေတ္တာထဲမှာ ထားသိုရပါမယ်။ တချို့ကို အစားသိုဘီရို (ကြောင်အိမ်) မှာ ထားရပါမယ်။ ဥပမာ ဆန်၊ ဂျုံ၊ ပဲ။ ပျစီးလွယ်တဲ့ အသီး၊ ဟင်းသီးဟင်းရွက်တွေကို အတိုင်းအဆနဲ့သာဝယ်သင့်ပါတယ်။ အသား၊ ငါး၊ ဥ၊ နို့နဲ့ နို့ထွက်အစားအစာတွေကို ရေခဲသေတ္တာထဲမှာ အအေးဆုံးနေရာမှာထားရမယ်။ ရေခဲသေတ္တာထဲမှာလဲ ပြည့်ညပ်နေအောင် မထားသင့်ပါ။ ချက်ပြုတ်ပြီးသားအစာတွေကို လေလုံအောင်ထုပ်ပိုးပြီးမှ သိမ်းရပါမယ်။ ဒါမှမဟုတ် zip lock pouches ဇစ်ပိတ်ပါတာမျိုးနဲ့ထားပါ။

ရေခဲသေတ္တာကို ၁၅ ရက်တခါ သန့်ရှင်းရေးလုပ်ပါ။ ဟောင်း၊ သိုးနေတာမျိုး အစအန မကျန်ပါစေနဲ့။ freezer ခဲခန်းအပူချိန်ကို 0ºF အောက်မှာသာထားပါ။ frozen peas and chicken ခဲထားတဲ့အစားတွေကို ခဲခန်းထဲမထားပါနဲ့။ soups, stews and casseroles တွေကို ပြန်အပူပေးတာနဲ့ ပြန်အေးခဲအောင်လုပ်တာ ရှောင်ကျဉ်ပါ။ leftovers စားလို့မကုန်တာကိုသိမ်းထားရင် နေ့စွဲရေးမှတ်ထားပါ။ မြန်မြန်စာသုံးပါ။ pantry ထားစရာကိုလဲ အချိန်မှန် သန့်ရှင်းရေးလုပ်ပေးပါ။ ထားသိုတဲ့အစားအစာဟာ အရည်အသွေး အနည်းနဲ့အများ လျှော့ပါတယ်။ ထားစရာအခန်းသာမက ကိုင်တွယ်တဲ့လက်ကလဲ သန့်ရပါမယ်။

အစားအစာအမျိုးအစားအလိုက် ဘယ်နေရာမှာ ဘယ်လောက်ကြာထားနိုင်သလဲ
အခန်းတွင်းအပူချိန် = (70° F)၊ ရေခဲသေတ္တာ = (37° to 40° F)၊ အခဲခန်း = (0 °F)
• ပေါင်မုန့် အခန်းတွင်း = ၃-၅ ရက်။ အခဲခန်း = ၃ လ
• ကိတ်မုန့် ရေခဲသေတ္တာ = ၂-၄ ရက်၊ အခဲခန်း = ၂-၄ လ
• ချိစ် ရေခဲသေတ္တာ = ၁-၄ ရက်၊ အခဲခန်း = ၁-၆ လ
• ထောပတ် ရေခဲသေတ္တာ = ၁-၃ လ၊ အခဲခန်း = ၉-၁၂ လ
• ရေခဲမုန့် ရေခဲသေတ္တာ = မထားရ၊ အခဲခန်း = ၁-၂ လ
• နို့ ရေခဲသေတ္တာ = ၇ ရက်၊ အခဲခန်း = ၁ လ
• ရောဂတ် ရေခဲသေတ္တာ = ၇-၁၄ ရက်၊ အခဲခန်း = ၁-၂ လ
• ပန်းသီး အခဲခန်း = ၃-၅ လ
• ငှက်ပျောသီး အခန်းတွင်း။
• စပျစ်သီး၊ သင်္ဘောသီး၊ မာလကာသီး၊ ရေခဲသေတ္တာ = ၁-၂ ပတ်
• သံပုရာသီး၊ အခန်းတွင်း= ၇ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• လိမ်မော်သီး အခန်းတွင်း= ၃-၄ ရက်၊ ရေခဲသေတ္တာ = ၂-၅ ပတ်။
• ဖျော်ရည် ရေခဲသေတ္တာ = မဖွင့် ၃ ပတ်၊ ဖွင့် ၇-၁ဝ ရက်၊ ခဲခန်း = ၈-၁၂ လ။
• ဝက်အူတောင့် ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁-၂ လ။
• ကြက်သား ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၁၂ လ။
• ပီဇာ ရေခဲသေတ္တာ = ၃-၄ ရက်။ ခဲခန်း = ၁-၂ လ။
• အစေ့အဆံ အခန်းတွင်း = ၃-၄ လ။ ရေခဲသေတ္တာ = ၁၂ လ။ ခဲခန်း = ၂၄ လ။
• တို့ဖူး ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၅ လ။
• ဟင်းသီးဟင်းရွက် ရေခဲသေတ္တာ = ၇ ရက်။ ခဲခန်း = ၈-၁၂ လ။
• မှို ရေခဲသေတ္တာ = ၁-၂ ရက်။ ခဲခန်း = ၈-၁၂ လ။
• ခရမ်းချဉ်သီး ခဲခန်း = ၃-၄ လ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အမျိုးသမီးတွေ အစာမစားဘဲ လေ့ကျင့်ခန်းလုပ်ရင် အဆီကျနှုန်းပိုမိုမြန်ဆန်



အမျိုးသမီးတွေကတော့ အစာမစားခင် လေ့ကျင့်ခန်း ပြုလုပ်သင့်ပြီး
အမျိုးသားတွေဟာ အစာစားပြီးချိန်မှာ လေ့ကျင့်ခန်းလုပ်တာက ရလဒ် ပိုမို ကောင်းမွန်စေမှာဖြစ်တယ်လို့ သိရပါတယ်။ သင်ဟာ ကြည့်ကောင်းတဲ့ ခန္ဒာကိုယ်တစ်ခုကို ပိုင်ဆိုင်ချင်ရင်တော့ သင့်အနေနဲ့ အစာစားသုံးချိန်ကို ပြောင်းလဲလိုက်ရုံနဲ့ ပိုမိုထိရောက်နေတာကို တွေ့ရှိရမှာပါ။

အမျိုးသမီးတွေအတွက်တော့ လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားတာက အဆီတွေကို ပိုကျစေပြီး အမျိုးသားတွေကတော့ အမျိုးသမီးတွေနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ အခုလို ပြုလုပ်မယ်ဆိုရင်တော့ အဆီလောင်ကျွမ်းမှုကို ၂၂ ရာနှုန်းလောက်အထိ ပိုမိုမြန်ဆန်သွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သူတို့ဟာ လေ့ကျင့်ခန်းလုပ်ပြီး  နားတဲ့အချိန်မှာတော့ လူတွေရဲ့ သွေးထဲသကြားပါဝင်မှုနှုန်း ၊ အဆီပါဝင်မှုနှုန်းနဲ့ အလေးချိန်တွေကို တိုင်းတာကြည့်ခဲ့ကြပါတယ်။ အဲ့အချိန်မှာတော့ လေ့ကျင့်ခန်းမလုပ်ခင်မှာ အစာစားသုံးခဲ့တဲ့ အမျိုးသားတွေဟာ အဆီကျနှုန်း ၈ ရာနှုန်းပိုမြန်သွားခဲ့ပြီး လေ့ကျင့်ခန်းမလုပ်ခင်မှာ အစာမစားခဲ့တဲ့ အမျိုးသမီးတွေကတော့ အဆီကျနှုန်း ၂၂ ရာနှုန်းထိ ပိုမြန်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။

အမျိုးသားတွေဟာ ကြွက်သားတွေပိုများတာကြောင့် အစာစားရာက ရလာတဲ့ စွမ်းအင်တွေကို ကြွက်သားတွေထဲမှာ သိုလှောင်ထားပြီး လောင်စာအဖြစ် ပြန်လည်အသုံးချခဲ့တာကြောင့် ဖြစ်ပါတယ်။ အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းလုပ်ပြီး မိနစ်ကိုးဆယ်လောက်နေမှ အစာစားတာက အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။


( Paing A K )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Daily Mail


လျစ်လျူမရှုသင့်သော ကျန်းမာရေးပြဿနာဆယ်ခု


ကျွန်တော်တို့တွေဟာ တော်ရုံတန်ရုံ ကျန်းမာရေးပြဿနာတွေဆို ဆရာဝန်ဆီသွားဖို့ အလိုမရှိကြပါဘူး၊ အပ်နဲထွင်းရမှာပေါက်ဆိန်နဲ့ပေါက်ဆိုသလို တစ်ခါတစ်လေတစ်ချို့အသေးအမွှားလေးတွေကလည်းဒုက္ခပေးတတ်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ အခုတစ်ခါမှာတော့ ကျွန်တော်တို့အတွက် လျစ်လျူမရှုသင့်တဲ့ ကျန်းမာရေးပြဿနာတချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁) မမျှော်လင့်ပဲဝိတ်ကျသွားခြင်း

ကျွန်တော်တို့အများစုက ကြိုးစားခြင်းမရှိပဲ ၀ိတ်ကျသွားတာကိုအံ့သြ ပျော်ရွှင်တတ်ကြပါတယ်၊ မမျှော်လင့်ပဲဝိတ်ကျသွားတာကိုမပျော်ပါနဲ့။ ဒါဟာကျန်းမာရေးဆိုင်ရာ တစ်ခုခုမှားယွင်းနေလို့ ဖြစ်နိုင်တယ်ဆိုတာကို သတိပြုဖို့လိုပါတယ်။ တကယ်လို့မတော်တဆ ရုတ်တရက် ၀ိတ်ကျသွားလို့ရှိရင် သင့်ရဲ့အထွေထွေဆရာဝန်နဲ့တွေ့ဆုံဖို့လိုအပ်ပြီး Thyroid Gland အတွက်ပြဿနာရှိနေလား ဆိုတာစစ်ဆေးသင့်ပါတယ်။ မဟုတ်ရင်ဝိတ်ကျတာကနေတစ်ဆင့် ကင်ဆာရောဂါတွေဖြစ်နိုင်လို့ဖြစ်ပါတယ်။

၂) သွေးဆုံးပြီးမှ သွေးထပ်ထွက်နေခြင်း

" ဒီအကြောင်းကို ဆရာဝန်ကိုပြောဖို့ရှက်တတ်ကြမှာပါ။ သွေးဆုံးပြီးမှ ထပ်သွေးထွက်နေရင် ဒါဟာ ကြီးမားတဲ့ဂယက်တစ်ခုဖြစ်ပြီး သင့်ဆရာဝန်နဲ့ ဆွေးနွေးသင့်တယ်" လို့ Dr Jenkins ကပြောပါတယ်။ ပထမဆုံး သင့်ရဲ့ ဆရာဝန်က ကူးစက်ရောဂါတစ်ခုရှိနေလား၊ အရည်ထွက်နေလား၊ သင့်သားအိမ်လမ်းကြောင်းကောင်းမွန်ရဲ့လားလို့တွေးတောပါလိမ့်မယ်။ " ဒါဟာ သားအိမ်နဲ့သက်ဆိုင်တဲ့ ဒါမှမဟုတ် တခြားမီးယပ်နဲ့သားဖွားဆိုင်ရာ ကင်ဆာ တစ်ခုခုဖြစ်လာနိုင်ဖို့စိုးရိမ်ရတယ်" လို့သူကဆက်ပြောပါတယ်။

၃) သင့်မေးရိုးတ၀ိုက်တွင်သက်သက်သာသာမရှိခြင်း

တော်တော်များများက ဒီပြဿနာကို သွားနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုလို့ထင်ကြမှာပါ၊ "တစ်ခါတစ်ရံ ရင်ဘတ်ထဲကအက်ဆစ်တွေဟာ လည်ချောင်းထဲကို အစုလိုက်အပြုံလိုက်ရောက်ရှိလာတတ်ပြီး အဲ့ဒီနေရာတစ်ဝိုက်ကိုနာကျင်စေတတ်ပါတယ်။ ဒါပေမယ့်ဒါဟာလဲ နှလုံးရောဂါဖြစ်နေတဲ့လက္ခဏာတစ်ခုဆိုတာ မေ့လို့မရပါဘူး၊ နှလုံးမှာ အောက်ဆီဂျင်ချို့တဲ့တာဟာ ရင်ဘတ်နဲ့ မေးရိုးနာကျင်စေတတ်တာကြောင့် လျစ်လျူမရှုသင့်ပါဘူး" လို့ Dr Jenkins ကဆိုပါတယ်။

၎) မောပန်းခြင်း

သင့်အနေနဲ့ မကြာခဏအားအင်ကုန်ခမ်းနေတယ်လို့ထင်နေရင်တော့ သင်ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်ပါပြီ။ ဒါဟာသင့်မှာသံဓာတ်ချို့တဲ့နေတာဖြစ်နိုင်လို့ပါ။ အဲ့လိုသံဓာတ်ချို့တဲ့နေပြီလို့ထင်ရင်တော့ အနီရောင်အသားနဲ့ ပဲအမျိုးမျိုး ကိုစားပေးသင့်ပါတယ်။ နှလုံးနဲ့ အဆုတ်ကဖြစ်လို့ မောပန်းတာဆိုရင်တော့ သင့်အနေနဲ့ ဒီအစိတ်အပိုင်းတွေနဲ့ ကြွက်သားတွေဟာ အောက်ဆီဂျင်ကိုကောင်းမွန်လုံလောက်စွာ မရလို့ဖြစ်နိုင်ပါတယ်။ ဒါတွေသာမက သင့်မှာ သွေးအားနည်းတာ၊ ဗီတာမင်စီမလုံလောက်တာ၊ Thyroid ပြဿနာနဲ့ နာတာရှည်ရောဂါတွေကြောင့်လဲ မောပန်းနွမ်းနယ်တာတွေဖြစ်နိုင်လို့မကြာခဏမောပန်းနေတယ်လို့ ခံစားရရင်တော့ ဆရာဝန်ဆီသွားတာ အကောင်းဆုံးပါပဲ။

၅) မူးဝေခြင်း

မူးဝေတာကတော့ အတော်မရေရာတဲ့လက္ခဏာတစ်ခုဖြစ်သလို ခြေရာကောက်ဖို့လဲခက်ပါတယ်။ လူတော်တော်များများကဒါကို သိပ်အရေးတကြီးသဘောမထားကြပါဘူး။ ဒါကြောင့်တခြားသဲလွန်စတွေကိုလဲကြည့်ဖို့လိုပါတယ်။ ဥပမာအနေနဲ့ နှလုံးတုန်ရင်တုန်တာ၊ အသက်ရှုမ၀တာတွေလိုမျိုး တခြားထိတွေ့မှုတွေကိုခံစားရရင်တော့ ဒါဟာနှလုံးရောဂါဖြစ်နိုင်ခြေများသွားလို့ပါပဲ။

၆) ၀မ်းချုပ်ခြင်း

လူအများစုဟာ ၀မ်းချုပ်နေရုံနဲ့ ဆရာဝန်ဆီသွားဖို့ တုံ့ဆိုင်းနှေးကွေးတတ်ကြပါတယ်။ ဒီလိုရှက်နေတာကိုသင့်အနေနဲ့မပြုလုပ်သင့်ပါဘူး။ သင့်အူလမ်းကြောင်းမှာဘယ်လိုအပြောင်းအလဲရှိရှိ သတိပြုသင့်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေလို ဆေးတွေကလဲ သင့်ကိုဝမ်းချုပ်စေနိုင်ပါတယ်။ တချို့ဝမ်းချုပ်တာတွေက အူမကြီးကင်ဆာဖြစ်နေတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဒီလိုကိစ္စ တွေကိုပေါ့သေးသေးသဘောမထားပါနဲ့၊

၇) သင့်လက်သည်းတွေပြောင်းလဲခြင်း

သင့်မျက်လုံးတွေလိုပဲ သင့်ကျန်းမာရေးအကြောင်းပြောပြနိုင်တာက သင့်လက်သည်းတွေပါ။ သင့်မှာ သွေးအားနည်းတာနဲ့ တခြားစိုးရိမ်ဖို့ကောင်းတဲ့ ကစဥ့်ကလျားဖြစ်စေတဲ့ အခြေအနေတွေကိုပြောပြနိုင်ပါတယ်။ ဥပမာ၊ အဆုတ်ရောဂါ၊ စတဲ့ရောဂါမျိုးတွေကိုပေါ့၊ လက်သည်းအောက်မှာသွေးခဲသေးသေးလေးတွေရှိနေရင် သင့်အနေနဲ့ အညိုရောင်ဒါမှမဟုတ် အနက်ရောင်အဖြစ်ပြောင်းသွားရင် သင့်မှာ အရေပြားကင်ဆာရှိနေတတ်လို့ပါ။ ဒီလို အဖြစ်အပျက်သေးသေးလေးတွေ၊ ဒါမှမဟုတ်ဆိုးဆိုးရွားရွားဖြစ်ပေါ်နေတတ်ရင် ဆရာဝန်ဆီသွားပြတာအကောင်းဆုံးဖြစ်နိုင်မှာပါ။

၈) လက်ဖျားတွေမှာတစ်ရွရွဖြစ်နေခြင်း

ဒါတွေကသိပ်အရေးကြီးတဲ့ ပြဿနာတစ်ခုတော့မဟုတ်ပေမယ့် သင့်အနေနဲ့ စစ်ဆေးသင့်ပါတယ်၊ ဒီလိုရွစိရွစိခံစားနေရတာဟာ ဆီးချိုရောဂါကြောင့်၊ ဗီတာမင် B12အားနည်းတာကြောင့်၊ Thyroid ပြဿနာကြောင့်၊ အလာ့ဂျစ်ဖြစ်နေတာကြောင့်၊ ဒါမှမဟုတ်တခြားရောဂါတစ်ခုခုကြောင့်၊ လက်ချောင်းလေးတွေရဲ့အလယ်ပိုင်းကနေစပြီးခံစားရတတ်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref: Mirror





မိမိရင်သွေးလေးရဲ့အိပ်ချိန်ကို ဘယ်လိုလေ့ကျင့်သတ်မှတ်ပေးမလဲ



ကလေးအသက် ၆ပတ်မှာ ပုံမှန်အိပ်ချိန်အချိန်ဇယား စတင်လုပ်ဆောင်နိုင်ပါပြီ။ ပထမဆုံး ညတိုင်းအချိန်မှန် ရေနွေးဖြင့်ရေချိုးပေးခြင်း၊ စာအုပ်ဖတ်ပြခြင်း နှင့် အိပ်ရာမ၀င်ခင် အစာဝအောင်ကျွေးခြင်းတို့ ကို စတင်လုပ်ဆောင်နိုင်ပါတယ်။

မနက်တိုင်းမှာလည်း အချိန်မှန် ထတတ်အောင် လေ့ကျင့်ပေးနိုင်ပြီး နေ့လည်တစ်ရေးအိပ်ချိန်ကိုလည်း အချိန်မှန်ဖြစ်အောင် လေ့ကျင့်ပေးလို့ရပါတယ်။

မွေးပြီးပြီးခြင်းပထမ သုံးလမှာ သင့်ကလေးငယ်က ပုံမှန်အားဖြင့် ညဘက်တွင်ပိုအိပ်ပြီး နေ့ဘက်တွင်အအိပ်ပိုနည်းပါလိမ့်မယ်။ သင့်ကလေးငယ်ရဲ့ တိုးတက်မှုတွေကို ကြည့်ပြီး သင်က ပုံမှန်အချိန်ဇယားကို ညှိပေးဖို့လိုပါလိမ့်မယ်။

ကလေးတိုင်းကတော့မတူကြပါဘူး။ တချိုကလေးတွေက အိပ်ချိန်လေကျင့်ဖို့ စောစောအသင့်ဖြစ်နေကြပြီး တချို့ကတော့ နောက်ကျကြပါတယ်။

တချို့ကလေးတွေကတော့ အသက်ငယ်စဉ်မှာ ၇နာရီ နှင့်အထက်အိပ်ကြပြီး သူတို့အသက်ပိုကြီးတာနဲ့အမျှ မအိပ်ကြတော့ပါဘူး။
သင့်ကလေးငယ် အိပ်ချိန်လေ့ကျင့်ပေးရန် အသင့်ဖြစ်မဖြစ်သိချင်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။


( Michelle )


#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

 Ref: Babycentre

တစ်နာရီပြေးခြင်းက ၇ နာရီအသက်ပိုရှည်နိုင်


အသက်ရှင်နေထိုင်မှု သက်တမ်းကို ပိုမိုရှည်ကြာစေမယ့် အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းတစ်ခုက ပြေးခြင်းဖြစ်တယ်လို့ ကာယလေ့ကျင့်မှု နဲ့အချိန်မတိုင်မီသေဆုံးမှုကို လေ့လာခဲ့တဲ့ သုတေသနရလဒ်အသစ်တွေက အကြံ ပြုထားပါတယ်။
တွေ့ရှိခဲ့တဲ့ရလဒ်တွေအရ ပြေးလွှား လှုပ်ရှားမှုလုံးဝမရှိတဲ့သူတွေနဲ့ နှိုင်းယှဉ် ရင် ပြေးလွှား လှုပ်ရှားနေသူတွေဟာ အသက်သုံးနှစ်ပိုရှည်တယ်လို့ ဖော်ပြထား ပါတယ်။ပြေးတဲ့သူဟာ အဝလွန်နေသူ ဖြစ်စေ၊ ဆေးလိပ်နဲ့ အရက်သေစာ သောက်သုံးသူဖြစ်စေ ခပ်နှေးနှေးပြေး တာ ဖြစ်စေ လုံးဝမပြေးတဲ့သူ ထက်တော့ အသက်ပိုရှည်နိုင်တယ်လို့ ဆိုထားပါ တယ်။


အသက်ရှင်နေထိုင်နိုင်မှုပမာဏကို ပိုမိုရှည်ကြာအောင်ဆွဲဆန့်တဲ့နေရာမှာ ပြေးခြင်းလို ထိရောက်တဲ့ကာယလှုပ်ရှား မှုပုံစံမျိုးကို သုတေသနပညာရှင်တွေက မတွေ့ရှိ သေးဘူးလို့ ဆိုပါတယ်။ဒီတွေ့ရှိ မှုဟာ ဒေါလပ်စ်မှာ သုံးနှစ်ကြာပြုလုပ် ခဲ့တဲ့လေ့လာမှုရဲ့ နောက်ဆက်တွဲတွေ့ရှိ ချက်ဖြစ်ပါတယ်။

နေ့စဉ်ပုံမှန် ငါးမိနစ်လောက်သာ ဖြစ်စေ ပြေးလိုက်ခြင်းက အသက်ရှည် ကျန်းမာစွာနေထိုင်နိုင်မှုနဲ့ဆက်စပ်နေ တယ်လို့ဖော်ပြထားပါတယ်။ မိုင်နှုန်းမြှင့် အပြေးသမားတွေက သူတို့ဟာပြေးခြင်း ကိုလိုအပ်သည်ထက်များစွာ ပိုမိုလုပ် ဆောင်ခဲ့မိသလား ဆိုတာကိုတွေးမိပြီး ရေတွက်လို့တောင်မရနိုင်တော့တဲ့ မိုင် ပေါင်း၊ နာရီပေါင်းများစွာ ပြေးခဲ့မိတာ ကြောင့် ပြေးခြင်းဟာ အလုပ်မဖြစ်တဲ့ အပြင်အရွယ်မတိုင်မီ သေဆုံးမှုကို ဖြစ်စေ နိုင်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဖြစ် လာတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ပြေးခြင်းဟာလူတွေရဲ့ အသက်ရှည်မှုကို အမှန်တကယ်ဖြည့်စွက် ပေးနိုင်ရဲ့လားလို့ မေးခွန်းထုတ်တဲ့ လူအနည်းအကျဉ်းရှိနေတဲ့အတွက် သုတေသီတွေဟာ နောက်ထပ်စမ်းသပ် လေ့လာမှုအမြောက်အမြားကို ထပ်မံ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အချက်အလက် တွေထုတ်ယူ နိုင်ခဲ့ပါတယ်။
အချက်အလက်တွေက ဖော်ပြထား တာကတော့ သာမန်အပြေးသမားဖြစ်စေ၊ မြန်မြန်ပြေးတဲ့ အပြေးသမားဖြစ်စေ ပြေးခြင်းဟာအရွယ်မတိုင်မီသေဆုံးမှု ကို ၄ဝ ရာခိုင်နှုန်းလောက်နီးပါး လျှော့ချ ပေးနိုင်တယ်ဆိုတာပါပဲ။

ဒီနေရာမှာ ပြေးတဲ့သူဟာ ဆေး လိပ်နဲ့အရက်ကိုဖြတ်ဖို့ကြိုးစားနေသူဖြစ် စေ၊ အဝလွန်ခြင်းနဲ့ သွေးတိုးရောဂါလိုမျိုး ကျန်းမာရေးအရချို့ယွင်းချက်တစ်ခုခုရှိ နေသူဖြစ်စေ ပြေးခြင်းကြောင့်ရရှိမယ့် ကောင်းကျိုးကို ဧကန်ရရှိခံစားနိုင်မှာ ဖြစ်တယ်လို့ အချက်အလက်တွေက ဖော် ပြနိုင်ခဲ့ပါတယ်။
အပြေးသမားမဟုတ်သော်လည်း အားကစားနည်းတစ်မျိုးမျိုးကို လိုက်စား တဲ့ သူတွေမှာ အချိန်မတိုင် မီသေဆုံးခဲ့မှု ဟာ ၁၆ ရာခိုင်နှုန်းလောက်သာရှိခဲ့ပြီး နှလုံးရောဂါကြောင့် သေဆုံးခဲ့မှု ၂၅ ရာခိုင်နှုန်းလောက် သာ ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်နာရီပြေးခြင်းဟာ အသက်ကို ခုနစ်နာရီလောက် ပိုရှည်စေ တယ်လို့ သုတေသီတွေက အကြံပြု ထားကြပါတယ်။

(နယူးယောက်တိုင်းမ်)
ကလျာမိုးမြင့်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

Young Father ယောက်ျားကအသက်ငယ်နေရင် ဉာဏ်ရည်မမှီတဲ့ကလေး မွေးတတ်သလား


ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူကပြောပါတယ်။ ယောက်ျားကအသက်ငယ်နေလို့ရှိရင် ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးတတ်တယ်လို့။ အဲဒါ ဟုတ်ပါသလား။ ဘယ် အသက်အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ်မှာပါ။

လုံးဝမစိုးရိမ်ပါနဲ့။ အသက်ကြီးမိဘဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီးယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကိုဆိုလိုတာ မဟုတ်ပါ။

မွေးရာပါချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင်နဲ့ မျိုးဗီဇကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ ပဋိဇီဝဆေး ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေးသုံးတာ၊ ကိုယ်ဝန်ဆောင်နေတုံးမှာ တချို့ရောဂါပိုးဝင်တာ၊ အာဟာရချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ ဓါတ်ဆီအဆိပ်သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘအသက်ကြီးလို့ကြောင့်ဆိုတာ မပါတာတွေ့ရပါလိမ့်မယ်။ ၆ဝ% လောက်က ဘာလို့ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ်လက်ခံတဲ့ အချက်အတိုင်းဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက်ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိတယ်ဆိုတာလဲအောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့်အလမ်းမရှိတာ တွေ့ရတယ်။ အရင်ကတော့ အသက်ကြီးကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေအများကြီး မွေးထားပြီးတဲ့သူကို ပြောကြပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများသေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတရော အာဟာရပါ ပိုပြည့်ဝကြံ့ခိုင်နေတာ များလာတယ်။

အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေမရှိဘို့သာ အရေးကြီးတာပါ။ တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင်တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံတွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် ကလေးအသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြားကိုယ်ဝန်တွေထက် မမွေးမီစောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေကလွဲရင် ကလေးတွေအားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ ညှစ်အားကောင်းဆေး သွင်းမွေးခြင်း၊ ညှပ်ဆွဲမွေးပေးခြင်း၊ ဗိုက်ခွဲမွေးပေးခြင်းတွေပြောတာပါ။ အမှန်က ဆရာဝန်တွေက ဖြစ်လာနိုင်ခြေကို ရှောင်ချင်ကြတာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်ဆရာမတွေပါ စိတ်ဖိအားမများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

Clomifene မျိုးဥကြွေဆေး



၁။ သမီးနာမည့့် ပါ။ ပဲခူးတိုင့်း့ မြို့မှာနေပါတယ်။ အိမ်ထောင်သက်က တစ်နှစ်နဲ နှစ်လခွဲပါဆရာ။ အသက်က ၃၈ နှစ်ပါ။ ဆရာ မအားလပ်တဲ့ကြားကနေ စာချက်ချင်း ပြန်ပေးတဲ့ အတွက် အထူးကျေးဇူးတင်လျက်ပါ ။ 14/08/2014 မှာ သွေးစပေါ်ပါတယ်ဆရာ။ ဆရာပြောတဲ့အတိုင်း 14/08/14 ညနေ 5:30 မှာ Fertomid 50 mg တစ်နေ့တစ်လုံး ငါးရက် ဆက်တိုက်ကိုသောက်ပါတယ်ဆရာ။ 24/08/14 နံနက်မှာ မမျိုးဥစမ်းတော့ နှစ်ကြောင်း ထင်းထင်းလေးကို ပေါ်ပါတယ်ဆရာ။ အဲဒါကြောင့် အရမ်းပျော်ခဲ့ရပါတယ်ဆရာ။ ဒါပေမယ့်ဆရာရယ် 10/09/14 ဒီနေ့မှာ သွေးပြန်ပေါ်နေလို့။ ကလေးမရမှာကို အရမ်းကြောက်နေပါတယ်ဆရာ။
၂။ ကျွန်မအသက်က ၂၄ ပါ။ ကလေးတစ်ယောက်ရှိပါတယ်။ ကလေးက ၄ နှစ်ပါ။ တားဆေးမသောက်တော့တာ ၈ လ လောက်ရှိပြီ။ ဘာမှထူးမလာဘူး။ OG သွားပြဖို့ဆိုတာလည့်း့ မှာရောက်နေတော့ အဆင်မပြေပါဘူး။ မျိုးဥကြွေဆေး ဝယ်သောက်သင့်ပါသလား။ ဘယ်လိုဆေးမျိုးပါလဲ။ ဒီမှာဝယ်လို့ရနိုင်ပါ့မလား။


Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင်လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene နာမည်တွေနဲ့ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။
အမျိုးသမီးတွေကိုပေးရင် မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတယ်။ 50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mgs ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လ ပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။
ဆေးကို မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာသောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။
Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေရှိမယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ အမွှာကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ ၃ မွှာဆိုတာ ရှာမှရှားဖြစ်နိုင်တယ်။ ဆေးက ကလေးကိုဒုက္ခမပေးပါ။
ကလေးရအောင်လိုအပ်သေးတဲ့ အီစထိုဂျင်ဟော်မုန်းလည်း မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေထွက်ရာ (ဂလင်း) ကလည်း မှန်မှန်အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူဖြစ်ရပါမယ်။
သုတ်ပိုးနည်းနေတဲ့ယောက်ျားတွေကို Clomiphene 25mg ပေးတယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ အပြင်ကနေ သုတ်ပိုးထည့်ပေးတာခံယူမဲ့ အမျိုးသမီးကို မျိုးဥတွေပွါးများလာအောင်လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။
ဘေးထွက်ဆိုးကျိုးတွေ = မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင်ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အန္တရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။ ကိုယ်ဝန်ရှိနေသူ၊ အသည်းရောဂါရှိသူ၊ ရာသီသွေးမမှန်ဘဲ များနေသူ၊ စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်ကြီးနေသူတွေကို မပေးရပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

ပန်းတိုင်


ယောက်ျားလေးဖြစ်ပီး ဘာလို့ OG လုပ်မှာလဲ ? တဲ့ ...ပြောရမယ်ဆိုရင် တော်တော်လေးရှုပ်တယ် ...
အရှင်းဆုံး ပြောရရင်တော့ ဝါသနာပါလို့ပါ ပေါ့ ...အဲ့မေးခွန်းအတွက် အလေးထားပီး ဖြေရမယ်ဆိုရင် ~
ကိုယ် ဆေးကျောင်းတက်ခဲ့တဲ့ ရည်ရွယ်ချက်က ကလေးအထူးကုဆရာဝန် (Paediatrician) ပေါ့ ...
Final Part2 ထိ ခိုင်မာခဲ့တယ် ...

ဒါပေမယ့် ကိုယ် House Surgeon စဆင်းတော့ OG Posting နဲ့ စတယ် ... ဗဟိုအမျိုးသမီးဆေးရုံမှာ ...
ပြောရမယ်ဆိုရင် ကိုယ့်ကုသိုလ်ကံလို့ပဲ ပြောရမလား?သူတို့နဲ့ ကိုယ် ရှေးဘဝရေစက်လို့ပဲ ပြောရမလား?
Prof တွေမှ အစတည်လို့ PG, AS အထိ အစ်မတွေအားလုံးရဲ့ ဂရုတစိုက်သင်ကြားပြသမှုကို
ကိုယ် ရခဲ့ရတယ် ... ကိုယ်က Unit1 အပိုင်မို့ Unit1ကအစ်မတွေကတော့ အထူးအနီးကပ် သင်ပေးခဲ့ကြတယ်ဆိုပေမယ့် တခြားUnitတွေက အစ်မတွေလဲ ကိုယ့်ကိုကြုံရင်ကြုံသလို သင်ပေးကြတယ် ...
တခါတလေ ကိုယ်တွေOncallမှာ တခြာuးnitကအကြီးတွေ Patient က Urgent တက်လာလို့ သူတို့လာတဲ့အခါ ကိုယ့်ကို သေချာသင်ပေးတတ်ကြတယ် ...ကိုယ် ပျော်လာတယ် ... dutyဆင်းရမှာကို ပျော်နေခဲ့ရတယ် ...1st Posting မို့ အဲ့လိုတက်ကြွနေတာလို့ ကိုယ့်ကိုကိုယ် သံသယဝင်ခဲ့တယ် ...
ရောက်လေရာပျော်တတ်တဲ့ ကိုယ့်ကိုကိုယ်သိနေတော့ ဒီမှာ ပျော်လို့ OG ဖြစ်ချင်တာလို့ ကိုယ်ထင်ခဲ့တယ် ...
၃လ ၁ခါ posting ပြောင်းသွားသည့်တိုင် တနေ့တခြား ကိုယ့်ဆုံးဖြတ်ချက်တွေ ခိုင်မာလာတယ် ...
ကိုယ်ဟာ ရောက်လေရာမှာ ပျော်တတ်သူပါ ... Posting ပြောင်းတိုင်းလဲ ရောက်ရာwardမှာ ကိုယ်ပျော်ဆဲပါ ...သို့သော် ~ ကိုယ်သည် Stress ဒဏ်ကို သေမလောက်ကြောက်တဲ့သူပါ ...
Risk တွေရဲ့ကြားမှာ ကိုယ်မရှင်သန်နိုင်ပါ ... 2nd Posting ကလေးဆေးရုံကြီးရောက်တဲ့အခါ
ကိုယ် Paediatrician Life ကို ကြောက်မိသွားတယ် ... risk တွေကြားမှာ ဖြတ်သန်းနေတဲ့ Paediatricianတွေကို ကိုယ်လေးစားမိတာတော့ အမှန်ပဲ ...ကိုယ်ဟာ ပျော်ပျော်နေတတ်သူပီပီ
စိတ်မကောင်းလဲ ဖြစ်လွယ်တယ် ...ကလေးတွေ အရွယ်နဲ့မလိုက်တဲ့ ဝေဒနာခံစားနေရတာမြင်ရင်
ကိုယ်အလိုလို ဝမ်းနည်းမိတယ် ...ကိုယ့်အတွက်တော့ ရှေ့ဆက်ရမယ့် လမ်းကို Exclusive method နဲ့ပဲ ကိုယ်ရွေးချယ်ခဲ့တယ် ...

အဲ့မှာ ၁ခုရှိတာက ကိုယ်ဟာ တခြား Speciality တွေကို အထိအတွေ့နည်းခဲ့ရတော့ ဝါသနာမပါတော့ပီ ...
ကိုယ့်ကိုပြောကြတယ် ... "" Talkyကောင်းတယ် .. GPလဲကောင်းတယ် ...Physician လုပ်ပေါ့ .. "" တဲ့ ...
Physician ၁ယောက်လုပ်ဖို့ အဲ့လောက်မလွယ်ဘူးလေ ...Talkyကောင်းရုံ GPကောင်းရုံနဲ့ သမားတော်လုပ်လို့မရဘူး... Stepတွေ အရမ်းများတယ်... stressတွေ အရမ်းများတယ် ..
PG entrance အောင်ဖို့တောင် စာအင်မတန်ကျက်နိုင်မှ ...Specialist life , တခါ Consultant ဖြစ်တော့
ဘာ Doctorite ဖြေမှာလဲ ... စကားပြောလာပီ ...အဲ့ဒါတွေ ခဏထား ... ကိုယ့်လိုစာကျက်ပျင်းတဲ့သူအဖို့
PG life မှာတင် Stressသတ်လို့ ကိုယ်သေတယ် ...ယောက်ျားလေးဆိုတော့ Surgeon လုပ်ပါလား ? တဲ့ ...အဲ့လိုပြောခံရတဲ့အခါ ကိုယ်စဉ်းစားမိတယ် ...Surgeon ၁ယောက်ရဲ့ Stress ကို သူမသိရှာပါလားလို့ ...
Surgeon တွေဆိုတာ သူများတွေအမြင်မှာ ဟီးဟီးဟားဟား ပျော်လိုက်ပါးလိုက်လို့ သူတို့ထင်ကြတယ် ...
တကယ်တမ်း သူတို့ကသာ ဆရာဝန်တွေထဲမှာ Stress အများဆုံး လူသားတွေပါ ...သူတို့ Stress ကို ဖုံးဖိဖို့ လူတွေရှေ့မှာ သူတို့ မြူးတူးလွတ်လပ်ပျော်ပါး ပြနေကြတာ ...တကယ်တမ်းကျ riskရော Stress ရော
သူတို့ဆီမှာ အရမ်းများတယ် ...

သူတို့ဟာ ခွဲစိပ်ပညာကို အင်မတန်မှ ဝါသနာကြီးလွန်းလို့သာ အဲ့ stress တွေ အံတုရင်း ကြံ့ကြံ့ခံနိုင်နေကြတာ ... သေချာသိချင်ရင်တော့ သူတို့ကို ကြုံတဲ့အခါမေးကြည့်ပါ...
ပြောရရင် ကိုယ်နဲ့တော့ မကိုက်တာ အမှန်ပဲ ...၁ဖက်က လှည့်စဉ်းစားရင်လဲ ...ကိုယ်ဝန်နဲ့မီးဖွားခြင်းဆိုတာ ယောက်ျားနဲ့ အတူနေလို့ ဖြစ်တည်လာတဲ လောကဓမ္မတာ၁ခုပဲ ...အဲ့ဓမ္မတာကို ကိုယ်က စွမ်းဆောင်ပေးတဲ့အခါ ကလေးရော အမေရော ကျန်းမာတဲ့အခါ သူတို့လဲပျော်ကြတယ် ...
ကိုယ်လဲ သူတို့ပျော်နေတာကိုကြည့်ပီး ပီတိဖြစ်ရတယ် ...ပြောရမယ်ဆိုရင် Golden Hand တွေပေါ့ ...
ဒါကတော့ ရိုးရှင်းတဲ့ သားဖွားခြင်းပေါ့ ... တခြား High Risk Patient တွေ maternal disease ရှိသူတွေ , တခါ B+, C+, R+ ၁ခုခုရှိသူတွေ တခါ Urgent ထိသွားသူတွေ , emergency case တွေ
Gynae problem တွေ ... ဒါတွေဟာလဲ stressပါပဲ ...ထူးထူးဆန်းဆန်းပဲ ... အဲ့stressတွေကိုတော့ ကိုယ်ခံနိုင်နေတယ် ... အဲ့ဖက်အလေးသာနေလို့ပဲထင်တယ် ...ကိုယ့်စိတ်ကိုက အဲ့stressတွေကို ရင်ဆိုင်ဖြေရှင်းချင်တယ် ...ကိုယ်ဟာ စာကျက်ရမှာ ပျင်းပေမယ့် Skillပိုင်းမှာတော့ သင်ယူလိုစိတ်ပြင်းပြပါတယ် ... AN visit လာတဲ့လူတွေကို AN care ပေးချင်တယ် ...
ဆရာဦးစိုးလွင်လို Health Education တွေ ပေးချင်တယ် ... CME တွေ ၁ပတ်၁ခါ လုပ်ချင်တယ် ...
နေ့စဉ် မီးမဖွားမီ အော်ဟစ်နေတဲ့လူနာတွေ မီးဖွားပီးတဲ့အခါ သူတို့ကလေးကို ကြည့်ပီး
ပြုံးပျော်နေတာကြည့်ရင်း ကိုယ်ပျော်ချင်တယ် ... "" No child is born to die "" တဲ့ ...
High riskဆိုတဲ့အရာကို မရှိခင်ကတည်းက ကိုယ်တားဆီးချင်တယ် ... ရှိလာခဲ့ရင်လဲ ကိုယ်အကောင်းဆုံး ကျော်ဖြတ်ပေးချင်တယ် ... MSc ရပီးတဲ့အခါ ကိုယ်teaching ဖက်ရောတွဲကိုင်ပီး
သားဖွားမီးယပ်ပညာကို အထင်သေးစိတ်ပျက်နေတဲ့ လူငယ်တချို့ရှေ့မှာ မမစန္ဒာဝင်းတို့ ဆရာဦးစိုးလွင်တို့လို ကလေးတွေ ပြုံးပျော်ရင်း သင်ယူချင်လာအောင်သင်ပေးချင်တယ် ...
လူနာဗဟိုပြု (Patient Centre) ရယ်လို့ ဖြစ်နေတဲ့ ခေတ်ကြီးထဲမှာUnderlying medical disease တွေ Surgical case တွေကို Physician တွေ Surgeon တွေကို မကျော်ပဲ
Chart show , Patient show တွေကတော့ ရှိနေမှာပါပဲ ... Multidisciplinary Approach ပေါ့ ...
ကိုယ့်ကိုOGistဖြစ်ချင်လာအောင် တွန်းပို့နေတဲ့ ကြီးမားတဲ့ စိတ်ရဲ့စွမ်းအား၁ခုလဲ ရှိတယ် ...
ဒါကတော့ Top Secret ပါ ... ဘယ်သူမေးမေးကိုယ်ဘယ်တော့မှ ပြောမှာ မဟုတ်ဘူး ...
တခါတလေ ဆရာဝန်ချင်း ပြောတတ်ကြတယ် ...အောက်လမ်းဆရာတဲ့ ... အောက်ပိုင်းပဲ ကိုင်ရတာတဲ့ ...
ဒါလေးပဲ ကုရတာ ... ဒီနေရာလေးပဲ ခွဲရတာ ... တဲ့ ...ဆိုပေမယ့်လဲ .. ဒီဘာမှမရှိဘူးလို့ပြောကြတဲ့
Medicalရော Surgicalရော နှောယှက်နေတဲ့ OG Life လေးမှာပဲ ကိုယ်ပျော်မွေ့ပါရစေတော့ ...
အလုပ်ဟူသမျှ ဂုဏ်ရှိစွပေမို့ နောင်အနာဂတ်မှာ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူရင်း
လက်မထောင်ပီး ဖြတ်သန်းသွားလိုက်ပါ့မယ် ... ကိုယ် လူ့ဘဝထဲစတင်ရောက်ရှိလာတဲ့ ကိုယ့်ကို မွေးဖွားခဲ့တဲ့ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံမှာ သားဖွားမီးယပ်အထူးကုဆရာဝန်၁ယောက်ဖြစ်ခွင့်ရရင်တော့
ကိုယ့်ဘဝရဲ့ အကြီးမားဆုံးသော ဆုလာဘ်ပါပဲ ... အရွယ်မရောက်ခင်က အဆွယ်ပေါက်ချင်တယ်ပဲ
ဆိုကြပါစေတော့ ... ဒူးလောက်တင်မှ ရင်လောက်ကျတဲ့ ကိုယ့်လိုလူအဖို့ ကိုယ့်goalနဲ့ကိုယ် .. ကိုယ့်targetနဲ့ကိုယ် ထားပါရစေတော့...
I'm nothing now ...
I'm just a newly graduated SAMA holding Doctor ...
But , I must be an OG one day ...
#My_Goal
----------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့ ...

ဒေါက်တာမျိုးခက်
HealthGuide
www.facebook.com/mmhealthguide

ကုပ်ရိုးကျီးပေါင်းတက်ရခြင်းအကြောင်း


ကုပ်ရိုးကျီးပေါင်းမတက်စေချင်ရင်တော့ အနေအထိုင်သတိထားရပါလိမ့်မည် ဒီလိုရောဂါမျိုးတွေဟာ အသက်အရွယ်လေးရလာပြီဆိုရင် ဇာတိပြလာတက်သော ရောဂါမျိုးလည်းဖြစ်ပါတယ် ဒါကြောင့် အဲဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ချင်ပါတယ်ဆိုရင်တော့ ရာနှုန်းပြည့်ကြိုတင်ကာကွယ်လို့ မရသောရောဂါမျိုးလည်းဖြစ်ပါတော့တယ် ။

ကာကွယ်နိုင်သည့်သဘောကတော့ လည်ပင်းညောင်းလာလျှင် ဦးခေါင်းကို တဖက်စီအသာရာ လှည့်ချိုးပေးပါ ဒီနေရာမှာအဓိကပြောချင်တာက ဇာက်ချိုးရတယ်ဆိုတော့ တစ်ချိုက အားနဲ့ လှည့်ချိုးကြပါတယ် အဲဒီလိုလုပ်ဆောင်ချက်ဟာ လွဲမှားခြင်းဖြစ်နေကြောင်းကိုလည်း အထူးသတိရှိစေချင်ပါတယ် ။

စာအုပ်စာပေဖတ်သူများအနေဖြင့်ကြာရှည်စွာခါင်းငုံစာဖတ်ခြင်းမျိုးကိုအထူးပင်ရှောင်ရှားသင့်ပါသည် ။
ကွန်ပျုတာ နှင့် ဖုံးများကို ရေရှည်ကြည့်ခြင်းသုံးစွဲခြင်းများကို လုပ်ဆောင်နေပါက ဦးခေါင်းကိုတည့်မတ်စွာသုံးစွဲခြင်းဖြင့် အကြောများပြေလျော့နေသည့်ပုံစံမျိုးဖြစ်နေပါစေ ။

ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးအမာများနှင့်အမြင့်ထားပြီး အိပ်ခြင်းမျိုးသည့် ကုပ်ရိုးကျိုးပေါင်းတက်ခြင်းကို ဖြစ်ပေါ်စေပါသည် ဒါကြောင့် ညပိုင်းအိပ်စက်သည့်အခါတွင် ခေါင်းအုံးသည့် မနိမ့်အမြင့် အနေထားဖြင့်သာ အိပ်စေသင့်ကြောင့် ပြောကြားပါရစေ ၊။

ကုပ်ရိုးကျီးပေါင်းတက်ခြင်း လက္ခဏာများအနေကတော့ နောက်စေ့နောက်ဖက်အောက်ဘက်နေရာတွေမှာ မကြာခဏ ကြာရှည်စွာ ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခြင်း ၊ လည်ကုပ်တစ်ဆင့် နောက်စေ့ ၊ ပခုံး ၊ လက်ဖျံ နှင့် လက်မောင်းတစ်လျှောက်တွေမှာ နာကျင်ခြင်းများ ဖြစ်ပေါ်လာခြင်း ၊ ခေါင်းလှည့်စဉ်တွင် မူးဝေခြင်းများလည်း ဖြစ်ပေါ်လာသည့်အပြင် အိပ်နေစဉ်ခေါင်းလှုပ်ရှားရင် လည်ကုပ်နေရာတွေနှင့် ပခုံးတွေမှာ နာကျင်ခြင်းများဖြစ်ပေါ်လာခြင်းနှင့်အတူ လက်နှစ်ဖက်ရဲ့ လက်ဖျားလေးတွေမှာ ထုံကျဉ်ခြင်းများဖြစ်ပေါ်လာသည့် အကြောင်းများသည် ကုပ်ရိုးကျီးပေါင်းတက်ခြင်း ရောဂါ လက္ခဏာများပင်ဖြစ်ပါတော့သည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

လေပူ ထသူများ အတွက် ဆေးနည်းတစ်ခွက်


သင်သည် နှမ်းဆီ (သို့ မဟုတ် ) မြေပဲဆီ လက်ဖက်ရည်တစ်ဇွန်းကို ရယူပြီး လက်ဖက်ရည် ပန်းကန်လုံးထဲ့သို့  ထည့်ပါ ။ထည့်ပြီးသည့်နောက် သံပရာသီး တစ်လုံးကို ထက်ခြမ်းခြမ်း၍ အရည်ညှစ်ထည့်ပြီးနောက် သောက်သုံးပေးလိုက်ပေးခင်ဗျာ ( ၂ )ရက်လောက်တော့ သောက်သုံးပေးလိုက်ပါ ပျောက်ကင်းသွားကြောင်း သင်ကိုယ်တိုင်သိမြင်ခံစားရရှိပါလိမ့်မည် ။

ဒီဆေးနည်းသည် တန်ဖိုးနည်း၍ အန္တရာယ် မရှိသည့်ဆေးနည်းကောင်းဖြစ်ပါသည် လိုအပ်သလို သုံးစွဲနိုင်ကြပါရန် စေတနာဖြင့် တင်ပြရေးသားဖော်ပြလိုက်ရပါသည် ။

တိုင်းရင်းဆေးလည်း အစွမ်းထက်ကြောင့် မမေ့သင့်သည် အတွက် ပေးဆပ်ပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

သင်သည် ဝမ်းချုပ်နေသလား ၊ လေပွနေသလား?


ဒိန်ချဉ်စားလိုက်ပါ ဒိန်ချဉ်တစ်ခွက်နဲ့ တစ်ဝက်စာမှာ ခန္ဓာကိုယ်အကျိုးပြုဘက်တီးရီးယားတွေ များစွာပါဝင်တဲ့အတွက် အစားအစာဟောင်းတွေကို အူလမ်းကြောင်း တစ်လျှာက် ပိုမိုတွန်းထုတ်နိုင်တယ်လို့ ဆိုပါတယ်။

လူ့အကျိုးပြု ဘက်တီးရီးယားတွေဟာ လေထစေနိုင်တဲ့ ပဲနဲ့ နို့မှာ ပါဝင်တဲ့ Lactose ကို သင့်အစာအိမ်မှ အစာချေဖျက်မှု ပိုမိုကောင်းစေပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

ကင်ဆာမျိုးစုံကိုဖြစ်ပွားစေနိုင်သည့် HPV ဗိုင်းရပ်အတွက် ကာကွယ်ဆေးထိုးနှံမှု နည်းပါးနေသေး


အမျိုးသမီးများတွင်အဖြစ်များပြီး အသက်အန္တရာယ်လည်းရှိသည့် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကြိုတင်ကာကွယ်နိုင်သည့်ရောဂါအမျိုးအစားဖြစ်ပြီး ၄င်းကင်ဆာကိုဖြစ်စေသည့် HPV ဗိုင်းရပ်အတွက် ကာကွယ်ဆေးကိုလည်း လွယ်လင့်တကူ ထိုးနှံမှု ခံယူနိုင်သော်လည်း ကမ္ဘာတစ်ဝန်း၌ ကာကွယ်ဆေး ထိုးနှံမှုခံယူသူဦးရေမှာ နည်းပါးနေသေးကြောင်း အမေရိကန်ပြည်ထောင်စု၊ေ၇ာဂါထိန်းချုပ်ရေးနှင့်တားဆီး ကာကွယ်ရေးဌာန CDC က ထုတ်ပြန် ကြေညာသည်။ ကင်ဆာမျိုးစုံအပြင် သားအိမ်ခေါင်း ကင်ဆာကို လည်းဖြစ်ပွားစေတာ HPV ဗိုင်းရပ်ပါ။ ဒီဗိုင်းရပ်ဟာ လိင်ဆက်ဆံရာကနေ ကူးစက် နိုင်ပါတယ်။

အရွယ်ရောက်ပြီဖြစ်တဲ့ အမျိုးသားရော၊အမျိုးသမီးတွေပါ ဒီဗိုင်းရပ်ကူးစက်မှုမခံရအောင် ကာကွယ်ဆေး ထိုးသင့်ပါတယ် ။ အမျိုးသားတွေမှာ သားအိမ်ခေါင်းကင်ဆာ မဖြစ်ဘူးဆိုပေမယ့်လည်း ဒီဗိုင်းရပ်ကြောင့် အခြားကင်ဆာအမျိုးမျိုး ဖြစ်ပွားနိုင်ပါတယ် ဟု CDC မှ တာဝန် ရှိသူတစ်ဦးက ပြောပြသည်။

အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၃ မှ ၂၀၁၄ အတွင်း အသက် ၁၈ မှ ၅၉ အရွယ်များတွင် အမျိုးသား ၂၅ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၀ ရာခိုင်နှုန်း တို့ ၌ လိင်ဆက်ဆံရာမှတစ်ဆင့် HPV ဗိုင်းရပ် ကူးစက်ခံရသည် ကို တွေ့ ရှိရကြောင်း၊ ၄င်းဗိုင်းရပ်ကူးစက်မှုခံ၇လျင် ကင်ဆာအမျိုးမျိုးဖြစ်နိုင်ခြေ အလွန်မြင့်မားသွားလေ့ ရှိကြောင်း သိရသည်။ လိင်ဆက်ဆံမှုပြုလုပ်နေဆဲဖြစ်ရင် HPV ဗိုင်းရပ်ကူးစက်နိုင်ခြေက အမျိုးသားတွေမှာ ၉၀ ရာခိုင်နှုန်း၊ အမျိုးသမီးတွေမှာ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ သူတို့ ဟာ HPV ဗိုင်းရပ် တစ်မျိုး မဟုတ် တစ်မျိုးကို တစ်ချိန် မဟုတ် တစ်ချိန်မှာ ကူးစက်ခံရနိုင်ပါတယ်။ အဲဒီကူးစက်မှုတွေထဲက ထက်ဝက်ခန့် က အန္တရာယ်ကြီးတဲ့ HPV အမျိုးအစား ဖြစ်ပါလိမ့်မယ်ဟု အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည်။ HPV ဗိုင်းရပ်ကို အန္တရာယ်နိမ့်ပါးအုပ်စုနှင့် အန္တရာယ်မြင့်မား အုပ်စုဟူ၍ နှစ်စုခွဲထားကြောင်း၊ အန္တရာယ်နိမ့် ပါး အုပ်စုမှ အမှတ်စဉ် ၆ နှင့် ၁၀၀ တို့ ကြောင့် လိင်အင်္ဂါတွင်အဖုအမျိုးမျိုးပေါက်ခြင်း ၉၀ ရာခိုင်နှုန်းဖြစ်ပွား ကြောင်း၊ အန္တရာယ်မြင့်မား အုပ်စုကြောင့်ဖြစ်လျင် အမှတ်စဉ် ၁၆ နှင့် ၁၈ တို့ ကြောင့် ကင်ဆာမျိုးစုံကို ဖြစ်ပွားစေနိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားစေနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

အဆုပ်၏ဆံခြည်မျှင်သွေးကြောများအတွင်း ရောဂါခုခံတိုက်ဖျက်သည့်ဆဲလ်များကို တွေ့ ရှိ


အဆုပ်ထဲတွင် ခုခံအားဆဲလ်များကိုတွေ့ ရှိရပြီး ၄င်းဆဲလ်များက ဆံခြည်မျှင်သွေးကြောများအတွင်း ရောဂါကူးစက်မှုကို အလွန်လျင်မြန်စွာ တိုက်ခိုက်နိုင်သည်ကို ကြွက်များတွင်စမ်းသပ်တွေ့ ရှိခဲ့သည့် အတွက် ခန္ဓာကိုယ်က ရောဂါများကိုတိုက်ဖျက်ရာတွင် အဓိကအကျဆုံးသော ခုခံအားဆဲလ်များကို ထုတ်လုပ်ရာ၌ အဆုပ်သည် အလွန်အရေးပါနေကြောင်း ကနေဒါနိုင်ငံ၊ Calgary တက္ကသိုလ်မှ သုတေသီ Bryan Yipp က ပြောပြသည်။အဆုပ်က ဒီလောက်အစွမ်းရှိတဲ့ ခုခံအားဆဲလ်တွေကို ဒီလောက် အမြန်ထုတ်ပေးနိုင် လိမ့်မယ် လို့  ဆေးပညာမှာ မတွေးမိခဲ့ကြပါဘူး။ ဒီတွေ့ ရှိချက်ကိုအခြေခံပြီး ခန္ဓာကိုယ်ရဲ့ ခုခံအား ကျဆင်းမှုကို ပြန်လည်မြှင့်တင်ပေးနိုင်မယ့်နည်းလမ်းတွေ တွေ့ ရှိနိုင်မှာပါ။

အခုလက်ရှိအခြေအနေတွေကလည်း အားရစရာမရှိပါဘူး။ ရောဂါကူးစက်မှုဖြစ်ပွားရင် ဘက်တီးရီးယားကို သတ်တာပဲ လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ဆေးယဉ်ပါးစူပါဘက်တီးရီးယားတွေရှိလာပြီဆိုတော့ ပဋိဇီဝဆေးတွေ ကလည်း အရင်လိုစိတ်မချရတော့ပါဘူး။ အဆုပ်ကနေ စဉ်ဆက်မပြတ် ထုတ်ပေးနေတဲ့ ခုခံအားဆဲလ်တွေ ရှိတယ် ဆိုတာဟာ အားတက်စရာပါပဲဟု Yipp က ပြောပြသည်။အဆုပ်ထဲမှာ ကူးစက်နေရာယူထားတဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ဖို့  အလွန်အရေးပါတဲ့ ခုခံအား ဆဲလ်တွေကို အဆုပ်က ကိုယ်တိုင်ပဲ ထုတ်လုပ်တာကို တွေ့ ရပါတယ်။ ယေဘုယျအားဖြင့် သွေးကြော တွေထဲက ဘက်တီးရီးယားတွေကို ရှင်းထုတ်လိုက်ရင် ကျန်ရှိပစ္စည်းတွေက အသည်းနဲ့ သရက်ရွက်တွေ မှာ အနည်သွားထိုင်ပါတယ်။

အဆုပ်သွေးကြောတွေထဲမှာ မကျန်ခဲ့ပါဘူး။ အဆုပ်သွေးကြောဖွဲ့ စည်းပုံ ထဲမှာ ရောဂါပိုးတွေက ပုန်းအောင်းနေနိုင်သလို ခန္ဓာကိုယ်ရဲ့ ရောဂါပိုးရှင်းထုတ်တဲ့စနစ်ကနေလည်း လွတ်မြောက်နေနိုင်ပါတယ်။ ဒါဟာ ကျွန်တော်တို့  ဆက်လက်ဖော်ထုတ်ရမယ့် ပျောက်ဆုံးနေတဲ့ ကွင်းဆက် ဖြစ်ပါတယ်။ အဆုပ်ဟာ ရောဂါခုခံဆဲလ်တွေကို ဆက်တိုက်ထုတ်နေတယ်။ ရောဂါပိုးတွေကို သုတ်သင်နေတယ်။ ဒါပေမယ့် ရောဂါပိုးကိုသုတ်သင်ပြီးသွားတဲ့အခါ ကျန်ရှိပစ္စည်းတွေကို ဘယ်လိုဘယ်ပုံ စွန့် ပစ်သလဲ ဆိုတာကို ဆက်လက်လေ့လာရဦးမှာဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ ဖော်ပြပါတွေ့ ရှိချက်သည် ကြွက်များတွင် စမ်းသပ်တွေ့ ရှိထားခြင်းဖြစ်ကြောင်း၊ ကြွက်နှင့်လူတို့ ၏ ဇီဝကမ္မ ဖြစ်စဉ်သည် နီးစပ်တူညီသည့်အတွက် လူတွင်လည်း အဆုပ်က အလားတူ ရောဂါခုခံဆဲလ်များကို ထုတ်ပေးနိုင်မည်ဟု ယုံကြည်ရကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

ကင်ဆာအတွက် သင်္ဘောရွက်


စာရေးသူကိုယ်တိုင်လည်းအလုပ်နဲ့ တောတောင်တွေမှာနေထိုင်စဉ်ကလည်း အခုတင်ပြထားသော သင်္ဘောရွက်ကို တောထဲမှာရှာစားခဲ့ပါသည် ။ အစွမ်းထက်ပါသည် ။ (Mg Mandalay )

မျိုးမျိုးကို တိုက်ဖျက်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြ၏။ ယခုအခါ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသန ပညာရှင် နမ်ဒန်းနှင့် ဂျပန်မှ သူ၏ လုပ်ဖော်ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမကိုယ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ်များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘော ရွက်ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘောရွက်ခြောက်ကို လက်ဖက်ရည်ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။

 သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအားစနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက်များကို အသုံးပြုလာနိုင်တော့မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခုအဖြစ် အသုံးပြုနေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံးများသည်ဟု ဆို၏။ ဒေါက်တာနမ်ဒန်းက ယခုသူ၏ သုတေသနမှ ရရှိသော ရလဒ်များသည် သြစတြေးလျနှင့် သူ၏ ဇာတိဖြစ်သော ဗီယက်နမ်နိုင်ငံတို့တွင် နေထိုင်သော ဒေသခံတို့ထံမှ ရရှိသည့် သတင်းအချက် အလက်များနှင့် ကိုက်ညီမှု ရှိသည်ဟု ဆို၏။

 သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များအပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသော ကင်ဆာဆေးဝါး များစွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုး များစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆို၏။ သုတေသနပညာရှင်များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန်နှေးကွေးသွားကြောင်း တွေ့ရှိခဲ့ရသည်။

ဆေးမှတ်စု
Mg Mandalay
https://www.facebook.com/mg.mandalay

အကင်နှင့်အချဉ်စားခဲ့လျှင် ကင်ဆာကိုလည်း မြင်စေချင်


သတိတရားဆိုသည်မှာ ပိုတယ်မရှိသလို လိုတယ်ဆိုလည်း မရှိလို့  လူတစ်ယောက်အနေနဲ့ ဘာစားစား ကျန်းမာရေအသိဖြင့် စားသောက်တက်စေရန်ဖြစ်ပါသည်။

အလွယ်တကူမှာယူစားသောက်ကြသည့်အကင်တွေနဲ့  အချဉ်တွေမှာ ရောဂါအသွင် ဖြစ်စေနိုင်သည့် ဓာတ်ပေါင်း ပစ္စည်းများအဖြစ် ပြောင်းလဲဖြစ်ပေါ်စေပါသည် ။ ဘာအဖြစ်များဆုံးလို့ ပြောရရင် ကင်ဆာ ရောဂါဘဲ ဖြစ်ပါတော့သည် ။ တစ်ချို့ လူအများက အမျိုးမျိုးပြောပါတယ် စားသောက်လာတာ ကြာပါပြီဗျာ ဘာဖြစ်လို့ လည်း ပြောကြပါတယ် အခုလည်း ဘာဖြစ်လည်း ဘာမှ မဖြစ်ပါဘူး လို့ ပြောကြပါတယ် ။ အဲလို ပြောတာ မှားသလားလို့ ပြောရရင် မမှားပါဘူး ၊ ကျန်းမာရေးအမြင်ကို ပြောရရင် ကင်ဆာဆိုတာ ဘာနှင့်တူသလဲဆိုတော့ အနီးစပ်ဆုံး သိသာအောင်ပြောရရင် အတွင်းခြစားနေသည့် အရာဝတ္ထုတစ်ခုကို အပြင်ပိုင်းအနေဖြင့် ကြည့်လိုက်ရင်တော့ ဘာမှ မဖြစ်သလို့  သူကို သေချာ ခေါက်ကြည့်မယ် ဖယ်ရှားကြည့်မယ်ဆိုရင် ခြစားထားသည့် နေရာများတွင် ကိုင်တယ်လို့ တောင် မရတာတွေလည်း တွေ့ ဘူးမြင်ဘူးနေကြမှာပါ အမြင်အပြင်မှာ ဘာမှ မဖြစ်သလို့ ဖြစ်နေပေမဲ့ ခေါက်ကြည့်မယ် ဖယ်ရှားကြည့်မယ်ဆိုရင် ကိုင်တွယ်ရခက်သလို့ အသုံးပြု့ လို့ မရတော့သည့် ခြစားခံထားသည့် အရာတစ်ခုလို့ ပါဘဲ ။

ကင်ဆာဆိုသည့်မှာ ဒီလိုသဘောလိုပါ များသောအားဖြင့် ကင်ဆာ လို့  သိလာတယ် မြင်မိတယ် တွေ့ မိတယ်ဆိုရင် ခြစားသလို့  ကိုင်တယ် ကုသရတော့မည့် နေရာ အစိတ် အပိုင်းတွေမှာ အခက်အခဲများစွာတွေ့ ကြုံနိုင်ပါတော့တယ် ။ အခုလို အစားသောက်တွေမှာ တက်နိုင်သလောက် ရှောင်ကြဉ်စားသောက်ခဲ့မယ်ဆိုရင် အတိုင်းအတာ တစ်ခုထိတော့ ကာကွယ်နိုင်သလို့ ဖြစ်နိုင်မှု့ ကိုလည်း လျှော့ကျစေနိုင်ပါသည် ။
အကင်နဲ့ အချဉ်လိုက်ဖက်စေရန် အတွက် အချဉ်ရည်များတွင် သတ်မှတ်ထားသော စံအတိုင်း ထုတ်လုပ်ဖြန့် ဖြူးခြင်း မရှိသဖြင့်  တစ်ချီု့  အရောင်းဆိုင်များ ၊ ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြုထားသည်ကို တွေ့ ရှိနေကြလို့  ဒီလို့ အချဉ်များကို့ စားသောက်ခြင်းဖြင့် ရေတိုတွင်လည်း သွေးအားနည်းခြင်း ၊ ဝမ်းပျက်ဝမ်းလျှော့ခြင်း ဖြစ်စေနိုင်ပြီး ရေရှည်တွင် အစာအိမ် ကင်ဆာနှင့် အသည်း ကင်ဆာကို ဖြစ်ပေါ်စေပါသည် ။

နောက်ဆက်တွဲဆက်ဖြစ်စေနိုင်သည့်ရောဂါဆိုးတစ်ခုက ကျားမ မရွေး မျိုးပွားခြင်းကို ထိခိုက်စေနိုင်ကြောင်း ပြောကြားလိုပါသည် ။
အသားတစ်ခု ၊ စားစရာတစ်ခုကို ကင်တော့မည်ဆိုရင် အကင် ကင်ရာ ကနေ ထွက်လာတဲ့ ဒီ နိုက် ထရိုစမင်း (Nitrosamine)ဓာတ်ဟာ အစာအိမ် ကို ကင်ဆာဖြစ်စေနိုင်ပါတယ်။

ယခုအခါတွင် စားသုံးသူများ လွန်စွာကြိုက်နှစ်သက်နေသော အကင်များတွင် အသားကို အဆီ ရွှဲနစ်အောင်သုတ်၍ ကင်သော အကင်များကို စားသုံးပါက အသည်း အဆီဖုံးရောဂါဖြစ်ပွား နိုင်ပြီး ၊ အချို့သောအသားများကို ဆီနှင့်ကြော်၍ ရောင်းချသော ဆိုင်များသည်လည်း ပြန်ကြော် ဆီကိုသာ အသုံးပြုခြင်းကြောင့် ၎င်းဆီများမှ ဓာတ်တိုးနေပြီး ကင် ဆာရောဂါမျိုးစုံဖြစ်ပွားနိုင်ပါသည် ။

ကြက်ကြော် ၊ ငါးကြော် ၊ အာလူးကြော် စသော အလွန်အကျွံမီးကင်ကြော်လှော်စီမံထားသည့် အစားအစာများထဲ့၌ ကာစီနိုဂျင်းနစ်ဒြပ်ပေါင်းများပါဝင်သဖြင့် အသက် ၄၀ ဝန်းကျင်မှ အသက် ၆၀ အတွင်း အမျိုးသားများ၌ ဖြစ်ပွားလေ့ရှိသော ဆီးကြိတ်ရောင်ရမ်းခြင်းမှာ ကင်ဆာ ရောဂါအဖြစ် အသွင်ပြောင်းလဲသွားစေနိုင်ပါသည် ။
အကင်တွေနှင့် အကြော်တွေ ဟာ ဘယ်လောက်အထိ သန့်သ လဲဆိုတာ ရောင်းချတဲ့သူအပေါ် မှာ မူတည်တယ်။ စားသင့်လား၊ မစားသင့်ဘူးလားဆိုတာဆရာဝန် တွေအနေနဲ့ကတော့ ကျန်းမာရေး ပညာပေးကိုသာ လုပ်နိုင်ပါတယ်။

လိုက်နာတာ၊ မလိုက်နာတာက တော့ ပြည်သူလူထု အပေါ်မှာပဲ မူတည်တယ်။ ဆရာတို့က ဘယ် လောက်ပဲ ပညာတွေပေးပေး စားသုံးသူက အလွန်အကျွံစား နေမယ်ဆိုရင်တော့ ဆရာတို့ တိုင်းပြည်မှာ ကင်ဆာဖြစ်နှုန်း တ ဖြည်းဖြည်းတက်လာမှာပါ။ စား သုံးသူတွေရှိနေရင် ရောင်းချသူ တွေလဲရှိနေဦးမှာပါ'ဘဲ ဖြစ်ပါတယ် ။

အခုရေးသားတင်ပြသည့် အကင်နှင့်အချဉ်စားခဲ့လျှင် ကင်ဆာကိုလည်း မြင်စေချင် ဆိုသည့် ခေါင်းစဉ်ကို ဖတ်ရှု့ြ့ပီး ကျန်းမာရေးအတွက် ဖြစ်ပွားမှ ကုသခြင်းထက် ကာကွယ်ခြင်းသည် ပိုမိုထိရောက်ကြောင်း လေးနက်စွာ ရေးသားတင်ပြလိုက်ရပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ