ဆယ်ကျော်သက်တွေ အင်တာနက်သုံးလေ၊ သွေးတိုးအန္တရာယ်များလေဖြစ်




မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ အင်တာနက်ကို နာရီပေါင်းများစွာသုံးပြီး အချိန်ကုန်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ သွေးပေါင်ချိန်မြင့်တက်နိုင်မှု အန္တရာယ်ပိုများတယ်လို့ သိရပါတယ်။

တစ်ပတ်ကို အနည်းဆုံး ၁၄နာရီ အင်တာနက်အသုံးပြုတဲ့ ဆယ်ကျော်သက်တွေဟာ သွေးပေါင်ချိန်မြင့်တက်တယ်လို့ Detroit မြို့ရှိ Henry Ford ဆေးရုံမှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အင်တာနက် အလွန်အကျွံသုံးတယ်လို့ သုတေသီတွေယူဆထားတဲ့ ဆယ်ကျော်သက် ၁၃၄ယောက်မှာ သွေးတိုးသူ ၂၆ယောက် ရှိနေပါတယ်။

ဒါဟာ အင်တာနက်အသုံးပြုချိန်ပမာဏနဲ့ သွေးပေါင်ချိန်မြင့်တက်မှုကြားက ဆက်စပ်မှုတစ်ခုကို ပြတဲ့ ပထမဆုံးသုတေသနရပ်လို့ ယုံကြည်ရပါတယ်။ အင်တာနက်အသုံးပြုမှုနဲ့ အခြားသောကျန်းမာရေးအန္တရာယ် တွေဖြစ်တဲ့ သောကတက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အ၀လွန်ခြင်းနဲ့ လူတွေနဲ့ကင်းကွာနေခြင်း စတာတွေကြားက ဆက်စပ်မှုတွေကိုလည်း ဆက်လက်လေ့လာမှုတွေ ပြုလုပ်သွားဦးမယ်လို့ သိရပါတယ်။

“အင်တာနက်သုံးတယ်ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အင်တာနက်က ကိုယ်တွေကို ၀ါးမြိုသွားတာမျိုး မဖြစ်သင့်ဘူး။ တစ်ပတ်ကို အင်တာနက် ၂၅နာရီလောက်အသုံးပြုရင် အင်တာနက်အလွန်အကျွံ သုံးသူလို့ ကျွန်တော်တို့လေ့လာမှုမှာ သတ်မှတ်ထားပါတယ်။” လို့ ဦးဆောင်သုတေသီ Andrea Cassidy-Bushrow ကပြောခဲ့ပါတယ်။

လူငယ်တွေအနေနဲ့ အင်တာနက်သုံးရင် အချိန်တစ်ခုရောက်တာနဲ့ ပုံမှန်အနားပေးဖို့ အရေးကြီးပြီး ကိုယ်ကာယလေ့ကျင့်ခန်း တစ်မျိုးမျိုးလုပ်ကြည့်သင့်ကြောင်း၊ မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး အင်တာနက်သုံးတာကို အချိန်နဲ့ကန့်သတ်ပေးဖို့ အကြံပြုကြောင်း၊ ၁ပတ်မှာ ၅ရက်၊ ၁ရက်မှာ ၂နာရီ အင်တာနက်သုံးတာ အိုကေကြောင်း၊ သူမက အကြံပြုခဲ့ပါတယ်။


Bruce

#health.thihtoolwin.com

Ref:ANI

ဘက်တီးရီးယား ကင်းစင်တဲ့ လက်တွေဖြစ်ဖို့ အချိန်ဘယ်လောက်ကြာ ဆေးကြော သင့်သလဲ?



သင့်ရဲ့ လက်တွေ သန့်ရှင်းရဲ့လား? သေချာတာကတော့ သင် အိမ်သာကထွက်လာတိုင်း လက်ဆေး ပါတယ်။ ဒါပေမယ့်လည်း သင့်လက်တွေကို ဆေးကြောတဲ့အခါမှာ ဘယ်လောက် ထိရောက်မှု ရှိလဲဆိုတာကတော့ အရေးကြီးပါတယ်။

လက်ကိုသန့်ရှင်းစင်ကြယ်အောင် ဆေးကြောဖို့ ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ကျွန်ုပ်တို့ရဲ့ လက်တွေဟာ ဗိုင်းရပ်စ်တွေနဲ့ ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပြီး ဖျားနာခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်ကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောဖို့ ဟာ အလွန်အရေးပါနေပါတယ်။ ဒါဆို လက်ကို စင်ကြယ်သွားအောင် ဘယ်လို ဆေးရမယ်ဆိုတာကို သုတေသီတွေက ခရမ်းလွန်ရောင်ခြည်ကင်မရာကို သုံးပြီး စမ်းသက်ကြည့်ခဲ့ပါတယ်။

ပထမဆုံး စမ်းသပ်ကြည့်ခဲ့တာကတော့ ရေအောက်မှာ ၃ စက္ကန့်ခန့် လက်ဆေးပြီး ရပ်နားလိုက်တာပါပဲ။ ပြီးရင်တော့ အခြောက်ခံပြီး အ၀တ်သန့်နဲ့ လက်ကိုသုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ခရမ်းလွန်ရောင်ခြည် ကင်မရာထဲမှာတော့ ဘက်တီးရီးယားကပ်တွယ်နေမှုဟာ လက်ချောင်းတွေရဲ့ ဘေးဘက်နားမှာပဲ ပျောက်ကွယ်သွားပါတယ်။ လက်တစ်ချောင်းလုံးကို စင်ကြယ်သွားအောင် မလုပ်ပေးနိုင်ပါဘူး။

နောက်တစ်ခေါက်မှာတော့ လက်ကို ဆပ်ပြာ မတိုက်ပဲ ရေနဲ့ပဲ ၆ စက္ကန့်ခန့်ဆေးကြောကြည့်လိုက်ပါတယ်။ ဒီလိုဆေးကြောတာဟာ ပထမစမ်းသပ်တဲ့ နည်းထက်စာရင်တော့ ထိရောက်မှုရှိပါတယ်။ ဒါပေမယ့်လည်း လက်ပေါ်မှာ ကပ်တွယ်နေတဲ့ ဘက်တီးရီးယား အားလုံးတော့ ပျောက်ကွယ် မသွားနိုင်ဘူး ဆိုတာ ခရမ်းလွန်ရောင်ခြည် ကင်မရာက ပြသခဲ့ပါတယ်။

ဒါပေမယ့်လည်း လက်ကို ဆပ်ပြာတိုက်ပြီး ၆ စက္ကန့်ခန့် ဆေးကြောလိုက်တဲ့အခါမှာတော့ ဆပ်ပြာမတိုက်တာထက်စာရင် သိသိသာသာ ဘက်တီးရီးယားတွေ ကင်းစင်သွားတာကို ခရမ်းလွန်ရောင်ခြည် ကင်မရာ မှာ မြင်တွေ့လိုက်ရပါတယ်။ သုတေသီတွေရဲ့ ပြောကြားချက်အရတော့ ဆပ်ပြာ တိုက်ခြင်းက ဘက်တီးရီးယားတွေကို သတ်ပစ်လိုက်နိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် ဘက်တီးရီးယား အများစုကိုတော့ ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။

အကောင်းဆုံး နည်းလမ်းကတော့ ဆပ်ပြာတိုက်ပြီး ၁၅ စက္ကန့်ခန့် လက်ကို ဆေးကြောသင့်ပါတယ်။ အဲဒီအခါမှာတော့ ခရမ်းလွန်ရောင်ခြည် ကင်မရာ မှာ လက်ဟာ ရာနှုန်းပြည့်နီးပါး သိသိသာသာ ဘက်တီးရီးယား ကင်းစင်သွားတာကို တွေ့ရပါတယ်။ မီချီဂန် တက္ကသိုလ်က သုတေသီတွေ အကြံပေး ခဲ့တာကတော့ ၁၅ စက္ကန့်ဟာ အသင့်တော်ဆုံးပါ။ စက္ကန့် ၃၀ ကြာလက်ဆေးပြီး စမ်းသပ်ကြည့်တဲ့အခါမှာတော့ ခရမ်းလွန်ရောင်ခြည် ကင်မရာ ထဲမှာ ၁၅ စက္ကန့် ဆေးကြောခြင်းနဲ့ မကွာခြား တာကိုတွေ့ရပါတယ်။

သိရှိဖို့ ကျန်နေတာတစ်ခုက လက်ကို စင်ကြယ်အောင်ဆေးကြောပြီး ရင် အ၀တ်ခြောက်နဲ့ သုတ် ရမလား ၊ Dryer အသုံးပြုရမလားဆိုတာပါ။ သေချာတာကတော့ ရေစိုနေတဲ့အတိုင်းလက်ကို ထားလို့မရပါဘူး။ ရေစိုနေတဲ့ လက်တွေဟာ ၈၅ ရာခိုင်နှုန်း အနုဇီဝ ပိုးမွှားတွေတွယ်ကပ်နေပြီး ခြောက်သွေ့နေတဲ့ လက်တွေကတော့ ၀.၀၆ ရာခိုင်နှုန်းသာ ကပ်တွယ်နေတာကြောင့် လက်ကို သေချာပေါက် အခြောက်ခံဖို့လိုအပ်နေပါပြီ။ အကောင်းဆုံး ကတော့ အ၀တ်ခြောက်နဲ့သုတ်လိုက်တာပါ။ အ၀တ်ခြောက်နဲ့ စိုစွတ်နေတဲ့လက်ကို သုတ်လိုက်ခြင်းအားဖြင့် လက်ဆေး စဉ်က မကုန်စင်သွားပဲ ကပ်တွယ်ကျန်ရစ်နေတဲ့ ဘက်တီးရီးယားတွေကို အပြီးသတ်ဖယ်ရှားလိုက်နိုင်ပါတယ်။ အလိုလျောက် အခြောက်ခံတဲ့ စက်တွေကတော့ ဘက်တီးရီးယား ထပ်မံ ကပ်တွယ်နိုင်မယ့် အခွင့်အရေးနည်းသွားစေပေမယ့်လည်း လက်ကို ခြောက်သွေ့သွားစေတဲ့အပိုင်းမှာ ကြာရှည်နေတာကြောင့် စိတ်မရှည်တဲ့သူတွေဟာ မိမိ အ၀တ်နဲ့ အနည်းငယ်စိုစွတ်မှုကို သုတ်လိုက်ပါတယ်။ အဲဒီအခါမှာလည်း လက်မှာ ဘက်တီးရီးယားတွေက ပြန်ကပ်လာပြန်ရော။

ဒါကြောင့် သုတေသီတွေရဲ့ အကြံပေးချက်အရ လက်ကို ၁၅ စက္ကန့်ခန့်ဆပ်ပြာနဲ့ဆေးကြောပြီး အ၀တ်ခြောက်နဲ့ သုတ်တာဟာ ဘက်တီးရီးယား ကင်းစင်တဲ့လက်ဖြစ်လာစေမှာပါ။ ဒါ့အပြင် ၁၅ စက္ကန့်လက်ဆေးတာကို သိရှိနိုင်ရင် "Happy Birthday" မွေးနေ့ဆုတောင်း သီချင်းကို ၂ ကြိမ် ရွတ်ဆိုပေးပါလို့လည်း သုတေသီတွေက အကြံပေးထားကြပါတယ်။

Bruce

#health.thithtoolwin.com

Ref : Dailymail

ဦးနှောက်ဆဲလ်အပိုကြောင့် ယောကျာ်းတွေဟာ အရာရာထက် အချစ်ကိုဦးစားပေး


ယောကျာ်းတွေဟာ ကာမအကြောင်းကို ၆ စက္ကန့်တိုင်းမှာ တွေးလေ့ရှိတယ်လို့ ဆိုကြပါတယ်။ တချို့ယောကျာ်းတွေရဲ့ ဦးနှောက်ထဲမှာ ကာမ က တကယ်ရှိကြောင်းကို သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပါတယ်။

ယောကျာ်းတွေဟာ ဦးနှောက်ဆဲလ်အပိုနှစ်ခု ပိုင်ဆိုင်ထားကြောင်း ဖောက်ထွင်းမြင်ရပြီး အလွန်သေးငယ်တဲ့ ပိုးကောင်တွေကို လေ့လာပြီး ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလို ဦးနှောက်ဆဲလ်အပိုနှစ်ခု ရှိတဲ့အတွက် ကာမကို ရှာဖွေနေတာ ဖြစ်ပါတယ်။

တကယ့်ကိုပဲ၊ အဲဒီ့ဆဲလ်တွေမှာ အားကောင်းတဲ့ ဆွဲငင်မှုရှိပြီး အစားထက် ကာမကို ပိုဦးစားပေးစေမှုကို ဖြစ်ပေါ်စေပါတယ်။

ဒီလေ့လာမှုဟာ ပိုးကောင်တွေကို လေ့လာခဲ့တာဆိုပေမဲ့၊ သူတို့ရဲ့ ဇီဝဖြစ်စဉ်က ကျွန်တော်တို့ ဇီဝဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ ဒီလေ့လာမှုကတဆင့် လူတွေအပါအဝင် တခြားသတ္တဝါတွေရဲ့ ကာမဆိုင်ရာ အပြုအမူတွေကို သိမြင်လာစေနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပိုးကောင်တွေကို လေ့လာတဲ့အခါမှာ အထီး (male) နဲ့ အထီးမဟုတ်၊ အမ မဟုတ် (Hermaphrodites)  နှစ်မျိုးစလုံးကို လေ့လာမှုပြုခဲ့ပါတယ်။ Hermaphrodites မှာမတွေ့ရတဲ့ ဦးနှောက်ဆဲလ်နှစ်ခုက Male တွေမှာ ပါနေပါတယ်။ ဒါကို အထီးတွေရဲ့ ဆန်းကြယ်ဆဲလ် လို့ သိကြပါတယ်။ ဆားငံရည်ကို သူတို့က ခံနိုင်ရည် သိပ်မရှိကြပါဘူး။

ဆားငံရည်နဲ့ အစာငတ်ခံထားပြီး သူတို့ကို လေ့ကျင့်ပေးခဲ့ပါတယ်။ မတူညီတဲ့ ဆားပျော်ရည်ပါဝင်မှုရှိတဲ့ ပန်းကန်ထဲကို ထည့်လိုက်တဲ့အခါ ဆားနဲ့ဝေးရာကို သွားကြပါတယ်။ ဒါကို လိင်နှစ်မျိုးစလုံးက သိပါတယ်။ ကာမနဲ့မျှားပြီးထားတဲ့အခါမှာတော့ Male တွေက ပျော်ရည်နှစ်ခုရဲ့အလယ်မှာ နေကြပါတယ်။ ဒါဟာ အစားထက်၊ ကာမကို ဦးစားပေးတယ်ဆိုတာကို ပြသတာပါ။ Hermaphrodites တွေကတော့ ဆားကို ဆက်ပြီးရှောင်မြဲရှောင်နေကြပါတယ်။

Male တွေဟာ အရာရာနဲ့ယှဉ်ရင် အချစ်ရေးကို ဦးစားပေးတဲ့သဘောလို့ သုတေသီတွေက သုံးသပ်ကြပါတယ်။


Bruce

#health.thihtoolwin.com

Ref: Daily Mail

ကိုကိုးဓါတ်ပေါင်းတွေဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်



ကိုကိုးဓါတ်ပေါင်းတွေဟာ သွေးဖိအားကိုလျော့ကျစေပြီး သွေးကြောတွေရဲ့လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်လို့ လတ်တလောလေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒါဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်တဲ့ အကျိုးကျေးဇူးတွေပါပဲ။

ကိုကာပဲကို ချက်ပြုတ်စားသောက်တဲ့အခါ ကိုကာဓါတ်ပေါင်းတွေဟာ တစ်ခါတစ်ရံ အစာချေဖက်မှုလုပ်ငန်းစဉ်တွေကို အနှောက်အယှက်ပေးနိုင်ပါတယ်။

University Hospital Düsseldorf မှ ပါမောက္ခ၊ FLAVIOLA ရဲ့ ညွှန်ကြားရေးမှူး Dr. Malte Kelm က “ ကမ္ဘာ့လူဦးရေမှာ သက်ကြီးရွယ်အိုတွေ များလာတာနဲ့အမျှ နှလုံးရောဂါဖြစ်ပွားမှုတွေ ရုတ်တရက်နှလုံးရပ်တန့်တာတွေလည်း တိုးပွားလျက်ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်ဖို့ အစားအသောက်ရဲ့အကျိုးသက်ရောက်မှုတွေကို နားလည်ပြီး အစားအသောက်မှာ ပါဝင်တဲ့ ကိုကိုးမှုန့်ဓါတ်တွေက နှလုံးကျန်းမာရေးနဲ့ သွေးကြောတွေကို ကျန်းမာသန်စွမ်းအောင် ဘယ်လိုလုပ်ဆောင်ပေးနေတယ်ဆိုတာကို ကျွန်တော်တို့ သိချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

အသက် ၃၅နှစ်အောက် လူငယ်၂၂ယောက်နဲ့ အသက် ၅၀နဲ့ ၈၀ကြား လူ၂၀ကို ကိုကိုးမှုန့်ပါဝင်တဲ့ အဖျော်ယမကာများကို နှစ်ပတ်အတွင်း တစ်နေ့၂ကြိမ်သောက်သုံးစေပြီး စမ်းသပ်မှုများပြုလုပ်ခဲ့ကြပါတယ်။

သွေးဖိအားကို လျော့ကျစေတဲ့ သွေးကြောတွေပိုမိုကျယ်ပြန့်လာတဲ့အတွက် လူငယ်တွေမှာ ၃၃ရာခိုင်နှုန်း ပိုမိုကောင်းမွန်တာကို တွေ့ရပြီး ကိုကိုးမှုန့်မသောက်သုံးတဲ့ လူကြီးတွေထက် ကိုကိုးမှုန့်ပါဝင်တဲ့ အဖျော်ယမကာသောက်သုံးသူ လူကြီးတွေမှာ ၃၂ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်တာကို လေ့လာတွေ့ရှိခဲ့ကြပါသတဲ့။

လေ့လာသူတွေအဆိုအရ နေ့စဉ်ကိုကိုးမှုန့်စားသုံးပါက သွေးကြောတွေအတွက် ကောင်းမွန်ပြီး သွေးဖိအားကိုလျှော့ချပေးနိုင်ကာ ကိုလက်စထရောပါဝင်မှုကိုလည်း အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှလုံးရောဂါခံစားရခြင်းကို ၃၁ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

Bruce

#health.thithtoolwin.com

Ref : Upi

လိမ္မော်ရည် သောက်သုံးခြင်းဟာ လူကြီးတွေရဲ့ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်



နေ့စဉ် လိမ္မော် ဖျော်ရည် သောက်သုံးခြင်းဟာ အသက်ကြီးတဲ့သူတွေအတွက် ဦးနှောက်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်လို့ သုတေသန တစ်ခုက အခိုင်အမာဆိုလိုက်ပါတယ်။

အဲဒီလို လိမ္မော်ရည်နေ့စဉ်သောက်သုံးခြင်းဟာ မှတ်ဥာဏ် ၊ စကားပြောခြင်းနဲ့ တန့်ပြန်မှု တို့မှာ ၂ လ အတွင်း သိသိသာသာ တိုးတက်လာစေနိုင်တယ်လို့ ထို သုတေသန အရ သိရပါတယ်။

သိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တာကတော့ ဒါဟာ Flavonoids လို့ခေါ်တဲ့ ဓါတုဗေဒ ပစ္စည်းတစ်မျိုးကြောင့်ပဲ ဖြစ်ပါတယ်။ ထို ဓါတုဗေဒ ပစ္စည်းကို လိမ္မော်သီးတွေထဲမှာ ပမာဏ များများတွေ့ရတယ်လို့လည်း သိရပါတယ်။

ထို Flavonoids ဟာ ဦးနှောက်ရဲ့ သင်ကြားမှုနဲ့ မှတ်ဥာဏ်တို့ကိုလုပ်ဆောင်တဲ့ အပိုင်း Hippocampus ကို အချက်ပြခြင်းနဲ့ လှုံ့ဆော် ပေးတဲ့အတွက် ဦးနှောက်ရဲ့ စွမ်းရည် ကို မြှင့်တင်ပေးနိုင်တာဖြစ်တယ်လို့ သုတေသီတွေ ကဆွေးနွေးခဲ့ကြပါတယ်။

Reading တက္ကသိုလ်က သုတေသီအဖွဲ့ဟာ အသက် ၆၀ ကနေ အသက် ၈၁ နှစ်ကြားမှာရှိတဲ့ အမျိုးသမီး ၂၄ ယောက်နဲ့ အမျိုးသား ၁၃ ယောက်ကို ၈ ပတ် တိတိ နေ့စဉ် လိမ္မော်ရည် ၅၀၀ မီလီလီတာ သောက်သုံးစေပြီး လေ့လာကြည့်ခဲ့ရာမှာ ၈ ပတ်အကြာမှာ သူတို့ရဲ့ ဦးနှောက်ထဲက စွမ်းရည်ပိုင်းဆိုင်ရာတွေမှာ တိုးတက်မှုတွေရှိလာတာကိုတွေ့ခဲ့ရပါတယ်။

သူတို့ရဲ့ မှတ်ဥာဏ်တွေ ၊ တုန့်ပြန်မှု တွေနဲ့ စကားပြောတဲ့ အရည်အသွေးတွေဟာ လေ့လာမှု မစခင်မှာနဲ့ လေ့လာမှု အပြီးမှာ ကွာခြားမှုတွေရှိလာခဲ့ပါတယ်။ သူတို့ရဲ့ ဦးနှောက်စွမ်းရည်တွေဟာ ၂ လအတွင်း ၈ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့ရပါတယ်။

လူကြီးတွေကို နေ့စဉ် လိမ္မော်ရည် တစ်ပိုင့်ခန့် သောက်သုံးပေးဖို့ တိုက်တွန်းနေစရာမလိုပေမယ့် လိမ္မော်ရည်ဟာ လူကြီးတွေရဲ့ မှတ်ဥာဏ်ကို ကောင်းမွန်လာစေနိုင်တာကိုတော့ လူကြီးတွေသိထားဖို့လိုအပ်တယ်လို့ သုတေသီတွေကဆိုကြပါတယ်။

Bruce

#health.thithtoolwin.com

Ref : Dailymail

Gym ကစားခြင်းရဲ့ ကောင်းကျိုးများ


လူအများစုဟာ gym ကစားကြတဲ့ အချိန်မှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကစားကြပါတယ်။ တချို့ကတော့ ၀ိတ်ကျချင်လို့  ၊ တချို့ကတော့  လူတိုင်းငေးကြည့်ရတဲ့ ခန္ဓာကိုယ်အချိုးအစားကို တည်ဆောက်ချင်လို့ အစရှိသဖြင့်
ရည်ရွယ်ချက်တွေနဲ့ gym ကစားကြပါတယ်။ဘယ်လိုရည်ရွယ်ချက်နဲ့ ကစားသည်ဖြစ်စေ  gym ကစားခြင်းဟာ မိမိအတွက် ကောင်းက်ျိုးတွေကိုသာ ပေးစွမ်းနေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်တွေအရ  နေ့စဉ်ပုံမှန်  gym ကစားခြင်းဟာ  ဦးနှောက်ရဲ့စွမ်းဆောင်ရည်တွေကို ပိုမိုတိုးတက်လာစေပြီး အာရုံစူးစိုက်မှုအားကောင်းလာစေတယ်လို့လည်း သိရပါတယ်။

Gym ဆော့တာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကိုလည်း ပြုပြင်ပေးတယ်လို့သိရပါတယ်။
ရုံးမှာ ဖိအားတွေများလာရင်  gym ဆီကိုအရောက်သွားပြီး ချွေးဒီးဒီးကျတဲ့အထိ အားကစားလုပ်လိုက်ခြင်းဟာ မိမိရဲ့ ဖိအားတွေကို တစ်ဝက်လောက်အထိ သက်သာသွားစေတယ်လို့ သိရပါတယ်။

 အကြောင်းရင်းကတော့   gym ကစားခြင်းဟာ  endorphins လို့ခေါ်တဲ့ လူတွေကို ကျေနပ်ပျော်ရွှင်စေတဲ့ ဓာတ်တစ်မျိုးကို အဆက်မပြတ်ထုတ်လွှတ်ပေးနေလို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် နှလုံးရောဂါ၊ သွေးတိုးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 လူတွေရဲ့ ဇီဝကမ္မဗေဒဖြစ်စဉ်တွေကိုလည်း  ဆီလျော်အောင် ထိန်းညှိပေးသွားနိုင်ပါတယ်။
မိမိ ခန္ဓာကိုယ်ကို သုံးလအတွင်း စမတ်ကျလှပစေရမယ်လို့ အာမခံထားပါတယ်။

ဒါ့အပြင် gym ကစားခြင်းဟာ   မိမိကိုယ်ကို ယုံကြည်မှုတိုးတက်လာအောင်  ကူညီပေးတယ်လို့ပြောပါတယ်။ မည်သည့် အချိန်တွင် ကစားသည်ဖြစ်စေ  အချိန်မှန်မှန် ကစားဖို့တော့လိုတယ်လို့လည်း အကြံပြုထားပါတယ်။

Bruce


#health.thithtoolwin.com

Ref: livestong.com

တစ်နေ့ကို ၆ နာရီ ပြည့်အောင်မအိပ်စက်ခြင်း အအေးမိခြင်းကို ဖြစ်ပေါ်စေဖို့ ၄ ဆ တိတိ အခွင့်အရေးများစေ


တစ်နေ့ကို ၆ နာရီ ပြည့်အောင် မအိပ်တဲ့သူတွေဟာ တစ်နေ့ကို ၇ နာရီ နဲ့ အထက် အိပ်စက်သူတွေထက် ၄ ဆ တိတိ အအေးမိခြင်းကို ဖြစ်ပေါ်စေဖို့ အခွင့်အရေးများစေတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာကို နှစ်ပေါင်းများစွာ လစ်လျူရှုလာခဲ့ပြီးတဲ့ နောက်မှာတော့ သိပ္ပံပညာရှင်တွေက အိပ်စက်ခြင်းဟာ အစားအသောက်ကောင်းတွေနဲ့ လုံလောက်တဲ့ လေ့ကျင့်ခန်းတွေလိုပဲ ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာကို လက်ခံလာကြပါတယ်။

ဒါပေမယ့်လည်း သုတေသီ တွေယုံကြည်ခဲ့တာကတော့ လူအများစုဟာ အလုပ်များတာနဲ့ အလုပ်မပြီးတာကို အကြောင်းပြပြီး အိပ်စက်ခြင်းကို လစ်လျူရှုနေကြပါတယ်။ ထိုသုတေသန ကတော့ အရွယ်ရောက်ပြီးသူ ၁၆၄ ယောက်ကို ၇ ရက်တိုင်တိုင် ဟိုတယ်မှာ အိပ်စက်ခြင်း အမျိုးမျိုးနဲ့ အိပ်စက်စေကာ စောင့်ကြည့် ခဲ့ကြပါတယ်။

ထို သုတေသနမှာ ပါဝင်ခဲ့သူတွေကိုတော့ သာမန် ဖျားနာမှု ဗိုင်းရပ်စ် တစ်မျိုးကို ထည့်သွင်းထားတဲ့ နှာခေါင်းထဲထည့်တဲ့ဆေးတစ်မျိုးကို သုံးစွဲစေပြီး သိပ္ပံပညာရှင်တွေက ဘယ်သူတွေ အအေးမိ ဖျားနာခြင်းတွေ ဖြစ်သွားကြတယ်ဆိုတာကို စစ်ဆေးကြည့်ခဲ့ပါတယ်။ ထိုအခါမှာတော့ တစ်နေ့ကို ၅ နာရီ ၀န်းကျင်ပဲ အိပ်စက်ကြတဲ့ အိပ်စက်မှု အနည်းဆုံး လူတွေဟာ အခြား အိပ်ရေးဝသူတွေထက် ၄ ဆ ခွဲတိတိ ပိုပြီး အအေးမိဖျားနာ တတ်တာ ကို တွေ့ခဲ့ရပါတယ်။

အိပ်စက်ခြင်း ဟာ ထိုကဲ့သို့ အအေးမိဖျားနာခြင်းတွေအတွက် အဓိက ပြသနာ ဖြစ်နေသလို အခြား ပြသနာတွေကတော့ လူမှုရေးနောက်ခံ ကိစ္စတွေကြောင့် စိတ်ဖိစီးမှု များ ၊ စီးကရက် နဲ့ ယမကာ တို့ဟာလည်း ဖျားနာခြင်းကို ဖြစ်စေနိုင်တဲ့ အခြား ပြသနာ တွေပဲ ဖြစ်ကြတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေ အဓိက ယုံကြည်ခဲ့ကြတာကတော့ အိပ်ရေးဝခြင်းဟာ ကူးစက်ရောဂါတွေကို မ၀င်ရောက်နိုင်အောင် ခုခံအား စနစ်ကို ကူညီပေးတယ်ဆိုတာပါပဲ။

ထို လေ့လာမှုကိုတော့ ဆန်ဖရန်ဆစ္စကို ကောလိပ်က လက်ထောက် ပါမောက္ခ Aric Prather နဲ့ အဖွဲ့က ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။



Bruce

#health.thithtoolwin.com

Ref : Upi

ပတ်ဝန်းကျင် ညစ်ညမ်းမှု နဲ့ ရာသီဥတုအခြေအနေတွေက နှလုံးရောဂါဖြစ်နိုင်ဖို့ တွန်းအားတွေဖြစ်လာ



ဒီနှစ်အတွင်း ကျင်းပတဲ့ European Society of Cardiology Congress မှာ သုတေသနပြုသူတွေဟာ ရာသီဥတု၊ နေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် နှလုံးရောဂါခံစားနေရတဲ့ လူနာတွေရဲ့အခြေအနေကို ရှင်းလင်းတင်ပြသွားပါတယ်။

ပိုလန်နိုင်ငံအခြေစိုက် Medical University of Silesia မှ သုတေသနပညာရှင် Aneta Cislak နဲ့အဖွဲ့ဟာ ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုနှုန်း မြင်းမားတဲ့ ပူနွေးခြောက်သွေ့ပြီး နေသာတဲ့နေ့တွေမှာ နှလုံးရောဂါဖောက်ခြင်း၊ နှလုံးသွေးယိုခြင်း စသည်တို့ကြောင့် ဆေးရုံတက်ရသည့် လူနာမှာ အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါသတဲ့။

 “ ဒီလေ့လာတွေရှိချက်အရ ကာဗွန်မိုနောက်ဆိုဒ်လို လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ဓါတ်တွေဟာ သွေးနီဥကလပ်စည်းတွေနဲ့ ပေါင်းစပ်သွားပြီး သွေးအတွင်း အောက်ဆီဂျင် သယ်ဆောင်မှုကို ပျက်စီးစေပါတယ်။ ဒါဟာ Hypoxia ဖြစ်စေနိုင်ပြီး ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေအပြင် ဆေးဝါးကုသမှုမှာလည်း အောင်မြင်ဖို့အခြေအနေ နည်းပါးသွားစေပါတယ်” လို့ Cislak က ရှင်းလင်းပြောကြားထားပါတယ်။

လူနာအများစုဟာ နှလုံးရောပါဖောက်ပြီး ဆေးရုံမှာသာမက တစ်လအတွင်း ချမ်းအေးပြီး လေသိပ်မတိုက်တဲ့နေ့တွေမှာ သေဆုံးကြကြောင်း Cislak က ဒီလိုဖြစ်ရပ်တွေကို လက်ရှိအချိန်မှာ မရှင်းလင်းသေးဘူးလို့လည်း ဆိုပါတယ်။

“လေထုညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေဟာ ယောင်ရမ်းခြင်း၊ အသက်ရှုခြင်း နဲ့ အောက်ဆီဂျင်ရယူမှုတွေအပေါ်မှာ အနှောက်အယှက်ဖြစ်စေပြီး နှလုံးနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေ ရှိနေပါတယ်” လို့ ဆိုပါတယ်။

အဆုံးသတ်အနေနဲ့ “လူသားတွေက သဘာဝပတ်ဝန်းကျင်အပေါ် လွှမ်းမှုရှိရုံသာမက သဘာဝပတ်ဝန်းကျင်ကလည်း လူသားတွေအပေါ်မှာလည်း လွှမ်းမိုးမှုတွေရှိနေတာကို သိထားရမှာ ဖြစ်ပါတယ်” လို့ Cislak က ရှင်းလင်းပြောကြားသွားပါတယ်။

Bruce

#health.thithtoolwin.com

Ref : Upi

အူမကြီးကင်ဆာကို တိုက်ဖျက်ပေးနိုင်မယ့် လက်နက်အသစ်


ဘယ်ရီအချဉ်သီးအနီရောင်ဟာ အူမကြီးကင်ဆာကို တိုက်ဖျက်တဲ့နေရာမှာ အသုံးပြုနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုသုတေသနပညာရှင်တွေက တွေ့ ရှိခဲ့ပါတယ်။

ဘယ်ရီအချဉ်သီးအနီရောင်က ထုတ်လုပ်ထားတဲ့ အမှုန့် ကို အူမကြီးကင်ဆာရှိတဲ့ အစမ်းသပ်ခံကြွက်တွေကို ကျွေးခဲ့ရာမှာ အကြိတ်အသားပိုတွေရဲ့ အရွယ်အစားကို ကျုံ့ သွားအောင် စွမ်းဆောင်ပေးနိုင်ပြီး အသားပိုပမာဏကိုလည်း လျော့ချပေးနိုင် ကြောင်း တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာတင် တစ်နှစ်ကို လူပေါင်း ၁၆၂၀၀ အူမကြီးကင်ဆာရောဂါကြောင့် သေဆုံးနေရပြီး ၂၀၁၂ ခုနှစ်မှာ ဒီရောဂါကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့  သေဆုံးသူဦးရေပေါင်း ၆၉၄၀၀ ၀န်းကျင်ရှိပါတယ်။

ဘယ်ရီအချဉ်သီးအနီရောင်ကထုတ်ယူတဲ့ အမှုန့် မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ အူအတွင်းပိုင်းမှာဖြစ်တဲ့အကျိတ်ကင်ဆာဆဲလ်တွေကို သတ်ပေးနိုင်ကြောင်း အရင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ ရှိပြီး ဖြစ်ပါတယ်။

အခုသုတေသနလေ့လာမှုမှာ သုတေသနပညာရှင်တွေဟာ အူမရောင်ရမ်းမှုနဲ့ ဆက်စပ်မှုရှိတဲ့ အူမကြီးကင်ဆာရောဂါရကြွက်တွေရဲ့ နေ့ စဉ် အစားအစာထဲကို ဘယ်ရီသီးကထုတ်ယူထားတဲ့အမှုန့် ကို ရောပြီး ကျွေးမွေး လေ့လာခဲ့ပါတယ်။

ကြွက်တွေကို ကျွေးခဲ့တဲ့ပမာဏဟာ လူတစ်ယောက် ဘယ်ရီအချဉ်သီးအနီရောင်ကို တစ်နေ့ တစ်ခွက်စားသောက်သင့်တဲ့ ပမာဏနဲ့ ညီပါတယ်။

ရက်သတ္တပတ် နှစ်ဆယ်ကျော်အကြာမှာတော့၊ ဘယ်ရီအချဉ်သီးအနီရောင်အမှုန့် ကို စားသုံးထားတဲ့ ကြွက်တွေရဲ့ အသားပိုအကြိတ်အရေအတွက်ဟာ အဆိုပါအမှုန့် ကို မကျွေးထားတဲ့ကြွက်တွေရဲ့ အကြိတ်အရေအတွက်ထက် တစ်ဝက်တိတိ လျော့ကျသွားတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်ရီသီးရဲ့အခွံမှာပါဝင်တဲ့အချို့ ဓာတ်ပေါင်းတွေဟာ ဖျော်ရည်မှာ မပါဝင်တဲ့အတွက် ဘယ်ရီသီးဖျော်ရည်ကနေတော့ ဒီလိုအကျိုးကျေးဇူး ရနိုင်မှာမဟုတ်ဘူးလို့ သုတေသနပညာရှင်တွေက သတိပေးပြောကြားခဲ့ပါတယ်။

Massachusetts Dartmouth တက္ကသိုလ်က ပရော်ဖက်ဆာ Catherin Neto က “ ဘယ်ရီအနီသီးအမှုန့် ဟာ တခြားကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ယူဆရပါတယ်။ အူမကြီးကင်ဆာအတွက်တော့ လက်တွေ့ အကျိုးရှိပုံ ပေါ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

Bruce

#health.thithtoolwin.com

Ref: Mirror
Attachments area

အိပ်ပျော်နေရင်း ဘာ့ကြောင့် မျက်ခမ်းတွေလှုပ်လာတာလဲ???


သင်ဟာ ညဘက်အိပ်နေရင်းနဲ့ သင့်ရဲ့ မျက်ခမ်းတွေလှုပ်လာတာကိုကြုံရတတ်ပါတယ်။

သိပ္ပံပညာရှင်တွေယုံကြည်ထားတာကတော့ အိပ်နေတဲ့အချိန်မှာ မျက်ခမ်းတွေလှုပ်တာဟာ ကျွန်ုပ်တို့ အိပ်မက်ထဲမှာ မြင်တွေ့နေရတာကို စိတ်အနေအထားရဲ့ တုံ့ပြန်မှု ကြောင်ဖြစ်တယ်ဆိုတာပါပဲ။ ဒါပေမယ့်လည်း အခုချိန်ထိတော့ ဘယ်သူကမှ သက်သေမပြနိုင်သေးပါဘူး။

သုတေသီတွေက ဒါကို အဖြေရှာပြီး သပ်သေပြဖို့ကြိုးစားခဲ့ပါတယ်။ အိပ်မက်မက်နေစဉ်မှာ  ကျွန်ုပ်တို့ရဲ့ မျက်လုံးတွေနဲ့ ဦးနှောက်ဟာ ကျွန်ုပ်တို့ နိုးကြားနေစဉ်မှာတုန်းက ပုံရိပ်တွေကို တုံ့ပြန်တဲ့အတိုင်းပဲ အိပ်မက်ထဲက ပုံရိပ်တွေကို တုံ့ပြန်တယ်ဆိုတာကို သုတေသီတွေက သက်သေပြဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

ထို လေ့လာမှုကိုတော့ Nature Communications ဆိုတဲ့ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပြီး သုတေသီတွေဟာ အိပ်စက်နေချိန်မှာ အလုပ်လုပ်နေတဲ့ ဦးနှောက်ထဲက ဆဲလ် တွေ တစ်ခုချင်းစီ ရဲ့ အလုပ်လုပ်ပုံကို လေ့လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား တက္ကသိုလ် က ဒေါက်တာ Itzhak Frie ဟာ လူ ၁၉ ယောက်ရဲ့ ဦးနှောက်တွေထဲကို အီလက်ထရုတ် တွေထည့်သွင်းပြီး လေ့လာခဲ့ပါတယ်။

၂ ပတ်ခန့် ကြာတဲ့အခါမှာ အီလက်ထုတ်တွေက ဦးနှောက်ထဲမှာရှိတဲ့ အာရုံကြော တစ်ခုချင်းစီ ရဲ့လျှပ်စစ်စီးကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သုတေသီတွေက အီလက်ထရုတ် မှတ်တမ်းတွေက ရတဲ့ ဒေတာ တွေကို လေ့လာကြည့်တဲ့အခါမှာ အိပ်စက်ချိန်တွေမှာ ဦးနှောက်ထဲက ဆဲလ် တစ်ခုချင်းစီရဲ့ မမျှော်လင့်ထားတဲ့ တုံ့ပြန်မှု ကို တွေ့လိုက်ရပါတယ်။

လေ့လာတွေ့ရှိချက်အရတော့ အိပ်စက်နေချိန်မှာ မျက်လုံး နဲ့ မျက်ခမ်းတွေ လှုပ်ခတ်သွားတာဟာ အိပ်မက်ထဲက ပုံရိပ်တွေအသစ်ပြောင်းလဲတဲ့ အခါမှာ ဖြစ်ပေါ်တယ်လို့ ဆိုပါတယ်။ ကျွန်ုပ်တို့ နိုးကြားနေတဲ့အချိန်မှာ ပုံရိပ် အသစ်တစ်ခုကို ကျွန်ုပ်တို့ ကြည့်လိုက်ရင် ထို လျှပ်စစ်စီးကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ အိပ်မက်ထဲက ဖြစ်ရပ်အချို့ကို ပြန်လည် မြင်ယောင်သွားစေတာပဲ ဖြစ်ပါတယ်။

သုတေသီတွေစဉ်းစားလိုက်တာကတော့ အနာဂါတ်မှာ ထပ်မံ ပြုလုပ်မယ့် သုတေသန ကတော့ ဦးနှောက် ထဲမှာ ရှိတဲ့ ဆဲလ်တွေရဲ့ လှုပ်ရှားမှုတွေကို စာသား (သို့) ပုံရိပ်တွေအဖြစ် ဘာသာပြန်ဆိုပြီး အိပ်မက်ထဲက အကြောင်းအရာတွေကို သိရှိနိုင်မယ့် နည်းလမ်း ပဲ ဖြစ်တယ်လို့လည်းသိရပါတယ်။

Bruce

#health.thithtoolwin.com

Ref : Dailymail

မျက်လုံးထိခိုက်မှုတွေကို ပြန်လည်ပြုပြင်ပေးသွားမယ့် နာနိုမျက်စဉ်းဆေး


Bar-Ilan University ရဲ့ Institute of Nanotechnology and Advanced Materials က သိပ္ပံပညာရှင်တွေကတော့ မျက်လုံးထိခိုက်မှုအန္တရာယ်တွေကို အကောင်းဆုံးပြန်လည် ပြုပြင်ပေးသွားမယ့် နာနိုမျက်စဉ်းဆေးရည်ကို တီထွင်လျက်ရှိနေပြီး မျက်လုံးရဲ့ အနီးမှုန် ၊ အဝေးမှုန်ပြဿနာတွေကို မျက်ကြည်လွှာကနေ တစ်ဆင့် ပြုပြင်ပေးကာ တွန်းလှန်သွားနိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

လောလောဆယ်မှာတော့ ဝက်တွေမှာ ဒီမျက်စဉ်းဆေးကို စမ်းသပ်ခဲ့ပြီးဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက်မှာတော့ လူသားတွေဆီမှာ ဒီဆေးကို စမ်းသပ်မှုတွေ ပြုလုပ်သွားဖွယ်ရှိနေပါတယ်။ ဒီမျက်စဉ်းဆေးဟာ ဖြုတ်ရတပ်ရနဲ့ အလုပ်ရှုပ်တဲ့ မျက်ကပ်မှန်ရဲ့ နေရာကို အစားထိုးဖို့အတွက် စီစဉ်ထားတာဖြစ်ပြီး မျက်မှန်မတပ် အလှမပျက်ချင်တဲ့သူတွေကိုဒီမျက်စဉ်းဆေးက အဓိက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဂျေရုဆလမ်သတင်းစာအရတော့ ဒီမျက်စဉ်းကို ခတ်ဖို့အတွက် လိုအပ်တဲ့ပမာဏကို အက်ပလီကေးရှင်းကနေ တစ်ဆင့် သိမှာပါ။ အဲ့ဒီအက်ပလီကေးရှင်းဟာ မျက်လုံးကို စကန်ဖတ်မှာဖြစ်ပြီး လေဆာပုံစံနဲ့ မျက်လုံးပုံကို ဖော်မှာပါ။ ပြီးရင်တော့ မျက်လုံးရဲ့ မျက်ကြည်အလွှာပေါ်မှာ အားနည်းနေတဲ့နေရာ ဘယ်နှစ်နေရာလောက်ရှိလဲဆိုတာကိုတွက်ဆပြီး လိုအပ်တဲ့ပမာဏနဲ့ မျက်စဉ်းကို ခတ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

နာနိုမျက်စဉ်းဆေးသာ အောင်မြင်မယ်ဆိုရင်တော့ မျက်ကပ်မှန်တွေကို အစားထိုးသွားနိုင်မှာဖြစ်ပြီး နောက်ပိုင်းပိုမိုအဆင့်မြင့်လာတဲ့အခါမှာတော့ မျက်လုံးကုသရေးတွေမှာ အတော်လေးကို အရေးပါတဲ့ တီထွင်မှုဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

Bruce

#knowledge.thithtoolwin.com

Ref: Oddity

Eye Drops မျက်စဉ်းအမျိုးမျိုး


ဆရာ ကျွန်တော့် နာမ်မည့့် ပါ မလေးရှားကလာပါတယ်။ အသက်က ၄၇ ပါဆရာ။ မျက်စဉ်းဆေး မေးချင်လို့ပါ မလေး မှာ နေတုန်းက regular eye drops ကို သုံးပါတယ် အဆင်ပြေတယ် ဒီကိုရောက်တော့ ရှာလို့မရဘူး ဆေးဆိုင်မှာမေးတော့လည်း သုံးဘူးတဲ့ နမှုနာယူခဲ့တဲ့ ကျွန်တော့မှာ မရှိတော့ဘူး အကြံညာဏ် လေးတောင်းချင်လို့ပါ ဘယ်မျက်စဉ်း ဆေးသုံးသင့်သလဲဆိုတာ ကူညီပါအုံးဆရာ အလုပ်ကပြန်လာလို့ ညအိပ်ယာဝင်ရင် မျက်လုံးကကျိန်းစပ်စပ် ဖြစ်နေတယ်ဆရာ အပမ်းမကြီးဘူးဆိုရင် သုံးသင့်တဲ့ မျက်စဉ်းဆေးညွှန်ပေးပါ။ ဆရာ လေးစားလျက်။

သူများနိုင်ငံတွေမှာ ဆေးဆိုင်ကနေ အလွယ်ဝယ်ရတာနဲ့ ဆရာဝန်လက်မှတ်နဲ့မှဝယ်ရတဲ့ မျက်စဉ်းတွေလို့ ခွဲထားတယ်။ ကျွန်တော်တို့ဆီမှာတော့ ပိုက်ဆံပေးရင် ကြိုက်တာကို ကြိုက်သလောက်ရနိုင်တယ် ထင်တယ်။ မျက်စိက Dryness ခြောက်နေလို့၊ Redness နီရဲနေလို့၊ Itching ယားနေလို့၊ Allergies အလာဂျီရနေလို့၊ Soreness နာနေလို့၊ Swelling ရောင်နေလို့၊ Eye Discharge မျက်ရည်-မျက်ဝတ် တခုခုထွက်နေလို့ နဲ့ Infection ပိုးဝင်လို့ဆိုတဲ့ အကြောင်းတွေကြောင့် မျက်စဉ်းလိုတယ်။ မျက်စဉ်းမှန်တာကို ရွေးသုံးတတ်ဘို့လိုပါမယ်။

• Dryness မျက်စိခြောက်နေတာအတွက် မျက်စဉ်း
စာအကြာကြီးဖတ်သူ၊ ကွန်ပြူတာ အကြာကြီးသုံးသူတွေမှာ ဖြစ်တတ်တယ်။ အိမ်အပြင်မှာ အကြာကြီးထွက်နေသူ၊ လေယျာဉ် အကြားကြီးစီးရသူ၊ ရေသောက် နည်းသူတွေမှာလဲ ဖြစ်တတ်တယ်။ အသက်ကြီးသူတွေမှာ ဇရာဖြစ်စဉ်ကြောင့် ဖြစ်တယ်။ အမျိုးသမီးကြီးတွေမှာ သိသိသာဖြစ်မယ်။ Nasal decongestants နှာခေါင်းထဲထည့်ဆေး၊ Diuretics ဆီးသွားစေတဲ့ဆေး နဲ့ Antidepressants စိတ်ကျဆေး သုံးနေသူတွေမှာလဲ လာဖြစ်တတ်တယ်။

မျက်စိခြောက်နေရင် Decongestant eye drop အမျိုးအစားမျက်စဉ်းကို ရှောင်ပါ။ ရက်ရှည်ခြောက်နေသူတွေအတွက် အရည်ထက် Gel or Ointment ကော်မျက်စဉ်း ပိုသင့်တယ်။ ဒါမျိုးခပ်လိုက်ရင် ခဏတာ ကြည့်မကောင်းဖြစ်တာမို့ ညမအိပ်ခင် ခပ်နိုင်တယ်။ မျက်စဉ်းတိုင်းမှာ အထားခံအောင် ဆေးတခုခုထည့်ရတယ်။ တချို့က ဒါမျိုးနဲ့ မတည့်ကြဘူး။ မျက်စဉ်းခပ်လိုက်မှ မျက်စိက နီလာ၊ ယားလာ၊ ရောင်လာရင် မတည့်ဘူးမှတ်ပါ။ ဒါကြောင့် Non-preserved eye drops အထားခံတာမပါတဲ့ မျက်စဉ်းကို အသုံးခိုင်းတယ်။

• Eye Drops for Redness မျက်စိနီတာအတွက် မျက်စဉ်း
Dryness မျက်စိခြောက်တာ၊ Allergy အလာဂျီရတာ၊ Infection ပိုးဝင်တာ၊ Tiredness မျက်စိအသုံးများတာ နဲ့ ဒီအကြောင်းတွေ စုပေါင်းဖြစ်တာတွေကြောင့် ဖြစ်တတ်တယ်။ Lubricating drop သုံးရတယ်။ ခပ်ရမှာကတော့ Decongestant eye drops ဖြစ်တယ်။ ဒါပေမဲ့ ဆရာဝန်ကို အရင်ပြသင့်တယ်။ သွေးကြောလေးတွေကို ကျဉ်းစေမယ်။ အခြေခံရောဂါ ရှိနေရင် အရှာရခက်စေတယ်။ သုံးမိရင် မျက်စိခြောက်စေတယ်။ ကြာရင် Irritation ကလိခံနေရသလိုမျိုး ဖြစ်စေပြီး နီလာမယ်။ သူငယ်အိမ်ကိုလဲ ကျယ်စေနိုင်တာ သတိထားပါ။

• Allergies, Eye Itching and Eye Drops အလာဂျီအတွက် မျက်စဉ်း
Itchiness ယားတယ်ဆိုတာ အလာဂျီကြောင့်ဖြစ်တယ်။ တခါတလေ ရောင်တာ၊ နီရဲနေတာ၊ မျက်ရည်ကျတာ၊ မျက်ခွံမို့တာတွေ အတွက်လဲ သုံးနိုင်တယ်။ အလာဂျီကြောင့်ဆိုရင် Lubricating drops လဲသုံးနိုင်တယ်။ မျက်စိကို မကြာခဏ ဆေးပေးရမယ်။ Antihistamine eye drops (Alaway or Zaditor) မျက်စဉ်းမှာ အလာဂျီရစေတဲ့ဓါတ်ကို ဆန့်ကျင်တဲ့ ဆေးပါတယ်။ တချို့ မျက်စိနီနေတာအတွက်သုံးတဲ့ Decongestant eye drops မျက်စဉ်းတွေထဲမှာ Antihistamines (အင်တီဟစ်တမင်း) ပါနေတတ်တယ်။

• Eye Drops for Soreness, Swelling or Discharge နာတာ-ရောင်တာ-တခုခုထွက်တာအတွက်မျက်စဉ်း -
Lubricating eye drops ကိုသုံးတယ်။ ဘာလို့ဖြစ်သလဲဆိုတာသိပါ။ ငိုထားလို့၊ ရောင်ရမ်းလို့ နဲ့ အလာဂျီတွေကြောင့် ဖြစ်တာတွေမှာ သုံးနိုင်တယ်။

• Eye infection မျက်စိပိုးဝင်တာကြောင့် မျက်ဝတ် အဖြူ-အဝါတွေထွက်တာအတွက် မျက်စဉ်း
1. Bacterial conjunctivitis ဗက်တီးရီးယားကြောင့်ဆိုရင် မျက်စိနီပြီးနာမယ်။ မျက်ဝတ်တွေ ထွက်မယ်။ Rx antibiotic eye drops ဆရာဝန်လက်မှတ်နဲ့ဝယ်ရတဲ့ ပိုးသေဆေးပါမျက်စဉ်းလိုမယ်။

2. Viral conjunctivitis ဗိုင်းရပ်စ်ကြောင့်ဖြစ်တာက ခပ်ပေါ့ပေါ့ကနေ ဆိုးတာအထိဖြစ်နိုင်တယ်။ မဆိုးရင် သူ့ဖါသူ ပျောက်မယ်။ ဆိုတာကြောင့် နီရဲ၊ မျက်ရည်ကျ၊ မျက်လုံးနာ၊ မျက်ဝတ်ထွက်တာတွေ ဖြစ်လာမယ်။ မျက်စိ ကြည့်မကောင်းတာလဲ ဖြစ်နိုင်တယ်။ Lubricating eye drops သုံးနိုင်တယ်။ ရေအေးဝတ်၊ ရေခဲကပ်ပေးပါ။

3. Allergic conjunctivitis အလာဂျီကြောင့်ရောင်တာ အဖြစ်များတယ်။ ယား၊ ရောင်၊ မျက်ရည်ကျ၊ မျက်စိ နီရဲတာတွေ ဖြစ်မယ်။ မကူးစက်ဘူး။ Lubricating နဲ့ Antihistamine eye drops မျက်စဉ်းသုံးပါ။ ရေအေးဝတ်၊ ရေခဲကပ်ပေးပါ။ Antihistamines (Zyrtec or Claritin) စားဆေး သောက်နိုင်တယ်။ အလာဂျီကြာနေသူတွေက Benadryl ကို လနဲ့ချီသောက်ရတယ်။

မျက်စဉ်းတွေဟာ Saline ဆားရည်ပါတာတွေ ဖြစ်တယ်။ ဒါ့အပြင် Steroids စတီရွိုက်၊ Antihistamines အင်တီဟစ်တမင်း၊ NSAIDs အနာသက်သာဆေး၊ Anesthetics ထုံဆေး ပါတာတွေ၊ Sympathomimetics, Beta blockers, Para-sympathomimetics, Para-sympatholytics, Prostaglandins ဆေးတွေပါတဲ့ မျက်စဉ်းတွေ ရှိတယ်။ ဘာဆေးမှ မပါတဲ့ Lubricating နဲ့ Tear-replacing solutions တွေလဲ ရှိတယ်။ Rinse eye drops ခေါ်တယ်။ Glaucoma eye drops မျက်စိရေတိမ်မျက်စဉ်း၊ Mydriatic eye drops သူငယ်အိမ်ကို ကျယ်စေတဲ့ မျက်စဉ်းတွေလဲ ရှိတယ်။
မျက်စဉ်းတွေဟာ သက်တမ်းကုန်တာ မြန်တယ်။ အများအားဖြင့် ၄ ပတ်သာခံတယ်။ Syringe designed saline drops ဆေးထိုးအပ်လို ဆားရည်အမျိုးအစားလဲ ပေါ်လာတယ်။

မျက်စဉ်းနမူနာတွေ -
- Advanced Eye Relief Dry Eye Environmental Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Advanced Eye Relief Dry Eye Rejuvenation Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Alcon Naphcon A Eye Allergy Relief အလာဂျီအတွက် မျက်စဉ်း
- Bausch & Lomb Opcon-A Eye Allergy Relief Drops မျက်စိ အလာဂျီအတွက် မျက်စဉ်း
- Betamethasone eye drops (ကော်တီဇုန်း) မျက်စဉ်း
- Carboxy methyl cellulose sodium eye drop ဆားရည်မျက်စဉ်း
- Chloramphenicol eye drops (ကလိုရမ်ဖင်နီကော) ပိုးသေမျက်စဉ်း
- Ciprofloxacin eye drop (စစ်ပရိုဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Clotrimazole eye drops (ကလိုထွိုင်မဇိုး) ပိုးသေမျက်စဉ်း
- Dexamethasone eye drops (ကော်တီဇုမ်း) မျက်စဉ်း
- Gatifloxacin eye drop (ဂတ်တီဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Gentamicin eye drops (ဂျင်တာမိုင်စင်) ပိုးသေမျက်စဉ်း
- Lobob Optimum Wetting and Rewetting Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Neomycin sulphate eye drop (နီယိုမိုက်စင်) ပိုးသေမျက်စဉ်း
- Norfloxacin with dexamethasone eye drop (နော်ဖလောက်စာဆင်) + (ကော်တီဇုမ်း) မျက်စဉ်း
- Ofloxacin eye drops (အိုဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Similasan Computer Eye Relief Eye Drops (ဆင်မဲလ်ဆန်) ကွန်ပြုတာသုံးသူများအတွက်မျက်စဉ်း
- Similasan Dry Eye Relief Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Hydration Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Lubricant Eye Drops (Preservative Free) မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Night Time Lubricant Eye Ointment မျက်စိခြောက်တာအတွက်မျက်စဉ်း
- Soothe Tired Eyes Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Sparfloxacin eye drop (စပါဖလောက်စာဆင်) ပိုးသေမျက်စဉ်း
- Sulfacetamide eye drops (ဆာလ်ဖါစီတမိုက်) ပိုးသေမျက်စဉ်း
- Systane Ultra Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Systane Ultra Preservative-Free မျက်စိခြောက်တာအတွက်မျက်စဉ်း
- Terramycin Eye Ointment (ဆာရာမိုင်စင်) ပိုးသေမျက်စဉ်း
- Thera Tears, Lubricant Eye Drops မျက်စိခြောက်တာအတွက်မျက်စဉ်း
- Visine A Eye Allergy Relief Eye Drops အလာဂျီအတွက် မျက်စဉ်း
- Walgreens Sterile Eye Allergy Relief Eye Drops အလာဂျီအတွက် မျက်စဉ်း
- Walgreens Wal-Zyr Itchy Eye Drops မျက်စိယားတာအတွက် မျက်စဉ်း
- Zaditor Antihistamine Eye Drops အလာဂျီအတွက် မျက်စဉ်း

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Hepatitis B Antibody Level (ဘီ) ပိုး (အင်တီဘော်ဒီ) အနည်း-အများ


၁။ မင်္ဂလာပါဆရာ ကျွန်တော် အသက် (၃၀) ပါ။ စမ်းချောင်းမြို့နယ်မှာနေထိုင်ပါတယ်။ ကျွန်တော် မှာဘီပိုး ရှိ/မရှိ လွန်ခဲ့တဲ့ တစ်နှစ်က စစ်ခဲ့ပြီးပါပြီ။ ကာကွယ်ဆေးကိုလည်း သုံးကြီမ်ပြည့်အောင် ထိုးခဲ့ပါတယ်။ အခုဆေးအောင်မအောင် Anti-HBs(Quanti) ကိုထပ်စစ်ခဲ့ပါတယ်။ စစ်ထားတာတော့ မကြာသေးပါဘူးဆရာ 5/3/2018 ကပါ။ အဖြေက >500ပါဆရာ။ ဘီးပိုးက >1000မှ ပိုကာကွယ်တယ်ပြောပါတယ်။ တစ်နှစ်ကျော်မှ နောက်ထပ်ကာကွယ်ဆေး တလုံး ထပ်ထိုးဖို့ပြောပါတယ်။ ကျွန်တော်အခုစိုးရိမ်တာက နောက်ထပ်တစ်လုံးမထိုးခင် ဘီပိုးကိုကူးဆက်နိုင်တယ်ပဲ အတွေးရောက်နေပါတယ်ဆရာ။ ဆရာဝန်ကိုလည်း သေချာမမေးလိုက်ရလို့ပါ။ စာလုံးပေါင်းအမှားပါရင် တောင်းပန်ပါတယ်ဆရာ။ ဆရာစိတ်၏ချမ်းသာချင်း ကိုယ်၏ကျန်းမာချင်းနဲ့ပြည့်စုံပါစေ။

ကူးစက်လို့သာ ရေးရတယ်။ တစ်ကိုတော့ မပြောတော့ပါ။

၂။ ဆရာဆေးအောင်မအောင် antibody level အကြောင်းလဲသိချင်ပါတယ်ခင်ဗျ။

၃။ ဆရာရှင့် အသည်း B ပိုးရှိပြီး >1000.00 reactive လို့အဖြေထွက်လာပါတယ်။ စိုးရိမ်ရပါသလားရှင့ှ်။ နယ်ကနေ လာနေတဲ့သူ ဖြစ်ပါတယ်။ ဆေးကုသဖို့ လိုအပ်ပါသလားရှင့်။

• အသဲရောင် (ဘီ) ပိုး (အင်တီဘော်ဒီ) တနည်းအားဖြင့် ခုခံစွမ်းအား ဘယ်လောက်များရင် (ဘီ) ပိုးကို ကာကွယ်နိုင်သလဲ။
• ဒီအချက်ကိုသိဘို့ သုတေသနတခုကို အာဖရိကတိုက် (ဂမ်ဘီယာ) မှာ ကလေးပေါင်း ၇ဝဝ ကိုလုပ်ခဲ့တယ်။
• ခုခံအားဆိုတာကို တိတိကျကျပြောရရင် vaccine-induced hepatitis B surface antibody (ဘီ) ပိုး ကာကွယ်ဆေး ထိုးတာလို့ ရလာတဲ့ မျက်နှာပြင် (အင်တီဘော်ဒီ) ဖြစ်တယ်။
• ကလေးပေါင်း ၁ဝ၄၁ ယောက်ကို မွေးကာစကတည်းက ဘီကာကွယ်ဆေးထိုးပေးပြီး ၇ နှစ်အရွယ်ထိ စဉ်တိုက် လေ့လာခဲ့တာ ဖြစ်ပါတယ်။
• အဖြေကနေ ကောက်ချက်ဆွဲနိုင်တာကတော့ ဘယ်လောက်များမှသာ ကာကွယ်မယ်ဆိုတာကို အတိအကျကြီး မပြောနိုင်ပါ။
• ကလေးတွေမှာ ကာကွယ်ဆေးထိုးပြီးနောက် (အင်တီဘော်ဒီ) တွေ ထွက်လာတယ်။ အများဆုံး ⩾10 IU/L ဆိုရင် hepatitis B surface antigen ဘီပိုး မျက်နှာပြင် (အင်တီဂျင်) ကို ကာကွယ်နိုင်တယ်။
• ကူးစက်ခံထားရတဲ့ကလေး ၄၅ ယောက်ထဲက ၃ ပုံ ၂ ပုံမှာ ခဏတာကူးစက်တာတွေ့ရတယ်။ အဲဒီအချက်ရဲ့ သက်သေကတော့ Core antibody အဓိက (အင်တီဘော်ဒီ) မရှိတာ့တာဖြစ်တယ်။
• အဲဒီ ယာယီကူးစက်မှုဟာ Surface antibody level မျက်နှာပြင် (အင်တီဘော်ဒီ) အနည်း-အများနဲ့ ဆက်စပ်နေတယ်။
• အသဲရောင် (ဘီ) အဖြစ်များရာဒေသတွေမှာ (ဘီ) ကာကွယ်ဆေးထိုးရတာရဲ့ ရည်ရွယ်ချက်က Chronic liver diseases နာတာရှည်အသဲရောဂါနဲ့အတူ တွဲနေတဲ့ Hepatitis B carrier state ရောဂါသယ်ဆေင်သူအဖြစ်ကို ကာကွယ်ဘို့ ဖြစ်တယ်။
• ကလေးပေါင်း ၁ဝ၄၁ ကိုလိုက်ပေမဲ့ ၇၆၄ ကိုသာလိုက်လို့ရခဲ့တယ်။ ၇ နှစ်အရွယ်ထိလိုက်နိုင်ခဲ့တာက ၇ဝ၄ ယောက် ရှိတယ်။
• ၁ နှစ်ကြာချိန်မှာ ကလေး ၉၄% မှာ Surface antibody-positive မျက်နှာပြင် (အင်တီဘော်ဒီ) အပေါင်း (Anti-HBs ⩾10 IU/L) ရှိကြပြီး၊ Core antibody အဓိက (အင်တီဘော်ဒီ) မရှိပါ။ ဒီကလေးတွေဟာ (၁) ကာကွယ်ဆေး အပြည့်ရထားတယ်။ (၂) ကူးစက်မှုမရှိကြဘူး။
• ၁% ဟာ ကာကွယ်ဆေးကို တုန့်ပြန်မှုမရှိဘူး။
• ၃၃ ယောက် (၄%) မှာ Surface antibody မျက်နှာပြင် (အင်တီဘော်ဒီ) ရော Core antibody အဓိက (အင်တီဘော်ဒီ) ပါ ရှိနေကြတယ်။
• ဒါပေမဲ့ ၃၃ ယောက်ထဲက ၃၁ ယောက်ဟာ ဒုတိယနှစ်မှာ Core antigens အဓိက (အင်တီဘော်ဒီ) မရှိတော့တာ တွေ့ရတယ်။ မိခင်ဆီကနေ Passive antibody transfer (အင်တီဘော်ဒီ) ရလာတာလို့ ယူဆနိုင်တယ်။
• ကလေး ၃၃ ယောက်မိခင်တွေ ၁၁ ယောက်ဟာ ဘီပိုးကိုသယ်ဆောင်ပေးနေကြသူတွေဖြစ်တယ်။ ၆ ယောက်ဟာ e antigen-positive (အီ အင်တီဂျင်) အပေါင်းပြသူတွေဖြစ်တယ်။ ဆိုလိုတာက သူတို့သွေးထဲမှာ Core antibody အဓိက (အင်တီဘော်ဒီ) တွေ များနေတယ်။
• ကလေး ၄ ယောက်ဟာ Surface antibody မျက်နှာပြင် (အင်တီဘော်ဒီ) မရှိဘဲ၊ Core antibody အဓိက (အင်တီဘော်ဒီ) ရှိကြတယ်။ သူတို့ထဲက ၂ ယောက်ဟာ Surface antigen-positive မျက်နှာပြင် (အင်တီဘော်ဒီ) အပေါင်း၇ နှစ်အရွယ်အထိ ရှိနေကြတယ်။ သူတို့ဟာ carriers ရောဂါသယ်ဆောင်ပေးနေသူတွေ ဖြစ်ကြတယ်။ ဒီကလေး ၂ ယောက်ရဲ့ အမေတွေဟာ e antigen-positive carriers (အီး အင်တီဂျင်) သယ်ဆောင်ပေးနေသူတွေဖြစ်ကြလို့ မီးတွင်းမှာ အမေတွေဆီကနေ ကူးစက်ခံထားရတာဖြစ်မယ်။
• ကာကွယ်ဆေးထိုးပြီး ၇ နှစ်နောက်ပိုင်းမှာ (အင်တီဘ်ေဒီ) ခေါ်တဲ့ ခုခံနိုင်စွမ်းဓါတ်တွေ လျော့နည်းလာတယ်။
• ၅ နှစ်သားမှာ Surface antibody-positive မျက်နှာပြင် (အင်တီဘော်ဒီ) အပေါင်းကလေးတွေ ၈၄% ရှိရာကနေ ၇ နှစ်သားမှာ ၆၈% သာ ရှိတော့တာ တွေ့ရတယ်။ Antibody decay(အင်တီဘော်ဒီ) ပျက်သုန်းခြင်းလို့ ခေါ်တယ်။
• ၁ နှစ်အရွယ်မှာ anti-HBs <10 br="" iu="">• Core antibody-positive အဓိက (အင်တီဘော်ဒီ) အပေါင်းဖြစ်သူတွေ ၂ နှစ်နောက်မှာများလာတယ်။ သူတို့ဟာ Surface antibody-negative မျက်နှညပြင် (အင်တီဘော်ဒီ) အနုတ်ဖြစ်ပြီး၊ core antibody-positive အဓိက (အင်တီဘော်ဒီ) အပေါင်းဖြစ်တယ်။
• ဒါကြောင့် ကူးစက်မှုဟာ ၇ နှစ်အရွယ်မှာ ၇၃ ယောက် (၂့၇%) ထိတက်လာတယ်။
• ကူးစက်မှုခံရတဲ့ကလေး ၄ ယောက်မှာ Surface antigen မျက်နှာပြင် (အင်တီဂျင်) တွေ့ရတယ်။
• ချုပ်လိုက်ရင် အပြည့်အဝကာကွယ်မှုကို Antibody level (အင်တီဘော်ဒီ လယ်ဘယ်) ဘယ်လောက်မှာ ရမယ်ဆိုတာ မရှိပါ။
• ဒါပေမဲ့ Highest antibody stratum (>10,000) အများဆုံးဖြစ်နေရင် ၉၉% ကာကွယ်မယ်။ ဒီအချက်မှာ လတ်တလောရထားတဲ့ (အင်တီဘော်ဒီ) ကိုပြောတာဖြစ်တယ်။
• ကူးစက်ခံရတဲ့ကလေး အများစုဟာ Core antibody ပင်မ အင်တီဘော်ဒီ နောက်မှာ ပျောက်လာတယ်။ Core antibody reversion အဓိက (အင်တီဘော်ဒီ) နောက်ကြောင်းပြန်ခြင်းလို့ ခေါ်တယ်။
• (အင်တီဘော်ဒီ) အနည်း-အများကို ဆရာဝန်တွေကြား ငြင်းခုန်မှုတွေရှိတယ်။ သေချာတဲ့အချက်သိလာရရင် ကာကွယ်ဆေးကို ၃ ကြိမ်ပြည့်အောင်ထိုးပြီးနောက် Booster vaccination ကာကွယ်ဆေး ထပ်ထိုးဘို့လို-မလိုကို ဆုံးဖြတ်နိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

စပျစ်သီး စားသုံးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါအား ကာကွယ်နိုင်


ဆေးပညာရှင်များက စပျစ်သီးစားသုံးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်နိုင်စွမ်းရှိကြောင့် လေ့လာတွေ့ ရှိခဲ့သည် ။

စပျစ်သီးသည် မှတ်ဥာဏ်စွမ်းရည် လျော့ကျမှုကို ကာကွယ်နိုင်ကြောင်း ( သို့ မဟုတ် ) မှတ်ဥာဏ်ဆုံးရှုံးခြင်းများကို အတော်အသင့် ကောင်းမွန်မှုရှိလာစေနိုင်သည် ။

သုတေသီများက အဆိုပါ မှတ်ဥာဏ်လျော့ကျမှု ကို ကာကွယ်င်္နိုင်ခြင်းသည် စပျစ်သီးအသားနှင့် အရည်တို့ တွင် ပါဝင်သော Anti-oxidants များကြောင့် ဖြစ်ကြောင်းဆိုသည် ။

အယ်လ်ဇိုင်းမားရောဂါသည် သက်ကြီးရွယ်အိုများတွင် အများဆုံးဖြစ်ပွားသည့် မှတ်ဥာဏ်ချွတ်ယွင်းမှု ဝေဒနာဖြစ်ပြီး ကယ်လ်လီးဖိုးနီးယားပြည်နယ် အခြေစိုက်သုတေသီများက အဆိုပါ လေ့လာမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင့် သိရသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

အရေပြားယားယံခြင်း


အရေပြားယားယံခြင်းကို လူတိုင်းတွင် တွေ့ လေ့တွေ့ ထ ဖြစ်တက်ကြသည့် ကျန်းမာရေးအကြောင်းများစွာထဲမှာ အရေပြားနှင့်ဆိုင်ရာ အရေပြားယားယံခြင်း (itch)များ ဖြစ်တက်ကြပါသည် ။

ယားယံခြင်း အကြောင်းများစွာများ အနက် အဖြစ်များတက်ကြသည်မှာ အင်းဆက်ကိုက်ခြင်းကြောင်း ယားယံခြင်း ၊ ဗီတာမင်ချိုးတဲခြင်း ၊ ဆေးဝါးများကြောင်းနှင့်အလှကုန်ပစ္စည်းများသုံးစွဲခြင်း ၊ အရေပြားနာကြောင့် ယားယံခြင်း ၊ တစ်ခြားတစ်ဦးမှ ကူးစက်မှု့ ကြောင့် ယားယံခြင်း ၊ အစားသောက်ကြောင့်ယားယံခြင်း ၊ သွေးယားတက်ခြင်းများ အစရှိသည့်အပြင် သန်းရောဂါ ကပ်ပါးပိုးရောဂါများ၊ နှင်းခူ ပွေး ယာနာ ဝဲ ကဲ့သို့  အရေပြားမှိုရောဂါကြောင်း အရေပြားယားယံခြင်းများ ဖြစ်ပေါ်တက်ကြပါသည် ။
ဝဲ ၊ ယားနာများသည်​ ခန္ဓာကိုယ်​အနှံ့ ယားယံခြင်းလည်း ဖြစ်​တက်​ပါသည်​ ။

ရာသီဥတု ပူလွန်း အေးလွန်ခြင်း ၊ နေလောင်ခြင်း ၊ လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းချွေးများထွက်ခါ အပြင်လေထုအတွင်းမှ ဓာတ်မတည့်သည့်အခါ မျိုးတွင် (allergies )ဖြစ်ပေါ်ခြင်း နှင့် အင်ပျဉ်ယားနာ (hives ) ကဲ့သို့ ဖြစ်ပေါ်တက်သလို တစ်ချို့ တစ်ကိုယ်ရည်သုံး ခေါင်းလျှော်ဆပ်ပြာရည် ကိုယ်သုံးဆပ်ပြာရည် ၊ မျက်နှာသုံးသန့် စင်ချေးချွတ်အရည်များကြောင့် တစ်ခဏအတွင်း နီမြဲရောင်ရမ်းခြင်းတို့ သည့် မိမိအသုံးဆောင်ပစ္စည်းကြောင့် ယားယံဖြစ်ပေါ်တက်ပါသည် ။

ကပ်ပါးပိုးကြောင့်နှင့်အရေပြားမှိုကူးစက်ခြင်းမရှိဘဲ ဟော်မုန်းဓာတ်ချို့ တဲ့ခြင်းကြောင့် ယားယံခြင်းဖြစ်ပေါ်တက်ပါသည် ။

အမျိုးသမီးများအသက်အရွယ်အရ( menopause) သွေးဆုံးချိန်နီးရင်လည်း ဟော်မုန်းဓာတ်ချို့ တဲ့အခါတွင် ယားယံတက်ပါသည် ။

အ​ရေပြား​ပေါ်တွင်​ ယားယံအဖုများ ၊ အနာဖြစ်​ခါယားယံချိန်​တွင်​ အ​မွှေးအနံ့များပါဝင်​များသည်​ ကိုယ်​တိုက်​ဆပ်​ပြာ ကိုယ်​သုံးဆပ်​ပြာအရည်များ သုံးစွဲပါက အ​ရေပြား​ခြောက်​​သွေ့ခါ ယားယံခြင်းဖြစ်​စေသဖြင့်​ သာမန်​ရိုးရိုးဆပ်​ပြာနှင်​ ​က​​လေးငယ်​သုံး
ဆပ်​ပြာများသာ သုံးစွဲသင့်​ပါသည်​ ။

ယားယံမှု့ ကြောင့် ညပိုင်း အိပ်ပျော်နေစဉ်တွင် ကုတ်မိတက်သောကြောင့် ခြေသည်း လည်သည်းများကို အရှည်မထားရပါ ။ တစ်ကိုယ်ရည်သန့် ရှင်း ဂရုစိုက်နေသင့်ပါသည် ။
အရေပြားဆိုင်ရာ လိမ်းဆေးလိမ်းသည့်အခါ မိမိဖြစ်ပေါ်နေသည့် ရောဂါအနေအထားအရ တစ်ချို့ ရောဂါများတွင် အချိန်ကာလကြာမြင့်စွာ လိမ်းပေးရပါသည် ။ အရေပြားအနာများ သက်သာ မယားသဖြင့် ဆေးလိမ်းခြင်း မရှိပါက ပြန်လည်ဖြစ်ပေါ်တက်ပါသည် ။

အရေပြားယားယံခြင်း ဖြစ်တက်ပါက အစားအသောက်ရှောင်ရှားသင့်သည်မှာ ပင်လယ်အစားအစာ နှင့် တွင်းအောင်သတ္တဝါ အသားများသည် ​ယားယံခြင်းဖြစ်ပေါ်စေတက်သောကြာင့် ရှောင်ရှားစားသောက်သင့်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

စိတ်ငြိမ်ဆေး ကြာရှည်စွဲသောက်ခြင်းနဲ့ အယ်လ်ဇိုင်းမားအန္တရာယ် ဆက်နွယ်


စက်တင်ဘာ ၁၀ရက်မှာ ထုတ် ပြန်တဲ့ လေ့လာမှုတစ်ရပ်မှာ ““စိုးရိမ် ပူပန်မှုတွေနဲ့ အိပ်မပျော်တဲ့ အခြေ အနေတွေအတွက် ယေဘုယျ ဆေး ညွှန်းပေးလေ့ရှိတဲ့ စိတ်ငြိမ်ဆေးတွေကို ကာလရှည်စွဲသောက်ခြင်းဟာ အယ်လ်ဇိုင်းမား ရောဂါအန္တရာယ်နဲ့ ဆက်နွယ်နေကြောင်း”” ဖော်ပြခဲ့ တယ်။ အင်ဇိုဒိုင်ယာဇီပင်ကို ကာလ ရှည်သောက်သုံးမှုဟာ အယ်လ်ဇိုင်းမား ရောဂါကို ဖြစ်စေနိုင်ခြင်းရှိ၊ မရှိ မသိ သေးပေမယ့် ဖြစ်စေနိုင်တဲ့ ဆက်နွယ်မှုရှိတာဟာ ထင်ရှားကြောင်း သုတေသီတွေက ပြောကြားခဲ့တယ်။


ကမ္ဘာတစ်ဝန်း လက်ရှိမှာ ဦး နှောက်ဆဲလ်ယိုယွင်းမှုရောဂါ ခံစား နေရသူ ၃၆သန်းခန့်ရှိပြီး၊ လူ့သက်တမ်းပိုရှည်လာကာ ကလေးယူတဲ့ အချိန် နောက်ကျလာတာတွေကြောင့် ယင်းဝေဒနာရှင် အရေအတွက်ဟာ နှစ် ၂၀တိုင်း နှစ်ဆမြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ ပြင်သစ်နဲ့ ကနေဒါရှိ သုတေသနတွေက အယ်လ်ဇိုင်းမားလူနာ ၁၇၉၆ဦးရဲ့ ကျန်းမာ ရေးကို ရောဂါမဖြစ်မီ ခြောက်နှစ် ထက်မနည်းကတည်းက စောင့်ကြည့် လေ့လာခဲ့ရာသုံးလထက်မနည်း ဘင်ဇိုဒိုင်ယာဇီပင် သောက်ခဲ့တဲ့လူနာ တွေဟာ အယ်လ်ဇိုင်းမားဖြစ်ပွားနိုင် ခြေ ၅၁ရာခိုင်နှုန်းပိုများနေပြီး၊ ဆေး ကြာကြာသောက်လေ ဖြစ်ပွားမှုပိုများလေဖြစ်တယ်။

အခုလေ့လာမှုဟာ ငါးနှစ်တာ အချက်အလက်တွေကို အခြေခံထား ပြီး၊ အယ်လ်ဇိုင်းမားရောဂါ လက္ခဏာတွေဟာ ရောဂါစစ်ဆေးမတွေမီ ဆယ်စုနှစ် တစ်ခုကျော်ကြာကတည်းက ဖြစ်ပွားတတ်ကြောင်း ယူကေအယ်လ်ဇိုင်းမား သုတေသနအဖွဲ့ ခေါင်းဆောင်အဲရစ်ကာရန်က ပြောကြားခဲ့တယ်။

ညွန့်လွင်(စက်မှုတက္ကသိုလ်)
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

ဦးနှောက်သည် အိပ်စက်နေသော်လည်း တက်ကြွမှုရှိခြင်း


ဦးနှောက်သည် အိပ်စက်သောအခါ တက်ကြွကြောင်းကို ကမ်းဘရစ်ခ်ျနှင့် ပဲရစ်မှ သိပ္ပံပညာရှင်များ၏ လေ့လာမှုတစ်ရပ်အရသိရသည်။ ထိုလေ့လာမှုအတွက် Electroenceph-alogram (EEG) ဟုခေါ်သော ဦး နှောက်၏လှုပ်ရှားမှုကို လှိုင်းအဖြစ် မှတ်တမ်းတင်သောစက်ဖြင့် ဦးနှောက်ကိုနိုးကြားနေစဉ်နှင့် အိပ်စက်နေစဉ် တို့တွင် လေ့လာခဲ့ကြသည်။

 လေ့လာ မှု၏ အဖွဲ့ခေါင်းဆောင် Mr.Kouider က ““ကျွန်တော်တို့တတွေဟာ အိပ် စက်သွားတဲ့အခါ ဦးနှောက်အလုပ် လုပ်မှုလျော့နည်းသွားတယ်လို့ ထင် ခဲ့ကြပါတယ်။ အမှန်တော့ မဟုတ်ပါ ဘူး။ ပိုပြီးတောင်တက်ကြွနေပါသေးတယ်။ ဘာလို့လဲဆိုတော့ လူတစ်ဦး အိပ်စက်တဲ့အခါမှာ မသိစိတ်နဲ့ အိပ်မက်မက်တက်ကြပါတယ်။ ပြီးတော့ အိပ်နေစဉ်မှာ ဦနှောက်တက်ကြွနေလို့ မိမိနာမည် ကိုခေါ်လိုက်တာတို့ နာရီနှိုးစက် အသံမြည်တာတို့ဆိုရင် အချိန်မရွေး နိုးထလာစေပါတယ်။ ထိုအသံတွေကို ဦးနှောက်ကမှတ်သားထားပြီး နိုးထစေမှုကို ဖြစ်ပေါ် စေပါသည်။ ဒါဟာဦးနှောက်သည် အမြဲနိုးကြားတက်ကြွနေတယ်ဆိုတာ ရဲ့ အကောင်းဆုံးသာဓကတစ်ခုပါ ပဲ။”” ဟု ပြောပါသည်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

Polyuria ဆီးသွားများခြင်း


၁။ ဆရာရှင့် သမီးကအသက် 28 ပါ အိမ်ထောင်ရှိပါတယ်။ ဆီးခနခနသွားပါတယ်။ ဆီးချိုစစ်ကြည့်တာလည်းမရှိပါပူး။ 15 မိနစ်တခါကို သွားချင်နေပါတယ် ကော်ဖီသောက်ရင်ပိုဆိုးပါတယ်. အဲဒါဘာဖြစ်တာလဲဆရာ။ ဘာရောဂါလဲ သိချင်လို့ပါ။ ဖြစ်တာတော့ကြာပါပီ ဆရာဝန်လည်းမပြဖြစ်သေးပါပူးရှင် Cefalaxin 500 ကိုတော့ သောက်ဖူးတယ်။ မသက်သာလို့ပါရှင့်။ ဖြေကြားပေးပါအုန်း။ ကျေးဇူးတင်ပါတယ်။
မဖြေခင် ပြင်ပါရစေ။ ခဏခဏလို့ရေးရတယ်။ ပါပီဆိုတာ ခွေးကလေးလို့ နေ့တိုင်းရေးရတယ်။ ပါဘူးလို့ ရေးသင့်တယ်။ ပါပူးဆိုတာ အဖေကို ခေါ်တယ်။ လူကြီးကိုလည်းခေါ်တယ်။ ဥပမာ မဟတ္တမဂန္ဒီ။

၂။ ဆရာမင်္ဂလာပါ။ ကျွန်မ အသက် ၂၂ ပါဆရာ။ နားနဲ့မနာဖ၀ါးနဲ့နာပါဆရာ။ ကျွန်မအခုတလော ဆီးခဏခဏ သွားချင်နေပါတယ်။ min 20 ခြားတခါလောက်သွားချင်နေပါတယ်။ ရေလဲ အာ့လောက်သောက်တက်တဲ့သူ မဟုတ်ပါဖူးဆရာ။ ဆီးသွားရင်လဲတအားမများပါဖူးဆရာ။ ခဏခဏသွားချင်နေတာတခုပါပဲ စိုးရိန်လို့ပါဆရာ။ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာဖြေကြားပေးပါရှင့်

စိုးရိမ်လို့ ရေးရတယ်။ တစ်သတ်ပုံကိုလည်း ပြင်လိုက်တယ်။ ဆောရီး။ ဆီးစစ်သင့်။ အမျိုးသမီးနဲ့ အသက်သာသိတယ်။ တခြားလိုအပ်ချက်တွေ မသိပါ။

၃။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မအသက် ၂၄နှစ် ရှိပါပြီ။ အိမ်ထောင်မရှိပါ။ မကြာခဏ ဆီးသွားလေ့ရှိပါသည်။ ညအချိန်များ (အိပ်ရာမ၀င်ခင်) တွင် ပိုဆိုးပါသည်။ ဆီးသွားပြီးတိုင်း ဆီးကျန်သလို ခံစားရပါတယ် ဆရာ။ ကျေးဇူးပြုပြီး အကြံပြုပေးပါဦး ဆရာ။ ဆရာနှင့် ဆရာ့မိသားစုလည်း ကျန်းမာရွှင်လန်းကြပါစေ။ ကျေးဇူးတင်စွာဖြင့်။ (ကျွန်တော် အိပ်ရာထတော့ မေးတာ။)

၎။ ဆရာရှင် ကျွန်မအသက် ၂၅ နှစ်၊ အပျိုပါ။ သုံးလလောက်ရှိပါပြီ ညဘက်ဆို ဆီးလေးခါလောက်သွားပါတယ်။ ဆီးကျင်ဆီးအောင့် မရှိပါဘူး။ ရာသီလာခါနီးရက်ဆိုပိုဖြစ်ပါတယ်။ ဆီချိုစစ်ကြည့်တာမရှိပါဘူး။ အထရာဆောင်းရိုက်တော့ ကျောက်ကပ်နဲ့ ဆီးအိမ်ကလည်း Normal ပါဘဲတဲ့။ ဘာဆေးသောက်သင့်သလဲရှင်။ ကျွန်မက့ ဆိုတော့ အခုလို ဖြစ်နေတော့ ခရီးသွားရတာ အဆင်မပြေလို့ပါရှင်။ (ကျွန်တော် မအိပ်မီကမေးတာ။)

၅။ ဆရာရှင့် သမီးအသက် ၃၇ရှိပါပြီ။ အိမ်ထောင်ကွဲနေတာပါ။ တနာရီတခါ ရေသောက်ဆီးသွားလုပ်ရပါတယ်ရှင့်။ တနေကို ရေ ၁၀လီတာလောက် သောက်ပါတယ်။ မသောက်ရရင် မနေနိုင်လိုပါ။ ညဘက်လည်း ၅ခါလောက် ထသောက်ရပါတယ်။ ရေသောက်ပြီးတိုင်း ဆီးလည်း သွားပါတယ်။ အဲဒီရောဂါကြောင့် ခရီးဝေး ဘယ်မှမသွားရဲပါ။ ဆီးချို သွေးချိုလည်း လုံးဝမရှိပါရှင်။ ဆီးလမ်းကြောင်းပိုးဝင်တာလည်းမရှိပါရှင့်။ ရေဆာတာကို အောင့်ထားရင် မူးမေ့လဲပါတယ်ရှင်။ ရောဂါဖြစ်တာ ၁၀နှစ်လောက်ရှိပါပြီရှင်။ (အရင်ကမေးတာ။)

၆။ ကျွန်မက အသက် သုံးဆယ်ပါရှင်။ ဆယ်မိနစ်တခါဆိုသလို ဆီးသွားနေပါတယ်ရှင်။ ဆီးကပူပါတယ်။ ဆရာဝန်နဲ့ သွားပြပါတယ်။ မသက်သာပါဘူးရှင်။ ကူညီပါဦးဆရာ။ (အရင်ကမေးတာ။)

ဆီးကို ပုံမှန်ထက် (သူများတွေထက်) အကြိမ်ခဏခဏပိုသွားချင်တာကို အလုပ်ပိုလုပ်နေတဲ့ဆီးအိမ်လို့ခေါ်တယ်။ ကြာရင် Incontinence ဆီးမလုံတာဆက်ဖြစ်နိုင်တယ်။ ဆောရီး။ စာရေးထားပါတယ်။ အသက်ရလောသူတွေမှာ ဆီးကို ငယ်စဉ်ကလောက် ထိန်းမထားချင်တော့ဘူး။ ယောက်ျားဆိုရင် ဆီးကျိတ်ကြီးနေသလား စစ်ရမယ်။ ကျားရောမပါ ဆီးချိုစစ်ရမယ်။

ပြုပြင်ထိန်းသိမ်းနည်းတွေရှိပါတယ်။ အမူအယာဗျူဟာလို့ခေါ်တယ်။ သောက်တဲ့အရည်ကိုထိန်းရမယ်။ ကေဖင်းပါ ကော်ဖီ၊ လက်ဖက်ရည် မသင့်ပါ။ အရက် မသင့်။ ဘီယာဆိုးတယ်။ ဆီးထိန်းထားနည်း လေ့ကျင့်ရမယ်။ မရသေးရင် နောက်တဆင့် တက်နိုင်တယ်။

Kegel exercises ကီဂယ်လေ့ကျင့်ခန်းလုပ်ပါ။ ရေးထားပါတယ်။ ကိုယ်အလေးချိန် များနေရင် လျော့ပါ။ ရေးထားပါတယ်။
ဆီးသွားတိုင်း ၂ ခါသွားနည်းကြိုးစားပါ။ ပဌမတခါသွားပြီး မိနစ်ပိုင်းအတွင်း ထပ်သွားလိုက်ပါဦး။ ရေအိမ်သာဝင်တာကို အချိန်သတ်မှတ်ပြီးသွားကြည့်ပါ။ လိုအပ်ရင် မကြာမကြာ ဆီးပိုက်နဲ့ ဆီးခြူပါ။ ပိုးမဝင်စေမယ့်နည်း သင်ယူထားပါ။ Absorbent pads ဆီးခံပဒ် သုံးပါ။

ဆေးတွေလည်းရှိတယ်။ ဆရာဝန်ကညွှန်မှသာ သုံးသင့်တယ်။ ဆေးတွေက အာခေါင်ခြောက်စေနိုင်တယ်။ ဝမ်းချုပ်စေနိုင်တယ်။
Tolterodine (Detrol)
(Ditropan XL)
Oxybutynin as a skin patch (Oxytrol)
Oxybutynin gel (Gelnique)
Trospium (Sanctura)
Solifenacin (Vesicare)
Darifenacin (Enablex)
Mirabegron (Myrbetriq)
Fesoterodine (Toviaz)

OnabotulinumtoxinA ခေါ် Botox ဆေးကို ဆီးအိမ်ကိုထိုးပေးနည်းလည်းရှိတယ်။ ခွဲစိတ်ကုသနည်းလည်းရှိတယ်။ ဆီးအိမ်ကိုချဲ့နည်းနဲ့ ထုတ်ပစ်နည်းတွေလည်းရှိတယ်။

စိတ်ဖိအားများရင်လည်း ဆီးခဏခဏသွားချင်တယ်။ စိတ်ကျရောဂါရှိသူလည်း အဲလိုပဲ။ အိပ်ရေးပျက်သူတွေလည်း ဖြစ်တတ်တယ်။

ဆီးသွားများစေတဲ့အကြောင်းခံတွေရှိတယ်။ တနေ့မှာ ၂ လီတာအထိသွားတာ ပုံမှန်။ အသက်အရွယ်နဲ့ ရာသီဥတုအပြင် သောက်တဲ့ ရေနဲ့အရည်တွေအပေါ်မူတည်တယ်။ လူကြီးတယောက် ပုံမှန်ရက်တွေမှာ တနေ့ ၂ လီတာခွဲသွားထက်များရင် စစ်ဆေးသင့်တယ်။ ဆီးချိုနဲ့ ကျောက်ကပ်ကျောက်ကို သံသယထားသင့်တယ်။ ညအချိန်မှာသာများတာကို Nocturnal polyuria (Nocturia) လို့ခေါ်တယ်။

• Bladder infection ဆီးအိမ်ပိုးဝင်ခြင်း (ကလေးတွေအဖြစ်များ)
• Urinary incontinence ဆီးမလုံခြင်း (အမျိုးသမီးတွေအဖြစ်များ)၊
• Diabetes ဆီးချို (အရွယ်-ကျား-မ မရွေး)၊
• Interstitial nephritis ကျောက်ကပ်ရောင်ခြင်း၊
• Kidney failure ကျောက်ကပ်အလုပ်မနိုင်ခြင်း၊
• Kidney stones ကျောက်ကပ်ကျောက်၊
• Psychogenic polydipsia စိတ်ကြောင့်ရေငတ်လွန်ရောဂါ၊
• Sickle cell anemia သွေးအားနည်းရောဂါတမျိုး၊
• BPH ဆီးကျိတ်ကြီးငြ်း (အသက်ကြီးယောက်ျားအဖြစ်များ)၊
• Diuretics ခေါ်ဆီးဆေးတွေဖြစ်တဲ့ Chlorothiazide, hydrochlorothiazide, eplerenone, triamterene, bumetanide and furosemide တွေကနေ ဆီးသွားများစေတယ်။ သွေးတိုးနဲ့ ကိုယ်ရောင်သူတွေကိုပေးတယ်။ တချို့ဆေးတွေမှာ ဆီးသွားများစေတဲ့ ဘေးထွက်သက်ရောက်မှုရှိတယ်။

မြန်မာပြည်သားတွေ ဘယ်မှာနေနေ ဆီးလမ်းကျန်းမာရေးနဲ့ ပြည့်စုံကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Hives အင်ပြင်ထွက်ခြင်း


၁။ ဆရာရှင့် သမီးယားလို့ဆိုပြီးကုတ်လိုက်ရင် အဲ့လိုအဖုအပိန့်တွေထွက်လာလို့ရှင့်။ ဘယ်နေရာကိုပဲ ကုတ်ကုတ် ဖြစ်ပါတယ်ရှင့်။ အဲ့ဒါဘာဖြစ်တာလဲသိချင်လို့ပါရှင့်။ ဘယ်လိုလုပ်ရင်ပျောက်မလဲလို့လည်း သိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီး ဖြေပေးစေလိုပါတယ်ရှင့်။ ဆရာအမြဲကျန်းမာပျော်ရွှင်ပါစေရှင့် သမီးအသက်၂၃နှစ်ပါရှင့်။ အပျိုပါရှင့်။

၂။ မင်္ဂလာပါဆရာ။ ကျွန်မမှာသားလေးတဦးရှိပါတယ်။ အသက် ၅နှစ် ၇လရှိပါပြီ။ သားလေးမှာ လွန်ခဲ့တဲ့ ၂လလောက်မှ အသားအရေယားယံပြီး အပိန့်တွေထွက်လာပါတယ်။ ဆေးကတော့ verizet 5 mg တိုက်ရန်ဆရာဝန်ကညွှန်ကြားပါတယ်။ ဆေးတိုက်ပြီး ၂ ရက်လောက်ထိယားယံခြင်းမရှိပါ။ ၃-၄ ရက်လောက်ကြာရင်ပြန်လည်ယားယံလားပါတယ်။ အသားအရေ ယားယံခြင်းနှင့်ပတ်သက်သည့်အကြောင်းလေးသိချင်လို့ပါရှင့်။ ယားယံပြီဆိုပါက လက်ချောင်းက လက်ဆစ်လေးတွေပါ ယောင်ယမ်းလာပါတယ်။ နှုတ်ခမ်းလဲထော်လာပါတယ်။

၃။ မင်္ဂလာပါဆရာ။ အမျိုးသမီး အသက် ၁၉နှစ်။ ရာသီမှန်ပါတယ်ရှင့်။ ဖြစ်နေတဲ့ရောဂါကတော့ တကိုယ်လုံးယားပြီး အဖုလေးတွေထွက်တာပါ ဆရာ။ ဆရာဝန်ပြ ဆေးထိုး ဆေးသောက်လုပ်ပါတယ် မပျောက်ပါဘူးဆရာ။ ကလေးတည်းက ခြင်ကိုက် ကုတ်လိုက်ရင်အနာဖြစ်လွယ်တဲ့ အရေပြားပါဆရာ။ အခုနောက်ပိုင်း ညနေတိုင်း ယားပြီးအပိန့်တွေက နေ့တိုင်း ထွက်နေတော့ စိုးရိမ်ရပါသလားရှင့်။ ဘယ်လိုကုသပြီး ဘာဆေးဝါးများ မှီဝဲရမလည်းဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ စာအရေးအသားမှားရင် ခွင့်လွှတ်ပါဆရာ ချမ်းမြေ့ပါစေရှင့်။

Allergy အလာဂျီရရင် ၂ မျိုးဖြစ်မယ်။ Urticaria (Hives) ယားတဲ့ အင်ပြင် ခေါ် အနီစက်တွေထွက်တာနဲ့ Hay Fever ခေါ် နှာချေ၊ Allergic rhinitis နှာခေါင်းယား၊ Itchy eyes မျက်စိမွှန်တာတွေ ခံစားရမယ်။

အကြောင်းရင်းတွေရှာရင် ရက်တိုခဏဖြစ်တာနဲ့ ရက်ရှည်ဖြစ်တာ ၂ မျိုးရှိတယ်။ ဆေးတခုခုနဲ့ မတည့်လို့ဖြစ်တာ၊ Sulphonylurea glimepiride (Amaryl)၊ Dextroamphetamine, Aspirin, Ibuprofen, Penicillin, Clotrimazole, Sulfonamides (Septein) နဲ့ Anticonvulsants အတက်သက်သာဆေးတွေ ပါတယ်။ ဆေးကြောင့်ဖြစ်ရင် အရေးပေါ် ဖြစ်တတ်တယ်။ မတည့်လေ့ရှိတဲ့ အစားအစာတွေထဲမှာ Shellfish ငါးနဲ့ အစေ့အဆံတွေ ပါတယ်။ မြေပဲ၊ ဥ၊ ဂျုံ၊ ပဲပုတ်။ သူများမတည့်တိုင်း ကိုယ်မတည့်တာမဟုတ်သလို၊ ကိုယ့်ပဲ မတည့်တာရှိတယ်။ သူများပြောတိုင်း လိုက်ရှောင်နေရင် စားစရာမရှိသလို ဖြစ်တတ်တယ်။ မမှန်ပါ။ ရုပ်ဝတ္ထုနဲ့ မတည့်လို့ဖြစ်တာ၊ (ဂွမ်းစောင်၊ အနွေးထည်) စိတ်ဖိအား၊ အေးလို့ဖြစ်တာ၊ ပူလို့ဖြစ်တာ၊ နေရောင်ကြောင့်ဖြစ်တာ၊ ရေကြောင့်ဖြစ်တာ၊ တုံခါမှုကြောင့်ဖြစ်တာ၊ လေ့ကျင့်ခန်းလုပ်လို့ဖြစ်တာ၊ အနံ့အသက်မတည့်တာ၊ ပန်းနံ့၊ ရေမွှေးနံ့၊ ခြင်ဆေးနံ့၊ ကားအိတ်ဇောနံ့။

အလာဂျီ အများဆုံးဖြစ်စေတဲ့ အရာ (၁ဝ) မျိုး
၁။ နို့၊
၂။ မြေပဲ၊ ပဲပုပ်၊
၃။ ဥ၊
၎။ အစေ့အဆံများ၊
၅။ သန်ကောင်၊
၆။ ငါး၊ ပင်လယ်စာ၊
၇။ ဂျုံ၊
၈။ ဆပ်ပြာ။
၉။ ပန်းဝတ်မှုံ၊
၁ဝ။ ရာဘာ (လေးတက်စ်)။

အများဆုံးသုံးရတဲ့ဆေး
Generic name ဆေးနာမည် Cetirizine နဲ့ Brand name ဆိုင်တင်နာမယ် Zyrtec စတဲ့ နာမည်တွေ အများကြီးရှိတယ်။ စီထရက်ဇင်းဟာ အင်တီ-ဟစ်တမင်းဆေးခေါ်တယ်။ အလာဂျီရရင်ထွက်လာတဲ့ Histamines တွေကို တားဆီးပေးတယ်။ Histamine (H-1) receptor blockers လို့လဲ ခေါ်တယ်။ အင်တီဟစ်တမင်းဆေးတွေထဲမှာ စတုတ္ထမျိုးဆက်ဆေး ဖြစ်တယ်။ နောက်ပေါ်လို့ ပြောရင် မှန်တယ်။ နောက်ပေါ်တာက ဘာထူးလဲဆိုရင် အိပ်ချင်စိတ် နည်းတယ်။ ဆေးအလေးချိန် 5mg နဲ့ 10mg စားဆေးဖြစ်တယ်။

ဆေးကို အစာနဲ့သောက်သင့်တယ်။ အစာနဲ့ဝေးလဲရပါတယ်။ Theophylline ဆေးနဲ့တွဲပေးရသူဆိုရင် Theophylline ကို လျှော့ပေးပါ။ ကလေးတွေကိုလဲ ပေးနိုင်တယ်။ ဘေးထွက်သက်ရောက်မှုတွေ အိပ်ချင်တယ်၊ အာခေါင်ခြောက်၊ ပျို့၊ ခေါင်းကိုက်၊ အားယုတ်၊ လည်ပင်းနာ။ ဆေးတိုင်း အားဆေးတွေအပါအဝင် ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ အကျိုးကပိုရင် ဆေးသုံးရပါတယ်။

အနီပျဉ်၊ အထုအပိန့်၊ အင်ပျဉ်ထနေတာကို Cetirizine ဆေးတမျိုးတည်းနဲ့မရလို့ အရေးပေါ်ဖြစ်လာရင် Epinephrine ဆေးပါထိုးပေးရတတ်တယ်။ သိပ်ဆိုးဆိုးဝါးဝါး ခံစားရသူကို Corticosteroid ဆေးအုပ်စုထဲက Prednisone ထိုးဆေး-စားဆေး ပေးနိုင်တယ်။ လိမ်းဆေး Hydrocortisone, Fluocinonide, Desonate တွေလဲ သုံးနိုင်တယ်။ ဆရာဝန် မတိုင်ပင်ပဲ လုံးဝမသုံးပါနဲ့။ Calamine lotion လိမ်းတာ သိသိသာသာ သက်သာတယ်။ လိုအပ်သူတွေကို စိတ်အခြေခံတာ ဆိုရင် stress management လုပ်သင့်တယ်။ Tricyclic antidepressants ဆေးအုပ်စုထဲက Doxepin ဆေးကိုလဲ သုံးနိုင်တယ်။ မတည့်တာတွေ စစ်လို့ရတယ်။ တချို့ဆို စာရွက်တမျက်နှာအပြည့် မတည့်တာထွက်လာတယ်။ မတည့်တာနဲ့တွေ့ရင် ပြန်ဖြစ်တယ်။ ဆောရီး။ မေးခွန်းထဲက Verizet 5 mg ဆေးလည်းကောင်းပါတယ်။ အိပ်ချင်မယ်။

အကြောင်းတရားတခုမကတွဲမှ ဖြစ်တာလဲ ရှိပါတယ်။ ကျွန်တော် ဆေးကျောင်းတက်စမှာ မန္တလေးဘူတာကြီးကရတဲ့ ကျောက်မီးသွေးအနံ့နဲ့ ဆောင်းရာသီ အအေးဓါတ် တွဲနေတာကို သိပ်သဘောမကျပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အရေပြား အသားတက်မြန်တဲ့ရောဂါ


မြန်မာနိုင်ငံမှာ ဆိုရီးရေးစစ် (Psoriasis) အရေပြားရောဂါက လူသိနည်းပေမဲ့၊ အဖြစ်များတဲ့ အရေပြားရောဂါထဲမှာ ပါနေပြီး၊ ကုသရ ခက်တာမို့ ကျွမ်းကျင်သူတွေနဲ့သာ ပြသ၊ ကုသသင့်တယ်လို့ အရေပြားကျန်းမာရေး ပညာရှင်တွေက အကြံပြုပြောဆိုကြပါတယ်။

အရေပြား အသားတက်မြန်တဲ့ရောဂါက ပိုးတွေကြောင့် ကူးစက်တာမျိုး၊ ကင်ဆာလိုမျိုး မဟုတ်ဘဲ၊ ဖြစ်ရခြင်း အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ နောက်ဆုံး တွေ့ရှိထားချက်အရတော့ သွေးဖြူဥတစ်မျိုး ပုံမှန်ထက် လှုပ်ရှားထကြွပြီး သွေးလှည့်ပတ်မှုနဲ့အတူ လိုက်ပါကာ အရေပြားနေရာမျိုးစုံမှာ ရောင်ရမ်းမှုဖြစ်စေပြီး၊ အရေပြားအောက်အလွှာအဆင့်ဆင့် ပုံမှန်ထက် အသားတက်မြန်စေတာကြောင့်၊ နီရဲကာ ထူထူအကွက်တွေပေါ်လာပြီး၊ အပေါ်မှာ အဖြူဖတ်တွေထပ်ပေါ်လာစေတာပါ။ ဒါပေမဲ့ ဘာကြောင့် ဒီသွေးဖြူဥ ထကြွလှုပ်ရှားရတာကိုတော့ အတိအကျ မသိသေးပါဘူး။ ဒီရောဂါက အစားအသောက်ကြောင့်ဖြစ်တာ မဟုတ်သလို အစားအသောက်ကြောင့် ပိုဆိုးတာ၊ ပိုသက်သာတာမျိုးလည်း မရှိပါဘူး။

ဒါပေမဲ့ ပိုဆိုးစေတဲ့ တခြားအကြောင်းတချို့ တော့ရှိပါတယ်။ နဂိုထဲက အရေပြားက ရောင်ရမ်းပြီး အထိမခံဖြစ်နေရတာမို့ ကုတ်မိတာ၊ ခြစ်မိတာ၊ ဖဲ့လိုက်တာ၊ အရည်ပြားပွန်းပဲ့ ထိခိုက်ဒဏ်ရာရတာနဲ့ နေလောင်တာတွေကြောင့် ဒီအကွက်တွေ ပိုများလာတတ်ပါတယ်။ ဒါ့အပြင် ဆောင်းတွင်လိုမျိုး အေးပြီး အသားပတ်တဲ့ ရာသီမှာလဲ ပိုဆိုးလာတတ်ပါတယ်။ အဓိက ကတော့ အရေပြားအခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ဒီရောဂါ ပိုကြွလာတဲ့သဘောပါ။ လည်ချောင်းနာတာ၊ လည်ချောင်းပိုးဝင်တာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်တာတွေနဲ့ တချို့ သောက်ဆေးတွေကြောင့်လည်း အထက်မှာပြောခဲ့တဲ့ သွေးဖြူဥတွေ ပိုလှုပ်ရှားတက်ကြွလာပုံရတာကြောင့် ဒီ အနာကွက်တွေ ပိုဆိုးလာနိုင်ပါတယ်။ ဒီပိုဆိုးစေတဲ့ သောက်ဆေးတွေထဲမှာ ကော်တီစုန်း (Cortisone) လို့ခေါ်တဲ့ စတီးရွိုက် (Steroid) သောက်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ၊ ကလိုရိုကွင်း (Chloroquine) ဌက်ဖျားဆေးနဲ့ ပရိုပရန်နိုလော (Propranolol) လို သွေးကျဆေးတွေ ပါတာမို့ ဒီရောဂါရှိသူတွေအနေနဲ့ ဆရာဝန်ကို ရောဂါရှိကြောင်း ကြိုပြောထားဖို့လိုပါတယ်။

ဒီ ဆိုရီရေးစစ် ရောဂါရဲ့ လက္ခဏာ ပုံစံကလည်း အမျိုးစုံရှိတတ်ပါတယ်။ အရေပြား အနီကွက်ထူထူတွေက တချို့ မှာ တစ်ကွက်၊ နှစ်ကွက် သာဖြစ်ပြီး၊ နည်းလွန်းတာကြောင့် ဖြစ်နေမှန်းတောင် မသိတာမျိုးကနေ၊ တချို့ မှာတော့ ဒီအနီကွက်တွေ ကြီးလာပြီး တကွက်နဲ့တကွက် ဆက်သွားကာ တကိုယ်လုံး ခေါင်းကနေခြေထောက်အထိ အနီကွက်တွေဖုံးသွားပြီး နေရထိုင်ရခက်အောင် အလွန်အကျွံဖြစ်တာမျိုးအထိ အမျိုးမျိုးရှိပါတယ်။ အဖြစ်အများဆုံးဖြစ်လေ့ရှိတဲ့ ပုံစံကတော့ အရေပြားမှာ အနီစက်တွေစပေါ်ပြီး ကြီးလာကာ အဖတ်တွေဆက်ပေါ်လာပြီး၊ ဒီအဖတ်တွေကို ခွာလိုက်ရင် သွေးစို့ကျန်ခဲ့ကာ ဒီအကွက်တွေက ထပ်ကြီးလာတာမျိုးပါ။ အဖြစ်အများဆုံးနေရာတွေကတော့ တံတောင်ဆစ်၊ ဒူး၊ လက်မောင်း၊ လက်ဖုဝါး၊ ခြေဖုဝါး၊ ဦးခေါင်း၊ ခြေသည်း၊ လက်သည်း၊ ကျော အောက်ပိုင်း စတဲ့ ပွတ်တိုက်မှုများတဲ့ နေရာတွေဖြစ်ပြီး၊ ခန္ဓာကိုယ် ဘယ်ညာ နှစ်ဖက်လုံးမှာ ညီညီမျှမျှ ဖြစ်တာများပါတယ်။ တချို့ မှာလည်း လက်သည်းမှာ အပေါက်သေးသေးလေးတွေအနေနဲ့တွေ့ရတာအပြင် လက်သည်းထူတာ၊ ကြမ်းတာ၊ ချောင်နေတာတွေမျိုးလည်း ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်ပေမဲ့ အဖြစ်နည်းတဲ့ နေရာတွေကတော့ ဂျိုင်း၊ ရင်ဘတ်၊ ရင်သားအောက်၊ ပေါင်ခြံ၊ တင်ပါးကြား၊ လိင်အင်္ဂါ၊ ခြေလက်အကွေးကြား နေရာတွေဖြစ်ပြီး၊ ဒီနေရာတွေမှာ ဖြစ်လာရင်တော့ နဂိုထဲက ချွေးကြောင့် အနေရခက်တာမို့ ပူပြီးစပ်ပြီး ပိုနေရထိုင်ရ ခက်စေနိုင်ပါတယ်။ ကလေးတွေမှာလည်း အထူးသဖြင့် လည်ချောင်းနာပြီး လည်ချောင်းနာပိုးကြောင့် အထက်ပါ သွေးဖြူဥတစ်မျိုး ပိုထကြွလှုပ်ရှားလာပုံရကာ အရေပြားအနီစက်ငယ်လေးတွေ မိုးစက်တွေလို အများအပြားပေါ်လာနိုင်ပေမယ့် လည်ချောင်းနာသက်သာသွားချိန်မှာ ဒီအနီစက်တွေလည်း အလိုလို ပြန်ပျောက်သွားတတ်ပါတယ်။ ဒါ့အပြင် ဒီရောဂါဖြစ်သူတွေရဲ့ ၃၀% ခန့်မှာ အဆစ်နာတာတွေဖြစ်တတ်ပြီး အထူးသဖြင့် လက်ဆစ်၊ ခြေဆစ်လို အဆစ်ငယ်တွေမှာ အဖြစ်များကာ၊ ခါးလို အဆစ်ကြီးတွေမှာ နာတာနည်းပြီး၊ အရေပြားအနာတွေ ပြင်းထန်လျှင် အဆစ်တွေပိုနာကာ၊ အရေပြားအနာ သက်သာလာလျှင်လည်း အဆစ်နာတာ သက်သာသွားလေ့ရှိပါတယ်။

အခုလို ရောဂါဖြစ်တဲ့ လက္ခဏာပုံစံ အမျိုးမျိုးရှိနေတာကြောင့် ဒီရောဂါဖြစ်တာ သေချာအောင် အရေပြားဆရာဝန်ပြပြီး ရောဂါအဆုံးအဖြတ်ယူသင့်ပါတယ်။ အရေပြားဆရာဝန်တွေအနေနဲ့ ပုံမှန်အားဖြင့် အထက်ပါလက္ခဏာတွေကို ကြည့်ပြီး ရောဂါကို ခွဲခြားသိနိုင်သလို၊ လိုအပ်လျှင်လည်း အသားစငယ်ယူပြီး ဓာတ်ခွဲခန်းမှာစစ်ဆေး ဆုံးဖြတ်ပေးနိုင်ပါတယ်။

ကုသရာမှာတော့ အဓိက ရည်ရွယ်ချက် (၂) ခုရှိပါတယ်။ တစ်ခုက အရေပြားရောင်ရမ်းတာကို အမြန်ဆုံး လျှော့ချဖို့ဖြစ်ပြီး၊ နောက်တစ်ခုကတော့ အရေပြားအဖတ်တွေ ထူပြီး ကွာလာတာကို အမြန်ဆုံး ထိန်းနိုင်ဖို့ပါ။ ဒီအဖတ်တွေ ရှိလာလျှင် ကုတ်ချင်ပြီး မကုတ်ဖြစ်အောင် ထိန်းရခက်လို့ပါ။ ခုလိုကုသပေးရာမှာ သက်ဆိုင်ရာလူနာရဲ့ လူနေမှုပုံစံ၊ ရောဂါအခြေအနေ၊ တကိုယ်ရေ သန့်ရှင်းရေးအနေအထား၊ အသက်အရွယ် စတာတွေကို ပေါင်းခြုံစဉ်းစားပြီး တဦးချင်းအလိုက် ကုသပုံ ချမှတ်ဖို့ လိုပါတယ်။

ဒီရောဂါက နာတာရှည်ရောဂါဖြစ်ပြီး အချိန်အကြာကြီးကုရတာအပြင်၊ ပျောက်ပြီးချိန်မှာ ပြန်လည်းဖြစ်တတ်တာမို့ ပြန်ကောင်းသွားချိန်မှာတောင် ဆက်ထိန်းထားနိုင်ဖို့ ဆေးတချို့  ဆက်သုံးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ကုသမှုပေးရာမှာ လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး၊ ရောင်ခြည်ပြဆေး၊ လေဆာ စသည်ဖြင့် အမျိုးမျိုးရှိပြီး လူနာ အခြေအနေအလိုက် ဒီဆေးတွေကို တွဲဖက်ကုသပေးရတာလည်းရှိပါတယ်။

ကာကွယ်ရေးအတွက်တော့ ဒီရောဂါက တစ်ဦးကနေ တစ်ဦးကို ထိတွေ့ကူးစက်တာ မဟုတ်တာကြောင့် ထူးထူးခြားခြား ကာကွယ်နိုင်တဲ့နည်း မရှိပါဘူး။ ဒါပေမဲ့ မျိုးရိုးလိုက်တတ်တာကြောင့် မိဘတွေ၊ ဆွေမျိုးသားချင်းတွေမှာ ဒီရောဂါရှိထားပြီးဖြစ်လျှင် ထိခိုက်ဒဏ်ရာ မရအောင်နေတာ၊ ပွတ်တာ၊ ကုတ်တာ စတဲ့ ဆွပေးတာမျိုး ရှောင်ရှားဖို့ လိုပါတယ်။

ဒီအရေးပြာရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

အရိုးကျန်းမာသန်မာရေး


မြန်မာနိုင်ငံမှာ အရိုးကျန်းမာသန်မာရေးအတွက် စားသောက်နေထိုင်ပုံ အားနည်းတာတွေကြောင့် အသက်အရွယ်ရလာချိန်မှာ အရိုးပြဿနာ ကြုံရမှုတချို့  ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို အခြေခံအကျဆုံး ဖော်ဆောင်ပေးတဲ့ အရိုးကျန်းမာရေးမကောင်းလျှင် ကြုံနိုင်တဲ့ ပြဿနာတွေကတော့ အရိုးပါးတာ၊ အရိုးကြွပ်တာ (သို့မဟုတ်) အရိုးပွတာနဲ့ အရိုးပိုးဝင်တာတွေဖြစ်ပြီး အရိုးကျိုးလွယ်၊ ထိခိုက်နာကျင်လွယ် (ဥပမာ ခါးနာ၊ ပေါင်နာ၊ ရင်ဘတ်အောင့်၊ လက်ကောက်ဝတ်နာ) လာတာပါ။

အရိုးကျန်းမာရေးထိခိုက်စေရခြင်း အဓိက အကြောင်းရင်းတွေကတော့ အရိုးသန်မာဖို့ လိုအပ်တဲ့ ကယ်လ်စီယံနဲ့ ဗီတာမင် ဒီ ဓာတ်ချို.တဲတာ၊ ဗီတာမင် ဒီ ဓာတ်ရတဲ့ နေရောင်ခြည်မရတာ၊ ကယ်လ်စီယံဖြစ်စဉ်ကို ထိခိုက်စေတဲ့ ဟော်မုန်း ပုံမှန်မဖြစ်တာနဲ့ ကျောက်ကပ်မကောင်းတာ၊ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းကာ အထိုင်များတာတွေကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် အရိုးသန်မာမှုနည်းတာမို့ ပိုသတိထားသင့်ပါတယ်။

ဒါ့အပြင် အမျိုးသမီးဟော်မုန်း အီစတိုဂျင်က အရိုးအတွက် ကယ်လ်စီယံစုပ်ယူမှုကို အထောက်အကူပြုတာမို့၊ အမျိုးသမီးတွေ မီးယပ်သွေးဆုံးချိန်မှာ အီစတိုဂျင်ဟော်မုန်းကျဆင်းတာကြောင့် အရိုးသိပ်သည်းမူကျဆင်းပြီး ပိုထိခိုက်လွယ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အပါအဝင်ဖြစ်တဲ့ အာရှတိုက်သားတွေအနေနဲ့လည်း ဥရောပတိုက်သားတွေထက် အရိုးသန်မာမှု အားနည်းလေ့ရှိတာမို့ ပိုဂရုပိုပြုသင့်ပါတယ်။ ဒါ့အပြင် အသက်အရွယ်အရလည်း ငယ်ရွယ်စဉ်မှာ အရိုးပြန်ဖြစ်ပေါ်ဖွဲ့စည်းမှုက အရိုးပျက်စီးမှုထက် ပိုများတာကြောင့် အရိုးသန်မာမှုကောင်းပေမဲ့၊ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးပြန်ဖွဲ့စည်းဖြစ်ပေါ်မှုထက် အရိုးပျက်စီးမှုပိုများလာတာမို့ အရိုးသန်မာမှု အားနည်းလာလေ့ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အသက် (၃၀) ကျော်လာချိန်နဲ့ အမျိုးသားတွေ အသက် (၄၀) ကျော်လာချိန်တွေမှာ အရိုးသန်မာမှု အခုလို စကျဆင်းလာတာပါ။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေ အသက် (၅၀) ကျော် သွေးဆုံးးလာချိန်နဲ့ အမျိုးသားတွေ အသက် (၆၀) ကျော်လာချိန်မှာ အရိုးပွရောဂါဖြစ်ဖို့ အန္တရာယ်များလာပါတယ်။

အခုလို အန္တရာယ်တွေကနေ ကြိုတင်ကာကွယ်ရေး၊ အရိုးကျန်းမာသန်မာဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေ ရှိပါတယ်။ အဓိကအားဖြင့် ကယ်လ်စီယံဓာတ် ကြွယ်ဝတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အစိမ်းရောင်အရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ငါးသေးသေးလေးတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ ဓာတ်ရနိုင်တဲ့ နေဆာလှုံတာ၊ ဗီတာမင် ဒီ ဓာတ်ပါတဲ့ ကြက်ဥ၊ ဘဲဥ အနှစ်နဲ့ ဆယ်လမွန်ငါးတွေ စားပေးဖို့ လိုပါတယ်။ ဗီတာမင် ဘီ B12 ကလည်း အရိုးသန်မာမှုကို အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိထားတာမို့၊ ဒီဓာတ်ကြွယ်ဝတဲ့ အသား၊ငါး၊ ကြက်ဥ၊ ဘဲဥတွေကို စားပေးသင့်ပါတယ်။

အရိုးသန်မာစေတဲ့ ကိုယ်လက်လှုပ်ရှားမူရှိဖို့လည်း ပုံမှန်လမ်းလျှောက်ပေးတာ၊ ရေကူးတာ၊ တရုတ်လူမျိုးတွေကစားတဲ့ တိုင်ချီ (Tai Chi) ကစားတာ၊ နောက် ယောဂါ (Yoga) လေ့ကျင့်ခန်းလုပ်တာတွေနဲ့ အခြားသင့်တော်ရာ အားကစားတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ထိုင်ရာမှာလည်း ခါးကိုမတ်ပြီး ရင်ကိုဖွင့် ပခုံးကို ဆန့်ထားသင့်ပါတယ်။

ရှောင်ရန်အနေနဲ့တော့ အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာနဲ့ ကိုကာကိုလာ၊ပက်ဆီ အများကြီးသောက်တာ (အထူးသဖြင့် ၂ လီတာ ထက်မကျော်သင့်၊) ကော်ဖီ အလွန်အကျွံသောက်တာ (နှစ်ခွက်ထက်မပိုသင့်) တွေ မလုပ်သင့်ပါဘူး။ သုတေသနတစ်ခုအရတော့ လက်ဘက်ရည် နှစ်ခွက် အနည်းဆုံးသောက်တာကြောင့် (၆) နှစ်အကြာမှာ အရိုးသန်မာမှုအားကောင်းစေတယ်၊ ဘာလို့လဲဆိုတော့ လက်ဘက်ရည်မှာပါတဲ့ Flavonoids ဓာတ်က အမျိုသမီးဟောမုန် အီစတိုဂျင်လိုပဲ အရိုးအတွက် ကယ်လ်ဒီယံ စုပ်ယူမှုအားကောင်းစေတာကြောင့်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် ရှောင်ရန်အနေနဲ့ ထိုင်ရာမှာ ခါးကုံးပြီး မထိုင်တာအပြင်၊ ခါးကုံးပြီး ပစ္စည်း ဆတ်ကနဲ ကောက်တာနဲ့ မတာတွေ မလုပ်ပဲ၊ ဒူးကွေးပြီး တဖြည်းဖြည်း ကောက်ယူတာနဲ့ မ တာတွေသာ လုပ်သင့်ပါတယ်။ ကိုယ်မနိုင်တဲ့ လေးလံတာတွေကို တစ်ယောက်ထဲ မ တာမလုပ်ဘဲ၊ အကူခေါ်ပြီး တွဲမသင့်ပါတယ်။ လေးလံပြီး မ ဖို့ခက်တာတွေကိုလည်း ဆွဲမရွှေ.ဘဲ တွန်းရွှေ.သင့်ပါတယ်။

ဒီအရိုးဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

အသက်ကြီးသူများတွင် အဓိကလျော့နည်းတတ်သော အာဟာရဓာတ်များ


ဒီနေ့ခေတ် ကမ္ဘာကြီးကို သက်ကြီးကမ္ဘာ (Ageing World)လို့ တင်စားခေါ်ဝေါ်လာကြပါတယ်။ ဥရောပမှာ လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းဟာ အသက်ကြီးသူတွေဖြစ်လာနေပြီး ၂၀၂၀ မှာဆိုရင် ၂၅ ရာခိုင်နှုန်းအထိ ရှိလာလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

အာရှနိုင်ငံတွေမှာဆိုရင် သက်ကြီးရွယ်အိုဦးရေက ဥရောပမှာထက် ပိုပြီးတောင်များနေပါတယ်။ အကြောင်းရင်းကတော့ ကလေးမွေးဖွားနှုန်း လျော့နည်းတာ၊ ပတ်ဝန်းကျင်သန့်ရှင်းလာတာ၊ အာဟာရရှိတဲ့ အစားအစာများလာတာ၊ ဆေးပညာတိုးတက် ခေတ်မီလာတာတွေကြောင့် ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုတွေ များလာတာဟာ ကောင်းမွန်တဲ့ ရလဒ်ဆိုပေမယ့် ကျန်းကျန်းမာမာရှိနေဖို့လည်း လိုအပ်နေပါတယ်။ ဒါကြောင့် အသက်ကြီးသူတွေမှာ အဓိက လျော့နည်းတတ်တဲ့ အာဟာရဓာတ်တွေနဲ့ ပါဝင်တဲ့ အရင်းအမြစ်တွေကို အဓိကစားသုံးနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သွပ်ဓာတ်
သွပ်ဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေက အဆီနည်း အမဲသား၊ အသည်း၊ ဥအမျိုးမျိုး၊ ပင်လယ်စာ၊ ဝက်သား၊ အခွံမာသီး၊ အခွံချွတ်မထားတဲ့ကောက်နှံတစ်ခုလုံး၊ ဂျုံစေ့အဆန်နဲ့ ပဲ စတာတွေဖြစ်ပါတယ်။

၂။ ကယ်လ်စီယမ်ဓာတ်
ကယ်လ်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအသောက်တွေက နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ကယ်လ်စီယမ်ဖြည့်ထားတဲ့ ပဲနို့၊ အရိုးပါစားလို့ရတဲ့ ဆယ်လ်မွန်ငါး၊ ပဲ၊ ပန်းဂေါ်ဖီစိမ်း စတာတွေဖြစ်ပါတယ်။

၃။ မဂ္ဂနီဆီယမ်ဓာတ်
မဂ္ဂနီဆီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံး၊ ပင်လယ်စာ၊ ပဲပုပ်စေ့၊ အခွံမာသီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ပဲ၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အသား၊ အစေ့အဆန်နဲ့ ဒိန်ချဉ် စတာတွေဖြစ်ပါတယ်။

၎။ ဖောလိတ်ဓာတ်
ဖောလိတ်ဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေက လတ်ဆတ်တဲ့ အစိမ်းရောင် ဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ လိမ္မော်သီး၊ ထောပတ်သီး၊ အသည်း၊ ပဲနဲ့ အခွံမာသီး စတာတွေဖြစ်ပါတယ်။

၅။ ဗီတာမင်ဘီစစ်နှင့် ဗီတာမင်ဒီ
ဗီတာမင် ဘီစစ် ပေါကြွယ်ဝတဲ့ အစားအစာတွေက အသား၊ အသည်း၊ ဥအနှစ်၊ ပဲ၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ကွေကာ စတာတွေဖြစ်ပါတယ်။ ဗီတာမင်ဒီပေါကြွယ်ဝတဲ့ အစားအစာတွေကတော့ ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး၊ ငါးကြေးဆီ၊ ဥအနှစ်၊ ထောပတ်၊ ဒိန်ခဲ စတာတွေပဲ ဖြစ်ပါတယ်။

Mg Mandalay
https://www.facebook.com/mg.mandalay

ကြိုကာထားပါ ပျိုမေများ


အရိုးပါးရောဂါ (Osteoporosis) အတွက် ကြိုတင်ကာကွယ်ဖို့  ငယ်စဉ်ကတည်းက ကယ်လ်စီယမ် အားဖြည့်ထားပါ လို့ တိုက်တွန်းပြောကြားလိုပါသည် ။

အာဟာရပညာရှင်တွေနဲ့ ဆရာဝန်တွေရဲ့ အဆိုအရ မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ အားလုံးဟာ အရိုးပါးရောဂါမှ ကာကွယ်နိုင်ရန် ကယ်လ်စီယမ်ပါဝင်မှုများတဲ့ အစာတွေကို ဘဝ တစ်လျှောက်လုံး စားနေ ရမယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်အတွင်း ပိုလျှံနေတဲ့ ကယ်လ်စီယမ်တွေ အားလုံးဟာ အရိုးမှာ သိုလှောင်ထားတဲ့အတွက် အရိုးပါးရောဂါ မဖြစ်ခင် ရာစုနှစ်များစွာမှာ အရိုးကို သန်မာ စေပါတယ်။
(အမျိုးသားတွေမှာလည်း အရိုးပါးရောဂါဖြစ်နိုင်ကြပေမယ့် အမျိုးသမီး တွေလောက် ဖြစ်နှုန်းမများလှပါ။)

သင်ဟာ လူလတ်ပိုင်းအရွယ်မှာ ကယ်လ်စီယမ် လုံလုံ လောက်လောက် မရခဲ့ရင် သင့်အရိုးတွေ သန်မာနိုင်မှာ မဟုတ်ပါဘူး။

အာဟာရပညာရှင်တွေအနေနဲ့ ကယ်လ်စီယမ်ကို နေ့စဉ် ၁၀၀၀ မှ ၁၅၀၀ မီလီဂရမ် လိုအပ်တယ်လို့ အကြံပေးထားပါတယ်။

နွားနို့ ၊ ဒိန်ချဉ်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ အဆီနည်းဒိန်ခဲတွေမှာ ကယ်လ်စီယမ်ပါဝင်ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မြင်းခွာရွက် အစွမ်း


မြင်းခွာရွက်ဟာ စားစရာ လဲဟုတ်၊ ဆေးလဲ ဟုတ်တယ် ဆိုတာ မြန်မာတွေ သာမကာ တခြား လူမျိုးတွေ ကပါ မှတ်ယူ ကြတယ်။ Sanskrit သင်္သက ရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။ Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊ စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။

 မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။

1.အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။

2.အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။

3.ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။

4.အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။

5.အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။

6.အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။

7.အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။

8.အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။

9.ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။

10.အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏။

အရှေ့တိုင်း ဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းခူနာ၊ ရောဂါတွေ အတွက် ပေးပါသတဲ့။

သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေ ပါတယ်လို့ အကြံပြု ချင်ပါတယ်။

(မြ၀တီ)

ဂျင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ


ဂျင်းဟာ အလွန်ဆေးဝင်တဲ့ အစားအစာတစ်မျိုးဖြစ်သလို
ဆေးဖော်စပ်ရာမှာလည်း အလွန်အစွမ်းထက်တဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။

ဂျင်းပြုတ်ရည်ကို အမျိုးသမီးများသာမက အမျိုးသားများလည်း မကြာခဏ သောက်သုံးပေးနိုင်ပါတယ်။

ဆေးဖက်ဝင်အောင် ဂျင်းပြုတ်ရည် ပြုတ်နည်း

(၁) ဂျင်းတက်ကို အခွံခွါ၊ အကွင်းလိုက်ပါးပါးလှီး၍ ပွတ်ပွတ်ဆူနေသော ရေနွေးအိုးထဲကို ထည့်ပါ။

(၂) အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုတ်ထားပါ။

(၃) ရေနွေးအိုးကို အောက်ချ၊ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် ထားပါ။

(၄) ခပ်နွေးနွေးလေးဖြစ်ရင် ခွက်ထဲကို ဂျင်းပြုတ်ရည်ထည့်၍ ရှောက်သီး တစ်စိတ် ညစ်ထည့်ပါ။

(၅) ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းလောက်ထည့်ပါ။ ပူစီနံရွက် ၂ ရွက်ခန့် ထည့်၍ သောက်ပါ။

ဂျင်းကို ဂျင်းပြုတ်ရည်လုပ်သောက်နိုင်ရုံမကပဲ ဂျင်းသုပ်လုပ်စားခြင်း၊ ဟင်းချက်ရာတွင် ထည့်သွင်းစားသုံးခြင်း စသဖြင့် အမျိုးစုံးပြုလုပ်၍ စားသုံးပေးနိုင်ပါတယ်။

ဂျင်းမှာပါဝင်တဲ့ Manganese ဓါတ်ဟာ Testosterone ထုတ်လွတ်မှု များပြားသည့်အတွက် မျိုးအောင်နှုန်းကို ပိုမိုမြင့်တက်လာစေပါတယ်။

သွေးလည်ပတ်မှုကို အားကောင်းလာစေသည့်အတွက် အမျိုးသားများအတွက် အိမ်ထောင်မှုသုခကို ပြည့်ဝစေပါတယ်။

ဂျင်းမှာပါဝင်တဲ့ ဗီတာမင်ဓါတ်တစ်မျိုးဟာ နှလုံးသွေးကြောကျဉ်းစေတဲ့
သွေးခဲများကိုလည်း လျှော့ချပေးနိုင်သည့်အတွက် နှလုံးရောဂါနှင့် အူမကြီးကင်ဆာဖြစ်ပွါးမှုများကိုပါ လျှော့ချပေးနိုင်ပါတယ်။

သွေးထဲမှာပါဝင်နေတဲ့ အချိုဓါတ်များကိုလည်း လျှော့ချပေးနိုင်သည့်အတွက် ဆီးချိုသွေးချိုသမားများလည်း ဂျင်းကို မကြာခဏ စားသုံးပေးသင့်ပါတယ်။

လွယ်ကူသက်သာသောနည်းဖြင့် ကျန်းမာရေးအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ကြပါစေ။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကာား ။ ။ Health Benefits of Ginger

ကျန်းမာရေးသတင်းများ

ချိုင်းသား ဖြူနေစေမယ့် သဘာဝနည်းလမ်းများ


လက်မောင်းအောက် ချိုင်းသား မည်းနေသူတွေ စိတ်ညစ်မနေနဲ့တော့နော။ ကိုယ့်ရဲ့လက်တကမ်းမှာပဲ အလွယ်ရနိုင်တဲ့ ပစ္စည်းတွေနဲ့ပဲ ပြုပြင်လို့ရနေပြီ။ နည်းလမ်းတွေကို လွယ်လွန်းလိုက်တာ ဆိုပြီး အထင်တော့မသေးပါနဲ့။ အချိန်နဲ့ စိတ်ရှည်မှုပဲ လိုပါတယ်။

(၁) အာလူး က သိပ်ကောင်းတဲ့ သဘာဝ အရောင်ချွတ်ဆေးပါ။ သူ့မှာ အက်ဆစ်ပျော့တွေ ပါဝင်တာကြောင့် အရေပြားကို မယားယံစေပါဘူး။ အာလူးကို ပါးပါးလေးတွေ လွှာလှီးလိုက်ပြီး ချိုင်းနေရာကို ၅ မိနစ် ၁၀ မိနစ်လောက် ပွတ်တိုက်ရပါမယ်။ ပြီးရင်တော့ ရေ ကြက်သီးနွေးလေးနဲ့ ဆေးချလိုက်ပေါ့။ ချိုင်းသားလေး မြန်မြန်ဖြူချင်ရင် အနည်းဆုံး တစ်နေ့ ၂ ခါ လောက် လုပ်ပေးပါ တဲ့။ လွယ်တယ်မလား။

(၂) လီမွန် ဆိုတဲ့ ရှောက်သီး၊ သံပုရာ၊ သံပုရို သီးတွေကလဲ သဘာဝကိုက သန့်စင် သုတ်သင်ပေးတဲ့ ပစ္စည်းပါ။ သူ့မှာက ရောဂါပိုးတွေ သန့်စင်ပေးတဲ့၊ ဘက်တီးရီးယား သန့်စင်ပေးတဲ့ ဓာတ်တွေ ပါပြီးသား။ လီမွန်မှာပါတဲ့ အက်ဆစ်ဂုဏ်သတ္တိတွေက တောက်ပစေခြင်းနဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ရေမချိုးခင် သံပုရာသီးကို အစိပ်လိုက်လေး လှီးလိုက်ပြီး ချိုင်းကို ပွတ်ပေးရပါမယ်။ ပြီးရင်တော့ အသားအရေ မခြောက်သွားရအောင် moisturizer တမျိုးမျိုး လိမ်းထားလို့ ရပါတယ်။
သံပုရာရည် သုံးတဲ့ နောက်တစ်နည်းကတော့ သံပုရာရည်+ ဆနွင်းမှုန့်+ဒိန်ချဉ်+ပျားရည် ရောပြီး အနှစ်လုပ်။ အဲဒီအနှစ်ကို ချိုင်းမှာ အနည်းဆုံး ၁၀ မိနစ်လောက် လိမ်းထားပြီး ရေဆေးချလိုက်တာပါ။ လွယ်တယ်နော် ဒီနည်းလဲ။

(၃) Baking Soda မုန့်ဖုတ်ဆော်ဒါကလဲ ချိုင်းသားဖြူဖို့ အကောင်းဆုံး scrub ပါ။ ခန္ဓာကိုယ် အနံ့ဆိုးတွေ မထွက်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေနဲနဲနဲ့ ခပ်ပျစ်ပျစ်လေးဖြစ်အောင်လုပ်။ ချိုင်းမှာ လိမ်းထားပြီး အဲဒီနေရာတ၀ိုက်ကို scrubbing လုပ်နေပေါ့။ ပြီးရင်တော့ ဆေးချလိုက်ပြီး ခြောက်သွားအောင် ခပ်ဖွဖွလေး ပုတ် ပုတ်ပေးပေါ့။ ဒါလဲ လွယ်တာပဲ။

(၄) သခွားသီးကတော့ အသားအရေ အရောင်လင်းလက်စေပါတယ်။ သံပုရာသီးနဲ့ သခွားသီး ၂ မျိုး ရောလိုက်ရင် အသားအရေမှာ မည်းကွက်နေတာတွေကို ကောင်းကောင်း အရောင်ချွတ်ပေးနိုင်တာပေါ့။ သခွားသီးက အသားအရေ ပျော့ပျောင်းစေသလို သံပုရာသီးက အရောင်ချွတ်ပေးတာကိုး။
သခွားသီးကို လှီးပြီး ချိုင်းသားကို ပွတ်တိုက်ပေးနေပေါ့။ ဒါမှမဟုတ်လဲ သခွားရည်ကို ချိုင်းက မည်းနေတဲ့နေရာ လိမ်းထားလိုက်တာပါ။
သခွားရည်သုံးတဲ့ နောက်တစ်နည်းကတော့ သခွားရည်နဲ့သံပုရာရည် အရောထဲ ဆနွင်းမှုန့်နဲနဲ ရောမွှေပြီး လိမ်းတာပါ။

(၅) လိမ္မော်သီးအခွံမှာလဲ ချိုင်းသားတွေ မည်းတာကို ဖြူလာအောင် အရောင်ချွတ်ပေးနိုင်စွမ်း ရှိပါတယ်။ scrub လုပ်တဲ့နည်းကလဲ မခက်ပါဘူး။
အရင်ဆုံး လိမ္မော်ခွံကို အခြောက်လှမ်းရပါတယ်။ ပြီးရင်တော့ ဘလန်ဒါ ကြိတ်စက်နဲ့ အမှုန့်ဖြစ်သွားအောင် ကြိတ်လိုက်ပါ။ အဲဒီလိမ္မော်ခွံအမှုန့်ရယ်+ နို့ရည်+ နှင်းဆီရည် (စူပါမားကက်တွေ အလှကုန်ဆိုင်တွေမှာ မေးဝယ်ပါ)။ အနှစ်ပျစ်ပျစ်လေးဖြစ်အောင် ဖျော်ထားပါ။ ချိုင်းကို လိမ်းထား၊ ၁၀ မိနစ်လောက် scrub လုပ်။ ခပ်ဖြည်းဖြည်း ပွတ်တာပေါ့။ ပြီးရင်တော့ ရေဆေးချလိုက်တော့လေ။

ကဲ-- လက်ပြတ်အင်္ကျီပဲ ၀တ်ဝတ်၊ ချိုင်းအနံ့ဆိုးလဲ မထွက်အောင် အလွယ်သုံး အိမ်တွင်းကုထုံးပါ။ အားလုံး အဆင်ပြေကြပါစေနော်။

စောနွဲ့နေဆိုင် (ပူတာအို)
ကျန်းမာရေးသတင်းများ

ဘိုထိုင်အိမ်သာကိုရေဆွဲချသည့်အခါ အဖုံးပိတ်ထားသင့်


ဘိုထိုင်အိမ်သာကိုအသုံးပြုသူအချို့ သည် သန့် ရှင်းမှုကိုဂရုစိုက်သည့်အနေဖြင့် အိမ်သာအခံခွက်ပေါ်တွင် တစ်ရှူးစက္ကူများကို အထပ်လိုက်ခင်းကာ အသုံးပြုတတ်ကြရာဝယ် မည်သည့်အကျိုးထူးကိုမှခံစားရမည် မဟုတ်ဘဲ အခန့် မသင့်လျင် ဆိုးကျိုးပင်သက်ရောက်နိုင်ကြောင်း အမေရိကန်ကျန်းမာရေးသုတေသီများ က ပြောသည်။ ဘိုထိုင်အိမ်သာအခံခွက်ဆိုတာ အသုံးပြုသူတိုင်းရဲ့ အညစ်အကြေးစွန့် အင်္ဂါနဲ့ အနီးကပ်ဆုံး ထိတွေ့ နေ တဲ့အရာဖြစ်လို့  ရွံတတ်သူတွေက တစ်ရှူးတွေခင်းပြီး အသုံးပြုတတ်ကြပါတယ်။

တကယ်လည်း အဲဒီ အိမ်သာအခံခွက်ပေါ်မှာ ဘယ်လိုဗက်တီးရီးယားတွေ၊ ပိုးမွှားတွေ ရှိနေနိုင်မလဲဆိုတာ ဘယ်သူမှ မသိကြ သလို တကယ်ကောရှိပြီး တကယ်ကော လူကိုအန္တရာယ်ပြုနိုင်လို့ လားဆိုတာကိုလည်း သေချာမသိကြ ပါဘူး။ သေချာတာက အိမ်သာအခံခွက်ပေါ် တစ်ရှူးစက္ကူခင်းလိုက်ရုံနဲ့  ပိုးမွှားတွေ မကူးစက်အောင် ကာ ကွယ်ရာမရောက်သလို အိမ်သာအခံခွက်ပေါ်ကနေလည်း ဗက်တီးရီးယား ကူးစက် ခံရနိုင်ဖို့  အလားအလာ အလွန်နည်းပါတယ်။ ဒါပေမယ့် တစ်ရှူးစက္ကူတွေကနေတော့ ဗက်တီးရီးယား ကူးစက်နိုင်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ဗက်တီးရီးယားပိုးမွှားများသည် အလွန်သေးငယ်ကြောင်း ၊ ၄င်းတို့ အတွက် တစ်ရှူးစက္ကူများရှိ လူမမြင်နိုင် သည့်အပေါက်ငယ်လေးများမှာ ဧရာမအပေါက်ကြီးများဖြစ်ကြောင်း၊ ထို့ ကြောင့် တစ်ရှူးတထွေးကြီးခင်းပြီး ထိုင်သောငြား ဗက်တီးရီးယား ကူးစက်ရန်ရှိလျင် ကူးစက်မည်ပင်ဖြစ်ကြောင်း၊ သို့ သော် အမှန်တစ်ကယ် တွင် အိမ်သာအခံခွက်မှ ဗက်တီးရီးယားများက လူထံကူးစက်နိုင်ခြေမှာ အစကတည်းက မရှိကြောင်း ၄င်းက ဆက်လက် ရှင်းပြသည်။

တကယ်တမ်းမှာ ဗက်တီးရီးယားတွေက ကိစ္စပြီးလို့ ရေဆွဲချလိုက်တဲ့အချိန်မှာ အများဆုံးပျံ့ ပါတယ်။ အဲဒီ ရေဆွဲချလိုက်တဲ့အရှိန်ကြောင့် မစင်အမှုန်အမွှားလေးတွေက လေထဲမှာပျံ့ သွားပါတယ်။ အဲဒီကနေ မစင် အမှုန်လေးတွေက လူရဲ့ ကိုယ်ပေါ်မှာ၊ လက်တွေမှာ၊ မျက်နှာတွေပေါ်မှာ လွှင့်စင်ကပ်ငြိသွားတဲ့အပြင် မျက်လုံး၊ နှာခေါင်း၊ ပါးစပ် အစရှိတာတွေထဲကိုလည်း ၀င်သွားပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။ ထို့ ကြောင့် ဘိုထိုင်အိမ်သာအသုံးပြုသူများအနေဖြင့် အိမ်သာအခံခွက်ကို မသတီပဲ စိတ်သန့် အောင်ဟု ဆိုတာ တစ်ရှူးများအထွေးလိုက်ခင်းကာအသုံးပြုခြင်းသည် မည်သည့်အကာအကွယ်မှမပေးနိုင်ကြောင်း၊ ကိစ္စပြီး၍ ရေဆွဲချသောအခါ အိမ်သာအခံခွက်ကို အဖုံးပိတ်ပြီးမှ ရေဆွဲချခြင်းဖြင့်သာ ဗက်တီးရီးယား ကူး စက်ခံရမှုကို များစွာကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

Cystic hygroma ဆစ်စတစ် ဟိုက်ဂရိုးမား


ဆရာရှင့် ကျွန်မအသက်က ၃၂နှစ်ပါ။ ကိုယ်ဝန်က ၃လပါ။ ဒုတိယမြောက်ကိုယ်ဝန်ပါရှင့်။ မနေ့က အာလ်ထွာဆောင်းရိုက်တော့ ကလေးရဲ့လည်ပင်းမှာ ရေအိတ်လိုအလုံးတစ်လုံးတွေ့တယ်လို့ပြောပါတယ်။ အလုံးကကြီးတယ်လို့လဲပြောပါတယ်။ အဲ့ဒါ ဘာကြောင့်ဖြစ်တာလဲ သိချင်ပါတယ်။ စိုးရိမ်ရလားရှင့်။ နောက်ဆက်တွဲဆိုးကျိုးတွေကိုလဲသိချင်ပါတယ်ရှင့်။

အာလ်ထွာဆောင်းအဖြေစာမှာ Cystic hygroma လို့ဖတ်ရတယ်။ ဆောရီး။ ကလေးလည်ပင်းမှာ မွေးရာပါမဲ့ ချို့ယွင်းချက်တခု ဖြစ်တယ်။ သွေးပြန်ရည်စနစ်နဲ့ ဆိုင်တယ်။

ကိုယ်ဝန် ပဉ္စမပတ်နောက်ကစပြီး သွေးပြန်ရည်စနစ်ဖွံ့ဖြိုးလာတယ်။ ကိုယ်ဝန် ၁ဝ ပတ်မှာ အာလ်ထွာင်ဆောင်းရိုက်ရင် ရှိနေရင် သိနိုင်တယ်။ ကလေးလည်ပင်းနေရာမှာ အရည်ထုထည်က ရှိသင့်တာထက်များနေမယ်။ increased nuchal fold လို့ရေးတယ်။ nuchal thickness ဒါမှမဟုတ် nuchal lucency လို့လည်းရေးတယ်။

ကိုယ်ဝန် ၁၅-၂ဝ ပတ်မှာ သွေးစစ်ရင်လည်း သိနိုင်တယ်။ Alpha-fetoprotein (AFP) ကိုတိုင်းတာတာဖြစ်တယ်။

သေးသေးနည်းနည်းသာရှိရင် ပျောက်သွားနိုင်တယ်။ ၃-၄ ပတ်တခါ ထပ်စစ်နေရမယ်။ အများအားဖြင့်တော့ မသေးကြပါ။ ဆောရီး။ ၈၅% လောက်မှာ ဦးခေါင်းအရွယ်အစားထက် ကြီးနေတယ်။ အရည်များလွန်းတာကို Hydrops လို့ခေါ်တယ်။ ကလေးမရှင်နိုင်။

ခရိမိုဇုန်းမူမမှန်ရင် မကောင်းပါ။ မူမှန်တာဆိုရင် ၂ဝ ပတ်မှာ အဲတာပျောက်သွားနိုင်တယ်။ ၂ဝ ပတ်မှာ ပျောက်မသွားရင် ကလေးကောင်းဖို့ ၂% ကနေ ၉% သာရှိတယ်။

ခရိမိုဇုန်းမူမမှန်တာ ၆ဝ% ရှိတယ်။ တခြားမျိုးဗီဇမူမမှန်တာတွေလည်းရှိနေနိုင်တယ်။ genetic syndrome လို့ခေါ်တယ်။ Turners, Noonan, Penashokeir, and Roberts syndromes; and Trisomies 13, 18, and 21 (Down syndrome) နာမည်အခေါ်တွေအမျိုးမျိုးရှိတယ်။

ခရိုမိုဇုန်းမူမမှန်လို့မဟုတ်ပဲ ဖြစ်တာရှိတယ်။ ဗိုင်းရပ်စ်ကူးစက်တာ၊ ကိုယ်ဝန်တောင်စဉ် အရက်သောက်တာ။

မွေးတဲ့အခါ ခွဲမွေးရနိုင်တယ်။ မွေးပြီးနောက် ကလေးကို အထူးကုဆရာဝန်တွေက စစ်ဆေး ကုသပေးရမယ်။ တချို့ကို ခွဲစိတ်ပေးရတယ်။

စာရေးတာက ဆေးပညာအချက်အလက်တွေအရ ရေးတာဖြစ်တယ်။ မေးတဲ့ကိုယ်ဝန် ကံကောင်းပါစေသတည်း။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

Health Awareness ပညာပေး


Health Awareness ပညာပေးတာကောင်းတော့ ကောင်းပါတယ်

မတ်လဟာ အစာအာဟာရပညာပေးလဖြစ်တယ်။

ကျန်းမာရေးအသိအမြင်၊ ကျန်းမာရေးပညာပေးနေတာတွေ ကောင်းပါတယ်။ ဒါပေမယ့့်

ပညာပေးတခု = အလှူ၊ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်ဧည့်ခံပွဲတွေမှာ အမြဲလိုလို ကြုံတွေ့ရတဲ့ထမင်းဝိုင်းက အများသောက်သုံးတဲ့ ဟင်းချိုရည်ကလဲ အန္တရာယ်တခုပါ။ ဟိုလူသောက်လိုက် ဒီလူသောက်လိုက်နဲ့ အသည်းရောဂါ ဘီပိုးနဲ့အတူ အခြားသော ရောဂါပိုးတွေ အလွယ်တကူကူးစက်နိုင်တဲ့ အဓိကနေရာဖြစ်နေပါတယ်။ စုပေါင်းသောက်သုံးတဲ့ ဟင်းရည်ဖြစ်တဲ့အတွက် ကြာလာတော့ လူတကာရဲ့ သွားရည်ပေါင်းစုံ ရောဂါပေါင်းစုံ ဗိုင်းရပ်စ်ပေါင်းစုံလို့ နံမည်ပေးရမယ့် စွတ်ပြုတ်ကြီးကို ဖြစ်နေပေါ့။ ဒါကို ဟင်းရည်သောက်ခွက် အသေးလေးတွေနဲ့ တယောက်တပန်းကန်စီ ချထားပေးတာမျိုး လုပ်ဆောင်သင့်တယ်။

အဲဒီအချက် မမှန်ပါ။ အသည်းရောင်ဘီပိုးဟာ ကိုယ်ခန္ဓာအရည်တွေ၊ သွေးကနေတဆင့်ကူးစက်တယ်။ အစား အသောက်ကနေ မကူးစက်ပါ။ အသည်းရောင်ဗိုင်းရပ်စ် (၆) မျိုးရှိတယ်။ အေ၊ ဘီ၊ စီ၊ ဒီ နဲ့ အီး။ (ဘီ) က သွေး၊ ဆေးထိုးအပ်၊ ကိုယ်ကထွက်တဲ့အရည်တွေ၊ လိင်ဆက်ဆံခြင်းနဲ့ ပိုးရှိမိခင်ကသူမွေးတဲ့ကလေးကို ကူးနည်းတွေကနေ ကူးစက်နိုင်တယ်။(စီ) ပိုးဟာလိင်ကတဆင့်မကူးစက်ပါ။ ဆေးထိုးအပ်ကတဆင့်ကူးစက်တယ်။ ပိုးရှိမိခင်ကနေ သူ့ကလေး ကူးသည်။ (ဒီ) ဟာ လိင်လမ်းနဲ့ သွေးမှတဆင့် ကူးသည်။ (ဘီ) ပိုးရှိနေမှ (ဒီ) ပိုးကူးတယ်။ (အီး) က (အေ) လို အစားအသောက်နဲ့ ရေကတဆင့် ကူးစက်သည်။ ကိုယ်ဝန်ဆောင်တွေမှာ ၁ဝ-၂ဝ% ဖြစ်တတ်သည်။

ပညာပေးတခု = မြန်မာပြည်ကပွဲလမ်းတွေမှာ အများဆုံးဧည့်ခံလေ့ရှိတဲ့ လက်ဖက်နဲ့ အချိုပွဲတွေလဲ ဒီလိုပါပဲ။ ရှေ့လူက ပါးစပ်ထဲထည့်ထားတဲ့ဇွန်းနဲ့ နောက်လူက မြိန်ရည်လျက်ရည်စားလိုက်နဲ့ အဲဒီကနေ ကာကွယ်ဆေးမထိုးထားတဲ့သူတွေ ဘီပိုးနဲ့ အခြားရောဂါတွေ ကူးစက်ခံကြရတာ အများဆုံးနေမှာပါ။ ဒါတွေကြောင့် မြန်မာပြည်မှာ အသည်းနဲ့ ကင်ဆာ ရောဂါတွေကြောင့် အရွယ်မတိုင်ခင်သေဆုံးကြရတဲ့ အသံတိတ်လက်နက်တွေရဲ့ မြစ်ဖျားခံရာလို့ ယူဆပါတယ်။

အဲဒီအချက်လည်း မမှန်ပါ။ ကင်ဆာကိုကာကွယ်ဆေးဆိုလို့ သားအိမ်ဝကင်ဆာကာကွယ်ဆေးသာရှိပါတယ်။ အဲတာက လိင်လမ်းကြွက်နို့ကနေ သားအိမ်ဝကင်ဆာဖြစ်စေနိုင်တာပါ။ အစားအသောက်ကနေ မဖြစ်စေပါ။ အသည်းကင်ဆာကို ဘာလို့ဖြစ်သလည်း ဆရာဝန်တွေက တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ အသည်းရာင် (ဘီ) နဲ့ (စီ) ပိုး ဝင်ရာကနေ နာတာရှည် အသည်းရောင်ရောဂါတွေ။ အသည်းခြောက်ရောဂါ။ (ဟီမိုခရိုမတိုးဆစ်) နဲ့ (ဝီလဆင်) ရောဂါတို့လို မွေးကတည်းပါလာတဲ့ရောဂါတွေ။ ဆီးချိုရောဂါ။ အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံး ရောဂါ။ အဆိပ်သင့်ခြင်း။ အရက်သောက်လွန်ကဲခြင်း။ အဝလွန်ခြင်းတွေကိုသာ အသည်းကင်ဆာဖြစ်စေနိုင်တယ်လို့ သိပါတယ်။

ပညာပေးတခု = သူများမင်္ဂလာဆောင်သွားရင်း ဗိုင်းရပ်ပိုးတွေနဲ့ ကိုယ်က မင်္ဂလာပြန်ဆောင်လာခဲ့ရသလို ဖြစ်နေတယ်။ ဒို့မြန်မာပြည်ကလူတွေ အရင်ကထဲက ဒီလိုနေလာတာ၊ ခုမှဇီဇာလာကြောင်မနေနဲ့။ ပိုးသေပြီးသားလို့ လက်ဖက်ရည်ဆိုင် ရောက်ရင် အကြမ်းပန်းကန်လုံးကိုမဆေးဘဲ အမြဲသောက်လေ့ရှိတဲ့ ကျနော့် ဘော်ဒါတယောက် စောစောစီးစီး အသည်းရောဂါနဲ့ ကြွသွားရှာပါပြီ။

အဲတာလည်း မရေမရာရှိပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက ရောဂါဖြစ်စေတာတော့မှန်ပါတယ်။ လူစုလူဝေးကနေရနိုင်တာတွေက အသက်ရှူလမ်းကနေဝင်ပါတယ်။ အသည်းရောဂါနဲ့ကွယ်လွန်သူဟာ အသည်းဘာရောဂါလလည်းမသိရတော့ ပြောရတာ ခက်တယ်။ အသည်းရောဂါတွေက အမျိုးမျိုးရှိပါတယ်။ အသည်းရောင် (အေ)၊ အသည်းရောင် (ဘီ)၊ အသည်းရောင် (စီ)၊ အသည်းခြောက်ရောဂါ၊ ချက်ချင်းအသည်းအလုပ်မလုပ်တော့ခြင်း၊ (အော်တိုအင်မြုန်း) အသည်းရောင်ခြင်း၊ အရက်စွဲ အသည်းရောဂါ၊ အသည်းအဆီဖုံးခြင်း၊ အသည်းပြည်တည်ခြင်း၊ အသည်းအကျိတ်၊ (ကိုလန်ဂျီယို-ကာစီနိုးမား) ကင်ဆာ စသဖြင့်ရှိပါတယ်။ ရောဂါတခုနဲ့တခု ကူးစက်ပုံခြင်းအတော်ကို မတူကြပါ။ အသည်းရောင် (အေ) နဲ့ (အီး) ကသာ အစားအသောက် (ပါးစပ်) ကနေကူးစက်ပါတယ်။

သူ့စာထဲမှာ ကျန်းမာခြင်းသည်လဒ်တစ်ပါးလို့ ရေးထားတယ်။ မှားတယ်။ လာဘ်တပါးလို့သာ ရေးရပါတယ်။ မေးခွန်းတွေထဲမှာ ဖဘ မှာ ဒီလိုရေးထားတာတွေရတာ ဟုတ်ပါသလားမေးကြတယ်။ ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်၊ ဘယ်သူရေးသလဲ သိပါ။ ဘယ်ရင်းမြစ်ကနေရယူထားသလဲသိပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

အနားယူဖို့ လိုအပ်ကြောင်း ခန္ဓာကိုယ်က ဖော်ပြနေသောအချက်များ

၁။ ခေါင်းကိုက်ခြင်း

တစ်ပတ်လုံး ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေက စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ရောက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားရတာမျိုးဖြ...စ်တတ်ပါတယ်။
အဲဒီလို မဖြစ်ရလေအောင် သင်ဘယ်လောက်ပဲ အလုပ်များများ အိပ်ချိန်၊ စားချိန်ကို ပုံမှန်ဖြစ်အောင် ကြိုးစားပါ။

၂။ ကြွက်တက်ခြင်း

တစ်ခါတစ်ရံ စိတ်ဖိစီးတာများလွန်းတဲ့အခါ ကြွက်တက်တာကို နာနာကျင်ကျင် ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးတာကြောင့် ခန္ဓာကိုယ်တွင်းက ဟော်မုန်းတွေ မညီမမျှ ဖြစ်တာကြောင့်ပါ။

အဲဒီလိုမဖြစ်ရလေအောင် အားကစားရုံသွားပြီး တတ်ကျွမ်းတဲ့ နည်းပြရဲ့ စနစ်တကျ သင်ပြတဲ့ လေ့ကျင့်ခန်းတွေကို ဂရုတစိုက် သင်ယူလေ့ကျင့်ပေးပါ။ ထိန်းချုပ်မှုမဲ့ အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချပေးနိုင်တာကြောင့် ကြွက်တက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၃။ မေးရိုးနာကျင်ခြင်း

သင်သွားကြိတ်တာကြောင့် ဖြစ်ရတာပါ။ သင့်မှာ စိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်နေရင်း သင်မသိလိုက်ပေမယ့် သွားကြိတ်မိတတ်ပါတယ်။

အဲဒီလိုမဖြစ်အောင် သွားကိုကာကွယ်ပေးတဲ့ သွားဖုံးစွပ်တပ်ပြီးအိပ်ပါ။ ၇၀ ရာခိုင်နှုန်းထိ သွားမကြိတ်အောင် ကာကွယ်နိုင်ပါတယ်။ တချို့တွေမှာ သွားလုံးဝမကြိတ်တော့တဲ့အထိ ထိရောက်မှုရှိပါတယ်။

၎။ အိပ်နေရာမှ လန့်နိုးခြင်း

တစ်ခါတစ်ရံ အိပ်ပျော်နေရင်း မကြာခဏလန့်နိုးနေတာမျိုး သင်ဖြစ်ဖူးမှာပါ။ သတိမထားမိပါဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သင့်ကို စိတ်ပူပန်စရာတွေက လန့်နိုးနေတာပါ။

အဲဒီလိုမဖြစ်ရလေအောင် တစ်နေ့ကို ၇-၈ နာရီလောက် အိပ်ချိန်ရပါစေ။ အိပ်ခါနီး ကဖင်းဓာတ်ပါတာတွေနဲ့ အရက်သောက်သုံးတာကို ရှောင်ကြဉ်ပါ။

၅။ သွားဖုံးသွေးယိုခြင်း

စိတ်ဖိစီးမှုများတဲ့လူတွေဟာ သွားနဲ့ သွားဖုံးရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကြာရှည် စိတ်ဖိစီးတာကြောင့် ထွက်လာတဲ့ ကော်တီဇော (Cortisol) က ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို လျော့နည်းစေတာကြောင့် သွားဖုံးမှာ ဘက်တီးရီးယားတွေဝင်ဖို့ အခွင့်အလမ်းပိုရသွားပါတယ်။

အဲဒီလိုမဖြစ်ရလေအောင် ညစာစားပြီးတဲ့အခါတိုင်း သွားတိုက်ပေးပါ။

၆။ ဝက်ခြံထွက်ခြင်း

စိတ်ဖိစီးမှုများတဲ့အခါ သင့်အရေပြား ရောင်ရမ်းရာကနေ ဝက်ခြံတွေထွက်တတ်ပါတယ်။

အဲဒီလို မဖြစ်ရလေအောင် ဆယ်လီစလစ်အက်စစ် (Salcylic acid)နဲ့ ဘန်ဇွိုင်းပါအောက်ဆိုက် (Benzoyl peroxide)တွေ ပါဝင်တဲ့ လိုရှင်းတွေ လိမ်းပေးပါ။ အရေပြားခြောက်သွေ့နေရင် အစိုဓာတ်ထိန်းသိမ်းပေးတဲ့ ခရင်မ်တစ်ခုခုပါ ထပ်လိမ်းပေးပါ။ ရက်အနည်းငယ်အတွင်း မသက်သာခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

၇။ နာကျင်ကိုက်ခဲခြင်း

စိုးရိမ်ပူပန်စရာတွေနဲ့ စိတ်ဖိစီးမှုတွေများတဲ့အခါ ခေါင်းကိုက်တာ၊ ခါးနာတာ၊ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

အဲဒီလိုမဖြစ်ရလေအောင် လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ကိုဖြေလျှော့ပါ။ အေးငြိမ်းရာနေရာမှာ တရားထိုင်ပါ။

YeeMon' Diary

သရက်သီးကို ဘာကြောင့် စားသင့်သလဲ

နွေရာသီ ရောက်ပြီ ဆိုတာနဲ့ ဝင်းပနေတဲ့ သရက်သီး မှည့်တွေကို ပေါများစွာ တွေ့လာရပါပြီ။ သရက်သီးကို စားပေးရင် ကျန်းမာရေး အကျိုး ကျေးဇူးတွေ ရှိတာ မှန်ပေမယ့် ယင်မနားအောင် ဂရု စိုက်ပေးဖို့
လိုအပ်သလို သရက်သီး မစားခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပြီး စားပေးဖို့လည်း လိုအပ်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ သရက်သီးကို စားပေးမယ်ဆိုရင် အောက်ပါ စွမ်းပကားတွေ ကို ရရှိစေနိုင်ပါတယ်။

(၁) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

လေ့လာမှုအရ သရက်သီးမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတဲ့ ကင်ဆာရောဂါ တချို့ကို မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိ တယ်လို့ သိရပါတယ်။ သရက်သီးမှာ quercetin, isoquercitrin, astragalin, fisetin, gallic acid နဲ့ methylgallat ဆိုတဲ့ ဓာတ်တွေ ပါဝင်လို့ပါ။

(၂) သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်

သရက်သီးမှာ အမျှင်ဓာတ်၊ ပက်တင်နဲ့ ဗီတာမင်စီတို့ များစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။

(၃) အသားအရေကို ကြည်လင်စေပါတယ်

သရက်သီးကို အသားအရေ လှပဖို့ အတွက်ပါ သုံးနိုင်ပါတယ်။ သရက်သီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာ ကပ်ပေးရင် ချွေးပေါက်ပိတ်နေတာကို သက်သာစေပါတယ်။

(၄) မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပါးပါးလှီးထားတဲ့ သရက်သီး တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် မျက်စိအမြင်အာရုံကို ကျန်းမာရေး ကောင်းမွန်စေပြီး မျက်စိ ခြော က်သွေ့တာနဲ့ ညဘက် မျက်စိမမြင်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၅) ဗီတာမင်နဲ့ သတ္ထုဓာတ်တွေကို ရရှိစေပါတယ်

သရက်သီး ခွက်တစ်ခွက်စာ ပမာဏမှာ ဗီတာမင်စီ တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၇၆ ရာခိုင်နှုန်း၊ ဗီတာမင်အေ တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၂၅ ရာခိုင်နှုန်း၊ ဗီတာမင် B6 တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၁၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ်နဲ့ ကြေးနီဓာတ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၉ ရာခိုင်နှုန်းစီ၊ ပိုတက်စီယမ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၇ ရာခိုင်နှုန်း၊ မဂ္ဂနီစီယမ် တစ်နေ့တာ လိုအပ်တဲ့ အတိုင်းအတာရဲ့ ၄ ရာခိုင်နှုန်း အသီးသီး ပါဝင်နေပါတယ်။

(၆) ဆီးချို သွေးချိုရောဂါကို ထိန်းပေးပါတယ်

သရက်သီးဟာ သွေးထဲက အင်ဆူလင်အဆင့်ကို ပုံမှန်ရှိအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ သရက်သီးကို အသင့်အတင့်ပဲ စားပေးသင့်ပါတယ်။

(၇) Sex ကို အားပေးပါတယ်

သရက်သီးမှာ ဗီတာမင်အီများစွာ ပါဝင်ပါတယ်။ ဗီတာမင်အီးနဲ့ Sex ဟာ ဆက်နွယ်မှုရှိတယ်ဆိုတာကို ကြွက်တွေမှာ စမ်းသပ်မှုအရ သိရပါတယ်။

(၈) အစာကြေညက်စေပါတယ်

သင်္ဘောသီးမှာ ပရိုတင်းဓာတ်ကို ချေဖျက်ပေးနိုင်မယ့် အင်ဇိုင်းတွေ ပါဝင်ပါတယ်။ သရက်သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာကြေညက်စေပြီး ဝမ်းမှန်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။

(၉) အပူဒဏ်သင့်တာကို သက်သာစေပါတယ်

သရက်သီးဟာ ပူပြင်းတဲ့ နွေရာသီမှာ ခန္ဓာကိုယ်ကို အေးမြစေတဲ့ အစွမ်း ရှိပါတယ်။

(၁၀) ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်

သရက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေနဲ့အတူ ကာရိုတီးနွိုက် ၂၅ မျိုး ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။

ကြယ်စင်
By Good Health

အမျိုးသားတို့ အတွက် စားရမဲ့ အစားအစာ


အမျိုးသားတွေ ကျန်းမာကြံ့ခိုင်မှု ရှိစေဖို့ စားသင့်တဲ့ အာဟာရတွေအနက် လေ့ကျင့်ခန်းလုပ်ပြီး နာကျင် နေချိန်မှာ ဘာကိုစားသင့်သလဲ၊ ကြွက်သား သန်စွမ်းအောင် ဘာကိုပိုစားသင့်သလဲ စတဲ့ အချက်တွေကို သိထားရင် ပိုမိုအကျိုးရှိရှိ စားသုံးနိုင်မှာ ဖြစ်ပါတယ်။

 ကြွက်သား တည်ဆောက်မှုကောင်းအောင် အဆီနည်း အနီရောင် အသားစားပါ

အနီရောင် အသားတွေကို များများစားတာက ကျန်းမာရေးအတွက် မကောင်းဘူး ဆိုပေမယ့် အဆီနည်းတဲ့ အနီရောင် အသားမှာတော့ ပရိုတင်းဓာတ် ပါဝင်မှုများပြီး အဆီပါဝင်မှု နည်းတာကြောင့် စားပေးသင့်ပါတယ်။ အနီရောင် အသားမှာ လူစင်းဆိုတဲ့ အမိုင်နို အက်စစ်တစ်မျိုး ပါဝင်တာကြောင့် ကြွက်သားတွေ သန်စွမ်းအောင် တည်ဆောက်ပေးနိုင်ပါတယ်။

သွေးလှည့်ပတ်မှု ကောင်းမွန်အောင် အမည်းရောင် ချောကလက် စားပါ

ချောကလက်ကို သင့်တင့်တဲ့ ပမာဏ စားပေးရင် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ လေ့လာမှုတွေအရ အမည်းရောင် ချောကလက်မှာပါတဲ့ ဖလေဗနောဟာ မကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျ စေတာ၊ သွေးလှည့်ပတ်မှု ကောင်းမွန်စေတာနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတာ စတဲ့ ကောင်းကျိုးတွေ ပေးနိုင်ကြောင်း သိရပါတယ်။ သွေးစီးဆင်းမှု အားနည်းတဲ့ အမျိုးသားတွေဟာ ပန်းသေ ပန်းညှိုး ဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမဲ့ ချောကလက်ကို အများကြီးစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်တာကြောင့် တစ်နေ့ တစ်ကွက်စာ ပမာဏကိုပဲ စားသင့်ပါတယ်။

မျိုးဆက်ပွားအင်္ဂါ အားကောင်းအောင် အခွံမာ ပင်လယ်စာ စားပါ

အခွံမာတဲ့ ပင်လယ်စာတွေမှာ ဇင့် (သွပ်) ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် နှလုံး၊ ကြွက်သားနဲ့ မျိုးဆက်ပွား စနစ်အတွက် ကောင်းကျိုး ပေးပါတယ်။ လေ့လာမှုအရ အမျိုးသားတွေမှာ ဇင့်(သွပ်)ဓာတ် ချို့တဲ့တာကြောင့် သုက်ကောင် အရည်အသွေး ကျဆင်းမှုနဲ့ မျိုးအောင်နိုင်စွမ်း လျော့ကျမှုတို့ ဖြစ်နိုင်ကြောင်း သိရပါတယ်။

သွေးတွင်းကောင်းသော အဆီတိုးအောင် ထောပတ်သီး စားပါ

ထောပတ်သီးမှာ အဆီဓာတ် ပါဝင်မှု များပေမယ့် ကောင်းတဲ့ အဆီတွေပါ။ ထောပတ်သီးမှာ ပါတဲ့ မပြည့်ဝဆီတွေက မကောင်းတဲ့ ကိုလက်စထရောနဲ့ Total ကိုလက်စထရော အမျိုးအစားတွေကို လျော့ကျစေပါတယ်။

နှလုံးရောဂါ ကင်းဝေးအောင် အဆီပါသော ငါးစားပါ

ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့လို အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်လို့ခေါ်တဲ့ ကျန်းမာရေး အကျိုးပြု အဆီတွေ ပါဝင်ပါတယ်။ ဒီအဆီတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ တချို့နဲ့ အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်မှာ အဆီများတဲ့ ငါးဟင်းကို နှစ်ကြိမ် စားပေးရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို လျော့ကျစေကြောင်း သိရပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် နာကျင်မှု မဖြစ်အောင် ချင်း(ဂျင်း) စားပါ

ချင်း (ဂျင်း) မှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိပါတယ်။ လေ့လာမှုတွေအရ ချင်း(ဂျင်း)ကို ပုံမှန်စားပေးတာက လေ့ကျင့်ခန်း လုပ်တာကြောင့်ဖြစ်တဲ့ ကြွက်သားနာကျင်မှုဒဏ်ကို လျော့ကျစေနိုင်ကြောင်း သိရပါတယ်။

ကြွက်သား သန်စွမ်းအောင် နွားနို့နှင့် ဒိန်ချဉ်သောက်ပါ

နွားနို့နဲ့ ဒိန်ချဉ်မှာ ကြွက်သားတွေကို သန်စွမ်းစေတဲ့ အမိုင်နိုအက်စစ် လူစင်းဓာတ် ပါဝင်ပါတယ်။ ဒါကြောင့် အလေးမ လေ့ကျင့်ခန်း လုပ်တဲ့ အမျိုးသားတွေ အနေနဲ့ ကြွက်သားသန်စွမ်းစေဖို့ နွားနို့နဲ့ ဒိန်ချဉ်ကို သောက်သင့် ပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်တာကြောင့် အူလမ်းကြောင်းကို ကျန်းမာ စေပါတယ်။

ကြွက်သားကျုံ့အားကောင်းအောင် ငှက်ပျောသီး စားပါ

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ် ဓာတ်ဟာ ကြွက်သားတွေကို ကျုံ့နိုင်စွမ်း ကောင်းစေသလို အရိုးကိုလည်း ကျန်းမာ စေပါတယ်။ ပိုတက်စီယမ် အလုံအလောက် မှီဝဲတာကြောင့် သွေးဖိအားကို ထိန်းပေးနိုင်တာ ကိုလည်း တွေ့ရပါတယ်။

မြ၀တီ
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ