အရိုးကျန်းမာသန်မာရေး


မြန်မာနိုင်ငံမှာ အရိုးကျန်းမာသန်မာရေးအတွက် စားသောက်နေထိုင်ပုံ အားနည်းတာတွေကြောင့် အသက်အရွယ်ရလာချိန်မှာ အရိုးပြဿနာ ကြုံရမှုတချို့  ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို အခြေခံအကျဆုံး ဖော်ဆောင်ပေးတဲ့ အရိုးကျန်းမာရေးမကောင်းလျှင် ကြုံနိုင်တဲ့ ပြဿနာတွေကတော့ အရိုးပါးတာ၊ အရိုးကြွပ်တာ (သို့မဟုတ်) အရိုးပွတာနဲ့ အရိုးပိုးဝင်တာတွေဖြစ်ပြီး အရိုးကျိုးလွယ်၊ ထိခိုက်နာကျင်လွယ် (ဥပမာ ခါးနာ၊ ပေါင်နာ၊ ရင်ဘတ်အောင့်၊ လက်ကောက်ဝတ်နာ) လာတာပါ။

အရိုးကျန်းမာရေးထိခိုက်စေရခြင်း အဓိက အကြောင်းရင်းတွေကတော့ အရိုးသန်မာဖို့ လိုအပ်တဲ့ ကယ်လ်စီယံနဲ့ ဗီတာမင် ဒီ ဓာတ်ချို.တဲတာ၊ ဗီတာမင် ဒီ ဓာတ်ရတဲ့ နေရောင်ခြည်မရတာ၊ ကယ်လ်စီယံဖြစ်စဉ်ကို ထိခိုက်စေတဲ့ ဟော်မုန်း ပုံမှန်မဖြစ်တာနဲ့ ကျောက်ကပ်မကောင်းတာ၊ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုနည်းကာ အထိုင်များတာတွေကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အမျိုးသားတွေထက် အရိုးသန်မာမှုနည်းတာမို့ ပိုသတိထားသင့်ပါတယ်။

ဒါ့အပြင် အမျိုးသမီးဟော်မုန်း အီစတိုဂျင်က အရိုးအတွက် ကယ်လ်စီယံစုပ်ယူမှုကို အထောက်အကူပြုတာမို့၊ အမျိုးသမီးတွေ မီးယပ်သွေးဆုံးချိန်မှာ အီစတိုဂျင်ဟော်မုန်းကျဆင်းတာကြောင့် အရိုးသိပ်သည်းမူကျဆင်းပြီး ပိုထိခိုက်လွယ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အပါအဝင်ဖြစ်တဲ့ အာရှတိုက်သားတွေအနေနဲ့လည်း ဥရောပတိုက်သားတွေထက် အရိုးသန်မာမှု အားနည်းလေ့ရှိတာမို့ ပိုဂရုပိုပြုသင့်ပါတယ်။ ဒါ့အပြင် အသက်အရွယ်အရလည်း ငယ်ရွယ်စဉ်မှာ အရိုးပြန်ဖြစ်ပေါ်ဖွဲ့စည်းမှုက အရိုးပျက်စီးမှုထက် ပိုများတာကြောင့် အရိုးသန်မာမှုကောင်းပေမဲ့၊ အသက်အရွယ်ကြီးလာတာနဲ့အမျှ အရိုးပြန်ဖွဲ့စည်းဖြစ်ပေါ်မှုထက် အရိုးပျက်စီးမှုပိုများလာတာမို့ အရိုးသန်မာမှု အားနည်းလာလေ့ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ အသက် (၃၀) ကျော်လာချိန်နဲ့ အမျိုးသားတွေ အသက် (၄၀) ကျော်လာချိန်တွေမှာ အရိုးသန်မာမှု အခုလို စကျဆင်းလာတာပါ။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေ အသက် (၅၀) ကျော် သွေးဆုံးးလာချိန်နဲ့ အမျိုးသားတွေ အသက် (၆၀) ကျော်လာချိန်မှာ အရိုးပွရောဂါဖြစ်ဖို့ အန္တရာယ်များလာပါတယ်။

အခုလို အန္တရာယ်တွေကနေ ကြိုတင်ကာကွယ်ရေး၊ အရိုးကျန်းမာသန်မာဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေ ရှိပါတယ်။ အဓိကအားဖြင့် ကယ်လ်စီယံဓာတ် ကြွယ်ဝတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ အစိမ်းရောင်အရွက်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ငါးသေးသေးလေးတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ ဓာတ်ရနိုင်တဲ့ နေဆာလှုံတာ၊ ဗီတာမင် ဒီ ဓာတ်ပါတဲ့ ကြက်ဥ၊ ဘဲဥ အနှစ်နဲ့ ဆယ်လမွန်ငါးတွေ စားပေးဖို့ လိုပါတယ်။ ဗီတာမင် ဘီ B12 ကလည်း အရိုးသန်မာမှုကို အထောက်အကူပြုကြောင်း လေ့လာတွေ့ရှိထားတာမို့၊ ဒီဓာတ်ကြွယ်ဝတဲ့ အသား၊ငါး၊ ကြက်ဥ၊ ဘဲဥတွေကို စားပေးသင့်ပါတယ်။

အရိုးသန်မာစေတဲ့ ကိုယ်လက်လှုပ်ရှားမူရှိဖို့လည်း ပုံမှန်လမ်းလျှောက်ပေးတာ၊ ရေကူးတာ၊ တရုတ်လူမျိုးတွေကစားတဲ့ တိုင်ချီ (Tai Chi) ကစားတာ၊ နောက် ယောဂါ (Yoga) လေ့ကျင့်ခန်းလုပ်တာတွေနဲ့ အခြားသင့်တော်ရာ အားကစားတွေ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ထိုင်ရာမှာလည်း ခါးကိုမတ်ပြီး ရင်ကိုဖွင့် ပခုံးကို ဆန့်ထားသင့်ပါတယ်။

ရှောင်ရန်အနေနဲ့တော့ အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာနဲ့ ကိုကာကိုလာ၊ပက်ဆီ အများကြီးသောက်တာ (အထူးသဖြင့် ၂ လီတာ ထက်မကျော်သင့်၊) ကော်ဖီ အလွန်အကျွံသောက်တာ (နှစ်ခွက်ထက်မပိုသင့်) တွေ မလုပ်သင့်ပါဘူး။ သုတေသနတစ်ခုအရတော့ လက်ဘက်ရည် နှစ်ခွက် အနည်းဆုံးသောက်တာကြောင့် (၆) နှစ်အကြာမှာ အရိုးသန်မာမှုအားကောင်းစေတယ်၊ ဘာလို့လဲဆိုတော့ လက်ဘက်ရည်မှာပါတဲ့ Flavonoids ဓာတ်က အမျိုသမီးဟောမုန် အီစတိုဂျင်လိုပဲ အရိုးအတွက် ကယ်လ်ဒီယံ စုပ်ယူမှုအားကောင်းစေတာကြောင့်လို့ တွေ့ရှိထားပါတယ်။ ဒါ့အပြင် ရှောင်ရန်အနေနဲ့ ထိုင်ရာမှာ ခါးကုံးပြီး မထိုင်တာအပြင်၊ ခါးကုံးပြီး ပစ္စည်း ဆတ်ကနဲ ကောက်တာနဲ့ မတာတွေ မလုပ်ပဲ၊ ဒူးကွေးပြီး တဖြည်းဖြည်း ကောက်ယူတာနဲ့ မ တာတွေသာ လုပ်သင့်ပါတယ်။ ကိုယ်မနိုင်တဲ့ လေးလံတာတွေကို တစ်ယောက်ထဲ မ တာမလုပ်ဘဲ၊ အကူခေါ်ပြီး တွဲမသင့်ပါတယ်။ လေးလံပြီး မ ဖို့ခက်တာတွေကိုလည်း ဆွဲမရွှေ.ဘဲ တွန်းရွှေ.သင့်ပါတယ်။

ဒီအရိုးဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ