ယနေ့ကမ္ဘာပေါ်တွင် ပဋိဇီဝဆေးကို ပုံစံ အမျိုးမျိုးဖြင့် အသုံးပြုနေကြပါသည်။ လူထု ဆေးပညာတွင်သာမက တိရစ္ဆာန်မွေးမြူရေး နှင့် တိရစ္ဆာန်ဆေးပညာတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နောက်ဆုံး ထွက်ရှိသည့် ပဋိဇီဝဆေးများကို ဈေးကွက်တွင်
အလွယ်တကူ ရရှိနိုင်ပေသည်။
နေမကောင်းဖြစ်ပါက ဆေးခန်းသွားပြီး ဆရာဝန်ဆီ ပြသရန် ဝန်လေးတတ်သည်မှာ လူ့မနောပင်ဖြစ်တော့သည်။ လမ်းဘေးမှ ဆေးဆိုင်မှာ အလွယ်တကူပင် ဝယ်ယူတတ် ကြသည်။ ဆေးသက်တမ်းလည်းမကြည့်၊ မည်သည့်ဆေး ပေးလိုက်မှန်း မသိကြဘဲ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ အိပ်ရာဝင်ခါနီး တစ်ကြိမ်သောက် ဆိုပြီးသာသိကြ၏။ ကိစ္စများမြောင်လူတို့ဘောင်တွင် စားဝတ်နေရေးအတွက် လုံးပန်းနေကြရင်း ပဋိဇီဝဆေး၏ ခုခံနိုင်စွမ်းအား များပြားလာမှုကို သတိမပြုမိကြပေ။
စာရေးသူသည် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ Faculty of Veterinary Medicine တွင် ပဋိဇီဝဆေးခုခံနိုင်မှုနှင့်ပတ်သက်၍ တိရစ္ဆာန် ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေးဘာသာဖြင့် မဟာဘွဲ့ရရှိခဲ့ပါသည်။
ထို့ကြောင့် ပြည်သူများ ပဋိဇီဝဆေး ခုခံနိုင်မှုနှင့်ပတ်သက်၍ သိရှိစေရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။ ဗိုင်းရပ်(စ်)ပိုး၊ ဗက်တီးရီးယားပိုးနှင့် သန်ကောင်ပိုးတို့ ကြောင့် တိရစ္ဆာန်များအပါအဝင် လူတို့တွင် အမျိုးမျိုးသောရောဂါများ ဖြစ်ပေါ်တတ်၏။ ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော ရောဂါကို ဆေးသောက်ခြင်းဖြင့် မကုသနိုင်သော်လည်း ဘက်တီးရီးယားပိုးကြောင့် ရောဂါများ ဖြစ်ပေါ်ခဲ့ပါက ပဋိဇီဝဆေးဝါးကို အသုံးပြုနိုင်
ပါသည်။
ထို့ကြောင့် ပဋိဇီဝဆေးသည် လက်နက်ကြီးသဖွယ်ဖြစ်နေတော့သည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို လွဲမှားစွာသောက်သုံးခြင်း၊ ဆေးပတ်လည်အောင် သောက်သုံးမှုမရှိခြင်းတို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်စေသလို ပဋိဇီဝဆေးကြွင်းဆေးကျန်များသည် လူတို့စားသုံးသော အသား၊ ငါး၊ နို့နှင့် ဥတို့မှတစ်ဆင့်
ပဋိဇီဝဆေး ယဉ်ပါးခြင်းဖြစ်စေနိုင်ပါသည်။ ပဋိဇီဝဆေးကို ခုခံနိုင်သည့် မျိုးရိုးဗီဇသည် ရေထဲမှတစ်ဆင့်၊ မွေးမြူရေးတိရစ္ဆာန်များမှတစ်ဆင့်နှင့် ရှားပါးစွာပင် မြေကြီးမှတစ်ဆင့် ကူးစက်တတ်ပေသည်။
ထို့အတူပင် တိရစ္ဆာန်မွေးမြူသူများသည် လည်း လွန်ခဲ့သည့် နှစ်များစွာကပင် စွဲမှတ်နေကြသည်မှာ ပဋိဇီဝဆေးကို ကုသဖို့ထက် ကာကွယ်ရန်အတွက် အများဆုံးအသုံးပြုကြသည်။ မွေးမြူရေးခြံများတွင် ပဋိဇီဝဆေး အသုံးမပြုနှင့်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မွေးမြူရေးနယ်ပယ်၌ ပဋိဇီဝဆေးကို ကုသမှုပေး
သော ပမာဏထက် တိရစ္ဆာန်များကို လျှော့ကျွေးသောအခါ တိရစ္ဆာန်များ၏ သားထွက်မှုပမာဏ မြင့်တက်လာသည်ဟု နားလည်ထားကြသော်လည်း မွေးမြူသူများမှာ နားလည်မှု လွဲမှားခြင်းကြောင့်လည်းကောင်း၊ မိမိခြံသို့ ရောဂါဝင်ရောက်ခြင်းကို စိုးရိမ်သည့် အတွက်ကြောင့်လည်းကောင်း၊ ပဋိဇီဝဆေးကို
ရေ၌ဖြစ်စေ အစာထဲ၌ဖြစ်စေ လိုသည်ထက်ပို၍ အသုံးပြုမှုကြောင့် ပဋိဇီဝဆေးခုခံနိုင်မှုများ တိရစ္ဆာန်များ၏ကိုယ်တွင် ဖြစ်ပေါ်လာပြီး ပဋိဇီဝဆေး အကြွင်းအကျန်များသည် လူတို့စားသုံးသော အသားမှတဆင့် လူသားတို့ကိုယ်ထဲသို့ ရောက်ရှိလာသည်။
ထို့ကြောင့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ဝန်ထမ်းများသည် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှု ဖြင့် မွေးမြူရေးခြံများ၌ ပဋိဇီဝဆေးများ အသုံးပြုမှုကို ပညာပေးဟောပြောခြင်း၊ စစ်ဆေး ခြင်း၊ အသား၊ ငါး၊ နို့နှင့် ဥမှတစ်ဆင့် ပဋိဇီဝ ဆေးကြွင်းဆေးကျန်များ ဝင်ရောက်မှု မရှိ
စေရန်အတွက် ပဋိဇီဝဆေးပေးထားသည့် တိရစ္ဆာန်များကို ကန့်သတ်ရက်ထားပြီးမှသာ ရောင်းချစေခြင်း၊ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ အသုံးပြုခွင့်မရှိသည့် မွေးမြူရေးသုံး ပဋိဇီဝဆေးဝါးများကို စစ်ဆေးခြင်း
နှင့် တင်ပို့ရောင်းချမှုကို တားမြစ်ခြင်းတို့ကို ပြည်သူလူထုသို့ ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပေါ်အောင် ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် ဈေးကွက်တွင် ရောင်းချလျက်ရှိ သည့် အသား၊ ငါး၊နို့နှင့် ဥတို့ကို နမူနာ ပစ္စည်းများရယူပြီး တိရစ္ဆာန်ရောဂါ စစ်ဆေးရေးဓာတ်ခွဲခန်းများ၌ ပဋိဇီဝဆေးကြွင်း ဆေးကျန်များပါရှိမှု ရှိ/မရှိကို စစ်ဆေးပေး လျက်ရှိပါသည်။
ဆေးယဉ်ပါးမှုဆိုသည်မှာ ပြီးခဲ့သည့် အကြိမ်က သောက်လိုက်သည့် ပဋိဇီဝဆေး၏ အာနိသင်အစွမ်းကို ခံနိုင်ရည်ရှိလာပြီး ဆေးဘယ်လောက်သောက်သောက် ရောဂါမပျောက်တော့ပေ။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်တဲ့သူက ရှားသည်။ စာရေးသူလည်း ရံဖန်ရံခါ ဆေးသောက်ရန် မေ့တတ်၏။ နောက်ပြီး ဆေးပတ်လည်အောင်မသောက်။ ခံစားနေရသည့် ဝေဒနာသက်သာလျှင် ဆေးကို မသောက်တော့ဘဲ ဆရာဝန်ပေးလိုက်သည့် ပလတ်စတစ်အိတ်အတိုင်း ပစ်ထားတတ်သည်။ ထို့ကြောင့်ပဋိဇီဝဆေးခုခံနိုင်မှုသည် တဖြည်းဖြည်း ကြီးထွားလာသည်။
ပဋိဇီဝဆေးကို ခုခံနိုင်သော မျိုးရိုးဗီဇသည်လည်း လက်ဆင့်ကမ်းတတ်သော သဘောရှိသည့်အတွက် နှစ်များစွာကပင် တဖြည်းဖြည်းပြောင်းလဲလာ၍ နောက်ဆုံးပေါ် မျိုးဆက် ဗက်တီးရီးယားများ ပေါ်ထွက်လာပါ သည်။ နောက်ဆုံးပေါ်မျိုးဆက် ဗက်တီးရီးယားများကို နှိမ်နင်းနိုင်သည့် ပဋိဇီဝဆေးများကို ကုမ္ပဏီများက အပြိုင်အဆိုင် ထုတ်လုပ်ပြီး ရောင်းချကြ၏။ စာဖတ်သူများ နားလည်အောင်ရှင်းပြရလျှင် ပဋိဇီဝဆေးမှာ
ဗက်တီးရီးယားပိုးကို သတ်သည့်ဆေးနှင့် ဗက်တီးရီးယားပိုး ဆက်လက်မပွားအောင် ပြုလုပ်သည့် ပဋိဇီဝဆေးဆိုပြီး နှစ်မျိုးရှိသည်။
ကျွန်တော်တို့ ခံစားရတာ သက်သာပြီဟု ဆေးဖြတ်လိုက်ချိန်တွင် တချို့ ဘက်တီးရီးယားပိုးများမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေတတ်၏။ ထို့ကြောင့် ဘက်တီးရီးယားပိုးများသည် ပျော်ပျော်ပါးပါးပင် ပဋိဇီဝဆေး ယဉ်ပါးခြင်းဖြစ်လာသည်။
ဆေးယဉ်ပါးခြင်းတွင် သာမန်ရောဂါဖြစ်သူများတွင် မသိသာဘဲ ငှက်ဖျားရောဂါသည်များ၊ တီဘီရောဂါသည်များ၊ ခုခံအားကျဆင်းသည့်ရောဂါ HIV/AIDS ရောဂါသည်များ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များတွင် အလွန်အရေးကြီးပြီး အသက်သေဆုံးနိုင်သည်အထိ ဖြစ်တတ်ပါသည်။ ဆေးယဉ်ပါးသော တီဘီရောဂါကို မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားသူ လူ ၁ဝ ယောက်လျှင် တစ်ယောက်တွေ့ရသည်ဟု သိရပါသည်။
အရှေ့တောင်အာရှ နိုင်ငံများ၌ တတိယမျိုးဆက်ဖြစ်သည့် Cephalosporins ပဋိဇီဝဆေး၏
ဆေးယဉ်ပါးမှုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တင်ပြချက်အရ E.coli တွင် ပဋိဇီဝဆေး
ယဉ်ပါးမှုသည် ၆၈ ရာခိုင်နှုန်း၊ Klebsiella တွင် ပဋိဇီဝဆေးယဉ်ပါးမှုသည် ရှစ်ရာခိုင်နှုန်း၊ Staph တွင် ပဋိဇီဝဆေးယဉ်ပါးမှုသည် ၂၆ ရာခိုင်နှုန်းနှင့် Gonorrhea တွင် ပဋိဇီဝဆေးပါးမှု
သည် ငါးရာခိုင်နှုန်း အသီးသီးရှိသည်ဟု သုတေသန မှတ်တမ်းများအရ သိရသည်။ ခေတ်မီ
တိုးတက်သည့် အမေရိကန်ပြည်ထောင်စုပင် တခြားနိုင်ငံသို့ သွားရောက်ပြီး ဝမ်းလျှောရောဂါ
ဖြစ်ခဲ့သော အမေရိကန်ခရီးသွား ၃ဝဝဝဝ မှ ၈ဝဝဝဝ တွင် ပဋိဇီဝဆေးယဉ်ပါးမှုကိုတွေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်စေရန် သိထားသင့်သောအချက်များကို ဝေမျှရလျှင်
- အနာသိလျှင် ဆေးရှိသည်ဆိုသကဲ့သို့ နေမကောင်းဖြစ်လျှင် ပဋိဇီဝဆေးကို လိုအပ်မှ
သာ သောက်သုံးပါ။
- နာမကျန်းဖြစ်ခဲ့ပါက ဘက်တီးရီးယားပိုးကို စစ်ဆေးပြီး တိကျသည့်ပဋိဇီဝဆေးကို သောက်ပါ။
- ပဋိဇီဝဆေးကို မှန်မှန်ကန်ကန် ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသောက်ပါ။
- ဆေးပတ်လည်အောင်သောက်ပါ။
- သက်သာပြီဟု ယူဆပြီး ဆေးသောက်ခြင်းကို ရပ်မပစ်ပါနှင့်။
- မိမိကျန်ရှိနေသည့် ဆေးကို သိမ်းထားပြီး တခြားသူများ နာမကျန်းဖြစ်သောအခါ ဆေးသောက်
ရန် မျှဝေခြင်း မပြုပါနှင့်။
- ကျန်ရှိနေသည့်ဆေးဝါးများကို ဆက်လက်သိမ်းထားခြင်းမလုပ်ရန် အကောင်းဆုံးဖြစ်သည်။
- ဆရာဝန်ထံပြသမှုမခံယူဘဲ မိမိဘာသာ ပဋိဇီဝဆေးကို မသောက်သုံးသင့်ပါ။
- ပဋိဇီဝဆေးများ၌ ဘေးထွက်ဆိုးကျိုး Side Effect ရှိသည်ကို သတိပြုပါ။
- ဝယ်ယူလာသည့် သား၊ ငါးများကို ရေဖြင့်ပြောင်စင်အောင်ဆေးကြောပြီး ဘက်တီးရီး ယားပိုးများသည် အပူချိန်မြင့်မြင့်တွင် အသက်မရှင်နိုင်သည့်အတွက် ကျက်အောင် ကြော်လှော်
ချက်ပြုတ်ပါ။
အချုပ်ဆိုရသော် ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ခဲ့လျှင် ဆေးကုသမှုပေးသောအခါ နှောင့်နှေး
ကြန့်ကြာတတ်ပြီး ဆေးရုံတွင် အချိန်ကြာကြာ ဆေးကုသမှုခံယူရသောကြောင့် အချိန်ကုန်
၍ ဆေးကုသမှုစရိတ်များ ပိုမိုကုန်ကျလာကာ ပြည်သူလူထု၏ မိသားစုဝင်ငွေလျော့ကျလာစေနိုင်
ပါသည်။ ထို့ကြောင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် တာဝန်ကျရာဒေသများတွင် ဝန်ကြီးဌာန
၏ မူဝါဒဖြစ်သော စားနပ်ရိက္ခာဖူလုံရေး၊ အစားအစာဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ကျေးလက်
နေပြည်သူတစ်ဦးချင်း ဝင်ငွေတိုးတက်လာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို
အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုကဲ့သို့ ပြည်သူလူထု ကျန်းမာပျော်ရွှင်၍ တစ်ဦး
ချင်းဝင်ငွေတိုးတက်လာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး
တည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ပြည်သူလူထုသို့ ကျန်းမာရေးအသိ
ပညာများကို ဝေငှရင်း တဖြည်းဖြည်းကျယ်ပြန့်လာသော ပဋိဇီဝဆေးယဉ်ပါးမှုကိုသတိပြု
ကာကွယ်ကြပါစို့။ ။
ဒေါက်တာဖြိုးသူအောင် (မွေး/ကု)
The Mirror Daily
https://www.facebook.com/TheMirrorDaily