ခါးနာခြင်းအမျိုးမျိုးနှင့် ဆင်ခြင်စရာများ


ခါးနာခြင်းအမျိုးမျိုးရှိရာ ဒဏ်ကြောင့်ဖြစ်သော ခါးနာရောဂါ၊ အထိုင်များ၍ဖြစ်သော ခါးနာ၊ အလေးအပင်မရင်းဖြစ်သောခါးနာတို့ထက် အိပ်ရာကြောင့်ဖြစ်သောခါးနာက ပို၍များလိမ့်မည်ထင်ပါသည်။

စာရေးသူကိုယ်တိုင် ငယ်စဉ်ကခါးနာဖူးသည်။ နာသည်မှ တစ်နှစ်ခန့်ကြာအောင် နာခဲ့သည်။ ကျောင်းတွင်ထိုင်တာကြာပြီး ပြန်ထလျှင် မနည်းထရသည်။ ကြာကြာထိုင်လျှင်လည်း ခါးဆက်ထဲမှ ပူပြီးနာလာသည်။ ခါးနာ၊ ခါးကိုက်ပျောက်ဆေးသောက်သည်။ ဘမ်းပရုတ်ဆီ လိမ်းသည်။ ခဏသက်သာပြီးနောက် ပြန်နာသည်။

ခါးနာဖြစ်ရသည့်အကြောင်းအရင်းကို ပြန်စဉ်းစားကြည့်သောအခါ ထိုခေတ်က အသုံးပြုလေ့ရှိသော စပရင်မွေ့ရာနှင့် အိပ်မိသောကြောင့်ဖြစ်သည်။ ထိုစပရင်မွေ့ရာမှာ အဟောင်းဖြစ်သဖြင့် အားပျော့ပြီး အချို့နေရာများတွင်ခွက်နေသည်။ အချို့နေရာတွင် ပေါက်ပြဲပြီး စပရင်အပြင်သို့ ကန်ထွက်နေသည်။ ပေါက်သည့်နေရာကို အပေါ်က ဂုံနီအိတ်အထူခင်းပြီးအိပ်သဖြင့် မွေ့ရာမှာ မြင့်သည့်နေရာတွင်မြင့်၊ ခွက်သည့်နေရာတွင်ခွက် ဖြစ်နေသည်။

စာရေးသူ ရန်ကုန်တက္ကသိုလ်တက်စဉ်က အဒေါ်တစ်ယောက်၏နေအိမ်မှ တက်ခဲ့ခြင်းဖြစ်သည်။ သူတို့အိမ်မှ ရှေးကသိမ်းထားသော မိဘများလက်ထက်ကမွေ့ရာကို စာရေးသူအိပ်ရန် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ကျောင်းတစ်နှစ်ပြီး၍ နယ်မြို့လေးသို့ပြန်သောအခါ ကိုယ့်အိမ်မှအိပ်နေကျအိပ်ရာနှင့် ပြန်အိပ်ရသည်။ စာရေးသူ၏မိဘအိမ်က အိပ်ခန်းမှာ ခုတင်မရှိ၊ မွေ့ရာမရှိ၊ ကြမ်းပြင်တွင် သင်ဖြူးဖျာခင်းပြီး ခြင်ထောင်ထောင်အိပ်ရသည်။ ကျောင်းတက်ရင်းရခဲ့သောခါးနာသည် နယ်ကအိမ်ရောက်ပြီး တစ်လခန့်ကြာသောအခါ အလိုလိုသက်သာပြီး ပျောက်ကင်းသွားသည်။ ထိုအခါကျမှ စပရင်မွေ့ရာကြောင့်ဖြစ်သော ခါးနာဖြစ်ကြောင်းကို သတိထား မိတော့သည်။

စပရင်မွေ့ရာသာမဟုတ်၊ ကြာရှည်အသုံးပြုထားသဖြင့် ခါးနေရာတွင်ခွက်ဝင်နေသော ဆိုဖာမွေ့ရာ၊ ဝါဂွမ်းမွေ့ရာများဖြင့်အိပ်လျှင်လည်း ခါးနာနိုင်ပါသည်။ အိပ်ပျော်သောအခါ လူ၏အလေးချိန်ဖိအားနှင့် ခါးမှာ မွေ့ရာအတွင်း ခွက်ဝင်သွားသောကြောင့်ဖြစ်သည်။

ခါးရိုးဆစ် ခုနစ်ဆစ်ရှိရာ အိပ်ရာအနေအထားမမှန်လျှင် ခါးရိုးအဆစ်များပါ အနေအထားပျက်ယွင်းပြီး ကြာလျှင် ကျီးပေါင်းတက်လာနိုင်သည်။ ခါးရိုးဆစ်များအတွင်းမှ အရွတ်ပြားများ အနေအထားပျက်ယွင်းခြင်း၊ အပြင်သို့ကန်ထွက်ခြင်းတို့ ဖြစ်နိုင်သည်။

ခါးရိုးဆစ်ကျီးပေါင်းတက်လျှင် ခါးရိုးဆစ်နံပါတ် (၄)နှင့် (၅) ကြားနှင့်၊ (၅) နှင့် (၆) ကြား အကြောညပ်လျှင် အနာကျင်ဆုံးဖြစ်သည်။ အချို့မှာ မီးညောင့်ရိုးဆစ်အထက်တွင် မခံနိုင်အောင်နာတတ်သည်။ ထိုင်လျှင်လည်းနာ၊ ပက်လက်လှန်အိပ်လျှင်လည်းနာနှင့် ဘေးနှစ်ဖက်ကို တစ်လှည့်စီစောင်းအိပ်မှ သက်သာလေ့ရှိသည်။

ခါးနာကြာလျှင် ကုသမှုစနစ်တကျမခံယူလျှင် အာရုံကြောရောင်ပြီး ခြေတစ်ဖက်တွင်ကိုက်ခဲပြီး လမ်းကောင်းကောင်းမလျှောက်နိုင်သော ဝေဒနာခံစားရတတ်သည်။ ဆိုင်ယာတီကာဟုခေါ်သော အာရုံကြောနှင့် ခါးဆစ်ကျီးပေါင်းညပ်ပြီး ပေါင်တစ်လျှောက်ထုံဆင်းနာသောရောဂါမှာ အလွန်ဆိုးသည်။ ဆိုင်ယက်တစ်နာဗ်ကြောရောင်သောရောဂါကြောင့် ခြေတစ်ဖက်ကိုခဲနှင့်ဆွဲပြီး အိပ်ရာထဲတွင်ရက်ရှည်အိပ်နေရတတ်သည်။

အချို့ခါးကျီးပေါင်းနှင့် အာရုံကြောညပ်သောဝေဒနာသည်များမှာ ခဲဆွဲရုံနှင့်မရတော့သဖြင့် ခွဲစိတ်ကုသရတတ်သည်။ ခါးခွဲစိတ်ကုသခြင်းသည် စွန့်စားရပြီး အလွန်အန္တရာယ်များသည်။ အခန့်မသင့်၍ ခါးအောက်ကိုယ်တစ်ပိုင်းသေသွားသူများ ရှိခဲ့ဖူးသည်။ ထို့ကြောင့် ခါးနာလျှင် ဖြစ်စကတည်းက ဂရုစိုက်ကုသသင့်သည်။ ခွဲစိတ်ကုသရသည့် အဆင့်ထိရောက်အောင် အချိန်မဆွဲသင့်ပေ။

ခါးနာကုသရာတွင် Lumber attraction ခေါ် ခါးဆွဲကုသခြင်းဖြင့် ခါးနာသက်သာစေနိုင်သည်။ သို့သော် အမြဲတမ်းခဲဆွဲနေခြင်းသည်လည်း မကောင်းပေ။ ခါးရိုးဆစ်အားလုံးကို ဟသွားအောင်ဆွဲခြင်းဖြစ်သဖြင့် မလိုအပ်သော ခါးဆစ်များနှင့် အရွတ်ကြော၊ ဆိုင်းကြော၊ ခုတုံးများမှာ ဒဏ်ဖြစ်ပြီး ခါးနှင့်အောက်ပိုင်း အားပျော့သွားစေ နိုင်သည်ကို သတိပြုရန်လိုအပ်သည်။

အိပ်ရာကြောင့် ခါးနာခြင်းဟုတ်မဟုတ်ကို နံနက်အိပ်ရာထလျှင် သိနိုင်သည်။ တစ်ချိန်က စာရေးသူ၏ဖခင်ကြီး ခါးနာဖူးသည်။ နံနက်အိပ်ရာထလျှင် ထူပေးဖို့လူအကူကို အော်ခေါ်ရသည်။ နေ့လယ်နေ့ခင်း အကောင်း၊ ကြာတော့ ထူပေးရသူများကို အားနာသဖြင့် အိပ်ရာဘေး နံရံအမြင့်မှ ကြိုးတစ်ချောင်းချထားသည်။ နံနက်လင်းလျှင် ယင်းကြိုးကိုဆွဲယူပြီး အိပ်ရာမှထသည်။

စာရေးသူဖခင်၏မွေ့ယာကို အထူမှအပါးသို့ပြောင်းလိုက်သည်။ ထို့အပြင် မွေ့ရာအရွယ် သုံးထပ်သားအပါးတစ်ချပ်ကို အိပ်ရာပေါ်တွင်တင်၊ ထိုအပေါ်မှ စောင်တစ်ထည် ခင်းပြီးအိပ်စေသည်။ ခါးနာမှာ တဖြည်းဖြည်းသက်သာလာပြီး နောက်ပိုင်းတွင် ပျောက်ကင်းသွားသည်။

အသက်ကြီးသူများတွင် ခါးရိုးဆစ်များကို ဓာတ်မှန်ရိုက်ကြည့်လျှင် ကျီးပေါင်းတက်နေသည်ကို တွေ့ရမြဲဖြစ်
သည်။ သစ်ပင်များ အသက်ရင့်လာလျှင် အခေါက်ထူပြီးအပွေးတက်လာသကဲ့သို့ဖြစ်သည်။ အဆန်းမဟုတ်ပါ။ ကျီးပေါင်းရှိသောအဆစ်နှင့် ခါးအာရုံကြောများ မညပ်မိစေ ရန်သာ အိပ်ယာမှအစ ဂရုစိုက်ပေးရန်ဖြစ်သည်။ မမာလွန်း၊ မပျော့လွန်းသော မွေ့ယာမျိုးဖြင့်သာ လူကြီးများကို အိပ်စေသင့်သည်။

ပက်လက်ကုလားထိုင်ကြောင့်ဖြစ်သောခါးနာခေါက်၍ဆန့်၍ရသော ပတ္တူဖျင်ဖြင့်ပြုလုပ်ထားသောထိုင်ခုံများကို ပက်လက်ကုလားထိုင်ဟုခေါ်ကြသည်။ ကုလားထိုင်ဟူသော ဝေါဟာရမှာ အင်္ဂလိပ်ခေတ်ကပေါ်လာခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာများက အင်္ဂလိပ်များကို ကုလားဟုခေါ်ခဲ့ကြသည်။ သူတို့ထိုင်သောထိုင်ခုံများကို ကုလားထိုင်ဟု ခေါ်ခဲ့ကြပုံရသည်။

စာရေးသူ၏ညီငယ်တစ်ဦးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ခါးနာဖူးသည်။ သူ့အကျင့်မှာ နေအိမ်အနောက်ဘက် သစ်ပင်အရိပ်ကောင်းသောနေရာတွင် ပက်လက်ကုလားထိုင်နှင့် စာကျက်လေ့ရှိသည်။ တစ်ခါတရံ သူသည် စာကျက်နေရင်း အိပ်ပျော်သွားလေ့ရှိသည်။ စာမေးပွဲကြီးနီးချိန်တွင် သူ့မှာခါးနာရောဂါစွဲကပ်နေပြီး ဝမ်းလျားမှောက်ပြီး ခါးကိုအနင်းခံသည်။ ပရုပ်ဆီများလိမ်းသည်။ မသက်သာ။ နောက်ဆုံး ပက်လက်ကုလားထိုင်နှင့် စာမကျက်တော့မှ သက်သာသွားသည်။ သူသည် ယခုအခါ မေ့ဆေးဆရာဝန်ကြီး ဖြစ်နေပြီဖြစ်သည်။

စာရေးသူ၏ဖခင်မှာလည်း တစ်ခါက ပက်လက်ကုလားထိုင်ဖျင်ပြဲပြီး ကျွံကျသဖြင့် ခါးနာဖူးသည်။ ပြတ်ကျရုံမျှမက ကုလားထိုင်တန်းများက ခေါက်ပြီး ဦးခေါင်းနောက်စေ့သို့ ရိုက်မိသဖြင့် ဦးခေါင်းတွင်ပါ ဒဏ်ရာရလေသည်။ ခါးတွင်ရသောဒဏ်ရာမှာ အရိုးဖုသွားပြီး ကျီးပေါင်းတက်နေသဖြင့် ခါးမတ်၍မရသည်မှာ ယခုတိုင်ဖြစ်သည်။

ဖျင်ကုလားထိုင်မဟုတ်သော်လည်း ဝါးဖြင့်ပြုလုပ်သော ပက်လက်ကုလားထိုင်၊ ကြိမ်ဖြင့်ပြုလုပ်သော ပက်လက် ကုလားထိုင်၊ နောက်ဆုံးခေတ်ပေါ် Dream bed ဖြင့်အိပ်သူများမှာလည်း ခါးနာသည်ကိုမကြာခဏတွေ့ရသည်။ ဝါးဖြင့်ပြုလုပ်သောခေါင်းတင်တန်းပါသည့် ကုလားထိုင်များဖြင့် အိပ်ပျော်သူများမှာ ခါးသာမက ဇက်ကျီးပေါင်းတက်ခြင်းပါဖြစ်နိုင်သည်။ မကြာခဏ ခေါင်းမူးသူတစ်ဦးကိုတွေ့ဖူးသည်။ သူသည် ဇက်ကြောတက်သက်သာစေရန် ဝါးကုလားထိုင်ဝယ်ပြီး ဇက်တင်အိပ်ရာမှ ကျီးပေါင်းတက်ပြီး မူးလာခြင်းဖြစ်လေသည်။

အနှိပ်သည်ဖုကြောင့်ဖြစ်သောခါးနာရှေးလူကြီးများသည် 'အနှိပ်သည်ဖု' ခေါ် သစ်သားဖုလုံးနှစ်ခုကို တစ်လက်မခန့်အကွာထားသည့် ပွတ်လုံးဖြင့် ဇက်ရင်းတွင်ထား၍ အိပ်ခြင်း၊ ခါးဆစ်တွင်ခု၍အိပ်ခြင်းကို ပြုလုပ်လေ့ရှိကြသည်။

သီလရှင်စာသင်တိုက်မှ ဆရာကြီးတစ်ပါးခါးနာ၍ ကုသပေးရဖူးသည်။ ခြေတစ်ဖက်ကို ဆန့်ထား၍မရ၊ ကွေးထားရသည်။ ဆွဲဆန့်လျှင် နာ၍အော်ရသည်။ လမ်းမလျှောက်နိုင်၊ ပွေ့ယူလာရသည်။ ထိုသီလရှင်ဆရာကြီးသည် အနှိပ်သည်ဖုကို ခါးအောက်ခုထားရင်း အိပ်ပျော်သွားရာမှ တစ်နာရီခန့်အကြာတွင် ခါးထဲမှပူပြီးနိုးလာသည်ဟုဆိုသည်။ ထို့နောက် ခြေတစ်ဖက်တွင်ပါ ကျဉ်ထုံပြီးကိုက်ခဲလာသည်။ သူသည် အနှိပ်သည်ဖုကြောင့် ခါးအာရုံကြောညပ်သောရောဂါဝေဒနာ ရခဲ့ခြင်းဖြစ်သည်။ အနှိပ်သည်ဖုခံပြီး အိပ်ပျော်သွားရာမှ ဒုက္ခရောက်သူများစွာရှိသဖြင့် အထူးသတိပြုသင့်သည်။

အနှိပ်သည်ဖုကို ရှေးကမည်သူကတီထွင်ခဲ့သည်ကို မသိရသော်လည်း ဘုရားစောင်းတန်းဈေးသည်များ၊ ပန်းပုဆိုင်များတွင် အများအပြားရောင်းချသည်ကို တွေ့ရသည်။ တုတ်နှစ်ချောင်းကို သစ်သားဝက်အူရစ်ဖြင့် လှည့်ညှစ်သောအနှိပ်ကိရိယာများလည်း ရောင်းနေသည်ကိုတွေ့ရသည်။ ပေါင်ကိုက်သည်ကို ၎င်းတုတ်နှစ်ချောင်းနှင့် အချိန်ကြာမြင့် စွာ ညှစ်ထားမိသဖြင့် ပေါင်တွင်းသွေးလွှတ်ကြောမကြီးပိတ်သွားကာ ခြေတစ်ချောင်းလုံးဖြတ်ပစ်လိုက်ရ သူရှိသည်ဟု ဆရာဝန်ကြီးတစ်ဦးက ပြောပြဖူးသည်။

အရပ်သုံးလက်ဖြစ် အနှိပ်ကိရိယာများသည် အန္တရာယ်ရှိသည်။ အမှုမဲ့အမှတ်မဲ့သုံးစွဲရာမှ အကြောညပ်ခြင်း၊
အဆစ်လွဲခြင်း၊ သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်း၊ အာရုံကြောရောင်ခြင်း၊ ဒဏ်ဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ လက်တဲ့စမ်း မသုံးသင့်ပါ။

အိပ်စက်ခြင်းနှင့်အနားယူခြင်းသည် လူတို့နေ့စဉ်ပြုရသော အမှုဖြစ်သည်။ အိပ်ရာအနေအထားမသင့်တော်၍ ဖြစ်ရသော ခါးနာရောဂါ၊ ကျီးပေါင်းတက်ရောဂါ၊ ပက်လက်ကုလားထိုင်နှင့်အိပ်ခြင်းကြောင့်ဖြစ်သော ခါးနာဝေဒနာ၊ လက်လုပ်အနှိပ်ကိရိယာတို့ကြောင့်ဖြစ်သော ခါးနာ၊ အာရုံကြောညပ်ဝေဒနာများမှာ မြန်မာလူမျိုးတို့တွင်အဖြစ်များသောကြောင့် သတိပြုဆင်ခြင်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါသည်။ ။

ကြည်လွင်မြင့်(မုဒြာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ