အာရှ ဘော်လီဘောအဆင့် ဝင်ရန် မြန်မာအသင်း ဝင်ပြိုင်မည်


ရန်ကုန်၊ ဇူလိုင် ၁၇

ကမ္ဘာ့ လက်ရည်စစ် ပြိုင်ပွဲမှ ထွက်ခဲ့ရသည့် အသင်းများ အဆင့် သတ်မှတ်နိုင်ရန် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းနှင့် ထိုင်းနိုင်ငံတို့တွင် ကျင်းပမည့် အာရှ ဘော်လီဘော လက်ရည်စစ်ပြိုင်ပွဲ သို့ မြန်မာ အမျိုးသားနှင့် အမျိုးသမီး ဘော်လီဘောအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် အတွင်းရေးမှူး ဦးညီညီလွင်က ပြောကြားသည်။

လက်ရည်စစ်ပွဲ ကျခဲ့သည့် အာရှ ၂၄ နိုင်ငံက အမျိုးသား အသင်းများကို အုပ်စု ရှစ်ခု ခွဲ၍ လည်းကောင်း၊ အမျိုးသမီး ၁၆ သင်းကို လေးအုပ်စု ခွဲ၍ လည်းကောင်း ယှဉ်ပြိုင်ပြီး နိုင်ငံအလိုက် အဆင့် သတ်မှတ်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

မြန်မာ အမျိုးသားအသင်း ပါဝင်သည့် အုပ်စု (ခ) ၌ သြစတြေးလျနှင့် ဘာရိန်း အသင်းတို့ ပါဝင်ပြီး အမျိုးသမီး အသင်းသည် အုပ်စု (ဃ) ၌ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)၊ သီရိလင်္ကာအသင်းတို့ နှင့် ကျရောက်လျက်ရှိကြောင်း အမျိုးသမီး ဘော်လီဘောအသင်း နည်းပြချုပ် ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိအချိန်၌ ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားသည့် ပဏာမ လက်ရွေးစင် အမျိုးသား ဘော်လီဘော အသင်းကို ဘရာဇီးနည်းပြဖြင့် လည်းကောင်း၊ ကစားသမား ၁၈ ဦးဖြင့် ဖွဲ့စည်း ထားသည့် ပဏာမ လက်ရွေးစင် အမျိုးသမီး ဘော်လီဘော အသင်းကို ထိုင်းနည်းပြဖြင့် လည်းကောင်း (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် အောင်ဆန်းကွင်းတွင် စခန်းသွင်း လေ့ကျင့်ပေးလျက်ရှိကြောင်း ဦးသိန်းဆွေက ပြောကြားသည်။

အာရှ ဘော်လီဘော ပြိုင်ပွဲ၏ အမျိုးသားအုပ်စု ပွဲစဉ်များကို စက်တင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ဒူဘိုင်းတွင် လည်းကောင်း အမျိုးသမီး ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ လည်းကောင်း ကျင်းပမည်ဖြစ်သည်။

ဇွန်လအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား အမျိုးသား လက်ရည်စစ်ပွဲနှင့် ဗီယက်နမ် နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလား အမျိုးသမီး လက်ရည်စစ်ပွဲတို့တွင် မြန်မာ ဘော်လီဘော နှစ်သင်းလုံး အုပ်စုအဆင့်နှင့်သာ ကျေနပ်ခဲ့ရသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ