ရင်ဘတ်အောင့်တယ်လား ? ဒါမှမဟုတ် ရင်ဘတ်နာတယ်လား


ရင်ဘတ်အောင့်တယ်လို့ ခံစားရတဲ့အခါ ကျွန်တော်တို့တွေ စိုးရိမ်တတ်ကြပါတယ်။ နှလုံးရောဂါနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ရင်ဘတ်အောင့်တာကို ကျွန်တော်တို့တွေက ဂရုတစိုက် သတိထားကြ ပါတယ်။ ဟာ့ခ်အတက်ခ် (Heart attack ) အန်ဂျိုင်နာ ( Angina ) နဲ့ ဟာ့ခ်ဘန်း ( Heart burn ) တို့မှာ ပထမနှစ်ခုက နှလုံးနဲ့သက်ဆိုင်ပြီး နောက်ဆုံးတစ်ခု ဟာ့ခ်ဘန်းကတော့ အစာအိမ်လမ်း ကြောင်းနဲ့ ဆက်နွယ်နေပါတယ်။

Heart Attack, Angina and Heart Burn

Heart attack (ဟာ့ခ် အတက်ခ်) ကတော့ နှလုံးကိုသွေးထောက်ပံ့ပေးနေတဲ့ သွေးကြောလေးတွေ ပိတ်တဲ့အခါ ခံစားရတဲ့ ရင်ဘတ်အောင့်မှုဖြစ်ပြီး Angina (အန်ဂျိုင်နာ ) ကတော့ အဲဒီသွေးကြော တွေက ကျဉ်းမြောင်းတဲ့အခါမှာရတဲ့ ရင်ဘတ်အောင့်မှုဖြစ်ပါတယ် ။ Heart burn (ဟာ့ခ်ဘန်း) ကတော့ နှလုံးနဲ့သက်ဆိုင်မှုမရှိဘဲ အစာအိမ်ထဲက အစာချေရည်အက်ဆစ်တွေက အပေါ်ဘက် အစာပြွန်ပေါ်ကို ပြန်တက်တဲ့အခါ ခံစားရတဲ့ ရင်ဘတ်ထဲက ပူနာနာ အောင့်တောင့်တောင့် ခံစား ရမှုဖြစ်ပါတယ် ။

အစာအိမ်ကလာတဲ့ ရင်ဘတ်ပူအောင့်မှုနဲ့ နှလုံးကလာတဲ့ ရင်ဘတ်အောင့်မှုက ခံစားရတာ အနည်း ငယ် ဆင်တူနိုင်ပါတယ်။ တကယ်လို့ နှလုံးကလာတယ်ဆိုရင် အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရ တဲ့အတွက် ဂရုပြုရပါမယ် ။ အရေးပေါ်ဆေးကုသမှုကိုလည်း ခံယူရပါမယ်။

Heart attack က ဘာလဲ ?

Heart attack ဆိုတာကတော့ နှလုံးကိုထောက်ပံ့ပေးတဲ့ နှလုံးသွေးကြောလေးတွေ ပိတ်ဆို့ရာ ကနေ ဖြစ်တာပါ ။ နှလုံးသွေးကြောတွေက နှလုံးကို အောက်ဆီဂျင်နဲ့ စွမ်းအင်တွေပေးတာဖြစ်ပါ တယ်၊ Heart Attack က နှလုံးရပ်တာအထိဖြစ်နိုင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဆရာဝန်တွေက " Acute Coronary Syndrome "လို့ တင်စားလေ့ရှိကြပြီး Heart Attack ရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ ရင်ဘတ်အောင့်တာက ဆွဲညှစ်ခံထားရသလို ဖိထားခံရသလို တင်း ကျပ်ပြီး အောင့်ပါတယ်။ လေးတဲ့ အလေးကြီးတစ်ခု ရင်ဘတ်ပေါ်ကို တင်ထားရသလိုမျိုး အောင့်တတ်ပါတယ်။နာလိုက်ပျောက်လိုက်ဖြစ်နိုင်ပြီး မိနစ်အနည်းငယ်ထက် ပိုကြာတတ်ပါတယ် ။ Heart attack အားလုံးက တူညီတဲ့ ရောဂါလက္ခဏာ မပြတတ်ပါဘူး ၊ အောင့်တဲ့နေရာက ရင်ဘတ်အလယ်တည့်တည့် ဒါမှမဟုတ် ရင်ဘတ်အလယ်နဲ့ ဘယ်ဘက်အခြမ်းကနေ နာတာ အောင့်တာတွေ့ရမှာပါ ။လက်မောင်း ၊ မေးရိုး နဲ့ ကျောဘက်တွေကိုလည်း အဲဒီနာကျင်မှုက ပျံ့နှံ့ နိုင်ပါတယ်။ တစ်ခါတလေ Heart Attack က ဒီပြင်တခြားသော လက္ခဏာတွေဖြစ်တဲ့ အေးစက် ခြင်း ၊ အသက်ရှုမဝခြင်း ၊ပျို့ အန်ခြင်း ၊ အားအင်ကုန်ခမ်းခြင်း ၊ ရီဝေဝေဖြစ်ခြင်းတို့နှင့် လည်း လာတတ်ပါတယ်။ ဆီးချိုရောဂါရှင်တွေက ရောဂါလက္ခဏာတွေကို သေချာခွဲခြား ခံစားနိုင်ခြင်း မရှိဘဲ မောပန်းသလိုခံစားရပြီး Heart attack ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ အစာမကျေသလို ခံစားချက်ကလည်း ဆီးချိုသမားတွေဆီမှာ Heart Attack ရဲ့ ရောဂါ လက္ခဏာလိုမျိုး ခံစားရတတ်ပါတယ်။

Angina ဆိုတာကရော ဘာလဲ ?

နှလုံးကိုသွားတဲ့ သွေးကြောလေးတွေကျဉ်းလာပြီး ခံစားရတဲ့ ရင်ဘတ်အောင့်ဝေဒနာပါ။ တဖြည်းဖြည်းကျဉ်းလာတဲ့အတွက် ပိတ်သွားနိုင်ပြီး Heart Attack ရနိုင်ပါတယ်။ အဲဒီတော့ Angina ရှိတဲ့သူတွေက ဆေးကိုကုသမှုစနစ်တကျ ခံယူသင့်ပြီး Heart Attack အတွက် သတိရှိနေရပါမယ်။ Angina မှာ ရင်ဘတ်အောင့်တာက နားလိုက်တဲ့အခါနဲ့ ဆေးသောက် လိုက်တဲ့အခါ သက်သာသွားရင် Stable anginaလို့ ခေါ်ပါတယ်။ Unstable Angina ကတော့ နှလုံးက သွေးရော အောက်ဆီဂျင်ရော ပြတ်လပ်လာတာမို့ Heart Attack ပိုဖြစ်နိုင်ပါတယ်။

Heart Burn ဆိုတာကရော ဘာလဲ ?

Heart Burn ဆိုတာက ရောဂါတစ်ခုဆိုတာထက် ရောဂါလက္ခဏာတစ်မျိုးသာလျှင်ဖြစ်ပါတယ်။ ရင်ပူလောင်တဲ့ ခံစားချက်မျိုးဖြစ်ပြီး အစာအိမ်ထဲက အစာချေရည်အက်ဆစ်တွေ အပေါ်ဘက် အစာပြွန်(oesophagus)ကို ပြန်လှန်ထွက်ခြင်းကြောင့် ခံစားရတာပါ။ Heart burn သည် နှလုံးရောဂါနဲ့ နှီးနွယ်ခြင်း မရှိပါဘဲ ဖြစ်တဲ့နေရာက ရင်ဘတ်မှာမို့ ရင်ဘတ်အောင့်တယ်လို့ အထင်မှားခံစားရတဲ့အခါလည်း ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်က အချွဲထုတ်ခြင်းခြင်းဖြင့် သူကိုယ်တိုင်က ထုတ်လုပ်တဲ့ အစာချေခြင်းမှာပါဝင်တဲ့အက်ဆစ်အစာချေရည်က သူ့ရဲ့ အနား သတ်အသားတွေ အတွင်းသားတွေကို တိုက်စားမသွားအောင်ကာကွယ်ပါတယ်။ အစာအိမ် မရောက်ခင် အစာပြွန် ( oesophagus) မှာတော့ ဒီအချွဲထုတ်တဲ့ လုပ်ဆောင်ချက် မရှိတာကြောင့် အစာအိမ်ထဲက အက်ဆစ်တွေ အကြောင်းကြောင်းကြောင့် အစာပြွန်ထဲကို ပြန်လှန်တက်တဲ့အခါ သူ့အနားသားတွေ အတွင်းသားတွေကို ထိခိုက်စေပါတယ်။ လူအများစုအတွက် ဒါက သိသာတဲ့ ခံစားချက်မျိးမဖြစ်စေပေမယ့် အက်ဆစ်ကိုခံစားလွယ်တဲ့ အာရုံကြောစနစ်ရှိသူတွေမှာ နာကျင်မှုကို ခံစားရပါတယ်။ အစာအိမ်ရဲ့အပေါ်ဘက် အစာပြွန်တလျှောက် ပူနေနာနေတတ်ပါတယ်။ Heart Burn ကိုပျို့အန်ချင်တာ လေပွ လေထတာစတဲ့ အစာအိမ်လမ်းကြောင်း ရောဂါလက္ခဏာတွေနဲ့ လည်း အတူတူတွဲပြီးခံစားရနိုင်ပါတယ်။

Heart burn နဲ့ Heat attack ကြားက ကွာခြားချက်များ

ရောဂါလက္ခဏာပေါ်မူတည်ပြီး Heart attack လား Heart burn လား ဆိုတာကတော့ ခွဲခြားဖို့ အနည်းငယ်ခက်ခဲတဲ့အတွက် ရောဂါလက္ခဏာအခြေခံတဲ့ ရောဂါနာမည်တပ်ခြင်းအပြင် စစ်ဆေး စမ်းသပ်ချက်တွေကိုလည်း မှီခိုရပြန်ပါတယ်။ ဆရာဝန်တွေကိုယ်တိုင်တောင်မှ သူတို့ကိုယ်တိုင် heart burn ဖြစ်တယ်လို့ ခံစားရလို့ ဆေးသောက်နေပေမယ့် မသက်သာလို့ စစ်ဆေးလိုက်မှ နှလုံးနဲ့သက်ဆိုင်နေပြီး Heart Attack ကို ဦးတည်နေတာမျိုးတွေ ကြုံဖူးတယ်လို့ ဆိုကြပါတယ်။

သေချာ အတိအကျ မဟုတ်ပေမယ့် Heart attack နဲ့ Heart Burn မှာအဓိကကွာခြားနိုင်တာတွေ ကတော့

Heart burn က အစာစားပြီးတဲ့အချိန်ရယ် လှဲလိုက်တဲ့ အချိန်ရယ်မှာ ပိုပြီးဆိုးပါတယ်။( Heart Attack ကလည်း အစာစားပြီး ဖြစ်နိုင်တယ်ဆိုပေမယ့် ) Heart burn ဆိုရင် အစာအိမ်က အက်ဆစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ ဆေးတွေသောက်လိုက်ရင် သက်သာပျောက်ကင်းပါတယ်။
Heart burn က အသက်ရှုကြပ်တာ လှုပ်လိုက်ရင် မောတာတို့ဖြစ်လေ့မရှိပါဘူး။ Heart burn ဆိုရင် လေချဉ်တက်တာ လေပွတာပိုဖြစ်လွယ်ပါတယ်။

Heart Attack အတွက် ကုသမှု

တကယ်လို့ Heart Attack လို့ ယူဆရရင်တော့ အရေးပေါ်ကုသမှုခံယူရမှာဖြစ်ပြီး နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ကုသရမှာဖြစ်ပါတယ်။ ECG နဲ့ နှလုံးခုန်နှုန်းတွေရဲ့ ပုံမမှန်ခြင်းကို ခြေရာခံနိုင်ပါ တယ်။EChocardiography ၊ Angiography ၊ X rays ၊ သွေးစစ်ခြင်းများနဲ့ လိုအပ်သော စစ်ဆေး ခြင်းများက Heart Attack ကို စစ်ဆေးဖော်ထုတ်နိုင်ပါတယ်။ Cardiac Catheterization ဆိုတာ ကတော့ ဆရာဝန်က လက်မောင်း သို့မဟုတ် ပေါင်ရဲ့သွေးကြောမှ စက်ရဲ့အကူအညီနဲ့ ဝင်ရောက်ကာ ကျဉ်းနေသော နှလုံးသွေးကြောကို ချဲ့ပေးသောကုသမှုတစ်မျိုးဖြစ်ပါတယ်။ ပိုက်ပျော့လေးက နှလုံးရဲ့ကျဉ်းနေသော သွေးကြောကို balloon ဖြင့် ချဲ့စေပြီး stent လို့ ခေါ်တဲ့ ပြွန်လေးထည့်ကျန်စေခဲ့ကာ သွေးကြောကိုကျယ်စေပါတယ်။ ဆေးဝါးကုသမှုတွင် Aspirin စသော သွေးကျဲဆေးများကလည်း သွေးကြောအတွင်း သွေးခဲဖြစ်ခြင်း ပိတ်ခြင်းများအန္တရာယ်ကို လျှော့ချ ပေးပါတယ်။ ရေရှည်အနေနဲ့ကတော့ Life Style changes အနေနဲ့ ဆေးလိပ် ၊ အရက်ကို ရှောင်ကြဉ်တာ ကျန်းမာရေးနဲ့ ညီသော အစားအသောက်များစားတာ လေ့ကျင့်ခန်းများလုပ်တာ တွေက နှလုံးကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

Heart Burn အတွက်ကုသမှု

Heart burn ဆိုတဲ့ ရောဂါလက္ခဏာမှ တဆင့်ရောဂါ ရှာဖွေတဲ့အခါမှာ ဆရာဝန်က သင့်ကို မေးပါ လိမ့်မယ် ။ ဘယ်အချိန်မှာနာတယ် ၊ ဘယ်လောက် မကြာမကြာမှာ နာတယ်၊အစာစားပြီးတဲ့အခါ ပိုဆိုးလား၊ လှဲအိပ်နေရင် ပိုဆိုးလား စသည်ဖြင့်ပါပဲ ။ ပြီးတော့ အစာအိမ်ထဲက အက်ဆစ်ကို လျှော့ချပေးတဲ့ ဆေးတွေက အလုပ်ဖြစ်သလားကြည့်ပါမယ်။ Endoscopy လို့ခေါ်တဲ့ မှန်ပြောင်း အသုံးပြုပြီး အစာရေမျိုပြွန်မှာ ထိခိုက်မှုရှိမရှိကို စစ်ဆေးလို့ရပါတယ်။ အစာရေမျိုပြွန်ရဲ့ pH ကို စမ်းသပ်ခြင်းဖြင့်လည်း acid ပမာဏကို တိုင်းတာလို့ ရပါတယ်။

ဆရာဝန်တွေက ရောဂါလက္ခဏာကိုကြည့်ပြီး ရောဂါနာမည်ကိုတပ်ပါလိမ့်မယ်။ ကုသမှုကိုတော့ ရောဂါကိုစမ်းသပ်မှုများနှင့် သေချာစေပြီး စတင်မှာ ဖြစ်ပါတယ်။

ခွန်းညိုသွေး
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ