Vaginal odor ဗဂျိုင်းနား အနံ့ဆိုးနေခြင်း


မေးခွန်းတခု ရတယ်။ မေးခွန်းခပ်ရှည်ရှည်မှာ အသက်လိုက်ရှာမတွေ့။ မပြောလိုကလည်းရ။ ဘလော့မှာ ဖတ်နိုင်။ မေးနည်းစည်းကမ်းမှာ လူအမည်မလို။

မေးနည်းစည်းကမ်းကို မသိလို့ အမှားပါသွားတာကို တောင်းပန်ပါတယ်ဆရာ။ အသက်ကတော့ ၂၅ နှစ် ရှိပါပြီ။ အိမ်ထောင် ရှိပါတယ်။ ကလေးလဲ ရှိပါတယ်ဆရာ။ ရာသီက ပုံမှန်ဖြစ်လေ့မရှိပါဘူး။ ၃ လခံတားဆေးတွေ ထိုးပြီးနောက်ပိုင်း အခုလို ရာသီမမှန်တော့ပါ။ လတ်တလောဖြစ်နေတာက မိန်းမကိုယ်က ထွက်သမျှအရာမှန်သမျှ အနံ့နံနေတာပါဆရာ။ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပြီး သန့်သန့်ရှင်းရှင်းနေပါတယ်။ အမျိုးသားလဲ သန့်ရှင်းပါတယ်ဆရာ။ အခုလို အရင်က မဖြစ်ဖူးပါဘူး။ အရင်ကဆို မိန်းမကိုယ်က ဘာအနံ့အသက်မှ မရှိပါဘူး။ ရောဂါတခုခုဖြစ်မှာကို စိုးရိမ်မိလို့ပါဆရာ။ Og နဲ့ ပြဖို့ကြတော့လဲ ခေါင်တဲ့ဒေသကို ရောက်နေလို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ အခုလို ဖြစ်နေတာ ၂ လ ကျော်နေပါပြီ ဆရာ။

မွေးလမ်းကြောင်းလို့ ယဉ်ယဉ်ကျေးကျေးခေါ်တဲ့ ဗဂျိုင်းနားဟာ တခြားကိုယ်ခန္ဓာနေရာအစိတ်အပိုင်းတွေလို ကိုယ်နံ့ အတူတူလောက်သာရတာက ပုံမှန်ဖြစ်တယ်။ အတွင်းပိုင်းမှာ လုံခြုံအောင် အထပ်ထပ်ဝတ်ထားရာနေရာဖြစ်လို့တော့ တခြားနေရာတွေထက် လှောင်ထားခံရတဲ့ အနံ့မျိုးတော့ ရနေနိုင်တယ်။ နောက်ပြီး အရွယ်ရောက်နေတဲ့ မိန်းကလေး၊ အိမ်ထောင်ပြုနိုင်တဲ့အရွယ်တွေဆိုရင် လိင်စိတ်ဖြစ်ပေါ်နေခိုက်ဆိုရင် ထူးခြားတဲ့အနံ့မျိုးလဲ ရနေနိုင်တယ်။ ဒိထက် ထူးနေတာမျိုးဆိုရင် အနံ့ဆိုးရနေတာ ဖြစ်ပါတယ်။

အနံ့တွေကို နာမဝိသေသနနဲ့ သေသေခြာခြာ ခွဲပြောလေ့ရှိရတယ်။ စိမ်းရွှေရွှေနံ့၊ ပုတ်သိုးသိုးနံ့ စသဖြင့်ရှိနိုင်တယ်။ မြန်မာလိုသာမကပါ အင်္ဂလိပ်လိုလဲ Fishy smell ငါးညှီနံ့လို့ခေါ်တာမှာတူတယ်။ Repugnant fishy vaginal odor ငါးညှီနံ့ရတယ်လို့ တိတိကျကျခေါ်တယ်။

ဗဂျိုင်းနားကနေ ထူးခြားတဲ့အနံ့မျိုးရနေတာနဲ့အတူ ယားယံတာ၊ အနေရခက်တာ၊ တခုခုဆင်းတောတွေနဲ့ပါ တွဲနေတတ်တယ်။ Bacterial vaginosis ဆိုးတာကနေ အများဆုံးဖြစ်ပါတယ်။ ဗက်တီးရီးယားဝင်နေရာကဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက တချို့ပိုးတွေကနေလဲ ဖြစ်စေနိုင်တယ်။

မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ပစ္စည်းကို မထုတ်ဘဲထားမိရင်လဲ ဖြစ်တတ်တယ်။ အနံ့ဆိုးက တော်တော်နဲ့ မပျောက်သေးရင် စိတ်ဖိစီးမှု ရှိလာတတ်တယ်။ လူတောသူတော တိုးဘို့ရာမှာ အခက်အခဲရှိလာနိုင်တယ်။

စာရင်းချလိုက်ရင် -
• Bacterial vaginosis အမျိုးသမီးအင်္ဂါရောင်ခြင်း
•Chlamydia ကဲလ်မီဒီးယား၊
• Gonorrhea ဂနိုးရီးယား၊
• Pelvic inflammatory disease (PID) အမျိုးသမီး တင်ပါးဆုံတွင်း အင်္ဂါများရောင်ခြင်း၊
• Trichomoniasis ထွိုင်ကိုမိုနီယေးဆစ် နဲ့
• Yeast infection ရိစ် ပိုးဝင်တာတွေဖြစ်ကြတယ်။

ဖြစ်တာရှားပေမဲ့ အနံ့ဆိုးရနိုင်တဲ့ရောဂါတွေကတော့ -
• Cervical cancer သားအိမ်ဝကင်ဆာ၊
• Rectovaginal fistula မွေးလမ်နဲ့ အစာဟောင်းလမ်း ပြွန်လမ်းဖြစ်ခြင်း၊
• Vaginal cancer မွေးလမ်းကြောင်းကင်ဆာ။

ဘာလုပ်ရမလဲ -
• အထက်မှာရေးထားတဲ့ ရောဂါရှိနေရင် ကုသပါ။
• တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေက ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့နေရာမှာ သူ့အမျိုးအစား ပိုးရှိနေတာက ကောင်းတယ်။ ရှိသင့်တဲပိုးတွေကို ရှင်းလိုက်ရင် မျှခြေပျက်မယ်။ ဥပမာ ဝမ်းပျက်နေတာကို မလိုအပ်ပဲ ပိုးသေဆေးပါတဲ့ ဝမ်းပိတ်ဆေး သောက်ရင် ခုခံစနစ် ကမောက်ကမဖြစ်မယ်။ ဗဂျိုင်းနားကို ပိုးသေဆေးနဲ့ ဆေးတာမျိုးကြောင့် မှို ဖန်းဂတ်စ်ပိုး ဝင်လာနိုင်တယ်။
• ဗဂျိုင်းနား-ဖလိုရာ ဆိုတာ သူ့ဖါသူရှိနေသင့်တဲ့ ပိုးတွေကိုခေါ်တယ်။ Microaerophilic bacteria ဗက်တီးရီးယားတွေ အများကြီးရှိတယ်။ Lactobacilli ဆိုတာတွေက အဓိကကျတယ်။ အကာကွယ်ပေးနေတဲ့ ပိုးမျိုးသာဖြစ်တယ်။ အက်စစ်ဓါတ်ကို ထိန်းပေးတယ်။ ဒါကြောင့် ဗဂျိုင်းနားကို လိုတာထက်ပိုပြီး ဆေးကြောရင် ဒီအက်စစ်ဓါတ်အခြေအနေ ပြောင်းသွားပြီး ပိုးသစ်တွေ ဝင်လာစေနိုင်တယ်။ အသစ်ဝင်တဲ့ပိုးတွေကို ရောဂါရစေတဲ့ပိုးတွေလို့ခေါ်တယ်။
• အလွန်အကျွံဆေးကြောခြင်း၊ Douching ဆေးဖြန်းပြီးဆေးကြောခြင်း၊ အဝတ်အစား တင်းကြပ်နေအောင် ဝတ်ဆင်ခြင်း၊ ဓါတုဆေးတွေ ဥပမာ အမွှေးအကြိုင်ပါတဲ့ဆေးကြောရည်၊ ပိုးသေဆေးဆပ်ပြာတွေ သုံးရာကနေ ဗဂျိုင်းနားရောင်တာ နဲ့ မှိုပိုးဝင်တာတွေဖြစ်စေနိုင်တယ်။
• ကိုယ်ဝန်တားနည်း၊ ဗဂျိုင်းနားထဲ ပစ္စည်းထည့်ထားတာ၊ အသွင်းအထုတ် လုပ်တာ၊ စအိုလမ်းနည်းကို ဗဂျိုင်းနားလမ်းနည်းနဲ့တွဲပြီး လိင်ဆက်ဆံတာ၊
• အိမ်ထောင်သည်တွေ (အတူနေသူတွေ) ဟာ အတူနေပြီးတဲ့နောက် ဆီးသွားတဲ့ အလေ့အကျင့် လုပ်သင့်တယ်။ ဗဂျိုင်းနာထဲကို အသစ်ဝင်လာတဲ့ ပိုးတွေက ဆီးလမ်းကို ရောက်လာမှာကို တားရာ ရောက်တယ်။ ဒါကြောင့် မင်္ဂလာဆောင်ကာစ သတို့သမီး အတော်များများမှာ ဟန်းနီးမွန်း ဆီးအောင်တာ ဖြစ်ကြရတယ်။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ