H1N1 ရာသီပြောင်းတုပ်ကွေး


ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ ပြင်းထန်တဲ့ H1N1 တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး၊ သံသယရှိသူတစ်ဦး ချင်းပြည်နယ်မှာ သေဆုံးသွားပြီလို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ပြင်းထန်တဲ့ ဒီရောဂါက အဆုပ်ယောင်တာကို ဖြစ်စေနိုင်ပြီး အသက်အန္တရယ်ကြီးတဲ့ ဒီ တုတ်ကွေးဗိုင်းရပ်အမျိုးအစား (A) ဟာ လေကတစ်ဆင့် အသက်ရှုလမ်းကြောင်းထဲကို ကူးစက်သွားတာပါ။ ဒီရောဂါပိုးရှိသူကနေ နှာချေး၊ ချောင်းဆိုးရာမှ ထွက်လာတဲ့ အရည်တွေဖြစ်တဲ့ နှာရည်နဲ့သလိပ်တွေကို နောက်တစ်ဦးက ရှုမိတာ၊ ဒါမှမဟုတ် ဒီ နှာရည်နဲ့ သလိပ်တွေကို ရောဂါရှိသူ လက်မှတဆင့် သူကိုင်တဲ့ တံခါးလက်ကိုင်၊ လှေကားစတာတွေကို နောက်တစ်ဦးက ကိုင်မိရာက သူ့နှာခေါင်း၊ပါးစပ်ကို သွားပွတ်မိတာကနေတဆင့် ကူးစက်ရတာပါ။

အခုလို မကူးစက်ရအောင် ကာကွယ်နိုင်ဖို့အတွက် ရောဂါရှိသူအနေနဲ့ နှာချေး၊ ချောင်းဆိုးရာမှာ လက်နဲ့ကာ အုပ်မဆိုးဘဲ၊ အဝတ်၊ လက်ကိုင်ပုဝါ၊ လက်သုတ်ပုဝါ၊ တစ်ရှုးစက္ကူတွေသုံးပြီး လက်ပြန်ဆေးသင့်ပါတယ်။ ဖြစ်နိုင်လျှင် ရောဂါရှိသူရော၊ ရောဂါကူးစက်မခံရသေးသူတွေပါ နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပေးတဲ့ နှာခေါင်းစည်း တပ်ထားသင့်ပါတယ်။ ဒါ့အပြင် ရောဂါကူးစက်တာ မခံရသေးသူတွေအနေနဲ့လည်း လက်ကို မကြာခဏဆေးတာ၊ တကိုယ်ရည်သန့်ရှင်းမှု ပုံမှန်လုပ်ပေးတာအပြင်၊ အခုလိုရောဂါ စဖြစ်ချိန်မှာ လူထူထပ်တဲ့ နေရာတွေကို ရှောင်ကျဉ်သွားလာသင့်ပါတယ်။

ဒီရောဂါဖြစ်လာခဲ့ရင်လည်း ကြိုတင်သိနိုင်တဲ့ ရောဂါလက္ခဏာတွေ ရှိပါတယ်။ ဒီရောဂါ အစပိုင်းမှာ အခြားတုပ်ကွေးတွေလိုပဲ ဖျားတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ တကိုယ်လုံးကိုက်တာ၊ လည်ပင်းနာတာ၊ အာသီးယောင်တာ စတာတွေ ဖြစ်လာပေမဲ့၊ အခြားတုတ်ကွေးတွေနဲ့ မထူဘဲ ထူးခြားတဲ့ အသက်ရှုကြပ်တာ၊ခက်ခဲတာ နဲ့ အဖျားကြီးပြီး သက်တမ်းကြာတာ၊ အော့အန်တာ၊ ဝမ်လျှောတာနဲ့ ဗိုက်အောင့်တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီရောဂါရဲ့  နောက်ဆက်တွဲ ပြင်းထန်တဲ့ အဆုပ်ယောင်တာနဲ့ ဦးနှောက်အမြှေးပါး ယောင်တာတွေ ဆက်ဖြစ်လာရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။

အခုလိုအသက်မဆုံးရှုံးအောင် အဖျား ရက်နဲနဲကြာသည်အထိ (၃-၄ ရက်) ပြန်မကောင်းလျှင်၊ အသက်ရှုရတာ ကြပ်လာ၊ ပိုခက်လာလျှင် ဒီရောဂါဖြစ်နိုင်တာကို သတိထားပြီး၊ အနီးစပ်ဆုံး ဆေးခန်း၊ ဆေးရုံတွေ ပြသင့်ပါတယ်။ ကုသမှုအနေနဲ့ အဖျားကြီးတာကို ချပေးတာနဲ့ အသက်ရှုကြပ်လာလျှင် အထူးကြပ်မတ်ကုသဆောင်မှာ စက်နဲ့ ထောက်ကူပေးတာတွေနဲ့ အသက်မဆုံးရှုံးအောင် ကုသပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာမင်းစိုးဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ