ကိုယ့်ကလေး သူ့ကလေး သွေးလွန်တုပ်ကွေး ကာကွယ်ပေး


သွေးလွန်တုပ်ကွေး အတွေ့အကြုံများ

အဖျား ရုတ်တရက် ကျသွားပြီး အေးစက်သွားရင်၊ မှိန်းနေရင်၊ အစာမစား၊ နို့မစို့၊ မကစားရင် ဆေးရုံကို အမြန်ပို့ရမယ်။ သွေးဖောက် စစ်ဆေးထားတဲ့ အဖြေတစ်ခုကလည်း ဒီထက်ပိုနည်းသွားရင်၊ သွေးလန့်တဲ့အဆင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်သွားရင် သုံးယောက်မှာ နှစ်ယောက်ပဲ ရတတ်တယ်။ ကလေး အထူးကု ဆရာဝန်ကြီးရဲ့ စကားကြားရတော့ ကျွန်တော်အတော်ပင် စိတ်မကောင်း ဖြစ်မိပါတယ်။ ဘုရား၊ ငါ့ကလေးရဲ့ ရောဂါပိုဆိုးလာရင် အသက်ရှင်နိုင်မယ့် အခွင့်အလမ်းက သုံးယောက်မှာ နှစ်ယောက်ဆိုတော့ ကြောက်စရာကြီး ဖြစ်နေပါလား။ ဘုရားတမိရင်း ဆရာဝန်ကြီး မှာကြားတဲ့အတိုင်း ဓာတ်ဆားရည် ချော့မော့တိုက်ရင်း၊ စောင့်ကြည့်နေရင်း က၊ နောက်နှစ်ရက်မှာ အဖျားကျသွားပြီး သက်သာသွားလို့ စိတ်အေးလက်အေး ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ စာရေးသူ ယာယီတာဝန်နဲ့ ရန်ကုန်မြို့ကို ဆယ်ရက်ရောက်နေခိုက်မှာ ရှစ်ရက် တိတိ ဆေးခန်းကို နေ့တိုင်းပြေးခဲ့ရပြီး အချိန်များ စွာကုန်ခဲ့ရပါတယ်။ ဒီထက်ပိုပြီး ဆေးရုံတက်ခဲ့ ရရင်တော့ ဆေးကုသစရိတ်၊ ဆေးရုံစရိတ်တွေအပြင်၊ အချိန်များစွာ ထပ်မံကုန် ရမှာ ဖြစ်ပါတယ်။ ဒါဟာသွေးလွန်တုပ်ကွေး လူနာကလေးငယ် တစ်ဦးအတွက် ကုန်ကျရမှုပဲ ဖြစ်ပါတယ်။ မိုးတွင်းကာလ ဆေးရုံတွေမှာ တက်ရောက်ကုသခဲ့ရတဲ့ ကလေးငယ်ပေါင်းများစွာ ဒီထက်ပိုပြီး အသက်ဆုံးပါးခဲ့ရင် ရင် ကျိုးမတတ်ခံစားရတဲ့ မိဘတွေရဲ့ ဆုံးရှုံးမှုများ စုပေါင်းလိုက်ရင်တစ်နှစ်၊ တစ်နှစ်အတွက် နိုင်ငံတော်မှာ ဆုံးရှုံးရမှု အတော်များမှာ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ကျန်းမာရေး ဟောပြောပွဲတွေ လုပ်နေတာတို့၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်များမှအစ ကလေးအ ထူးကု ဆရာဝန်ကြီးတွေ၊ ဆရာဝန်တွေ အမြဲပညာပေး၊ သ တိပေးနေလို့ သွေးလွန်တုပ်ကွေး ရောဂါဆိုတာတော့ လူတိုင်းလိုလို သိရှိကြပြီး ဖြစ်နေကြမှာပါ။ အခုလေး၊ ငါးနှစ်အ တွင်းမှာ မြို့တော်စည်ပင်ကလည်း နိုင်ငံခြားငွေ ဒေါ်လာ သန်းနဲ့ချီပြီး သွေးလွန်တုပ် ကွေးကာကွယ်ရေး ဆေးများဝယ်ယူပြီး ရောဂါကာကွယ်ရေး ဆောင်ရွက်ပေးနေပါတယ်။ သတင်းစာဂျာနယ်တွေမှာ သွေးလွန်တုပ်ကွေး နှိမ်နင်းရေးဆိုရင် စက်နှင့်ခြင်ဆေး ဖျန်းနေတဲ့ပုံတွေသာ အများဆုံး တွေ့ရပါတယ်။ ဒါတွေလုပ်နေလည်း ဒီမိုးတွင်း ရာသီတွေမှာ ကေ လးဆေးရုံ၊ ဆေးခန်းတွေမှာ ကလေးငယ်တွေ သွေးလွန်တုပ်ကွေး သံသယအဖြစ်နဲ့ နေ့စဉ်စမ်းသပ်ပေး၊ သွေး ဖောက်စစ်ဆေး ကုသပေးနေရတာတွေလည်း မနည်းပါဘူး။ အေ ကြာင်းမလှလို့ အသက်ဆုံးပါးခဲ့ရတဲ့ ကလေးငယ်များ အကြောင်း ကြားသိရရင်လည်း စိတ်မကောင်း ဖြစ်မိရတာတွေလည်း မကြာခဏပါပဲ။

ဒါပေမဲ့ သွေးလွန်တုပ်ကွေးရောဂါကတော့ မိုးတွင်းရောက်လာရင် အမြဲခေါင်းထောင်လာပြီး ကလေးငယ်တွေကို ဒုက္ခ ပေးရင်း၊ မိဘတွေကို သောကပေးရင်း အနိုင်ပိုင်းနေခဲ့တာ အဲဒီရောဂါ မြန်မာပြည်မှာစပြီး အခြေပြုခဲ့တဲ့ ၁၉၇ဝ ပြည့်နှစ် မှစပြီး ဒီနေ့၂ဝ၁၇ ခုနှစ်ဆိုရင်နှစ်ပေါင်း ၅ဝ ခန့်ရှိလာခဲ့ပါပြီ။ ယခင်ကတော့ သုံး၊ လေးနှစ်မှ တစ်ကြိမ်ရောဂါ ဖြစ်ပွားမှု ပိုများတတ်ပေမယ့် ယခုတော့ နှစ်နှစ်လျှင် တစ်ကြိမ်လောက်ကို ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း တွေ့ရှိ လာရပါတယ်။ ဘာကြောင့်သည်လို ဖြစ်ရတာလည်း ဆန်း စစ်ကြည့်တော့ ခြင်လောက်လမ်း နှိမ်နင်းရေးကို သေချာ ကြပ်ကြပ်မတ်မတ် မလုပ်နိုင်သေးတာကြောင့် ဆိုတာ သွားတွေ့နေရပါတယ်။

သွေးလွန်တုပ်ကွေး သဘောသဘာဝ

သွေးလွန်တုပ်ကွေး ရောဂါဆိုရင် လူအတော်များများက ခြင်ကိုက်ခံရလို့ ကူးစက်တာဆိုတာ သိရှိထားကြပါတယ်။ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဖုံး၊ သွန်၊ လဲ၊ စစ် ဆို လည်းကြားဖူးကြပါတယ်။ အချို့လည်း လုပ်ကြမှာပါ။ ဒါပေမဲ့ အားလုံး ညီညီညွတ်ညွတ်နဲ့ နှစ်စဉ်မိုးရာသီ တစ်ရာသီလုံးမှာ အပတ်စဉ် ပုံမှန်ခြင် လောက်လမ်း နှိမ်နင်းရေး အမြဲ လုပ်ကြမှသာ ရောဂါကာကွယ်ရာ ရောက်တယ်ဆိုတာကိုတော့ မသိနားမလည်တာရယ်၊ မသိကျိုးကျွံ ပြုနေတာရယ် ကြောင့် သွေးလွန်တုပ်ကွေးရောဂါက ဆက်လက် မင်းမူနေနိုင် တာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါဆိုတာ မိုးဦးကျနှင့် မိုးတွင်းကာလများတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်စေတတ်သော ဒင်ဂင်းဗိုင်းရပ်ပိုးကို သယ်ဆောင်ထားသည့် အေးဒီးခြင်ပုန်းခေါ် ခြင်ကျားအမများ၏ အကိုက်ခံရမှုကြောင့် အကိုက်ခံရ တဲ့ကလေးငယ်များတွင် ဖြစ်ပွားသော အဖျားရောဂါ အုပ်စုကို ခြုံ၍ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ယနေ့အချိန်တွင် မြန်မာ နိုင်ငံ အနှံ့၊ တောရော မြို့ပါမကျန် ဖြစ်ပွားနေပြီး သွေးလွန်တုပ်ကွေး မဖြစ်ပွားသေးသော နေရာအဖြစ် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်စပ်ကြားရှိ မြို့နယ်အချို့သာ ကျန်ရှိတော့ေ ကြာင်း သိရှိရသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် ရေ ကြည်၊ ရေသန့်များ အောင်းနေခြင်း၊ မိုးရေများ စုဆောင်းသိမ်းဆည်းလေ့ရှိသည့် မိုးဦးကျကာလ မေ၊ ဇွန်လများမှစ၍ မိုးတွင်းကာလများတွင် အဖြစ်များပြီး မိုးအကုန်အောက်တိုဘာ၊ နိုဝင်ဘာလများအထိ ဖြစ်ပွားလေ့ရှိပါတယ်။

တစ်ခါတစ်ရံ မုန်တိုင်းများကြောင့် မိုးတွင်းမဟုတ်သော်လည်း မိုးသုံးလေးရက် ဆက်ပြီးရွာကာ မိုးရေတင်ကျန်နေတတ် တဲ့အချိန်တွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ အများ အားဖြင့် အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ်ကလေးများ (မူကြိုနှင့် မူလတန်းအရွယ်)တွင် ပိုမိုဖြစ်ပွားလေ့ရှိသော်လည်း အသက်အငယ်ဆုံးအဖြစ် ၂၈ ရက်သား ကလေးငယ်တွင်ပင် ဖြစ် ပွားတတ်ကြောင်း တွေ့ရှိရပါတယ်။ ကလေးကြီးများတွင် အသက် ၁၃ နှစ်အရွယ်အထိ ဖြစ်ပွားတတ်ပါတယ်။ သက္က ရာဇ်၂ဝဝဝ ပြည့်နှစ်ခန့်မှစ၍ လက်တင် အမေရိက တိုက် တွင်သာ တွေ့ရှိရတတ်သည့် လူလတ်ပိုင်းနှင့် သက်ကြီးပိုင်း တွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါ ပုံစံမျိုးကို မြန်မာနိုင်ငံတွင် တွေ့ရှိလာနေရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို လေ့လာကြည့်ရင် (က)ဒင်ဂင်းဗိုင်းရပ်ပိုး၊(ခ) အေးဒီးခြင်ကျား၊ (ဂ) အကိုက်ခံရ သည့်ကလေးငယ်ဟူ၍ သုံးပိုင်း တွေ့ရှိရပါတယ်။ အကိုက်ခံ ရသည့် ကလေးငယ်များကို ခြင်ကိုက်ခံရမည့် ဘေးမှကာ ကွယ်ဖို့ ကျောင်းသွားရင် အင်္ကျီရှည်၊ ဘောင်းဘီရှည် ဝတ်ပေးခြင်း၊ခြင်မကိုက် လိမ်းဆေး လိမ်းပေးခြင်း၊ စာသင်ခန်းမှာ ခြင်ဆေးခွေ ထွန်းခြင်းစသည်တို့နဲ့ ကာကွယ်ပေးနိုင်ပေမယ့် ခြင်ဆေးခွေထွန်းခြင်းဟာ ရေရှည်အတွက် မသင့်လျော် ပြန်ပါ။ ကလေးငယ်ကို ခြင်မကိုက် လိမ်းဆေးလိမ်းပေးရင် လည်း လူကြီးတွေ မေ့သွားတဲ့နေ့နဲ့ လူကြီးတွေ မအားတဲ့ နေ့တွေဆိုရင် ခြင်အကိုက်ခံရမှာပါ။ ဒါကြောင့် ဒင်ဂင်းဗိုင်းရပ်ပိုးကို သယ်ဆောင်ထားတဲ့ အေးဒီးခြင်ကျားတွေကို က လေးငယ်များ ပတ်ဝန်းကျင်မှာ လုံးဝမရှိအောင် ရှင်းလင်းနှိမ်နင်း ထားခြင်းသည်သာ အကောင်းဆုံး ကာကွယ်ရေး ဖြစ်ပြီး ကုန်ကျစရိတ်လည်း နည်းပါးတဲ့အတွက် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ လုပ်ဆောင်ဖို့ အသင့်လျော် ဆုံးဖြစ်ပါတယ်။

ခြင်ကျားတွေရဲ့ သဘာဝ အားနည်းချက် အချက်သုံးချက်

အေးဒီးခြင်ပုန်းခေါ် ခြင်ကျားတွေသည် နှစ်မိုင် အကွာအဝေးအထိ ပျံသန်းနိုင်ကြသော်လည်း လူတွေနေတဲ့ ပတ်ဝန်း ကျင် ပေ ၃ဝဝ အကွာအဝေးအတွင်းမှာပဲ လှည့်လည်ပေါက်ပွား နေထိုင်လေ့ ရှိကြပါတယ်။ အပင်ပန်းခံပြီး ဝေးဝေးမပျံ သန်းတတ်ကြပါဘူး။ အေးဒီးခေါ် ခြင်ကျားများသည် မိုးရေအပါအဝင် ရေကြည်၊ ရေသန့်မှာပဲ ပေါက်ပွားကြပါတယ်။ ရွှံ့ ဗွက်ရေ၊ မြေကြီးရှိတဲ့ ရေကန်တွေ၊ ညစ်ပတ်နေတဲ့ ရေမြောင်းတွေထဲမှာ ပေါက်ပွားလေ့ မရှိပါဘူး။

ခြင်ကျားမများမှ ခြင်ဥတစ်ကြိမ် ဥလျှင် ဥကောင်ရေ ၁ဝဝဝ ခန့်အထိရေကြည်၊ ရေသန့်တွင် ဥချလေ့ရှိပြီး ခြင်ဥမှခြင် ကောင်အဖြစ် ပြောင်းလဲရန် အနည်းဆုံး ခုနစ်ရက်မှ ဆယ်ရက် အထိ ကြာမြင့်ပါတယ်။ သတိပြုရမှာကတော့ ခြင်ကျား မမှာ ရောဂါပိုး ပါရှိနေလျှင် ကျွန်တော်တို့ အိမ်နားတွေမှာ တွေ့မြင်နေရတဲ့ ခြင်ဥမှ ပေါက်လာတဲ့ ခြင်လောက်လမ်းတွေ ထဲမှာ ကိုယ့်ကလေးကို ဒုက္ခပေးမယ့် ရောဂါပိုးတွေ ပါလာပြီး ဖြစ်နေတတ်တယ် ဆိုတာပါပဲ။

ခြင်ကောင်ဖြစ်မှ တစ်ကောင်ချင်း လိုက်သတ်ဖို့ဆိုတာ မလွယ်ကူပါ။ ခြင်ပုန်းလို့ခေါ်တဲ့အတိုင်း ရှာလို့မလွယ်ကူပါ။ ဒါ ကြောင့် တစ်ပတ်တစ်ကြိမ်သာ ခြင်လောက်လမ်းကနေ ခြင်ေ ကာင်ပေါက်နိုင်တဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ကိုယ့်အိမ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ရေကြည်ရေသန့်တွေထဲမှာ ပေါက်ပွားနေတဲ့ ခြင်ကောင်အဖြစ် မပြောင်းလဲမီ၊ ခြင် လောက်လမ်း အားလုံးနှိမ်နင်းရေးကို တစ်ပတ်လျှင်တစ်ကြိမ်၊ သတ်မှတ်ထားတဲ့ နေ့တစ်နေ့ (ဥပမာ-အလုပ်နားတဲ့ စနေနေ့တိုင်း)မှာ အိမ်တိုင်း၊လူတိုင်းမှ ဆောင်ရွက် သွားကြမယ် ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ခြင်ကျားတွေသည် လူတွေနဲ့နီးတဲ့ ပေ ၃ဝဝ အတွင်းမှာသာ ကျက်စားလေ့ရှိတဲ့ အတွက် အခြားရပ်ကွက်က ခြင်ကျားများ အပင်ပန်းခံပြီး လာမကိုက်တတ်ကြပါ။ ရေကြည်မှာသာ ပေါက်ပွားလေ့ရှိတဲ့ အတွက် ရေမြောင်းပုပ်တွေထိုင်ရှင်း နေရန်လည်း မလိုပါ။ မိုးရေတွေ တင် မကျန်အောင် ရေစီးကောင်းအောင် လုပ် ပေးဖို့တော့ လိုပါတယ်။

ခြင်လောက်လမ်း နှိမ်နင်းခြင်း လုပ်ငန်းများ

ခြင်လောက်လမ်း နှိမ်နင်းခြင်း လုပ်ငန်းများတွင် အောက်ပါ အချက်များ ပါဝင်ပါတယ်-

(က) ဖုံး-မိမိအိမ်အတွင်း စုဆောင်းထားရှိသည့် ရေကြည်၊ ရေသန့် ထည့်ထားသော အိုး၊ခွက်၊ ရေတိုင်ကီများတွင် ခြင်ကျားများ လာရောက် ဥမဥနိုင်စေရန်အတွက် အဖုံးများ ဖုံးအုပ်ထားရန်။

(ခ) သွန်-မိမိအိမ်နှင့် ဝန်းကျင်တွင် ခြင်လောက်လမ်းများ တွေ့ရှိ၍ ရေပမာဏမှာ များပြားမှု မရှိပါက ရေအိုး၊ ရေစည်မှရေအားလုံးကို သွန်ပစ်ပြီး ပေါက်ပွားနေသော ခြင်လောက် လမ်းများကို ရှင်းလင်းပစ်ရန်။ မြေအိုး၊ စဥ့်အိုးများဖြစ်ပါက ခြင်ဥများ မကျန်ရှိစေရန် အုန်းဆန်၊ သပွတ်အူစသည်တို့နှင့် အိုးအတွင်း မျက်နှာပြင်ကိုပွတ် တိုက်ပစ်ရန်။

(ဂ) ခပ်-ခြင်လောက်လမ်း တွေ့ရှိသည့် ရေသည်ရေတိုင်ကီ၊ စဥ့်အိုးကဲ့သို့ ရေများပြီး ရေရှားပါးသော အရပ်ဖြစ်၍ ရေသွန်ပစ်ရန် မဖြစ်နိုင်ပါက ရေကိုဝဲဂယက်ပုံ ဖြစ်စေရန် အိုးအ တွင်းသို့ သစ်သားယောင်းမ၊ လှော်တက်ဖြင့် မွှေပေးပြီး အလယ်တွင်စုလာသော ခြင်လောက်လမ်းများကို ခပ်ထုတ်ပစ်ရန်(၎င်းကို ၃-၄ကြိမ် ပြုလုပ်ပေးရန်)။

(ဃ) စစ်-ဝဲဂယက်ကဲ့သို့ မပြုလုပ်နိုင်လျှင် ရေတိုင်ကီ၊ ရေအိုးအတွင်းမှ ရေကိုအခြားရေအိုး၊ ရေစည်အတွင်းသို့ ရေစစ်ခံ၍ လောင်းထည့်ခြင်းဖြင့် ခြင်လောက်လမ်းများကို ရှင်းလင်း ပစ်ရန်။

(င) လောင်း- နေအိမ်တွင် အစားအစာများ ထည့်သည့် ကြောင်အိမ်အတွင်းသို့ ပုရွက်ဆိတ်များ မတက်နိုင်ရန် ကြောင်အိမ် ခြေထောက်တွင် ရေထည့်ထားသည့် နို့ဆီခွက်၊ အင်တုံများ အတွင်းသို့ ဆား၊ အင်ဂျင်ဝိုင် အဟောင်းများ လောင်းထည့်ပြီး ခြင်လောက်လမ်း မပေါက်ပွားစေရေး ဆောင်ရွက်ရန်။

(စ) လဲ-ဘုရားပန်းအိုး၊ အလှပန်းအိုး၊ နတ်ပန်းအိုးများကို (အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ်) လဲလှယ်ခြင်းဖြင့် ခြင်ကျားများ ပေါက်ပွားခြင်းမှ ကာကွယ်ရန်။

(ဆ) မြှုပ်-နေအိမ်နှင့် ဝန်းကျင်တွင် ရေကြည်ရေသန့်၊ မိုးရေများ တင်ကျန်နိုင်သည့် အိုးခြမ်းပဲ့များ၊ နို့ဆီခွက်များ၊ တာယာအဟောင်းများ၊ ပလတ်စတစ် အချိုရည်ဘူးများရှိက မြေမြှုပ်ရှင်းလင်းရန်။

ခြင်အကိုက် မခံရရန် ကာကွယ်ခြင်း လုပ်ငန်းများ

ခြင်အကိုက် မခံရရန် ကာကွယ်ခြင်း လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(က) ထောင်-ခြင်ကျားသည် နေ့ခင်းပိုင်းမှာသာ ကိုက်လေ့ရှိတဲ့အတွက် ကလေးများ နေ့လယ်ပိုင်း အိပ်လျှင်ခြင်ကျား အကိုက်မခံရရေးအတွက် ခြင်ထောင်(သို့မဟုတ်) ဆေးစိမ်ခြင်ထောင်ဖြင့် သိပ်ရန်။ (ခြင်ကျားသည် နံနက်နေထွက်ပြီး နှစ်နာရီနှင့် ညနေ နေမဝင်မီ နှစ်နာရီအတွင်းမှာသာ အများဆုံး ကိုက်လေ့ရှိပါတယ်။)

(ခ) ဖွင့်-နေအိမ်တွင် လူရှိနေပါက နေ့လယ်ပိုင်းတွင် ပြတင်းပေါက်များ ဖွင့်ထားခြင်းဖြင့် အလင်းရောင် ကောင်းစွာရရှိစေပြီး ခြင်ကျားများထွက်၍ မကိုက်စေရေး ဆောင်ရွက်ရန်။

(ဂ) ရှင်း-နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများအား ရှင်းလင်းသပ်ရပ်စွာ သိမ်းဆည်းထားရန်၊ အိမ်ပတ်ဝန်းကျင်တွင် မလိုလားအပ်သော ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလ င်းခြင်းဖြင့် ခြင်ကျားများ အလွယ်တကူခို အောင်းပြီး မိမိနေအိမ်အတွင်းသို့ မဝင်ရောက်စေရေး ဆောင်ရွက်ရန်။

(ဃ) မှုတ်- ခြင်ကောင်များအား နှိမ်နင်းရန်အတွက် ဆေးဖျန်းဆေးမှုတ် အဖွဲ့များ လာရောက် ဆေးမှုတ်ပါက အိမ် တိုင်းစေ့ ခြင်သတ်ဆေး မှုတ်နိုင်အောင် ဝိုင်းဝန်းကူညီခြင်းဖြင့် ခြင်ကျားများအား နှိမ်နင်းရန်။

မိမိတို့နိုင်ငံ၏ အနာဂတ် မျိုးဆက်များအား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုမရှိစေရေး ဆောင်ရွက် ကြပါစို့လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

မြတ် (ပြည်သူ့ ကျန်းမာရေး)
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ