Clomiphene မျိုးဥထွက်ဆေး


၁။ ဆရာရှင့် အမျိုးသားက ၃၇၊ ကျွန်မက ၄ဝ ပြည့်ပါပြီရှင့်။ အိမ်ထောင်သက်က ၁ နှစ်နဲ့ ၇ လကျော်ပါပြီ။ ၂၀၁၆ ၇ လပိုင်းမှာ ကိုယ်ဝန်းရှိပြီး ၁၀လပိုင်းမှာ ပျက်သွားပါတယ်ရှင့်။ ဆရာဝန်ညွန်ကြားသည့်အတိုင်း သားဥကြွေဆေး ၄ ခါသောက်ဖူးပါပြီ။ သားဥကြွေဆေးက တသက်မှာ ၆ ခါထက်ပိုမသောက်ရဘူးဆိုတာ ဟုတ်ပါသလားရှင်။ ရာသီလာတိုင်း သားဥကြွေပါသလားရှင်။ ယခုထိကိုယ်ဝန်ပြန်မရသေးလို့စိတ်ပူတာပါရှင်။ ထိုးဆေး တားဆေးဘာမှမသုံးဖူးပါ။ ဘယ်လို ထပ်ကြိုးစားရပါမလဲရှင်။ ဆရာထံမှအကြံပေးစေလိုပါတယ်ရှင်။ ကျွန်မရဲ့ဆေးမှတ်တမ်းတွေပါ ကြည့်ပေးစေလိုပါသည်။ ဆရာအကြံကိုစောင့်နေပါမယ်ရှင်။ အမှားများပါလျှင်ခွင့်လွတ်ပါရှင်။ တောင်းပန်ပါတယ်။ ဆရာသက်ရှည်ကျန်းမာပါစေရှင်။

၂။ မင်္ဂလာပါဆရာ ကျွန်မအသက် ၂၂နှစ်၊ တားဆေးသောက်တာနှစ်နှစ်ကျော်၊ ဆေးဖြတ်တာ ၇လရှိပါပြီ။ မျိုးဥကြွေဆေးက ရာသီလာပြီးဘယ်နှစ်ရက်နေရင် သောက်ရမလဲဟင်ဆရာ။ မျိုးဥကြွေဆေး တံဆိပ်လေးကိုပါ ညွှန်ပေးပါ။ ကျေးဇုးတင်ပါတယ်။

၃။ ဆရာ ကျမ အသက် ၃၁ ပါ။့ ကပါ။ ဆရာ မျိုးဥကြွေဆေးပို့ပေးတဲ့သူပါ။ သောကြာနေ့မှာ ဆေးစသောက်မှာပါရှင့်။ အစားစားပြီးသောက်ရမလား၊ သောက်ပြီးမှ အစာစားရမလား ဆိုတာပါဆရာ။ တခြား လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်တွေလည်း သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။

ရာသီလာတိုင်းတော့ မျိုးဥထွက်ချင်မှ ထွက်တယ်။ မျိုးဥထွက်အောင်လုပ်တဲ့ဆေး Clomifene ကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ နောက်ပိုင်းမှာ ကလေးရအောင် လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။

မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မျိုးဥထွက်စေအာင် လှုံ့ဆော်အားပေးတယ်။ ရာသီတလရဲ့ အစောပိုင်းရက်တွေမှာ ၅ ရက်ဆက်တိုက် သောက်စေတယ်။ ၃ လကနေ ၆ လအထိ ပေးတတ်တယ်။ ဆေးသောက်ရသူအတွက် အတိအကျ လိုအပ်မဲ့ ဆေးအဆကို ပြောမရလို့ ဆေးကို နောက်ပိုင်းမှာ တိုးတိုးပေးရတတ်တယ်။ Dose ကိုသိလာရရင် အဲဒီ Dose အတိုင်း ၃ လဆက်ပေးမယ်။ ၆ လနေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။

သဘာဝနည်းနဲ့ကလေးယူဘို့မှာ မျိုးဥမထွက်တဲ့အမျိုးသမီးတွေကိုဆေးပေးနည်းမှာ Clomid 50 mg တလုံးကို ရာသီဆင်းပြီးတာနဲ့ နေ့တိုင်း ၅ ရက်ဆက်တိုက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mg ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mg ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာသောက်ရင် ၅ ရက်လုံး မနက်မှာ သောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် ကလေး ပျက်ကျနှုန်း ပိုတော့များတာ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲလို မဟုတ်ပါဘူးလို့ ပြောလာတယ်။

Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ နှစ်မွှာကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ သုံးမွှာဆိုတာ ရှာမှရှားဖြစ်နိုင်တယ်။ ဆေးက ကလေးကိုဒုက္ခမပေးပါ။
ကလေးရအောင် လိုအပ်သေးတဲ့ အီစထိုဂျင်ဟော်မုန်း အနည်း-အများလဲ မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေ ထွက်ရာ Pituitary gland ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။

ဘေးထွက်ဆိုးကျိုးတွေ = နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုက်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးသုံးနိုင်တယ်။ လိုအပ်ရင် သုက်ပိုးကို သားအိမ်ထဲထည့်ပေးရမယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။

သုက်ပိုးနည်းနေတဲ့ယောက်ျားတွေကို Clomiphene 25mg ပေးတယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ အပြင်ကနေ သုက်ပိုးထည့်ပေးတာခံယူမဲ့ အမျိုးသမီးကို မျိုးဥတွေပွါးများလာအောင်လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

ကလေးမရသေးတဲ့စုံတွဲတွေ ဆေးစစ်တာတွေ စုံအောင်လုပ်ရမယ်။ ကျန်းမာရေး ရာဇဝင် ကျကျနနယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ သုက်ပိုးစစ်ဆေးမယ်။ Pituitary, Thyroid, and Adrenal function ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ Endometriosis သားအိမ်ရောဂါ မရှိတာစစ်မယ်။ ယောက်ျားမှာလဲ အပြစ်ကင်းနေမှသာ Clomiphene ဆေးနည်းသုံးတာဟာ စိတ်ချရတဲ့ နည်းလမ်းကောင်းလို့ သတ်မှတ်တယ်။ Clomifene ဆေးကို အားကစားလောကမှာ သုံးကြတယ်။ မသုံးရလို့ သတ်မှတ်ထားတယ်။

In vitro fertilization (IVF) or Gamete intrafallopian transfer (GIFT) နည်းပညာတွေသုံးပြီး မျိုးဥကို များစေ-ပွါးစေအောင် လုပ်ရသေးတယ်။ ဒီဆေးကနေ အဲလို အပြင်မှာ မျိုးစပ်ပြီးနောက် Intrauterine insemination or Artificial insemination သူ့ သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။
Clomiphene ဆေးကို တခြားဆေးတွေနဲ့လဲ တွဲပေးတတ်တယ်။ အမျိုးသမီးလူနာက အလွန်ဝပြီး Polycystic Ovary Syndrome (PCOS) ရောဂါလဲရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင် ချခိုင်းရမယ်။ Body mass index (BMI) ကျစအောင် အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းမယ်။ မရသေးရင် Insulin metabolism ကို ပြင်တဲ့ဆေး ပေးရမယ်။

ဆေးပေးပြီး အမျိုးသမီးရဲ့ မျိုးဥထွက်တာ၊ မျိုးဥရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးတာကို Clomiphene challenge test ခေါ်တယ်။ ဆေးကနေ မျိုးဥအိမ်က ထွက်ပေးနေတဲ့ (FSH) ဟော်မုန်းကို အားပေးလိမ့်မယ်။ ဆေးပေးပြီးနောက်ရက်မှာ သွေးထဲက FSH က အရင်လို ပုံမှန်ကိုပြန်ကျသွားတယ်ဆိုရင် (နော်မယ်) လို့ပြောနိုင်တယ်။ တကယ်လို့ မြင့်မားနေမယ်ဆိုရင်တော့ ဒီအမျိုးသမီးဟာ Ovarian reserve မျိုးဥအိမ်အလုပ် နည်းနေတယ်။ ဒီလို အမျိုးသမီးက Donor eggs သူများ လှူထားတဲ့ မျိုးဥကို သုံးရတော့မယ်။

Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ သုက်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီ Clomiphene ဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ Insemination procedure အပြင်ကနေ သုက်ပိုးထည့်ပေးခံမဲ့ အမျိုးသမီးကို မျိုးဥတွေ ပွါးများလာအောင် လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ