ရဲယိုအကြောင်း သိကောင်းစရာ


ရဲယိုသီးစားခြင်းအားဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းမှ မျိုးဗီဇများကိုကင်ဆာဆဲလ်အဖြစ်သို့ပြောင်းလဲမသွားရန် ဟန့်တားနိုင်ခြင်းစသည်များကို မြ၀တီစာဖတ်ပရိသတ်များသိရှိစေရန် ဒေါက်တာခင်မောင်လွင် (FAME)နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်-

မေး။ ရဲယိုသီးစားရင် ဒါမှမဟုတ် ရဲယိုသီးကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ဆေးတောင့်တွေ၊ ဖျော်ရည်တွေ အသုံးပြုရင်ကင်ဆာရောဂါဝေဒနာရှင်တွေအတွက် အကျိုးရှိနိုင်တယ်ဆိုတာ ဟုတ်ပါသလား၊ ဟုတ်တယ်ဆိုရင်လည်း ဘာကြောင့်မို့ အကျိုးရှိတယ်
ဆိုတာ သိပါရစေ။

ဖြေ။ မှန်ပါတယ်။ ရဲယိုသီးကို အသီးအတိုင်းအစိမ်းစားလို့ပဲဖြစ်ဖြစ်၊ ပိုပြီးစားလို့ကောင်းအောင် ထန်းလျက်၊ သကြား၊ ကြံသကာစတဲ့သရေစာနဲ့ရောပြီးစားလို့ပဲဖြစ်ဖြစ်၊ ရဲယိုသီးကို စနစ်တကျ အဆီအနှစ်ထုတ်ပြီး ဖျော်ရည်အနေနဲ့ပဲဖြစ်ဖြစ်၊ ပျားရည်နဲ့ရောပြီးရဲယိုပျားရည်အနေနဲ့ပဲဖြစ်ဖြစ်၊ ရဲယိုဆေးတောင့်အနေနဲ့ပဲဖြစ်ဖြစ် အသုံးပြုမယ်ဆိုရင်ကင်ဆာရောဂါ ကာကွယ်ရေးအတွက်သာမကကုသရေးမှာပါ အများကြီးအထောက်အကူပြုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ရဲယိုဟာ ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ကင်ဆာဆဲလ်ရဲ့ အသက်သွေးကြောတွေကို ဖြတ်တောက်ဟန့်တားနိုင်စွမ်းရှိပါတယ်။ ကင်ဆာဖြစ်စေနိုင်တဲ့
ဓာတ်ပစ္စည်းတွေကနေ မျိုးဗီဇတွေကို ကင်ဆာဆဲလ်အဖြစ်မပြောင်းလဲ သွားအောင် ဟန့်တားထားနိုင်ပါတယ်။ သူ့မှာ အင်တီအောက်ဆီးဒင့်အာနိသင်ရှိပါတယ်။ ကင်ဆာဆဲလ်တွေသူ့ အလိုလိုသေဆုံးခြင်းဖြစ်အောင် လှုံ့ဆော်နိုင်စွမ်းရှိပါတယ်။ ရဲယိုသီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းတွေ
ကြောင့် ကင်ဆာလူနာအဖို့ ပိန်ချုံးမသွားအောင် ကာကွယ်ပေးပါတယ်။ကင်ဆာလူနာတွေမှာ အဓိကတွေ့ရလေ့ရှိတဲ့ နာကျင်မှုဝေဒနာတွေကနေ သက်သာအောင်ပြုလုပ်ပေးပါတယ်။ စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှုဒဏ်တွေကို သက်သာအောင် ဆောင်ရွက်ပေးပါတယ်။ အနာကျက်မြန်အောင် ခန္ဓာကိုယ်မှာ ချို့ယွင်းမှုတွေကို ပြန်ကောင်းအောင်ပြုလုပ်ပေးပါတယ်။ ကင်ဆာရောဂါအတွက်အသုံးပြုတဲ့ အနောက်တိုင်းဆေးဝါးတွေကိုပိုမိုအစွမ်းအာနိသင်ထက်မြက်အောင် ကူညီပေးပါတယ်။ ဒါတွေဟာ ရဲယိုသီးမှီဝဲရင်ရနိုင်တဲ့ ကင်ဆာလူနာတွေအတွက် အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။

မေး။ ရဲယိုက ခုခံအားတက်အောင်လုပ်ပေးတာတော့ ဟုတ်ပါပြီဆရာ။ ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ ကင်ဆာရောဂါကရောဘယ်လိုများဆက်စပ်ပြီး အကျိုးရှိတယ်လို့ ပြောရတာပါလဲဆရာ။

ဖြေ။ Immune System လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဟာ သာမန်လူတွေမှာအရေးကြီးသလိုကင်ဆာလူနာတွေအတွက်ပိုလို့အရေးကြီးပါတယ်။ခန္ဓာကိုယ်ရဲ့တစ်နေရာမှာ ကင်ဆာဆဲလ်တစ်ခု စဖြစ်ပြီဆိုတာနဲ့ခန္ဓာကိုယ် ခုခံအားစနစ်က အရင်ဆုံးသိပါတယ်။ ဒါပုံမှန်မဟုတ်ဘူး။ abnormal cellအနေနဲ့ သတ်မှတ်ပြီး တစ်ခါတည်းအပြတ်ချေမှုန်းပါတယ်။ အဲဒီအခါမှာ ကင်ဆာဆဲလ်ဟာ သေဆုံးသွားတဲ့အတွက်ကင်ဆာဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ခန္ဓာကိုယ်ခုခံအားစနစ် အားနည်းနေခဲ့ရင် ကင်ဆာဆဲလ်ကို မတိုက်ခိုက်၊ မဖျက်ဆီးနိုင်လို့ကင်ဆာဆဲလ်တွေ ပွားများဖို့ အခွင့်အလမ်းရပါတယ်။ အဲဒီလို ပွားများလာတာနဲ့အမျှ
ခန္ဓာကိုယ်ခုခံအားစနစ်ကိုပါ ကင်ဆာဆဲလ်ကတိုက်ခိုက် ဖျက်ဆီးလာပါတယ်။ အထူးသဖြင့်သွေးကင်ဆာတို့လို ကင်ဆာမျိုးဆိုရင် ခန္ဓာကိုယ်ခုခံအားစနစ်ရဲ့ဆဲလ်တွေကို အဓိကထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီထဲအထိပါတိုက်ခိုက်ဖျက်ဆီးလို့ ခုခံအားပိုမိုကျဆင်းပြီးလူနာလည်း ကြာရှည်မခံ ဖြစ်ရပါတယ်။
ရဲယိုသီးစားရင် ပါဝင်တဲ့ဓာတ်ပစ္စည်းတွေဟာခုခံအားစနစ်ကို တိုးတက်အောင် ပြုလုပ်ပေးတဲ့အတွက် ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်စွမ်း ရရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ရဲယိုသီးစားတဲ့ကင်ဆာဝေဒနာ ရှင်ဟာ ရဲယိုမစားတဲ့သူထက် ပိုပြီးသက်တမ်းရှည်စွာနေရမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ခုခံအားစနစ်ကောင်းနေတဲ့အတွက် Secondary infection လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးတွေ၊ဗိုင်းရပ်ပိုးတွေ အလွယ်တကူ ၀င်ရောက်မလာနိုင်ဖို့ကိုလည်း တားဆီးပေးနိုင်ပါတယ်။

မေး။ ကင်ဆာဆဲလ်တွေရဲ့ အသက်သွေးကြောကို ဖြတ်တောက်ဟန့်တားနိုင်စွမ်းရှိတယ်ဆိုတာနဲ့ပတ်သက်လို့လည်း အသေးစိတ် ရှင်းပြပေးပါဦးဆရာ။

ဖြေ။ သာမန်ဆဲလ်တွေ ရှင်သန်ပွားများဖို့သွေးကြောလေးတွေကနေ တစ်ဆင့် အာဟာရဓာတ်လိုအပ်ပါတယ်။ အလားတူ ကင်ဆာဆဲလ်မှာလည်း အာဟာရဓာတ်လိုပါတယ်။သူက ရိုးရိုးဆဲလ်ထက် ပိုပြီးလိုတဲ့အတွက်သာမန်သွေးကြောလေးတွေနဲ့ မလုံလောက်တော့ဘဲ သွေးကြောအသစ်တွေ ထပ်မံပြုလုပ်
ဖန်တီးရပါတယ်။ ဒါမှသာ သူလိုချင်တဲ့အာဟာရဓာတ်တွေပြည့်ပြည့်၀၀ရပြီး ဆဲလ်တွေတိုးပွားလာမှာ ဖြစ်ပါတယ်။ ရဲယိုစားရင် ကင်ဆာဆဲလ်အတွက် အာဟာရထောက်ပံ့ပေးမယ့် သွေးကြောတွေမတည်ဆောက်နိုင်တော့ပါ။ အဲဒီအခါမှာ ကင်ဆာဆဲလ်ဟာ အာဟာရပြတ်ပြီး သေဆုံးကုန်မှာဖြစ်ပါတယ်။

မေး။ ရဲယိုဟာ မျိုးဗီဇပြောင်းလဲစေတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေပေါ်မှာရော ဘယ်လိုများ အကျိုးသက်ရောက်ပါသလဲဆရာ။

ဖြေ။ Carcinogen ဆိုတာ ကင်ဆာဖြစ်စေနိုင်သော ဓာတ်ပစ္စည်းတွေကို ခေါ်ဆိုတဲ့ဝေါဟာရတစ်ခုဖြစ်ပါတယ်။ ဘယ်ပစ္စည်းမဆို အထူးသဖြင့် ဓာတုဗေဒပစ္စည်းတစ်ခုဟာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုရင် သူ့ကို Carcinogenလို့ ခေါ်ပါတယ်။ ဥပမာ ငရုတ်သီးခြောက် မှိုတက်ရင် ပါဝင်နိုင်တဲ့ မှိုဆိပ်ဟာ Carcinogen တစ်မျိုးဖြစ်ပါတယ်။ဒီ Carcinogen တွေဟာ ကျွန်တော်တို့ရဲ့ဆဲလ်ထဲမှာရှိတဲ့ DNA ကို တိုက်ခိုက်ပူး
ပေါင်းပြီး Carcinogen-DNA adduct ဆိုပြီးပြုလုပ်ပါတယ်။ မျိုးရိုးဗီဇ DNA နဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogen တို့ပူးတွဲထားတဲ့မော်လီကျူးတစ်ခုဖြစ်ပါတယ်။ DNA ဆိုတာအငြိမ်မနေပါဘူး။ ဖြစ်လိုက်၊ ပျက်လိုက်ပွားများလိုက် အမြဲဖြစ်နေတာပါ။ ပုံမှန် DNAကနေပွားများရင် ပုံမှန်ဆဲလ်တွေပဲ ထုတ်မှာဖြစ်ပေမယ့် Carcinogen-DNA adduct ကနေ ပွားများခဲ့ရင်တော့ ပုံမှန်မဟုတ်တဲ့ကင်ဆာဆဲလ်တွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရဲယိုမှာပါတဲ့ ဓာတ်ပစ္စည်းတွေဟာ Carcinogen နဲ့ DNA တွေ ပူးပေါင်းပြီး ပွားမလာအောင် ဟန့်တားပေးနိုင်စွမ်းရှိပါတယ်။

မေး။ ရဲယိုမှာ အင်တီအောက်ဆီဒင့်တွေပါတယ်ဆိုတော့ ကင်ဆာ ရောဂါဝေဒနာတွေအတွက် ဘယ်လိုမျိုး အကျိုးရှိနိုင်တယ်ဆိုတာလဲ သိပါရစေ။

ဖြေ။ လူအများကြီးကို မေးမြန်းလေ့လာ သုတေသန ပြုလုပ်ချက်တွေအရ ဟင်းသီးဟင်းရွက်စားသုံးမှုနဲ့ ကင်ဆာရောဂါဟာ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။ ဟင်းသီးဟင်းရွက်စားတာများလေလေ ကင်ဆာဖြစ်ပွားနှုန်း လျော့နည်းလေလေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာရောဂါကိုဟန့်တားနိုင်တဲ့ အင်တီအောက်စီဒင့်တွေကြွယ်ဝစွာ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။
ရဲယိုဟာလည်းပဲ အင်တီအောက်စီဒင့်တွေကြွယ်ဝစွာပါတဲ့ သဘာဝသစ်သီးတစ်ခု ဖြစ်ပါတယ်။

မေး။ ရဲယိုဟာ ကင်ဆာဆဲလ်တွေကို ဘယ်နည်းဘယ်ပုံသေဆုံး စေတာပါလည်းဆရာ။

ဖြေ။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဆဲလ်တိုင်းဟာ ဖြစ်ပြီးရင် ပျက်ရပါမယ်။ အဲဒီလိုပျက်စီးဖို့ စနစ်တကျ အစီအစဉ်ရေးဆွဲပြီးဖြစ်ပါတယ်။ ဒါကို Program cell death လို့ခေါ်ပါတယ်။ ဆေးပညာဝေါဟာရအနေနဲ့တော့ Apoptosis လို့ ခေါ်ပါတယ်။ကင်ဆာဆဲလ်ဆိုတာ ဆဲလ်ဟာသေဆုံးခြင်းမရှိဘဲအဆက်မပြတ် ပရမ်းပတာ ပွားများလာခြင်းကို ဆိုလိုတာပါ။ ရဲယိုမှာပါဝင်တဲ့ Damnacanthal ဓာတ်ပစ္စည်းဟာ Apoptosis ကိုအားပေးတဲ့အတွက် ကင်ဆာဆဲလ်တွေသေဆုံးခြင်းကို ဖြစ်စေပါတယ်။

မေး။ ရဲယိုဟာ ကင်ဆာကြောင့် ပိန်ကျသွားတာမျိုးမဖြစ်အောင် ဘယ်လိုများ အထောက်အကူပြုပါသလဲ။

ဖြေ။ ကင်ဆာဝေဒနာရှင်တွေဟာ တဖြည်းဖြည်းနဲ့ပိန်လာပြီး နောက်ဆုံးမှာ အရိုးပေါ်အရေတင်တဲ့အဆင့်အထိ ဖြစ်လေ့ရှိပါတယ်။ ဒါကိုMalignant cachexia လို့ ခေါ်ပါတယ်။အဓိကကတော့ ကျွန်တော်တို့စားသမျှ အစားအစာတွေဟာ ပုံမှန်ဆဲလ်အကောင်းတွေကိုမရောက်ဘဲ ကင်ဆာဆဲလ်တွေဆီကိုသာရောက်သွားလို့ ဖြစ်ပါတယ်။ ရဲယိုမှာပါတဲ့ Xeronine ဟာ ဆဲလ်တစ်ခုချင်းစီမှာရှိတဲ့ အာဟာရဓာတ်စုပ်ယူမှုကို အားပေးပါတယ်။ ဒါကြောင့် ဆဲလ်တိုင်းဟာ အာဟာရဓာတ်တွေ ကောင်းစွာစုပ်ယူနိုင်လို့ အာဟာရ
ချို့တဲ့မှု မဖြစ်အောင် ကာကွယ်ပေးရာရောက်ပါတယ်။ ဒါ့အပြင် ရဲယိုကိုယ်၌မှာလည်းပိုတက်ဆီယမ်အပါအ၀င် ကျန်အာဟာရဓာတ်တွေ များစွာပါလို့ အာဟာရဓာတ်ဖြည့်တင်းပေးရာမှာ များစွာအထောက်အကူပြုပါတယ်။

မေး။ ရဲယိုဟာ ကင်ဆာကြောင့်နာကျင်ကိုက်ခဲမှုတွေ သက်သာစေနိုင်တာနဲ့ ပတ်သက်လို့လည်း ဆက်ရှင်းပါဦးဆရာ။

ဖြေ။ နာကျင်မှုဆိုတာ ရောင်ရမ်းမှုရဲ့လက္ခဏာဖြစ်ပါတယ်။ ဒီလိုရောင်ရမ်းလို့ခန္ဓာကိုယ်မှာ Prostagladin ဆိုတဲ့ ဓာတ်ပစ္စည်း ထွက်ရပါတယ်။ ဒီလိုထွက်ဖို့ Cyclooxygenase (COX) လို့ခေါ်တဲ့ အင်ဇိုင်းတွေကနေ ပြုလုပ်ပေးရပါတယ်။ COX အင်ဇိုင်းနှစ်မျိုးရှိရာမှာCOX 1 နဲ့ COX 2 လို့ အမည်ပေးထားပါတယ်။ COX 2 ဟာ အဓိက နာကျင်မှုကိုပေးပြီး COX 1 ကတော့ ဆဲလ်တွေရဲ့လုပ်ငန်းဆောင်တာကို ကူညီပေးတာဖြစ်ပါတယ်။ ရဲယိုမှာပါတဲ့ Xeronine ဟာ COX 2 ကို ဟန့်တားဖျက်ဆီးနိုင်လို့ နာကျင်မှုတွေသက်သာပျောက်ကင်းစေတာ ဖြစ်ပါတယ်။ဒါကြောင့် ရဲယိုကို Natural Selective COX2 Inhibitor လို့ ခေါ်ကြပါတယ်။

မေး။ ရဲယိုဟာ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုတွေ ခံစားနေတဲ့ လူနာတွေကိုဘယ်လိုများ အထောက်အကူပြုပါသလဲဆရာ။

ဖြေ။ ကင်ဆာဝေဒနာရှင်တွေဟာ သူ့ရဲ့ရောဂါကြောင့်ရော ကုသတဲ့ဆေးဝါးတွေကြောင့်ပါစိုးရိမ်ပူပင်မှုတွေ၊ စိတ်ညစ်ညူးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ ဖြစ်နေလေ့ ရှိပါတယ်။ ဒီလိုဖြစ်ရခြင်းဟာ သူတို့ရဲ့သွေးထဲမှာ Serotonin သို့မဟုတ် 5 hydroxy tryptamine လို့ခေါ်တဲ့ဓာတ်ပစ္စည်းလျော့နည်းသွားလို့ ဖြစ်ပါတယ်။
သူ့ကို happy chemical လို့လည်း ခေါ်ပါတယ်။ ရဲယိုစားရင် Serotanin ပိုထွက်စေလို့စိတ်ညစ်တာတွေကနေ သက်သာစေတာ
ဖြစ်ပါတယ်။

မေး။ ရဲယိုစားရင် အနာကျက်မြန်တာနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပါဦးဆရာ။

ဖြေ။ အနာတစ်ခုကျက်ဖို့ အာဟာရဓာတ်ကောင်းကောင်းလိုပါတယ်။ ရဲယိုမှာ အနာကျက်မှုကို အားပေးတဲ့ ဗီတာမင်တွေဖြစ်တဲ့ဗီတာမင်စီ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ အုပ်စုတွေ ပါဝင်တဲ့အပြင် သတ္တုဓာတ်တွေဖြစ်တဲ့ပိုတက်ဆီယမ်၊ ကယ်စီယမ်နဲ့ ဇင့်တွေပါဝင်ပါတယ်။ ဒါ့အပြင် အမိုင်နိုအက်စစ် ၁၇ မျိုး ပါဝင်နေပါသေးတယ်။ ကင်ဆာဆိုတာအနာတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာဖြစ်တဲ့မည်သည့်အနာမဆို ရဲယိုစားရင် မြန်မြန်ကျက်ဖို့ တစ်နည်းအားဖြင့် မြန်မြန်ကောင်းလာဖို့အထောက်အကူပြုပါတယ်။

မေး။ လောလောဆယ်အနောက်တိုင်းဆေးတွေ အသုံးပြုနေရတဲ့လူနာတွေအနေနဲ့ရဲယိုကို
အသုံးပြုဖို့သင့်၊ မသင့် သိပါရစေ။

ဖြေ။ အသုံးပြုနိုင်ပါတယ်။ အသုံးပြုဖို့လည်းတိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့အနောက်တိုင်းဆေးဝါးတွေရဲ့ အာနိသင်ထက်မြက်အောင်ရယ်၊ သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေ လျော့နည်းအောင်ရယ် လုပ်ပေးနိုင်လို့ ဖြစ်ပါတယ်။

မေး။ ဆရာ့အနေနဲ့ မြ၀တီစာဖတ်ပရိသတ်ကိုဘာများပြောချင်ပါသလဲ။

ဖြေ။ ရဲယိုဟာ ကင်ဆာရောဂါကာကွယ်ရေးမှာရော ကုသရေးမှာပါ အင်မတန်အစွမ်းထက်တဲ့ သဘာဝသစ်သီးတစ်ခု ဖြစ်ပါတယ်။စားလို့ရတဲ့အသီးဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းပါတယ်။အနောက်တိုင်းဆေးဝါးတွေနဲ့ ကုသတဲ့လူနာတွေအပါအ၀င် မည်သည့် ကင်ဆာအမျိုးအစားမဆို ရဲယိုကို သုံးဆောင်ပေးရင်အကျိုးရှိနိုင်ပါကြောင်း ပြောကြားလိုပါ
တယ်။ ။

ဒေါက်တာခင်မောင်လွင်(FAME)
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ