Liver cancer အသည်းကင်ဆာ


မင်္ဂလာပါဆရာရှင့် ပူးတွဲပါ ဖိုင်ကတော့ လူနာရဲ့ CT (Abdomen) Scan Result ဖြစ်ပါတယ်ဆရာ။ Result ပြပြီးတဲ့အချိန်မှာ သက်ဆိုင်ရာဆရာဝန်ရဲ့ မှတ်ချက်က Lymphomatic လို့ခေါ်တဲ့ သွေးကြောင့်ဖြစ်တဲ့ အကျိတ်ဆိုရင် ကုသခဲ့ပါက ပျောက်ကင်းနိုင်သည်။ သို့သော်လည်း HCC လဲ ဖြစ်နိုင်သည် ဟု ပြောကြားခဲ့ပါသည်။ ဖြစ်နိုင်ခြေ နှစ်မျိုးဖြစ်နေသည်လို့ ပြောနေပြီး ဆက်ကုသသင့် မကုသသင့်ကို လူနာရှင်အနေနဲ့ ဝေခွဲမရနိုင်ဘဲ ဖြစ်နေလို့ ဆရာ့အား မေးမြန်းရခြင်းဖြစ်ပါသည်။ CT Scan ရိုက်ထားသော ဖိုင်ကိုလည်း CD နဲ့ ထည့်ပေးထားသည့်အတွက် ဆရာ့ထံ နက်ဖြန်မှ ပို့ပေးလိုက်မည်။ ဆရာ့ ကျန်းမာကြောင်း မေတ္တာပို့သလျက် ရိုသေလေးစားစွာဖြင့်။

အသက်-ကျား-မ မသိ။ ဖြစ်နေတာ မသိ။ စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ကသာ သိပါမယ်။

ဆရာရှင့် CT Result ထောင့်လေးမှာ လူနာ၏ ဒေါ်ဘယ်သူ ဟု နာမည်နှင့်တကွ အသက်ကိုပါ ထည့်သွင်း ဖော်ပြထားပါသောကြောင့်လည်းကောင်း၊ မိမိမှာ လူနာရှင်ကိုယ်တိုင် မဟုတ်သည့်အတွက် ဆရာဝန် ပြောလိုက်သည်များကို ဆရာ့အားအဆင်ပြေပြေရှင်းပြမိရေး အလေးထားနေပါသောကြောင့် လည်းကောင်း အသက် ကျားမကို email cover တွင် ထည့်မရေးပေးမိခြင်းအား သည်းခံပေးပါရန် တောင်းဆိုအပ်ပါသည်။ ဆရာ့စာများအား အစဉ်တစိုက်ဖတ်ရှုနေသော သူတဦးအနေဖြင့် ထပ်မံတောင်းပန်အပ်ပါသည်။ အသက် ၅၃ နှစ်၊ အမျိုးသမီး။

မေးခွန်းမှာ အသက်-ကျား-မ ကိုအရင်ဆုံးသိချင်တယ်။ အဲတာမှ ဖတ်နေရင်း ဝါကျတကြောင်းဖတ်တိုင်း ဘာဖြစ်မလဲ မှန်းလို့ရတယ်။ ဆေးစစ်ချက်ဘာသာပြန်တာသာ မေးသူတွေကို မဖြေပါ။ အဲတာကြောင့် အခုမေးတာကိုလည်း ဆေးစစ်ချက်ကို အခုမှသာ ဖတ်တယ်။ အသည်းကင်ဆာဖြစ်နိုင်လို့တွေ့ရတယ်။ ဆောရီး။ ဆရာကတော့ အဲတာဖြစ်နေလို့ ပြောတာ မဟုတ်ပါ။

အသည်းကင်ဆာမှာ (၂) မျိုးကွဲရှိတယ်။ ကိုယ်ခန္ဓာထဲမှာ တနေရာရာမှာကင်ဆာဖြစ်လို့ အသည်းကို ပြန့်လာတာမျိုးနဲ့ နောက်တမျိုးက Hepatocellular carcinoma အသည်းမှာစဖြစ်တာ။

အသည်းကင်ဆာ ဘာလို့ဖြစ်သလည်း တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ Hemochromatosis နဲ့ Wilson's disease တို့လို မွေးကတည်းပါလာသူ၊ အရက်သောက်သူ၊ အသည်းရောင် ဘီ (သို့) စီကြောင့် နာတာရှည် အသည်းရောင်နေသူ၊ မျိုးရိုးအရဖြစ်တဲ့ Hemochromatosis ရောဂါရှိနေသူနဲ့ အသည်းခြောက်နေသူ၊ အသည်းအဆီများနေသူ၊ ဆေးလိပ်နဲ့ အရက်တွဲရင်လည်းဖြစ်သူများတယ်။ vinyl chloride နဲ့ arsenic လို ဓါတုပစ္စည်းတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အပင်မှို Aflatoxins ကနေ ဂျုံ၊ မြေပဲ၊ ဆန်၊ ပျောင်းစေ့တွေကို စွဲထာတာ စားမိရင် ဖြစ်စေနိုင်တယ်။ လူဝရင်၊ ဆီးချိုရှိသူ၊ L-carnitine ဓါတ် နည်းနေသူ၊ HIV/AIDS ရှိနေသူ၊ Anabolic steroid ခေါ် ကြွက်သား-ခွန်အားတိုး ဟော်မုန်းဆေး တာရှည်သုံးသူတွေ ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက်ပိုဖြစ်တယ်။

အသည်းကင်ဆာလက္ခဏာများ
ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ အစာအနံ့ရတာနဲ့ ရင်ပြည့်လာခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်လာခြင်း၊ အကြောင်းမသိဖျားခြင်း၊ ဗိုက်ညာဖက်အပေါ်ပိုင်းအောင့်ခြင်း၊ နာတာကလက်ပြင်ဆီတက်နာခြင်း၊ အသည်းကြီးလာခြင်း၊ ဘေလုံးကြီးလာခြင်း၊ ရေဖျင်းဖြစ်လာခြင်း၊ အသား-ဆီးဝါခြင်း၊ ဝမ်းအရောင်ဖျော့လာခြင်း။

Hepatoma အသည်းအကျိတ်
• Cirrhosis liver အသည်းခြောက်ရောဂါရှိနေသူတွေမှာ Hepatoma အသည်း-အကျိတ် ဖြစ်လာနိုင်တယ်။
• အတော်များများ ဘာမှမခံစားရဘူး။
• ၆ လတခါ Serum alpha fetoprotein သွေးစစ်တာ နဲ့ Ultrasound အသည်းကို (အာလ်ထွာဆောင်း) ရိုက်တာ လုပ်နေရမယ်။
• ရောဂါအဆင့်ကြည့်ကုသရမယ်။

အသည်းကင်ဆာကုသနည်းများ
ရောဂါဟုတ်-မဟုတ်စစ်မယ်၊ အဆင့်သတ်မှတ်မယ်။ ဘယ်လိုကုသနည်းရွေးမလည်းဆုံးဖြတ်မယ်။ လူနာ၊ ဆေးရုံအပေါ်မှာမူတည်ပြီးရွေးချယ်ရတယ်။ ခွဲစိတ်ဆရာဝန်၊ ဓါတ်ရောင်ခြည်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ အစာလမ်းအထူးကုဆရာဝန်၊ စတဲ့ နယ်ပယ်အလိုက် အထူးကုဆရာဝန်တွေကနေ စုပေါင်းဆုံးဖြတ်ကြတယ်။ တခါတလေ နည်းတခုကမကိုတွဲလုပ်ရတယ်။ လူနာအနေနဲ့လိုမယ်ထင်ရင် ဒုတိယအကြံရယူတာလုပ်နိုင်တယ်။

၁။ Surgery ခွဲစိတ်ကုသနည်းမှာ partial hepatectomy အသည်းတစိတ်တပိုင်းထုတ်ပေးတာနဲ့ liver transplant အသည်းအစားထိုးတာပါတယ်။
၂။ Tumor ablation အကျိတ်ကိုတခြားနည်းနဲ့ကျေစေနည်း၊
၃။ Tumor embolization အကျိတ်ကိုသွေးမလျှောက်စေနည်းလုပ်ပေးခြင်း၊
၎။ Radiation therapy ဓါတ်ကင်နည်း၊
၅။ Targeted therapy ပစ်မှတ်ထားကုသနည်း၊
၆။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Sorafenib ဆေးကို နောက်ပိုင်းအဆင့် ဖြစ်သူတွေကို ပေးတယ်။
၇။ Freezing cancer cells (Cryoablation) အေးခဲနည်း၊
၈။ Heating cancer cells အပူပေးနည်း၊
၉။ Injecting alcohol into the tumor အယ်လ်ကိုဟောဆေး အကျိတ်ထဲထိုးနည်း၊
၁ဝ။ Injecting chemotherapy drugs into the liver ကင်ဆာဆေးအကျိတ်ထဲထိုးပေးနည်း၊
၁၁။ Targeted drug therapy ပစ်မှတ်ထားကုသနည်း။

အလားအလာ
အသည်းကင်ဆာဟာ အလားအလာမကောင်းတဲ့အမျိုးအစားရောဂါဖြစ်တယ်။ ဆောရီး။ လူနာ ၁ဝ% ကသာ ကင်ဆာကို စောစောသိကြတယ်။ အင်္ဂလန်မှာ ၃ဝ% ဟာ ရောဂါသိပြီးနောက် ၁ နှစ်အသက်ရှည်တယ်။ ၁ဝ% က ၅ နှစ်ရှင်တယ်။ တချို့နည်းနည်းပိုရှည်တယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွဲနေရင် ၃ လသာခံတယ်။ မြန်မာပြည်သားတွေ အသည်းကင်ဆာဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ