Colors for Health အရောင်တွေနဲ့ ကျန်းမာရေး


အနီရောင်ဟာ အင်အားရှိတယ်၊ ရှေ့ဆက်သွားနိုင် လုပ်နိုင်စွမ်းရှိတာကိုပြတယ်။ မျိုးပွါးစနစ်ကို လိုတာတွေပြည့်စေတယ်။ ဆဲလ်တွေဆီ သွေးပိုပြီး စီးလျှောက်တယ်။ အနီရောင်နဲ့ ဆိုင်တဲ့ ရောဂါတွေကတော့ သွေးအားနည်းရောဂါ၊ သွေးတိုး၊ သွေးဖိအားကျရောဂါနဲ့ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်တယ်။

လိမ်မော်ရောင်ကတော့ နှိုးဆွမှုကိုဖြစ်စေတယ်၊ စိတ်တက်ကြွမှုနဲ့ လုပ်ချင် ကိုင်ချင်စိတ်ကို ဖြစ်စေမယ်။ ဒီအရောင်နဲ့ ဆန့်ကျင်တာဖြစ်သူဟာ ကျောက်ကပ် ရောဂါတွေ၊ ဆီးအိမ်ရောဂါတွေ၊ အူမကြီး အလုပ်နည်းခြင်းတွေဖြစ်စေပါတယ်။ လိမ်မောင်ရောင်နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကတော့ အဆစ်နာ၊ လေးဘက်နာ၊ ဝမ်းချုပ်၊ အစာချေလမ်းရောဂါတွေ၊ ဘေလုံးရောဂါတွေ ဖြစ်ကြတယ်။

အဝါရောင်ဟာ စိတ်ကိုဖွင့်ထားခြင်း နဲ့ အသေးစိတ်ကိုစိတ်ဝင်ခြင်းကို ကိုယ်စားပြုတယ်။ အာရုံကြောကို အားပေးတယ်။ အသဲ၊ သည်းခြေအိတ်၊ သည်းခြေရည်၊ အစာခြေရည်ထုတ်တာကိုလဲ အားပေးတယ်။ အစာခြေလမ်းအလုပ်ကို အားပေးတယ်။ အဝါရောင်နဲ့ ဆန့်ကျင်တဲ့ ရောဂါတွေကတော့ အာရုံကြောရောဂါ၊ ကြွက်သားနဲ့ အာရုံကြော ဆက်စပ်တဲ့ရောဂါ၊ ဆီးချို နဲ့ ထုံးဓါတ် တင်ကျန်ရစ်ခြင်းတွေ ဖြစ်ကြတယ်။ အဝါရောင်နည်းခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကတော့ အဆစ်ရောင်၊ အစာမကျေ၊ အသဲမကောင်းခြင်းနဲ့ မှတ်ဥာဏ်နည်းခြင်းတွေ ဖြစ်ကြတယ်။

အစိမ်းရောင်ကတော့ ပတ်ဝန်းကျင်မှာ တည်ငြိမ်၊ ချောမွေ့ ပြီး မျှတနေတဲ့သဘောကို ကိုယ်စားပြုတယ်။ သဟာဇာတဖြစ်နေခြင်းဟာ အစိမ်းရောင်ရဲ့သဘောဖြစ်တယ်။ အဆိပ်အတောက်တွေ ဖယ်ရှားရေးကို အားပေးတယ်။ ကြွက်သားနဲ့ အရေပြား တည်ဆောက်ရေးကို ကောင်းစေတယ်။ ဆင်ပသက်တစ်အာရုံကြောစနစ်ကို ကောင်းစေတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေကုသရာမှာ အစိမ်းရောင်ကိုသုံးနိုင်တာတွေရှိတယ်။

ကျန်းမာရေးအတွက်ကောင်းတဲ့အရောင်တွေ
အရောင်ရှိတဲ့ အရည်၊ အဝတ်အစား၊ လက်ဝတ်ရတနာ၊ အလင်းရောင်တွေမှာ သူ့အစွမ်းနဲ့သူရှိကြတယ်။ ပြော့နုတဲ့အရောင်မျိုးဟာ ခေါင်းကိုက်နေတာ သက်သာစေမယ်။ ကိုယ်စိတ် ပေါ့ပါးစေမယ်။ တောက်ပတဲ့ အရောင်တွေကနေ ပျော်ရွှင်ချမ်းမြေ့မှုကိုပေးမယ်။ မွေးနေ့လိုအချိန်ကာလနဲ့ နေရာတွေမှာ အရောင်တောက်တောက်တွေ ဝတ်ဆင်ပြီး မီး ခပ်ဝါဝါထွန်းတာသဘာဝကျတယ်။ အာယုဗေဒဆေးကုနည်းမှာလည်း အရောင်အမျိုးမျိုးရှိတဲ့မီးရောင်သုံးပြီး ဆေးကုတာရှိတယ်။ အပြာနုနု ဒါမှမဟုတ် အစိမ်းနုနုအရောင်ဆိုတာ စိတ်တိုနေသူတွေ၊ စိတ်ပျက်လက်ပျက် ဖြစ်နေသူတွေကို ကုသရာမှာ သုံးတယ်။ အဝါရောင်၊ လိမ်မော်ရောင်နဲ့ ရွှေရောင်တွေကို စိုးရိမ်စိတ်ကဲနေသူတွေကို စိတ်တည်ငြိမ်စေဘို့သုံးတယ်။ အနီရောင်တောက်တောက်နဲ့ လိမ်မော်ရောင်တွေကိုတော့ စိတ်ဓါတ်ကျနေသူတွေကို ကုရာမှာသုံးတယ်။

အရောင်ရှိ သစ်သီးဝလံတွေ
• အရောင်အလိုက် ကျန်းမာရေးတန်ဘိုးမတူကြပါ။ အရောင်တွေများတဲ့ အသီအနှံတွေနဲ့ အသီးအရွက်တွေမှာ ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ ဖိုက်တိုနူထရိယင့်တွေပါတယ်။
• ခရမ်းချဉ်းသီးနီရဲရဲကနေ နှလုံးရောဂါအန္တရာယ်ကို နည်းစေမယ်။
• ပျောင်းဖူးရဲ့ အဝါရောင်ဟာ ကြွက်သားတွေရဲ့ အိုစာမှုဖြစ်စဉ်ကို တားပေးတယ်။
• အရောင်ရှိ အသီးအနှံတွေထဲမှာ နောက်တမျိုးပါနေတာက အင်တီအောက်စီဒင့်ဓါတ်ဖြစ်ပြီး သွေးကြောနံရံတွေ မာလာမှာကို တားနိုင်လို့ နှလုံးသွေးကြောရောဂါအတွက် ကောင်းကျိုးရစေမယ်။
• အဝါရောင်ရှိတဲ့ မုံလာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ဖယုံသီး၊ ဖရဲသီး၊ ပျောင်းဖူးတွေထဲမှာ ကရိုတီနွိုက်ဓါတ်ပါတယ်။ ကင်ဆာကို ဆန့်ကျင်စေတယ်။
• ဘရိုကိုလီမုံလာပွင့်အစိမ်းရောင်ထဲမှာ လူတိန်းဓါတ်ပါလို့ အမြင်စူးရှပြီး ကြည်လင်စေမယ်။

အရောင်နဲ့ ကျန်းမာရေး သတိပေးချက်များ
FDA အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ ARMS ပြောင်းပြန်သက်ရောက်မှု စောင့်ကြည့်စနစ်ဆိုတာ လုပ်ထားပါတယ်။ အစားအသောက်မှာ အရောင်စွဲလမ်းမှုကို ကွန်ပြူတာနဲ့ ဒေတာဘေ့စ်ပြုစုထားတာဖြစ်တယ်။ အစားအသောက်ထဲမှာပါတာတွေနဲ့ မတည့်ခြင်း အကြံပြုကော်မတီရဲ့ ၁၉၈၆ ထုတ်ပြန်ချက်ထဲမှာ

FD&C Yellow No. 5 အဝါရောင် နံပါတ် (၅) ကြောင့် လူ ၁ဝဝဝဝ မှာ တယောက်ထက် နည်းပြီး အင်ပြင်ထတာကိုဖြစ်စေပြီး တယောက်မှ ပန်းနာမဖြစ်ပါလို့ ပါတယ်။ “ပန်းနာထတာ၊ အလာဂျီရလို့ အင်ပြင်ထတာတွေဟာ ဟိုအသီး၊ ဒီအရွက်စားမိလို့ဆိုပြီး အလွယ်ထင်တာတွေ မမှန်ဘူး” လို့ ထောက်ပြလိုက်တာဖြစ်ပါတယ်။

Red No. 3 အနီရောင် နံပါတ် (၃) ကိုတော့ ၁၉၉ဝ ခုနှစ်မှာ လည်ပင်းကြီးအကျိတ် (ကင်ဆာ) ဖြစ်နိုင်တယ်ဆိုပြီး ညွှန်ကြားချက်အရမဟုတ်ဘဲ ရောင်းကုန်ကနေ ဖျက်သိမ်းလိုက်ပါတယ်။ FDA ကတော့ ခုထိ တရားဝင်မဖြုတ်သေးပါ။
Spa ခေါ်တဲ့ရေချိုးခန်းတွေမှာ ကိုယ်ခန္ခာကို ကျန်းမာရေးအရ ရွေးချယ်ထားတဲ့ အရောင်ရှိတဲ့ ကိုယ်ပတ်အဝတ်စသုံးတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေမှာ အပြင်အရောင်နဲ့ အတွင်းနံရံအရောင်တွေကနေ လူ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေတယ်။ ဆေးရုံတချို့မှာလဲ လူနာရောဂါအလိုက် အတွင်းနံရံအရောင်ကို မတူတာမှာ ထားတာမျိုးရှိတယ်။ သွေးအားနည်းနေသူကို ပန်းရောင်ရင့်ရင့်၊ ဒါမှမဟုတ် အနီရောင်အခန်းမှာထားတယ်။

လေ့လာမှုတွေ သုတေသနတွေ အများဆုံးက အမေရိကားကနေလုပ်တာများလို့ သူတို့ဆီကလူတွေရဲ့ ကိုယ်စိတ် ကျန်းမာရေးကို ထင်ဟပ်ပါတယ်။ လူတွေဟာ အကြိုက်မတူတာမှ မျိုးနဲ့ရိုးနဲ့ဆိုတယ်လို့ပြောတာ အင်မတန်မှန်တယ်။ မြန်မာလူမျိုးတွေ အကြိုက်နဲ့ တန်ဘိုးတားမှုတွေဟာ သီးခြားသဘောရှိတယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ သီရိလင်္ကာ၊ နီပေါကလူတွေမှာ သီးခြားအကြိုက်တွေရှိတယ်။ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယားတွေက ခပ်ဆင်ဆင်တူကြပေမဲ့ တရုပ်လွှမ်းမိုးမှု မနည်းလှတဲ့ မလေးရှားနဲ့ စင်္ကာပူမှာက တမျိုး၊ မွတ်ဆလင်ကြီးစိုးတဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်းတွေက တဘာသာရှိကြတယ်။

မြန်မာလူမျိုးတွေက သင်္ကန်းရောင်ကို လူဆိုရင်ဘယ်သူမှ မဝတ်ကြပေမဲ့ အိန္ဒိယမှာ ယောက်ျား ခေါင်းပေါင်းရော မိန်းမ ဆာရီတွေဟာ သင်္ကန်းရောင်အတိုင်းပါ။ မွတ်ဆလင်တွေက အစိမ်းရင့်ရောင်ကို ဘာသာရေးအတွက်ထားတယ်။ တရုပ်တွေက အနီ၊ အဝါနဲ့ ရွှေရောင်ကိုကြိုက်တယ်။ အကြိုက်မတူတော့ ဖြစ်တာကမတူ၊ ကုစားရာမှာ အရောင်သုံးရတာလဲ မတူနိုင်ပါ။ လူ့သွေးဆိုတာ အောက်စီဂျင် ပြည့်ဝနေရင် အားလုံးဟာ နီရဲရဲချည်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ