သင့် မျက်စိကို ကာကွယ်ပါ


လူတစ်ယောက်အတွက် မျက်စိတစ်စုံဟာ တန်ဖိုးအရှိဆုံး အရာဖြစ်ပြီး ခန္ဓာကိုယ်၏ ထိခိုက်မှု အလွယ်ဆုံးသော အ စိတ်အပိုင်းကလည်း မျက်စိပဲဖြစ်ပါတယ်။ မွေးရာပါမျက်စိရောဂါ တစ်ခုခုဖြစ်ခြင်းသို့မဟုတ် တစ်စုံတစ်ရာ ထိခိုက်မိခြင်း ကြောင့် အမြင်အာရုံ ချို့ယွင်းသွားခြင်းမှအပ၊ လူတိုင်းလိုလို ပျမ်းမျှအသက် ၄ဝ ကျော်လာတဲ့အခါ အမြင်အာရုံ စတင် ယိုယွင်းလာကြတာ ဓမ္မတာပါ။ လေ့လာမှုစစ်တမ်းများအရ ၂ဝ ရာစုနှစ် မတိုင်ခင်ကာလတွေမှာ လူအများစုဟာ ငယ် စဉ်ဘဝ တစ်လျှောက်လုံး မျက်မှန်တပ်ဆင်ခြင်းမရှိခဲ့သော်လည်း အသက် ၄ဝ ကျော်မှာအနီးမှုန် လာတတ်ကြောင်း၊ ထိုအသက်အရွယ်ကြောင့် အမြင်အာရုံ ချို့ယွင်းလာခြင်းကို အမျိုးသားထက် အမျိုးသမီးတွေမှာ ပို၍စောစီးစွာ တွေ့ရ ကြောင်း၊ ထိုသို့ဖြစ်ရခြင်းက မျိုးရိုးဗီဇအရ အမျိုးသမီးများက ပို၍အသက်ရှည်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း လေ့လာမှတ်သားရပါတယ်။
.
သို့သော်၂၁ ရာစုမှစ၍ နည်းပညာများလည်း တိုးတက်ခေတ်မီလာတဲ့အလျောက် Tablet, Smart Phone၊ ကွန်ပျူတာ Laptop၊ Destop ဟန်းဖုန်းစတဲ့ အီလက် ထရွန်နစ် ပစ္စည်းများကို ထိတွေ့ကိုင်တွယ်လာကြရာ ယခုအခါ သက်ငယ် ပိုင်းမှစ၍ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်းကို ကမ္ဘာနှင့်အဝှမ်း ဆိုသလို ခံစားနေကြရ ပါပြီ။''မျက်စိအဆုံး၊နားအရှုံး'' ဟူ သော ဆိုရိုးစကားရှိပါတယ်။ မျက်စိမှုန်ခြင်းကို စောစီးစွာကုသမှသာ မျက်စိအတွင်း အာရုံကြောများ ပျက်စီးခြင်းမှ ကာ ကွယ်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်မီ မျက်စိမှုန်ဝေခြင်းနှင့် မျက်စိရောဂါများ မဖြစ်ရလေအောင် ခန္ဓာကိုယ်အတွက် အရေးပါတဲ့ မျက်စိတစ်စုံကို အောက်ပါအ တိုင်း ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။
.
ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေကို အသုံးပြုမှုပိုများလာစဉ် ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ခြင်းနဲ့ဆိုင်သော အမြင်အာရုံ ချို့တဲ့မှုကို ကာကွယ်ရန် အကောင်းဆုံးနည်း လမ်းမှာ မျက်စိများကို မကြာခဏ အနားပေးခြင်းဖြစ်သည်ဟု ပညာရှင် များက အကြံပြုထားပါတယ်။
.
အထက်ဖော်ပြပါ အီလက်ထရွန်နစ် ပစ္စည်းများကို အမြဲကိုင်တွယ် သုံးနေရပါက၊ ၎င်းတို့မှ အလင်းပြန်ခြင်းကို ကာကွယ်နိုင်ရန် အတွက်မျက်စိနှင့် ၁၄ လက်မ အကွာတွင် သာထား၍ သုံးပေးရမှာပါ။ အထူးသဖြင့် ကွန်ပျူတာ Laptop တွေက မျက်စိခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကွန်ပျူတာ အမြဲသုံးနေရ သူများအတွက် Laptop အစား Destop ကွန်ပျူတာကို ပြောင်းသုံးပေးပါ။
.
ကွန်ပျူတာတွေ သုံးတဲ့အခါမှာလည်း ထိုင်ခုံကိုမြှင့်၍သော် လည်းကောင်း၊ မျက်စိနှင့် တစ်တန်းတည်း မကျအောင် ကွန်ပျူတာကို ၄ လက်မခန့်အောက်သို့ နှိမ့်၍သော်လည်းကောင်း အသုံးပြုသင့်ပါတယ်။ နေ့စဉ်ကွန်ပျူတာ သုံးသူဖြစ်ပါက၂ဝး၂ဝး၂ဝအချိုး လေ့ကျင့်ခန်းအတိုင်း၊ ကွန်ပျူတာကို မိနစ်၂ဝ အသုံးပြုပြီး တိုင်း ပေ၂ဝအကွာသို့ စက္ကန့် ၂ဝ ခန့်ကြာအောင် လှမ်းကြည့်ပေးခြင်းဖြင့် မျက်စိညောင်းညာမှုမှ သက်သာစေပါတယ်။ ၎င်းလေ့ကျင့်ခန်း ကိုအနည်းဆုံး ၂နာရီခြား တစ်ခါ ပြုလုပ်ပေးသင့်ပါတယ်။
.
မည်သည့် အီလက်ထရွန်နစ်ပစ္စည်းများကို ဖြစ်ဖြစ် သုံးစွဲတဲ့အခါတိုင်း အချိန်တစ်မိနစ် အတွင်းမှာ ၁၅ ကြိမ်ခန့် မျက်တောင်ခတ်ပေးရမှာဖြစ်ပါတယ်။ ဤသို့ပြုပေးခြင်းက မျက်ရည်များကို မျက်ဝန်းတစ်ခုလုံး ပျံ့နှံ့သွားစေတာ ကြောင့်မျက်စိ ခြောက်သွေ့ခြင်းမှ ကာကွယ်ရာ ရောက်ပါတယ်။
.
မျက်ရည်များ ခဏခဏ ကျဆင်းလာခြင်း၊ အမြင်အားနည်းလာ၍ ဗဟိုဆုံချက်ကို ကောင်းစွာ အာရုံမစိုက်နိုင်ခြင်း၊ နေ့ဘက်ဖြစ်သော်လည်း အလင်းရောင် အားန ည်းနေသည်ဟု ခံစားနေရခြင်း၊ အမြင်အာရုံတွင် အစွန်းအထင်း များ၊ဒေါင်လိုက် အစင်းများ၊ အမည်းစက် အပြောက်များ၊ နှစ်ထပ်မြင်ရခြင်း၊ အရောင်စက်ဝန်းများ မြင်နေရခြင်း၊ မကြာခဏ ပျို့ချင်အန်ချင်၍ ခေါင်းမူးခေါင်းကိုက်ခြင်း၊ နောက်ကျောတက်၊ ဇက်ကြောတက်ခြင်း၊ မျက်စိခြောက် သွေ့ယားယံခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စိအောင့်ခြင်း၊ နာကျင်ခြင်းစတဲ့ လက္ခဏာများ ခံစားနေရပါက မျက်စိဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ပါ။
.
ဆီးချိုရောဂါ၊ သွေးတိုးရောဂါကဲ့သို့သော နာတာရှည် ရောဂါရှိသူများ၊ အမြင်အာရုံချို့တဲ့နေသော ရောဂါနှင့် ရေတိမ် ရောဂါရှိနေသူများ၊ အဝလွန်သူများ၊ လည်ပင်း ကြီးရောဂါ၊ အဆစ်ရောင်ခြင်းနှင့် စိတ်ကျရောဂါတို့ကြောင့် တာရှည်ဆေး ဆက်သောက် နေရသူများမှာ အသက် ၄ဝ မတိုင်မီကပင် မျက်စိစတင် စစ်ဆေးသင့် ပါတယ်။ ထိုသို့မျက်စိစစ်ဆေး ခြင်းဖြင့် လေဖြတ်ရောဂါ၊ ဦးနှောက်တွင် အကျိတ်တည်သောရောဂါ၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါ နှင့်နှလုံးသွေးကြော ဆိုင်ရာရော ဂါများရှိ၊မရှိကိုပါ သိရှိနိုင်သဖြင့် အသက်ကို ဥာဏ်စောင့်ဆိုသလို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။
.
အရွယ်မတိုင်မီ မျက်စိမှုန်ခြင်းမှ ကာကွယ်ရန်အတွက် နေပူထဲသွားတဲ့အခါ နေရောင်ခြည်မှ ပါလာသော ခရမ်းလွန် ရောင်ခြည်နှင့် စူးရှတောက်ပသော အလင်း တန်းတို့ တိုက်ရိုက်မထိတွေ့စေဖို့ နေကာမျက်မှန်တပ်ခြင်း၊ စက်ရုံ အလုပ် ရုံဝန်ထမ်းများ အနေဖြင့် မျက်စိမတော်တဆ ထိခိုက်မိခြင်းမှ ကာကွယ်နိုင်ရန်အတွက် မျက်စိကာမျက်မှန် တပ်ဆင် ခြင်းတို့ဖြင့် မျက်စိကို ကာကွယ်စောင့်ရှောက်ပါ။

အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် မုန်လာဥနီတို့ကို များများစားပေးပါ။ အထူးသဖြင့် ပင်လယ်ငါးနှင့် ငါးကြီးဆီတို့မှာ ပါရှိတဲ့အိုမီဂါ-၃ဖက်တီး အက်စစ်များဟာ နှလုံးနှင့် ဦးနှောက်အတွက်သာမက၊ မျက်စိရောဂါ ဖြစ်ခြင်းကိုပါ လျှော့ချပေးနိုင်တာကြောင့် ရက်သတ္တတစ်ပတ်လျှင် ပင်လယ်ငါးဟင်းလျာကို အနည်းဆုံး လေးကြိမ်ခန့် စားသုံးပေး သင့်ပါတယ်။ ထို့ပြင် မျက်စိအာရုံကြောများကို ကောင်းစေတဲ့ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင် အီးနှင့် ဇင့်ဓာတ်ပါသော အစားအစာတွေကို များများစားပေးပါ။
.
ဗီတာမင်ဘီ-၅ဟာ မျက်စိ၏ ဇီဝဖြစ်စဉ်ကို တွန်းအားပေးပြီး မျက်စိအတွင်း ထိခိုက်မှုများကို သူ့အလိုလို အမြန်သက်သာစေခြင်း၊ မျက်စိရောဂါများ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်များကို တိုက်ခိုက်နိုင်သည့် ခုခံအားစနစ်ကို ဖန်တီးပေးနိုင် ခြင်း၊မျက်စိ ညောင်းညာမှု ဝေဒနာကို သက်သာပျောက်ကင်း စေနိုင်ခြင်းစတဲ့ အစွမ်းသတ္တိများရှိ တာကြောင့် ၎င်းဗီတာ မင်ဘီ -၅ပါတဲ့အစားအစာများကို စားပေးပါ။လိုအပ်ရင်ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက်အားဆေးမှီဝဲပါ သို့မဟုတ် ၎င်းဓာတ် ပါတဲ့ မျက် စဉ်းဆေးရည်သုံးပါ။
.
ဗီတာမင်ဘီ-၆ဟာ တစ်သျှူးများကို အသက်ရှူစေခြင်းဖြင့် မျက်စိညောင်းညာမှုကို သက်သာစေတာကြောင့် ၎င်းဗီတာ မင်ဘီ-၆ပါတဲ့ အစားအစာများကို စားပေး ပါ။ လိုအပ်ရင်ဆရာဝန်နှင့် တိုင်ပင်၍ ဖြည့်စွက် အားဆေးမှီဝဲပါ သို့မဟုတ် ၎င်းဓာတ်ပါတဲ့ မျက်စဉ်းဆေးရည်သုံးပါ။ နေ့လယ်ခင်းမှာ ကော်ဖီအစား ရေနွေးကြမ်း ကိုသာ ပြောင်းလဲ၍ သောက် ခြင်းက ရေဓာတ်ကြွယ်ဝစေသည့်အပြင် ဗီတာမင်စီ၊ ဗီတာမင်အီး၊ လူတိန်းနှင့် ဇီအာဆန်သင်းန်ဓာတ် တွေရရှိလာတာကြောင့် အမြင်အာရုံ ကြွက်သားများကို ပိုမိုအားကောင်း လာစေနိုင်ပါတယ်။
.
မိသားစုရာဇဝင်မှာ မျက်စိရောဂါများ ဖြစ်ဖူးခြင်းရှိ၊ မရှိကိုလေ့လာစမ်းစစ်၍ ရောဂါဖြစ်ဖူးသူရှိပါက အနည်းဆုံး တစ်နှစ်တစ်ခါမျက်စိ စမ်းသပ်မှုပြုလုပ်ပါ။ အဝလွန်ြ ခင်းက ရေတိမ်ရောဂါနှင့် ဆီးချိုရောဂါကို ဖြစ်စေပြီး၊ ဆီးချိုရောဂါ ကြောင့် မျက်စိကွယ်ခြင်းပါ ဖြစ်စေတာကြောင့် အဝမလွန်အောင် ထိန်းသိမ်းပါ။ ရုတ်တရက် ခေါင်းလှည့်လိုက်တဲ့အခါမှာ အမြင် အာရုံမှာ အစွန်းအထင်းကွက်များ ထင်ဟပ်ခြင်း၊ အရောင်စက်ဝန်းများ သို့မဟုတ် ဒေါင်လိုက်အစင်း များပေါ်ခြင်း၊ ပျို့ ချင်အန် ချင်လာပြီး ခေါင်းကိုက်ခြင်းစတဲ့ လက္ခဏာများဟာ ရေတိမ်စတင်ဖြစ်နေကြောင်းကို ဖော်ပြနေပါတယ်။ ရေတိမ် ရှိ၊ မရှိကိုအသက် ၃၅ နှစ်မတိုင်မီမှစ၍ တစ်နှစ်နှ စ်ကြိမ် ပုံမှန်စစ်ဆေးမှုခံယူပါ။
.
အမြဲမျက်မှန် တပ်ဆင်နေရသူဖြစ်ပါက မျက်စိအတွင်းရောဂါပိုးများ မဝင်ရောက်နိုင်စေရန်အတွက် လက်ကိုစင်ကြယ် စွာဆေးကြောပြီးမှ မျက်မှန်ကိုင်တွယ်ပါ။ မျက်မှန်ပါဝါကို ခြောက်လတစ်ကြိမ် ပုံမှန်စမ်းသပ်စစ်ဆေးပါ။ ဆေးလိပ် သောက်ခြင်းက မျက်စိ၏သွေးကြောမျှင်လေးများကို ပျက်စီးကာ၊ အမြင်အာရုံ အဆင့်လျော့ကျ စေနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ပိုမိုဆောလျင်စွာ မျက်စိမှုန်နိုင်သဖြင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။အပြင် ဘက်သဘာဝပတ်ဝန်းကျင်မှာ အချိန်ကြာကြာနေခြင်းက အမြင်အာရုံကို ပို၍ကောင်းစေကြောင်း ပညာရှင်များ၏ လေ့လာမှု မှတ်တမ်းများအရ သိရပါတယ်။ မျက်ကပ်မှန် တပ်ဆင်နေရပါက ညအချိန်ထိ မျက်ကပ်မှန် တပ်မထား သင့်ဘဲမှန်ကန်သော နည်းလမ်းဖြင့် အသုံးပြုတတ်ရန် အရေးကြီးပါတယ်။ သို့မဟုတ်ပါက အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။ မျက်ကပ်မှန်ကို ကိုင်တွယ်တပ်ဆင်နေချိန်နဲ့ ဖြုတ်ယူနေချိန်တွေမှာလည်း လက်ကိုသန့်စင်နေဖို့ အထူး အရေးကြီးပါတယ်။
.
မျက်စိနားတစ်ဝိုက် မိတ်ကပ်လိမ်းခြင်းနဲ့ အခြားအလှပြင်ခြင်းများကြောင့် မျက်စိကို ထိခိုက်စေနိုင်၍ သတိပြုပါ။ ဗက် တီးရီးယား ပိုးမွှားများဟာ မျက်တောင်ကော့ ဆေးရည်တွေမှာ ပေါက်ပွားလွယ်တာကြောင့် ထိုဆေးရည်ဘူးကို အချိန် သုံးလထက် ပို၍မသုံးသင့်ပါဘူး။ ဒါ့ပြင်အိုင်းလိုင်နာ ခဲတံအတောင့်နှင့် အရည်များက လည်း မျက်ရည်ပေါက်များကို ပိတ်ဆို့စေနိုင်တာကြောင့် ၎င်းတို့ကို အသုံးပြုတဲ့အခါတိုင်း မျက်တောင်၏ အပြင်ဘက်နေရာတွင်သာ သုံးပေးခြင်းဖြင့် သင့်မျက်စိ ကို ကာကွယ်ပါလို့ တင်ပြလိုက်ပါရစေ။ ။

The Myawady Daily
https://www.facebook.com/TheMyawadyDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ