ကော်ဖီသောက်ရန် အသင့်လျော်ဆုံးအချိန်


ကိုးရာစုလောက် ကတည်းက အီသီယိုးပီးယား နိုင်ငံမှာ စပြီးသောက်သုံး ခဲ့တဲ့ ကော်ဖီဟာ ၁၆ ရာစုနှစ် ရောက်တဲ့ အခါမှာတော့ အာရေဗျဝိုင် လို့ ရေပန်းစားလာ ခဲ့ပြီး ယနေ့ထိတိုင် ကမ္ဘာသုံး အဖျော်ယမကာ အဖြစ် လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံးလျက် ရှိနေကြ ပါတယ်။ သူ့ရဲ့အတန်ငယ် ခါးသက်သက် အရသာလေးက လျှာရင်းမြက် စေသလို၊ နက်ရှိုင်းတဲ့ ရနံ့လေးကို ရှူရှိုက်လိုက်တဲ့ အခါတိုင်း စိတ်ဘဝင်ကို ကြည်လင် လန်းဆန်းသွား စေတယ်လို့ ကော်ဖီချစ်သူ တွေက မှတ်ချက်ချကြ ပါတယ်။
ကော်ဖီနှင့် ကျန်းမာရေး
Aroma မျိုးနွယ်ဝင်ဖြစ်တဲ့ အပင်မှ ရရှိတာကြောင့်လည်း ကော်ဖီက ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ် ပေးနိုင်သည့် ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်း(ခေါ်) Antioxidant အာဟာရဓာတ် သတ္တုများစွာ ပါဝင်နေပါတယ်။ အဆီများ လောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီ ပေးပါတယ်။ အသည်းကို အားကောင်းလာ စေပါတယ်။ ပါကင်ဆန် (ခေါ်) အသက်ကြီး၍ ခြေတုန်လက်တုန် ရောဂါများနှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက် ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်လို့ အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်း တွေကို ကဖိန်းဓာတ် နည်းတဲ့ ကော်ဖီပျော့ပျော့ တိုက်ကျွေးသင့် တယ်လို့ The University of South Florida နှင့် The University of Miami တို့မှ သုတေသီများက အကြံပြုထား ပါတယ်။
အချိုမပါတဲ့ ကော်ဖီ တစ်နေ့နှစ်ခွက် ပုံမှန်သောက်ခြင်း က ဆီးချို အမှတ်-၂ ဖြစ်နိုင်ခြေကို ၅ဝ ရာခိုင်နှုန်း လျှော့ချပေးကြောင်း The American Chemical Society က အကြံပြုထား ပါတယ်။ ကဖိန်းဓာတ်က သွေးထဲမှာရှိတဲ့ ဖက်တီးအက်စစ် ပမာဏကို တိုးပွားစေကာ ထိုအက်စစ် တွေကို ခန္ဓာကိုယ် ကြွက်သားများက စုပ်ယူလောင်မြိုက် ပေးတာမို့ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေတာ ကြောင့် အထူးသဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင် နဲ့ စက်ဘီးစီး အားကစား သမားအတွက် အထောက်အကူ ပြုတယ်လို့ The New York Times မှာ ဖော်ပြသွားခဲ့ ပါတယ်။ အမျိုးသား၊ အမျိုးသမီး ဦးရေစုစုပေါင်း တစ်သိန်း ကျော်ကို အနှစ် ၂ဝ ကြာ သုတေသန ပြုပြီးတဲ့အခါမှာ ကော်ဖီက အရေပြား ကင်ဆာနဲ့ ရင်သားကင်ဆာ တွေ ဖြစ်နိုင်ခြေ နည်းပါးစေတယ် လို့ Brigham and Women's Hospitalူ မှ အကြံပြုထား ပါတယ်။
ကော်ဖီသောက်ပြီး တဲ့အခါ စိတ်ကိုလန်းဆန်း ပျော်ရွှင် လာစေသောကြောင့် ဆယ်ကျော်သက် များ မိမိကိုယ်ကို သေကြောင်း ကြံစည်လိုမှု ၅ဝ ရာခိုင်နှုန်း လျှော့ချပေး နိုင်ကြောင်း The Harvard School of Public Health မှ အတည်ပြုထား ပါတယ်။ ကိုရီးယားနိုင်ငံ Seoul National University က ကြွက်များနဲ့ စမ်းသပ်ပြီး နောက်မှာ ကော်ဖီက စိတ်ကျရောဂါကို ပျောက်ကင်းစေတဲ့ အပြင် လိင်စိတ်နိုးကြွ စေတယ်လို့ ဆိုပါတယ်။
၂ဝဝ၆ ခုနှစ်က အမေရိကန်မှာ အရက်စွဲ နေသူပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို ၂၂ နှစ်ကြာ သုတေသန ပြုချက်များအရ နေ့စဉ်ကော်ဖီတစ်ခွက် ပုံမှန်သောက်သူ တွေမှာ အရက်ကြောင့် ဖြစ်တဲ့ အသည်းခြောက် ရောဂါဖြစ်နိုင်ခြေအလားအလာ ၂ဝ ရာခိုင်နှုန်းမျှ လျော့ကျ စေပါတယ်။ ကော်ဖီက အရွယ်တင်နုပျို စေတဲ့အပြင် သည်းခြေအိတ် ကျောက်တည်ခြင်း မကြာခဏ မျက်စိ ပုတ်ခတ်ပုတ်ခတ် လုပ်သူများ၊ သွားပိုးစားခြင်း၊ ဂေါက်(ခေါ်) အဆစ်အမျက် ရောင်ရမ်းနာများ စသည်တို့အတွက် ဆေးဖက်ဝင် တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုထားကြပါတယ်။
ကော်ဖီက လူ့သငံရည် (သားနံရည်) ကြော အဖွဲ့အစည်း ကို အဆိပ်အတောက် ပြေစေတာကြောင့် အထူးသဖြင့် Orange Peel ခေါ် အရေပြား အဖုအထစ် ကြမ်းတမ်းခြင်းကို သက်သာစေနိုင်လို့ အရေပြားရောဂါ ရှိသူများ ကော်ဖီမှုန့်နဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းတွေကို အသုံးပြုသင့် ပါကြောင်း လှပမှုဆိုင်ရာ အရေပြား ရောဂါဗေဒပညာရှင် တွေက ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်က Beauty Mantra ခေါ် အမေရိကန် အလှအပ ဆိုင်ရာ အင်တာနက် စာမျက်နှာမှာ အကြံပြုထား ပါတယ်။
၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်းတွင် ဗြိတိန်နိုင်ငံ Imperial College London မှ လေ့လာတွေ့ရှိမှု အသစ်တစ်ရပ် အရ အမျိုးသမီးဦးရေ ၄၅၆ဝဝဝ ကို လေ့လာခဲ့ရာမှ တစ်နေ့လျှင် ကော်ဖီ သုံးခွက် သောက်သုံးလေ့ ရှိတဲ့ အမျိုးသမီးများမှာ သားအိမ်ကင်ဆာ ဖြစ်ပွားလာနိုင်မှု အန္တရာယ်ကို ၁၈ ရာခိုင်နှုန်း လျှော့ချပေး နိုင်ကြောင်း လေ့လာတွေ့ရှိ ခဲ့ပါတယ်။
၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ ဘာရီမြို့ရှိ ဆေးဝါး သုတေသနပညာရှင် များက အသက်အရွယ် ကြီးရင့်သူ ၁၄ဝဝ အား စမ်းသပ်လေ့လာ ခဲ့ပြီး အလယ်အလတ်စား ကော်ဖီသောက်သုံး သည့် အလေ့အကျင့် သည် ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြုနေကြောင်း တွေ့ရှိခဲ့တယ်။ အဆိုပါ လေ့လာမှုအား အီတလီ ဘာရီအယ်လ်ဒို မော်ရို တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အသက် ၆၅ နှစ်မှ ၈၄ နှစ်အရွယ်ကြား အီတလီ သက်ကြီးပိုင်း ၁၄၄၅ ဦး၏ ကော်ဖီသောက် သုံးခြင်းနှင့် အာရုံကြော ဆိုင်ရာ ကျန်းမာ သန်စွမ်းခြင်း ဆက်နွှယ်နေမှု အပေါ် သုံးနှစ်ကြာ အချိန်ယူ၍ လေ့လာ သွားခဲ့တာပါ။ လေ့လာမှုအရ နေ့စဉ် ကော်ဖီနှစ်ခွက် သောက်သုံးခြင်းဟာ ဦးနှောက်၏ စွမ်းအင်ကို တိုးတက် လာစေနိုင်ကြောင်း နှင့် အဆိုပါ တွေ့ရှိမှုအား ဦးနှောက် အမေ့လွန်ရောဂါ နှင့်ပတ်သက်သည့် အယ်လ်ဇိုင်းမား ဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။
ကော်ဖီနှင့် ဘေးထွက်ဆိုးကျိုးများ
ကော်ဖီက အထက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင် သော်လည်းပဲ မွေးရာပါ ကိုယ်ခံအား နည်းသူများ၊ ကဖိန်းဓာတ် နဲ့ ဓာတ်မတည့် သူများ၊ ကဖိန်းဓာတ် ပြင်းပြင်း သောက်သုံးသူ များနဲ့ ကော်ဖီအမှုန့်တွေကို မစစ်ခံဘဲ သောက်မိတဲ့ အခါများမှာ ခန္ဓာကိုယ်ကို အကျိုးယုတ်စေတဲ့ LDL ကိုလက်စထရောတွေ မြင့်တက်လာပြီး နှလုံးသွေးကြော ရောဂါ၊ အစာအိမ် အချဉ်ဖောက်၊ အာရုံကြောကို နှိုးဆွပေးလို့ အိပ်မပျော် ကတုန်ကယင်၊သွေးတိုး၊ ကော်ဖီ အသောက်များတဲ့ ကလေးငယ် တွေမှာ ခန္ဓာကိုယ် ကြီးထွားမှု နှောင့်နှေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ သားလျှောခြင်း၊ အရိုးပါး၊ အစာအိမ်၊ အူလမ်းကြောင်း အတွင်းဖုံးလွှာ ထိခိုက်ခြင်း၊ သွားတွေညိုမည်းခြင်း စတဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်စေပါတယ်။
ကော်ဖီ သောက်သင့် မသောက်သင့်
ဒါကြောင့် ကျန်းမာရေး အမြင်ကျယ် လာတာနဲ့အမျှ ကော်ဖီကောင်း၏၊ ဆိုး၏ ဟူ၍ ကာလကြာရှည် အငြင်းပွားလျက် ရှိနေကြတယ်။ ယနေ့ အမေရိကန် မှာတော့ ကော်ဖီကရတဲ့ ကဖိန်းဓာတ်နဲ့ Homeopathic Medicineခေါ် လူကောင်းအတွက် ရောဂါရစေပြီး လူနာများ အတွက် ရောဂါပျောက် စေတဲ့ ကုထုံးကို အောင်မြင်စွာ ကုသနိုင်ပြီလို့ ဆိုထားပါတယ်။
ကော်ဖီသောက်ရန် အသင့်လျော်ဆုံး အချိန်
နံနက်အိပ်ရာနိုးထ လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ Cortisol ဟော်မုန်းပမာဏ မြင့်တက်နေချိန် ဖြစ်ပြီး အဲဒီအချိန် ကော်ဖီသောက် လိုက်တဲ့အခါမှာ ကဖိန်းဓာတ်တွေ နဲ့ ဟော်မုန်းတို့ ဓာတ်ပြုကြ ပြီးနောက် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းမွန်အောင် နှိုးဆော်ပေး ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးသုတေသီ တွေရဲ့ လေ့လာ ဆန်းစစ်မှုအရ နံနက်အိပ်ရာမှ နိုးထပြီးနောက် တစ်နာရီခန့် အကြာဟာ ကော်ဖီသောက်ရန် အသင့်လျော်ဆုံး အချိန်ဖြစ်ပါတယ်။ ထို့ပြင် နေ့လယ်စာ စားပြီးနောက် တစ်နာရီကျော် အကြာနဲ့ ညနေခင်း အချိန်တွေ ကလည်း ကော်ဖီသောက်ရန် သင့်လျော် ကောင်းမွန်တဲ့ အချိန်များ ပါပဲ။ သို့သော် တန်ဆေးလွန်ဘေး ဖြစ်တတ် တာကြောင့်ကျန်းမာရေး ကောင်းမွန်သူ တစ်ယောက် အတွက် ကော်ဖီကို တစ်နေ့သုံးခွက် ထက် ပိုမသောက်သင့် ပါဘူး။ ကော်ဖီကို တစ်နေ့သုံးခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ် ပျက်စီး၍ ဆီးတစ်စက်စက်ကျ ရောဂါများနဲ့  အရိုးပါး ရောဂါတွေ ဖြစ်လာစေတတ် ပါတယ်။ အကယ်၍ တစ်နေ့ လေးခွက်နဲ့ အထက် သောက်သုံးသူ များမှာ အသက်တို စေနိုင်ပါတယ်။ ဒါ့ပြင် ကော်ဖီကို ပါရာစီတမောလ် အကိုက်အခဲ ပျောက်ဆေးတွေနဲ့ လုံးဝတွဲ  မသောက်သင့် ပါကြောင်း ကလေးငယ်များ၊ သက်ကြီးရွယ်အို များနဲ့ ကျန်းမာရေး မကောင်း၍ ကိုယ်ခံအားနည်း သူများအဖို့ ကော်ဖီကို လျှော့သောက်သင့် ပါကြောင်း အကြံပြုလိုက် ပါရစေ။

(ပေါက်ပေါက်)
The Myawady Daily
https://www.facebook.com/notes/the-myawady-daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ