Frozen shoulder အေးခဲသွားသောပခုံး


၁။ ဆရာခင်ဗျား ကျနော် အသက် ၅၄ နှစ်၊ မန္တလေးမှာနေပါတယ်။ ကျနော့ ညာဘက် လက်မောင်း မြှောက်မရဘူး ဖြစ်နေပါတယ် မြှောက်လိုက်ရင် ပုခုံးထိပ်က ဘုနေရာလေးက အရမ်းနာပါတယ်၊ ၃ လလောက်ရှိပါပြီ၊ ဆေးခန်းလဲစုံနေပြီ မပျောက်သေးပါဘူး၊ လမ်းညွှန်ပေးပါခင်ဗျား။

၂။ ဆရာရှင့် ကျွန်မအသက် ၃၄နှစ်ပါ။ အိမ်ထောင်သည်ပါ။ ကလေးရှိပါသည်။ လွန်ခဲ့သော ၉ လမှစ၍ ညာဘက်ပခုံး စနာလာပြီး လည်ပင်း နားအုံ ခေါင်းအထိ တဖြည်းဖြည်းပိုလာပါတယ်။ စဖြစ်တုန်းကတည်းက နာတာမခံနိုင်ရင် အကိုက်ခဲပျောက်ဆေးသောက်ပါတယ်။ ပရုပ်ဆီလည်းလိမ်းပါတယ်။ လွန်ခဲ့၅ရက်ကဆေးခန်းသွားပြပါတယ် frozen shoulder လို့ပြောပါတယ် လေ့ကျင့်ခန်းလုပ်ခိုင်းပါတယ်။ သောက်ဆေး neurobion သောက်ခိုင်းပါတယ်။ ပခုံးနာတာသက်သာပါတယ်။ ခေါင်းတခြမ်းကိုက်တာက မသက်သာပါဘူး။ ပိုဆိုးလာပါတယ်။ နေ့စဉ်အလုပ်အချိန် ၁၀ နာရီကွန်ပျူတာ အသုံးပြုရပါတယ်ဆရာ။ ကျွန်မဖြစ်နေတဲ့ရောဂါအတွက် ဆောင်ရန်ရှောင်ရန် ပြောပြပေးပါ။ ဘာကြောင့်ဖြစ်ရသည်ကိုပါပြောပြပေးပါဆရာ တခါမှမမေးဖူးလို့အမှားပါရင်ခွင့်လွှတ်ပါဆရာ။ ရိုသေလေးစားစွာမေးမြန်းအပ်ပါသည်။

ပခုံးမှာရောဂါရလို့ သူ့အလုပ်သူ မလုပ်နိုင်တော့တာကို ဆေးစာမှာ Frozen shoulder ပခုံးခဲသွားတယ်လို့ တင်စား ခေါ်တယ်။ တကယ်ခဲသွားတာတော့ မဟုတ်ပါ။ ပခုံးဆစ်ရဲ့ အဖုံးလွှာရောင်ရာကနေ (ပလာစတာ) လိုလဲ ဖြစ်သွားလို့ Adhesive capsulitis လို့ပါ ခေါ်သေးတယ်။ အလွန်နာပါတယ်။ ပခုံးက အထက်မြှောက်မရ၊ စက်ဝိုင်းလိုလဲ လှည့်မရပါ။ ဘာမှ မလုပ်တာတောင် နာနေတတ်တယ်။

ခိုက်မိရာကနေလဲ ဖြစ်တတ်တယ်။ Tendonitis ခေါ်တဲ့ အရွတ်ကြောရောင်တာကလဲ ဖြစ်တယ်။ Bursitis အဆစ်တွေမှာ ချောဆီရှိနေတဲ့ အိတ်ရောင်လို့လဲ ဖြစ်တယ်။ Autoimmune reaction ဆိုတဲ့ ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့လဲ ဖြစ်တယ်။ ပခုံးဆစ်မှာ ဖုံးနေတာက ရောင်တော့ ကြာရင် အမာရွတ် ဖြစ်လာတယ်။ အသက် ၄ဝ နဲ့ ၆၅ ကြားလူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ဆီးချိုရှိသူ ပိုဖြစ်တယ်။ အလှုတ်အရှား နည်းသူတွေ ပိုဖြစ်တတတ်သလို အဆစ်ကို လိုတာထက် ပိုလုပ်သူတွေလဲ ပိုဖြစ်တယ်။ ပခုံးကို ခွဲစိတ်ခံရကနေလဲ ဖြစ်နိုင်တယ်။ လည်ပင်ကြီး ဟော်မုန်း များသူ၊ နှလုံး-သွေးကြောရောဂါရှိသူ၊ စိတ်ကျရောဂါ ခံစားနေရသူတွေနဲ့ Parkinson’s disease ဆိုတဲ့ အာရုံကြောရောဂါ ရှိသူတွေမှာလဲ ပိုဖြစ်တာ တွေ့ရတယ်။

ရောဂါရာဇဝင်မေး၊ လူနာကို စစ်ဆေးပြီး X-ray နဲ့ MRI scan တွေနဲ့ ရောဂါနာမယ်ကို သေခြာအောင် လုပ်ပါတယ်။

ကုသရာမှာ Anti-inflammatory drugs (NSAID) အနာ-အကိုက်ပျောက်ဆေး၊ Cortisone injections အဆစ်ထဲကို ကော်တီဇုန်းဆေး ထိုးပေးတာ၊ Physical therapy ဖီဇီယိုနဲ့ ကုသတာတွေ လုပ်ပေးတယ်။ ကြာတော့ ကြာပါမယ်။ Prednisone ဆိုတဲ့ (ကော်တီဇုန်း) ဆေးကို စပေးချိန်မှာ တနေ့မှာ ၂ ပြား ၄ ကြိမ်ကနေ၊ နောက်မှာ ၂ ပြား ၃ ကြိမ်၊ နောက် ၂ ပြား ၂ ကြိမ်၊ နောက် ၁ ပြား ၃-၂ ကြိမ် ဆိုသလို တပါတ်တခါ လျှော့လျှော့ ပေးရပါတယ်။ ဂကော်တီဇုန်း) ဆေးက ဘေးထွက်ဆိုကျိုး မနည်းလှပါ။ ဆေးတွေက ရောင်နေတာနဲ့ နာတာသက်သာစေဘို့ပါ။ လေ့ကျင့်ခန်းကလည်း အတော်အရေးပါတယ်။ လိုအပ်ရင် ဆရာဝန်က မေ့ဆေးပေးပြီး ဖြစ်နေတဲ့ အဆစ်ကို လှုတ်ရှားပေးမယ်။ အမာရွတ်တွေ ချိုးဖျက်သလို ဖြစ်စေမယ်။ တခါမကလဲ လုပ်ရတတ်တယ်။ Arthroscopic surgery ဆိုတဲ့ အနုစိတ်ခွဲစိတ်မှုလုပ်ပြီး အမာရွတ်တွေကို ရှင်းထုတ်ပါတယ်။

အနာအကိုက်ပျောက်ဆေးဆိုတာ အမျိုးမျိုးရှိလို့ တခုမဟုတ်တခု ပြောင်းသုံးနိုင်ပါတယ်။ ဆေးကုတာမှာ Aggressive treatment ခေါ်သလို ခပ်ကြမ်းကြမ်းနည်း သုံးရပါတယ်။ ဒါတွေ အကုန်လုပ်တာတောင်မှ ပြန်မကောင်းတာလည်း ရှိတတ်တယ်။ မကုတာထက် အများကြီး သက်သာ၊ ကောင်းမွန် ပျောက်ကင်းစေနိုင်ပါတယ်။


Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ