မျက်ကပ်မှန်လိုအပ်နေတဲ့အခါ


အကြောင်းတစ်ခုခုကြောင့် မျက်မှန် သို့မဟုတ် မျက်ကပ်မှန်ကို တပ်ဆင်ရတော့မဲ့ အခါမှာ မျက်မှန်ကိုရွေးရမလား မျက်ကပ်မှန်ကိုရွေးရမလားဆိုပြီး ကျွန်တော်တို့တွေ ဒွိဟ ဖြစ်လေ့ရှိပါတယ် ။ ကိုယ့်ရဲ့ life style , သက်တောင့်သက်သာရှိမှု ဒါမှ မဟုတ် အလှအပနဲ့ ပတ်သတ်ပြီး မျက်ကပ်မှန်ကို ရွေးချယ်မလား မျက်မှန်ကို ရွေးချယ်မလား ဆုံးဖြတ်စရာ ရှိလာနိုင်ပေမဲ့ ဘယ်သူကတော့ ဘယ်သူ့ထက်ကောင်းတယ်ဆိုတာမျိုး မရှိပါဘူး ။ မျက်မှန်ရော မျက်ကပ်မှန်မှာပါ အားသာချက် အားနည်းချက်တွေ ရှိပါတယ်။ မျက်မှန်က သန့်စင်ပေးဖို့ ထိန်းသိမ်းဖို့ ကရိကထ နည်းပါတယ် ။ မျက်လုံးကို ထိတွေ့စရာမလိုတဲ့အတွက် မျက်လုံးကို ရောဂါပိုးတွေ ဝင်ဖို့ အခွင့်အလမ်း နည်း ပါးပါတယ် ။ သာမန်အားဖြင့် ဈေးနှုန်းလည်း သက်သာပြီး ပါဝါတက်ခြင်းကျခြင်းမှ အပ မကြာခဏလဲလှယ်ပေးဖို့လည်း မလိုအပ်လှပါဘူး ။

 မျက်မှန်ဟာလည်း သင့်ရဲ့ ကြည့်ပျော်ရှုပျော်ရှိမှု ဖက်ရှင်ကျ မှုတွေကို ပေးစွမ်းနိုင်ပါတယ် ။ဒါပေမဲ့ ပြောခဲ့သလို မျက်ကပ်မှန်တွေမှာလည်း မျက်မှန်တွေထက် အားသာချက်တွေ ရှိပါတယ်။ မျက်ကပ်မှန်ဟာ မျက်လုံးပေါ်ကို တိုက်ရိုက် တပ်ဆင်ရတဲ့ အတွက် မျက်လုံးရဲ့ မြင်ကွင်းကို ရှင်းလင်းစေပါတယ်။သဘာဝကျတဲ့ မြင်ကွင်းကို ဖြစ်ပေါ်စေပါတယ်။ ဘောင်ခတ်ထားတဲ့ ဘေးအနားသတ် ကန့်သတ်ချက်မရှိသလို ခံစားရစေပါတယ်။ ညစာစားပွဲ လို ပေါ့ပေါ့ပါးပါး ပွဲလမ်းတွေ အားကစား ပြိုင်ပွဲတွေမှာ မျက်မှန်လို ကျွတ်ကျပြီးကွဲမှာ အငွေ့ရိုက်မှာ စတဲ့ အနှောက်အယှက်ပေးနိုင်စရာ မရှိပါဘူး ။ သင်ဟာ အားကစားသမားတစ်ယောက်ဆိုရင်တော့ မျက်မှန်ဟာ သင်ယှဉ်ပြိုင်နေစဉ်အတွင်း ကျွတ်ကျတာ ။

 မှန်ကို ချွေးရိုက်ပြီး မြင်ကွင်းကို ဝေဝါးစေတာတွေ ဖြစ်စေတဲ့ အတွက် သင့်ယှဉ်ပြိုင်မှုကို အနှောက်အယှက်ဖြစ်စေပါတယ် ။ မျက်လုံးရဲ့ အရောင်ကိုလည်း အရောင်ပါတဲ့ မျက်ကပ်မှန်တွေနဲ့ အလှဆင်နိုင်ပါသေးတယ် ။ ဟော်လိုးဝင်းအထိမ်းအမှတ်လေးတွေ ဘောလုံးပုံ ၊ မီးတောက်ပုံ ၊ စသည်ဖြင့် ပုံဖော်ထားတဲ့ မျက်ကပ်မှန်လေးတွေကလည်း သင့်ကို smart ဖြစ်စေဦးမှာပါ။ မျက်ကပ်မှန်ဟာ သင်ဘာအဝတ်အစား ဝတ်လိုက်လို့ မလိုက်ဖက်တော့ဘူး ဆိုတာမျိုး မဖြစ်စေပါဘူး။ သူတို့ဟာ ရာသီဥတုကြောင့် (ဥပမာ မိုးရွာတာ နှင်းကျတဲ့အခါမှာ ) မျက်မှန်လို ရေငွေ့ရိုက်ခံရခြင်းမှလည်း ကင်းဝေးပါသေးတယ်။ လူတစ်ချို့ကလည်း သူတို့ဟာ မျက်ကပ်မှန်ဝတ်ဆင်တဲ့အခါ ပိုကြည့်ပျော်ရှုပျော်ရှိတယ် လို့ ခံစားရပါတယ်။ မျက်ကပ်မှန်က သင်ဟာ ကမ္ဘာကြီးပေါ်က ရှုမျှော်ခင်းတွေကို မှန်မျက်နှာပြင်တစ်ခုကနေ ကြည့်ရှုနေရတယ်လို့လည်း မခံစားရစေပါဘူး ။ ကိုယ့်မျက်လုံးကို ဖုံးအုပ်ထားတယ်ဆိုတဲ့ ခံစားချက်မျိုးလည်း မရစေပါဘူး ။ မျက်လုံးကို လှလှပပ ပြင်ဆင် ခြယ်သတတ်တဲ့ မိန်းကလေးတွေ အတွက် မျက်ကပ်မှန်ဟာ သူတို့ရဲ့ မျက်လုံးအလှကို ပြသခွင့်ရဖို့ ကူညီပေးတဲ့ သံတမန်ပါပဲ။

တစ်ချို့သော မျက်ကပ်မှန်တွေဟာ မျက်ကြည်လွှာ cornea ကို ပြန်လည် ပုံသွင်းပေးသလိုဖြစ်တာကြောင့် အဝေးမှုန်ခြင်းကို ခဏတာ ပြုပြင်ပေးသလိုမျိုးလည်း ဖြစ်စေပါတယ်။ ဘယ်အရာမှ perfect မဖြစ်နိုင်တဲ့ လောကကြီးမှာ မျက်ကပ်မှန်ကလည်း အားနည်းချက်တွေ ရှိနေပြန်ပါသေးတယ်။ တစ်ချို့ လူတွေက မျက်ကပ်မှန်ကို တပ်ဆင်ရတာ ခက်ခဲတယ် လို့ပြောပါတယ် ။ မျက်လုံးကို သူတို့လက်နဲ့ ထိပြီး တပ်ရတာကို မတပ်ရဲတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အသေအချာ နည်းစနစ်တကျလေ့ကျင့်ပြီး တပ်ဆင်မယ်ဆိုရင် ဒီအခက်အခဲကို ကျော်လွှားနိုင်ပါတယ်။ မျက်ကပ်မှန်က ကိုင်တွယ်ရလည်း ခက်ခဲတာမို့ ပြုတ်ကျပြီး ပျောက်ကျန်ခဲ့တာလည်း ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်တပ်ရင်း မတော်တဆ မျက်ကြည်လွှာကို ခြစ်မိတာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်ကပ်မှန်ဟာ မျက်လုံးထဲကို ဝင်ရောက်မဲ့ အောက်စီဂျင်ပမာဏကို လျှော့ချပေးတဲ့ အတွက် မျက်လုံးခြောက်သွေ့မှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။ ကွန်ပျူတာ သုံးစွဲတဲ့အခါမှာ မျက်ကပ်မှန်ကို အသုံးပြုရင် ကွန်ပျူတာသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တဲ့ မျက်စိဝေဒနာတွေကို ပိုပြီး ဖြစ်ပေါ်နိုင်စေပါတယ် ။

မျက်ကပ်မှန်ဟာ စနစ်တကျ ထိန်းသိမ်းပေးဖို့ သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ သန့်စင်ပြီး သတ်မှတ်ထားတဲ့solution ထဲမှာ စိမ်ထားရပါတယ်။ ဒါမှ မျက်လုံးကို ရောဂါပိုး မဝင်ရောက်အောင် ဟန့်တားပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ညဘက် အိမ်ပြန်ရောက်တဲ့အခါမှာ လက်ဆေးပြီး မျက်ကပ်မှန်ကို စနစ်တကျချွတ်ရမှာပဲ ဖြစ်ပါတယ်။ စိမ်တဲ့ solution ခွက်က မှောက်သွားတာ မျိုးဖြစ်လာတဲ့အခါ မျက်ကပ်မှန်က ကျုံ့သွားပြီး သုံးစွဲဖို့ အဆင်မပြေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်က မျက်ကပ်မှန်ကို စနစ်တကျ သန့်စင်ပေး ထိန်းသိမ်းပေးဖို့ မဖြစ်နိုင်ဘူးဆိုရင် တစ်နေ့ပဲ သုံးပြီး စွန့်ပစ်လို့ ရတဲ့ မျက်ကပ်မှန် ( daily disposable) တွေ သုံးသင့်ပါတယ်။ မျက်ကပ်မှန်ဟာ ပျက်စီးလွယ် မှိန်ဖျော့လွယ်ပါတယ် ။ မျက်ကပ်မှန်မှာ ပရိုတိန်းတွေစုခဲတာ ဒါမှမဟုတ် သူကိုယ်တိုင်ကိုက စုတ်ပြဲလွယ်တာ ခြစ်မိနိုင်တာတွေကြောင့်ပါ။ မျက်ကပ်မှန်နဲ့ အတူ ဖုန် အမှုန်တွေ ရောဂါပိုး ဘက်တီးရီးယားတွေလည်း ကပ်ပါသွားနိုင်တာပြီး မှန်ရဲ့ အောက်မှာ ပိတ်မိနေတဲ့အခါ မျက်စိကို ရောဂါပိုးဝင်ရောက်စေပါတယ် ။ အဖြစ်များတာကတော့ conjunctivitis( မျက်ဆက်မြှေးယောင်ခြင်း ) ဖြစ်ပါတယ် ။ Super Market တွေမှာ အလွယ်တကူရနိုင်တဲ့ စနစ်တကျသန့်စင်ထားလား မသေချာတဲ့ အလှတပ်မျက်ကပ်မှန်လေးတွေကို တပ်ဆင်ဖို့အတွက်တော့ စဉ်းစားစေချင်ပါတယ်။ မျက်ကပ်မှန်ဟာ သန့်ရှင်းဖို့ သန့်စင်ဖို့ အဓိကကျပါတယ်။

မျက်ကပ်မှန်တပ်ဆင်တော့မယ် ဆိုရင် မျက်စိစမ်းသပ်စစ်ဆေးတာကို သာမန်ထက်ပိုပြီး ပြုလုပ်ရပါတယ်။ မကြာခဏလည်း မျက်စိဆရာဝန်နဲ့ ပြန်လည်ပြသဖို့ ( follow up visit ) လိုအပ်ပါတယ် ။ မျက်ကပ်မှန်ဟာ plan လုပ်ထားတဲ့ (ရက်သတ်မှတ်ထားတဲ့ )မျက်ကပ်မှန်ဆိုရင် တော့ သတ်မှတ်ထားတဲ့ရက်မှာ အသစ်ပြန်လည် လဲလှယ်ရမှာ ဖြစ်ပါတယ်။မျက်ကပ်မှန်ဟာ ခြောက်လတစ်ကြိမ်တော့ မဖြစ်မနေကို လဲလှယ်တပ်ဆင်ရပါတယ်။ တကယ်လို့ မျက်ကပ်မှန်ကို မချွတ်မိဘဲ အိပ်ပျော်သွားတဲ့အခါ မျက်လုံး ခြောက်သွေ့ခြင်းကို ပိုမိုဖြစ်စေပြီး နိုးလာတဲ့အခါ မျက်စိနီရဲ ခြောက်သွေ့တာ ယားယံတာတွေ ဖြစ်လာတတ်ပါတယ် ။ သင်က မေ့တတ်တဲ့သူဆိုရင်တော့ ရက်သုံးဆယ်နီးပါး ဆက်တိုက်ဝတ်ဆင်လို့ ရတဲ့ မျက်ကပ်မှန် အမျိုးအစား ( extended wear contact lenses ) ကို ရွေးချယ်လို့ရပါတယ် ။ မျက်မှန်ကို ဝတ်ရမှာ ကိုယ်နဲ့ မလိုက်ဖက်ဘူးလို့ ထင်နေတဲ့သူတွေ ရှိပါတယ်။

 နောက်တစ်ခုက မျက်မှန်ကိုင်းက နှာခေါင်းနဲ့ နားတွေကို ဖိအားပေးထားသလိုမျိုး ခံစားရလို့ ခေါင်းကိုက်တာမျိုးတွေလည်း ရှိတဲ့ အခါ မျက်ကပ်မှန်လေးနဲ့ ရော ဆိုပြီး စဉ်းစားလာကြသူတွေလည်း ရှိပါတယ်။ ဟုတ်ပါတယ် ။ စနစ်တကျသုံးစွဲတတ်တဲ့သူတွေအတွက် မျက်ကပ်မှန်ဟာ သူငယ်ချင်းကောင်းပါပဲ။ အဲ့ဒီတော့ မျက်ကပ်မှန် သို့ မဟုတ် မျက်မှန် ဆိုတာကို ရွေးချယ်ဖို့ကတော့ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ် ။ လူတစ်ဦးချင်းစီရဲ့ ကြိုက်နှစ်သက်မှုပေါ်မှာ မူတည်ပြီးလည်း ဦးစားပေးရွေးချယ်ပုံ ကွဲပြားသွား ပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်မလား ။ night out ပြီး club မှာကမလား။ အဲ့ဒီ အစ်ကိုတွေ ညီလေးတွေအတွက် မျက်ကပ်မှန်က အဆင်ပြေပြီး dinner ပွဲမှာ evening dress လေးနဲ့ အပြိုင် မျက်လုံးတောက်တောက်ပပလေး ဖြစ်နေအောင် ခြယ်သချင်တဲ့ အစ်မတွေ ညီမတွေအတွက်ကလည်း မျက်ကပ်မှန်လေးက ကူညီပါလိမ့်မယ်။ သင့်အနေနဲ့ မျက်ကပ်မှန် ခပ်လန်းလန်းလေးရှိသင့်သလို သင့်ရဲ့ မျက်နှာနဲ့ လိုက်ဖက်တဲ့ up to date မျက်မှန်တစ်လက်လည်း လိုအပ်မှာပဲ ဖြစ်ပါတယ်။ သင်က မျက်ကပ်မှန်ကို ကြိုက်နှစ်သက်နေပေမဲ့လည်း မျက်စိနာလာတဲ့ အခါ မျက်လုံးထဲကို ရောဂါပိုး ဝင်တဲ့ အခါနဲ့ မျက်လုံးနီရဲ ယားယံနေချိန်တွေမှာတော့ သင်ဟာ အရိုးရှင်းဆုံးပဲ မျက်မှန်တစ်လက်ကို လိုအပ်နေမှာ ဖြစ်ပါတယ် ။

#ခွန်းညိုသွေး
Health Guide
https://www.facebook.com/healthguidemyanmar/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ