Fish bone in the throat လည်ချောင်းထဲ ငါးရိုးစူးရင်


၁။ ဆရာခင်ဗျ ငါးရိုးဆူးနေလို့ လမ်းညွှန်ပြပါခင်ဗျာ လေးစားစွာဖြင့်

ဖြစ်တဲ့သူ အသက် မသိ။ ကျား-မ မသိ။ ဘယ်နေရာမှာ စူးနေသလဲ မသိ။ ဆူး မဟုတ် စူးလို့သာရေးရ။ ဥပမာ ဆူးစူးနေသည်။

၂။ ဆရာရှင့် သမီးလေးက တနှစ်နဲ့ ၇လပါ ငါးအရိုးဆူးနေလို့ပါဆရာ။ အရေးပေါ်ဖြစ်နေလို့ပါ။ ဘယ်လိုလုပ်ရမလဲရှင်။ တောမှာနေတာဆိုတော့ ဘယ်ကိုမှသွားလို့မရပါ။ အကူအညီတောင်းပါတယ်ရှင်။

ဆူးမဟုတ်၊ စူးလို့ရေးရတယ်။

၃။ ကျွန်မ အသက် ၃ဝ ပါ။ လွန်ခဲ့တဲ့ ၁ဝ ရက်လောက်က ထမင်းစားရင်း ငါးဖယ်အကောင်သေး အရိုးမြတ်ပါတယ်ဆရာ။ ထုတ်လို့မရပါရှင့်။ ထုတ်မရလို့ မထုတ်ပဲ ထားလိုက်ပါတယ်။ ယခုချိန်ထိလဲ ထုတ်မရပါ။ မြတ်သလိုလို စူးသလို တခါတခါ ခံရခက်ပါတယ်။ အကယ်လို့ မထုတ်ပဲထားလို့ ကြာလျင် အနာဖြစ်နိုင်သည်၊ စိုးရိမ်ရသည်ဟု ပြောကြပါသည်။ မည်သို့ လုပ်ရမလဲ လမ်းညွှန်ပေးပါရှင်။ အန္တရာယ်ရှိနိုင်ပါသလား ဆရာရှင့်။

အရိုးမြတ်မဟုတ်၊ အရိုးမျက်လို့သာရေးရတယ်။

လည်ချောင်းထဲ ငါးရိုးစူးရင် နာမယ်၊ အနေရခက်မယ်၊ တံတွေး များလာမယ်။ အမြိုရခက်မယ်။ ကိုယ့်ဖါသာ လက်နဲ့ ထုတ်လေ ပိုဆိုးလေဖြစ်တတ်တယ်။ နား-နှာခေါင်း-လည်ချောင်း ဆေးခန်းတွေမှာ မကြာခဏတွေ့နေရတယ်။ ဖြစ်တဲ့သူကို ရေအရင်သောက်ခိုင်းပါ။ ရေမြိုနိုင်ရင် ပေါင်မုံ့-ထမင်း နဲနဲစား-မြိုကြည့်ပါ။ ရသွားတတ်တယ်။ အရပ်နည်းတွေလဲ ကြားဘူး၊ လုပ်ဘူးကြမှာပါ။ တချို့က ထမင်းပူပူကို အဆုပ်ကလေးလုပ်ပြီး မဝါးဘဲ မျိုစေတယ်။ သူများနိုင်ငံတွေမှာ ပေါင်မုံ့၊ (ခရက်ကာ)၊ Oat (အုတ်) အစားခိုင်းတယ်။ လိမ္မော်ရည်သောက်ခိုင်းတာက Citric acid ပါလို့ အရိုးကို ပျော်စေမယ်။

လူနာကို အထိုင်ခိုင်းပြီး လျှာကိုဖိကြည့်ရတဲ့ ကိရိယာသုံးပြီး ရှာကြည့်ပါ။ အရိုးတွေ့နိုင်တယ်။ ပွန်းပဲ့နေတာ ရှိရင်လဲ မြင်နိုင်မယ်။ ဆရာဝန်ကနေ ခေါင်းတပ်မှန်သုံးပြီး အာခေါင်နေရာကို စစ်ဆေးမယ်။ လျှာရဲ့အခြေ၊ အာသီးတွေနဲ့ Vallecula နေရာကို အသေအခြာ စစ်ဆေးမယ်။ လျှာကို ထုတ်နိုင်သလောက် ပတ္တီးစ (အဝတ်စ) သုံးပြီး ဆွဲထုတ်ရမယ်။ အောက် ရှေ့သွားတွေနဲ့ မထိခိုက်စေနဲ့။ လိုအပ်ရင် အာခေါင်ပြော့ နဲ့ နောက်ပိုင်းနေရာတွေကို (10% Lidocaine spray) ထုံဆေး ပန်းဆေး ပေးပါ။ Xylocaine viscous ထုံဆေးကို ပလုပ်ကျင်းခိုင်းတာလဲ လုပ်ခိုင်းနိုင်တယ်။ သတိထားဘို့က ထုံဆေး သုံးလို့ မနာတော့ပေမဲ့ မရှိတော့တာ ဖြစ်ချင်မှဖြစ်တယ်။

လိုအပ်ရင် ဓါတ်မှန်ရိုက်ရမယ်။ ဒါပေမဲ့ ဓါတ်မှန်မှာ ပေါ်ချင်မှပေါ်တယ်။ ငါးရိုးတို့ အလူမီနီယမ် ပုလင်းပိတ်အစတို့က ဓါတ်မှန်မှာ မပေါ်ဘူး။ ဒါပေမဲ့ နောက်ဆက်တွဲဖြစ်တာမျိုးရှိရင် မြင်နိုင်တယ်။ Retropharyngeal abscess အနာဖြစ်တာ နဲ့ Severe cervical spondylosis လည်ပင်းရိုး ကျီးပေါင်းတက်တာတွေကို ဆိုလိုတယ်။ Lateral soft-tissue x rays ရိုက်တာက အခွဲရခက်တာမျိုးတွေ ရှိနိုင်တယ်။ အရွတ်၊ အရိုးနုတို့နဲ့ မှားတတ်တယ်။ ရိုးရိုးဓါတ်မှန်မှာ Calcification of Laryngeal and Hyoid cartilages အရိုးနုတွေက ထုံးဓါတ်ပြောင်းလဲတာနဲ့ လွဲတတ်တယ်။

ဓါတ်မှန်ရိုက်ရင် လည်ပင်းရိုး (၇ ရိုး) အားလုံးကို မြင်ရအောင် ရိုက်သင့်တယ်။ Barium swallow-Contrast study ဆေးရည် မျိုချပြီးမှ ရိုက်တဲ့ဓါတ်မှန် လုပ်ရတာလဲ ရှိတယ်။ ငါးအမျိုးအစား မတူရင် ငါးရိုးကို ဓါတ်မှန်မှာ မြင်ရတာ မတူကြဘူး။ ကြက်ရိုးက လူ့လက်ချောင်းနဲ့ ဆင်တယ်။ Trout နဲ့ Mackerel ငါးတွေက သိပ်မြင်သာဘူး။ Salmon ငါးက မြင်သာတယ်။ ငါးရိုးတွေကို ချက်-ကြော်ပေမဲ့ ဓါတ်မှန်မှာမြင်ရတာ ပြောင်းမသွားတတ်ဘူး။ အစိမ်းနဲ့ အတူတူဘဲ မြင်ရတယ်။ ၇၅% ကို မြင်ရတယ်။

Base of the tongue လျှာအောက်ခြေ နဲ့ Hypopharynx နေရာတွေမှာဖြစ်နေရင် Mirror မှန်ဖြစ်ဖြစ် Indirect laryngoscope ကိရိယာကိုဖြစ်ဖြစ် သုံးရတယ်။ Fiber optic nasopharyngoscopy ကိရိယာရှိရင်တော့ အကောင်းဆုံး ဖြစ်မယ်။ Endoscopy လည်ချောင်းထဲ ကိရိယာထည့်ကြည့်တာလဲ လုပ်နိုင်တယ်။ Rigid laryngoscopy, Esophagoscopy နဲ့ Bronchoscopy ဆိုတာတွေကိုတော့ မေ့ဆေးနဲ့လုပ်ရတယ်။

ငါးရိုးက သိပ်ငယ်ရင် မြင်ရဘို့ ခဲယဉ်းတယ်။ တွေ့ရရင် Tilley forceps ညှပ်နဲ့ ဆွဲနုတ်ပါ။ တချို့လူနာတွေကိုသာ ပိုးသေဆေးပေးဘို့လိုတယ်။ ရှာကြည့်တာလဲမမြင်၊ ဓါတ်မှန်မှာလဲ မတွေ့၊ ဒါပေမဲ့ လူနာက ကိုယ်ပူတာ နဲ့ နာတာပါ ရောဖြစ်နေရင် Broad spectrum antibiotic ဆေးပေးသင့်တယ်။ ထိခိုက်သွားတဲဒဏ်ကြောင့် နာနေတာမျိုးက တကယ် အရိုးမရှိပေမဲ့လဲ ဖြစ်နိုင်တယ်။ နောက်ရက်ဆို ကောင်းသွားမယ်။ မကောင်းရင်တော့ Endoscopy ထပ်လုပ်ရမယ်။ ငါးရိုးက ရက်နဲနဲလောက်ကြာရင် Cervical esophagus အစာမျိုပြွန်ကို ဖေါက်သွားနိုင်တယ်။

ဓါတ်ခဲတစ်ဆို့နေတာမျိုးကို သတိထားရမယ်။ အထဲက အယ်လ်ကာလီဓါတ်ကြောင့် Liquefactive necrosis တစ်ရှူးတွေ သေစေနိုင်တယ်။ Tetracycline ဆေးတောင့်ကိုမျိုရင် တစ်မနေအောင် သတိထားပါ။ Irritating ulcer အနာ ဖြစ်စေတတ်တယ်။ ငါးရိုးမဟုတ်ဘဲ တခြားလည်ချောင်းရောဂါရှိနေတာလဲ သတိထားရမယ်။ ၂ဝ% မှာ ငါးရိုးမဟုတ်တာ တွေ့ရတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ