တုပ်ကွေးကြောင့် ခံစားရသောဝေဒနာများကို သက်သာစေသော အစားအစာများ


 ငှက်ပျောသီး

အစာကြေညက်လွယ်ပြီး ကလးငယ်တွေ တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတတ်တဲ့ ပျို့ချင်တာ၊ အန်ချင်တာနဲ့ ၀မ်းသွားတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ချင်း(ဂျင်း)

ဝမ်းဗိုက်နာကျင်တာ၊ ပျို့အန်ချင်တာစတဲ့ ဝေဒနာတွေအတွက် ချင်းကို အသုံးပြုနိုင်ပါတယ်။ လေ့လာမှုတစ်ခုမှာ ချင်းက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို သက်သာစေတာကို တွေ့ရှိရပါတယ်။

ကောက်နှံတစ်ခုလုံးပါဝင်သောကွေကာ

တုပ်ကွေးဖြစ်နေချိန်မှာ စားသင့်တဲ့ အစားအစာတစ်ခုပါ။ ကောက်နှံတစ်ခုလုံးပါဝင်တဲ့ ကွေကာက ဆာလောင်မှုမရှိစေဘဲ စိတ်ကျေနပ်မှုဖြစ်စေပါတယ်။

ရေခဲချောင်း

လတ်ဆတ်တဲ့ သစ်သီးကို ဖျော်ရည်လုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ ရေခဲချောင်းပြုလုပ်ပြီးစားပါ။ သကြားမထည့်ဘဲ သဘာဝအချိုအတိုင်း ထားရှိရပါမယ်။ ရေခဲချောင်းစားတာကြောင့် လည်ချောင်းနာတာ၊ ရောင်တာ၊ လည်ချောင်းခြောက်တာတွေကို သက်သာစေပါတယ်။ ချွဲသလိပ်တွေကို ပျော်စေပြီး နှာခေါင်းပိတ်တာကိုလည်း သက်သာစေပါတယ်။

ကြက်သား

အဆီမပါတဲ့ ကြက်သားက အာဟာရ ပြည့်ပြည့်၀၀ ရရှိစေပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ အာဟာရလုံလုံလောက်လောက် ရရှိဖို့အတွက် ကြက်သားကို စားသုံးသင့်ပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ကြက်သွန်ဖြူမှာ အဏုဇီဝပိုးသတ် အာနိသင်နဲ့ ခုခံစွမ်းအားတွေကို မြှင့်တင်ပေးတဲ့ အာနိသင်တွေရှိပြီး နှာခေါင်းပိတ်တာကိုလည်း သက်သာစေပါတယ်။ ကြက်သွန်နီမှာရှိတဲ့ ဖိုက်တိုကမ်မီကယ်က လေပြွန်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

ကြက်စွပ်ပြုတ်

ကြက်စွပ်ပြုတ်သောက်သုံးပေးတာက ရေဓာတ်ကို ရရှိစေပြီး ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေကို လျော့နည်းစေလို့ တုပ်ကွေးရောဂါကို အမြန်သက်သာစေပါတယ်။ လေ့လာမှုအရ ကြက်စွပ်ပြုတ်သောက်တာက နှာခေါင်းအတွင်းပိုင်းမှာရှိတဲ့ အမွေးအမှင်လေးတွေရဲ့ စွမ်းဆောင်ရည်ကိုကောင်းစေလို့ အသက်ရှူ လမ်းကြောင်းအတွင်း ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးမွှားတွေ မ၀င်အောင် ဟန့်တားပြီး တုပ်ကွေးရောဂါ မဖြစ်အောင် ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်းသောက်တာက ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးမယ့် အင်တီအောက်ဆီးဒင့်တွေကို ရရှိစေပါတယ်။ လက်ဖက်ခြောက်ထဲမှာပါတဲ့ ဖိုက်တိုကမ်မီကယ်ကက်တီချင်က ပိုးသတ်အာနိသင်နဲ့ ၀မ်းလျှောတာကနေ ကာကွယ်ပေးပါတယ်။

ပဲနို့

လက်တို့မပါဝင်တဲ့ ပဲနို့သောက်တာက တုပ်ကွေးဖြစ်နေချိန်မှာ အာဟာရဓာတ်ပြည့်ဝစွာ ရရှိနိုင်ပါတယ်။ စတော်ဘယ်ရီ၊ ချောကလက်တွေ ပါဝင်ခဲ့ရင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်တွေအပြင် ကယ်လိုရီကိုလည်း လုံလောက်စွာ ရရှိစေပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်

ဟင်းသီးဟင်းရွက်တွေကို သုပ်စားတာ၊ ဖျော်ရည်လုပ်သောက်တာက တုပ်ကွေးဖြစ်တာကနေ ပြန်လည် သက်သာစေဖို့ ကူညီပေးပါတယ်။ ခန္ဓာကိုယ်ခုခံအားကို ကောင်းစေတဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အပြင် ရေဓာတ်ဖြည့်ပေးတာကြောင့် ခံစားရတဲ့ တုပ်ကွေးလက္ခဏာတွေကို အမြန်သက်သာစေပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးပါ

တုပ်ကွေးကာကွယ်ဆေး ထိုးထားတာက တုပ်ကွေးရောဂါမဖြစ်အောင် ၈၀% ကာကွယ်ပေးပါတယ်။ တစ်နှစ်ကို တစ်ကြိမ်သာ ထိုးရပြီး တုပ်ကွေးရောဂါ အဖြစ်များတတ်သော မိုးရာသီမ၀င်မီ နှစ်ပတ်အလိုမှာ ထိုးပါ။ ကာကွယ်ဆေးအာနိသင်ကို ရရှိဖို့ နှစ်ပတ်ကြာတတ်တာကြောင့်ပါ။

ကာကွယ်ဆေးထိုးထားသင့်သူများ

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေက တုပ်ကွေးဖြစ်လာခဲ့ရင် ခံနိုင်ရည်နည်းတာကြောင့် တုပ်ကွေးကာကွယ်ဆေး မဖြစ်မနေ ထိုးထားပေးသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ နာတာရှည်အဆုတ်ရောဂါရှိသူတွေ၊ ခုခံအားလျော့နည်းစေသော ဆေးဝါးသောက်သုံးနေရသူတွေ၊ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အဆုတ်လုပ်ငန်းဆောင်တာ အားနည်းသူတွေအနေနဲ့ တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၆၄)မှ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်) ရေးသားသော အအေးမိတုပ်ကွေးဖြစ်လျှင် အမြန်ဆုံးသက်သာစေရန် ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်။)

MOI Webportal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ