Acne during pregnancy ကိုယ်ဝန်နဲ့ ဝက်ခြံ


၁။ ကျွန်မ အသက်က ၂၄ နှစ်ပါ။ သားဦးကိုယ်ဝန် ၇ လထဲရောက်ပါပြီ။ ပြီးခဲ့တဲ့နှစ်ပါတ်ကစပြီး မျက်နှာမှာ အဖုသေးသေးလေးတွေ ပေါက်လာပါတယ်ဆရာ။ သူများတွေ ပြောတာတော့ ဝက်ခြံလို့ ပြောပါတယ်ဆရာ။ နဖူးနဲ့ နားထင်မှာ အများဆုံးပါဆရာ။ ဝမ်းလဲမချုပ်ပါဘူးဆရာ။ ကိုယ်ဝန်ကြောင့်လား။ တခြားအကြောင်းကြောင့်လား သိချင်လို့ပါ။ ပျောက်အောင် ဘာဆေးသုံးလို့ရပါသလဲရှင်။ အမှားပါရင် သည်းခံခွင့်လွှတ်ပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင်။

၂။ ဆရာရှင့် ကျွန်မ အသက် ၂၈ နှစ် ဒုတိယ ကိုယ်ဝန် (16) ပတ်ရှိပါပြီ။ ကျွန်မမျက်နှာမှာ ဝက်ခြံတွေ ပေါက်နေလို့ပါရှင့်။ ဝက်ခြံအမျိုးအစားမှာ အဖုကြီးပြီး ပြည်ဖုတွေပါရှင့်။ အရေပြားဆရာဝန်သွားပြတော့ ဆေးတွေ ပေးလိုက်ပါတယ် Antibiotics ဆေးတွေ ဖြစ်လို့ ကလေး ထိခိုက်မှာလည်း စိုးရိမ်သဖြင့် ကျွန်မကို မည်သည့် ဆေးသောက်လျှင် သက်သာနိုင်မည်လည်း ဆိုတာကို ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ Zincovit, ROXID-150 နဲ့ Serratiopeptidase ဆေးတွေက အရေပြား ဆရာဝန် ပေးတဲ့ ဆေးတွေပါရှင့်။

၃။ ဆရာ ရိုသေလေးစားစွာနဲ့ စာရေးလိုက်ပါတယ်။ ကျွန်တော်က အသက် ၃၇ နှစ် ကိုယ်ဝန်ခြောက်လရှိပါပြီ။့ မြို့မှာနေပါတယ်။ ကိုယ်ဝန်သုံးလလောက်ထဲက မျက်နှာမှာ ဝက်ခြံတွေပေါက်ပါတယ်။ ခုကိုယ်ဝန်ခြောက်ရောက်တော့ ပိုဆိုးလာပါ။ မျက်နှာတပြင်လုံး လည်ပင်း ရင်ဘတ် နောက်ကျော တပြင်လုံး ဗိုက်ပေါ်မှာရော ဝက်ခြံလိုအဖုလေးတွေ မြင်မကောင်းအောင်ထွက်ပါတယ်။ ဆရာဝန်ပြတော့လဲ လိမ်းဆေး သောက်ဆေး (သောက်ပြီးရင် အိပ်ချင်) ပေးပါတယ်။ မသက်သာပါ။ ဆရာဝန်ကတော့ ကိုယ်ဝန်ဆောင်လို့ ဟော်မုန်းအပြောင်းလဲကြောင့်ဖြစ်တယ် ပြဿနာ မရှိဖူးလို့ ပြောပါတယ်။ ကျွန်တော်က အသက်ကြီးမှရတဲ့ ပထမဆုံးကိုယ်ဝန်မို့ ဆေးလဲလျှောက်မသောက်ရဲပါဖူး။ ခုဖြစ်တာရော ပုံမှန်မှဟုတ်ရဲ့လား။ ဘာဆေးတွေ လိမ်းသင့်လဲလို့ဆရာ့ကို အကူညီတောင်းပါရစေ။

၎။ သမီးမျက်နှာနဲ့ လည်ပင်းမှာဝက်ခြံတွေမြင်မကောင်းအောင် ထွက်လာပါတယ်။ ကိုယ်ဝန် ၃ လလောက်မှာ စထွက်တာပါ။ ခုကလေးလေးမွေးပြီး ရက် ၄ဝ ရှိပါပြီ။ မသက်သာပဲ ပိုဆိုးလာပါတယ်။ မေးရိုးတလျှောက်နဲ့ လည်ပင်း ရင်ဘက်တွေပါ ပွားလာပါတယ်။ ရောင်ပြီး ပြည်လေးတွေဖြစ်နေပါတယ်။ ၄ - ၅ လုံးစီ စုနေတာတွေလည်းရှိပါတယ်။ အရင် အပျိုတုန်းကတော့ နောက်ကျောမှာပေါက်ပါတယ်။ ခုလိုတော့မဆိုးပါ။ ကလေးနို့တိုက်နေရလို့ သောက်ဆေး သောက်လို့ ရပါလားရှင်။ သမီးလေးကိုရော ကူးနိုင်ပါလား။ ဘယ်လို treatment ယူရမလဲရှင်။

၅။ ကျွန်မအသက် ၂၄ ပါ။ ခုဒုတိယကိုယ်ဝန်လွယ်ထားပါတယ်။ ၃ လပါ။ မျက်နာနဲ့နှုတ်ခမ်းနားမှာ ဝက်ခြံတွေ အများကြီး ပေါက်နေပါတယ်။ ဘာတွေဆင်ခြင်ရပါ့မလည်းရှင့်။

ကိုယ်ဝန်ဆောင်ရင် ဝက်ခြံထွက်လာတတ်တယ်။ အထူးသဖြင့် ဝက်ခြံထွက်ဖို့များတဲ့ အသားအရေရှိတဲ့ အမျိုးသမီးတွေမှာ ဖြစ်တယ်။ ရှိနေပြီးသားဝက်ခြံက ပိုဆိုးလာနိုင်တယ်။ ဟော်မုန်း ပိုများလာလို့ဖြစ်တယ်။ အရေပြားဆဲလ်လေးတွေကနေ Sebum ဆိုတာပိုထွက်လာမယ်။ ကိုယ်မွှေးပေါက်ရာနေရာက သေသွားတဲ့ ဆဲလ်တွေနဲ့ ပေါင်းပြီး ထွက်ပေါက်လေးတွေကို ပိတ်နေမယ်။ ဗက်တီးရီးယားတွေ ဝင်လာဖို့အခွင့်အလမ်း ဖြစ်လာတယ်။

အသင့်အတင့်သာဆိုးသူနဲ့ ဆိုးတဲ့သူရှိတယ်။ ကိုယ်ဝန်လွယ်စဉ်ကာလတလျှောက်လုံး ရှိနေနိုင်တယ်။ ကာကွယ်ဖို့ဆိုတာ ခက်တယ်။ မျက်နှာသစ်တာ အကြိမ်ပိုလုပ်ပေးပါ။ ဆပ်ပြာ + ရေသာလိုတယ်။ မျက်နှာကို မျက်နှာသုတ်ပုဝါနဲ့ ပွတ်တိုက်တာ မလုပ်ပါနဲ့။ အသာအယာသာလုပ်ပါ။ မျက်နှာအရေပြား ခြောက်သွေ့နေပါစေ။ Moisturizer သုံးရင် အဆီမပါတဲ့အမျိုးအစားရွေးသုံးပါ။ ဝက်ခြံကိုမညှစ်ပါနဲ့။ ခဏခဏလက်နဲ့မကိုင်ပါနဲ့။ Makeup မိတ်ကပ်သုံးရင် Water-based အမျိုးအစားသာသုံးပါ။ ဆီမပါစေနဲ့။ မအိပ်ခင် အဲတာတွေဖျက်ပြစ်ပါ။ ဆေးဆိုင်ကဝယ်ရတဲ့ လိမ်းဆေးလည်း ကိုယ်ဝန်မှာသုံးနိုင်တယ်။ ဆိုးဝါးတာဖြစ်ရင်တော့ အရေပြားအထူးကု ဆရာဝန်ပြပါ။

Erythromycin ဆေးကို အသင့်အတင့်ဆိုးတဲ့ပိုးဝင်တာအတွက် 250 တနေ့ ၄ ကြိမ်၊ 500 mg တနေ့ ၂ ကြိမ်။ Pregnancy category B သတ်မှတ်ထားလို့ အကျိုးက အဆိုးထက်ပိုတာဆိုရင် ကိုယ်ဝန်မှာသုံးနိုင်ပါတယ်။ ကလေးနို့တိုက်ရင် နို့ရည်ထဲမှာ နည်းနည်းသာပါမယ်။

Clindamycin Pregnancy category B သတ်မှတ်ထားလို့ အကျိုးက အဆိုးထက်ပိုတာဆိုရင် ကိုယ်ဝန်မှာ သုံးနိုင်ပါတယ်။ 150 to 300 mg တနေ့ ၄ ကြိမ်။

Accutane (isotretinoin) ဆေး မသုံးပါနဲ့။ ပိုးသေစားဆေး Tetracycline, Doxycycline နဲ့ Minocycline တွေလည်း မသောက်ပါနဲ့။

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန် ကုသတာအတူလိုသဘောထားနိုင်ပါတယ်။ ကလေးကို မကူးစက်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ