ငွေမိုး- ငွေနှင်းမှို (Oyster Mushroom) |
ကြွက်နားရွက်မှို(Jelly Mushroom) |
လင်ဇီးမှို (Ling Zhi Mushroom) |
ကောက်ရိုးမှို (Straw Mushroom) |
ရှီတကီမှို (Shiitake Mushroom) |
ထပ်တစ်ရာမှို (Tremella Mushroom) |
သီရိ
မှိုဆိုသည်မှာ လူများ ကြိုက်နှစ်သက်စွာ စားသုံးကြသည့် ဟင်းသီးဟင်းရွက် တစ်မျိုးဟု တစ်ကမ္ဘာလုံးက လက်ခံထား ကြသည်။ မှိုသည် သဘာဝ အလျောက် ပေါက်ရောက်လေ့ ရှိသည်ကို လူတိုင်းလိုလို သိကြသည်။ မှိုမျိုးပေါင်း များစွာ ရှိသော်လည်း လူတို့ စားသုံး၍ ရသောမှို နှင့် စားသုံး၍မ ရသော မှိုဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။ မြန်မာနိုင်ငံမှ လူအများစု သည် နိုင်ငံတွင်းမှ ထွက်သည့် ကောက်ရိုးမှို ကိုသာ အဓိက စားသုံးမှု များကြသဖြင့် မှိုကြိုက်သူများ မှိုများအကြောင်း အသေးစိတ် သိနိုင်ရန် ရေးသား တင်ပြ လိုက်ရပါသည်။
ကမ္ဘာပေါ်တွင် သဘာဝ အလျောက် ပေါက်သော မှိုများမှာ ကောက်ရိုးမှို၊ ဖက်ဆွတ်မှို၊ အင်တိုင်းမှို၊ တောင်ပို့မှို၊ မှိုကြက်တောင်၊ ဇာကွန်ခြာမှို၊ ကြက်တူရွေးမှို၊ ကြွက်နားရွက်မှို၊ မျောက်ခေါင်းမှို၊ သစ်ကပ်မှို၊ မှိုအုန်းနက်၊ မှိုခြေတံရှည်၊ သင်္ကန်းမှို၊ မှိုစုန်း၊ ပဲမှို၊ ဆန်ကွဲမှို၊ စာကလေးမှို၊ ဒေါင်းရဲမှို၊ ညမှို စသည်တို့ ဖြစ်သည်။ လူအများ စားသုံးလေ့ ရှိသည့် မှိုပွင့်ကြီး များကို အင်္ဂလိပ် ဘာသာဖြင့် Mushroom ဟု ခေါ်ပြီး ယင်းစကားမှာ ပြင်သစ် ဘာသာစကား မှ အင်္ဂလိပ် ဘာသာစကား သို့ ဆင်းသက် သွားခြင်း ဖြစ်ကြောင်း သိရသည်။
လူတို့ စိုက်ပျိုး ထုတ်လုပ်သော မှိုများမှာ ကြယ်သီးမှို (Button Mushroom) ၊ ငွေမိုး- ငွေနှင်းမှို (Oyster Mushroom) ၊ ကောက်ရိုးမှို (Straw Mushroom) ၊ ကြွက်နားရွက်မှို(Jelly Mushroom) ၊ ထပ်တစ်ရာမှို (Tremella Mushroom) ၊ လင်ဇီးမှို (Ling Zhi Mushroom) ၊ ရှီတကီမှို (Shiitake Mushroom) စသည်တို့ ဖြစ်သည်။
ယခုအချိန်တွင် စားသုံးမှို များကို ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အာဟာရ ဓာတ်ပြည့်စုံ ကြွယ်ဝပြီး ဆေးဖက်ဝင်သော ဟင်းသီးဟင်းရွက် တစ်မျိုး အနေဖြင့် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ် စားသုံးနေကြပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများ အတွက်လည်း စားနပ်ရိက္ခာ ဖူလုံရေး အတွက် အထူး အရေးပါ အရာရောက်သော သီးနှံတစ်မျိုး အဖြစ် စီမံကိန်းများ ချမှတ် အကောင် အထည်ဖော်၍ ဆောင်ရွက် နေသည်ကို တွေ့ရှိနေပြီ ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း၌ စားသုံးမှု များကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် တာဝန်ရှိ သူများက အာဟာရဓာတ် ကြွယ်ဝခြင်း၊ ဆေးဖက်ဝင်ခြင်း၊ အချိန်တို အတွင်း အရင်းအနှီး အနည်းငယ်ဖြင့် ဝင်ငွေ ပြန်လည် ရရှိနိုင်ခြင်း၊ လယ်ယာလုပ်ငန်း ဘေးထွက် ပစ္စည်းများ နှင့် စွန့်ပစ် ပစ္စည်းများကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး နှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရန် ရည်ရွယ်ကာ စားသုံးမှိုကို စိုက်ပျိုးကြခြင်း ဖြစ်သည်။ ကမ္ဘာအရပ်ရပ် နှင့် ဒေသ အသီးသီးတွင် ပေါက်ရောက် တွေ့ရှိ နိုင်သည့် မှို အမျိုးအမည်ပေါင်း ၁၄ဝဝဝဝ ကျော် ရှိသည် ဟု အဆိုရှိ သော်လည်း ကမ္ဘာပေါ်ရှိ သိပ္ပံ ပညာရှင်များ၏ လေ့လာမှုများ အရ လက်ရှိ အချိန်တွင် မျိုးစိတ် ၁ဝဝဝဝ ခန့် ရှိကြောင်း သိရသည်။
စားသုံးမှိုကို စားသုံးခြင်းဖြင့် လူများ လိုအပ်သည့် ကယ်လိုရီ၊ ကာဗွန် ဟိုက်ဒရိတ် အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ဗီတာမင်များ ဖြစ်သည့် သိုင်ရာမင်၊ ရိုက်ဗိုဗလေဗင်၊ နိုင်ယာစင်၊ ပင်တိုသင်းနစ် အက်စစ် စသည့် ဗီတာမင် ဓာတ်များ ရရှိကြောင်း သိရသည်။ သတ္တုဓာတ်များ အနေဖြင့် ကယ်လ်စီယမ်၊ ဖော့စဖားရပ်စ်၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဇင့် စသည့် ဓာတ်များကို ရရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မှိုကို စားသောက် ဖွယ်ရာ တစ်ခုအဖြစ် အသုံးပြုကြပြီး ဆေးဝါးအဖြစ် အသုံးမပြု နိုင်သေးသည်ကို တွေ့ရှိရသည်။ အရှေ့တောင် အာရှနိုင်ငံ များတွင် မှိုကို ဆေးဝါးအဖြစ် သုံးစွဲမှု များသဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှု များလည်း ပြုလုပ် နေကြကြောင်း သိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
http://myawady-myawady.blogspot.com/2015/02/blog-post_83.html