ဘာစီလိုနာနှင့်ပွဲမှ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအပေါ် ပယ်လီဂရီနီ မေးခွန်းထုတ်

ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် အမှားများက မိမိတို့အတွက် ပေးဆပ်မှု ကြီးသွားစေခဲ့ကြောင်း မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဝေဖန်ပြောကြားလိုက်သည်။

မန်စီးတီးသည် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့တွင် ဘာစီလိုနာအား အိမ်ကွင်း အစ်တီဟတ်၌ (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ယခုပွဲတွင် ဘာစီလိုနာ၏ ဦးဆောင်ဂိုးသည် ပင်နယ်တီမှ ရရှိခဲ့ခြင်းဖြစ်ပြီး လီယွန်နယ်လ် မက်ဆီကို နောက်မှ ဘောလုံးဖျက်ထုတ်မှုကြောင့် မန်စီးတီး ခံစစ်မှူး မာတင်ဒီမစ်ချယ်လစ် တိုက်ရိုက်အနီကတ် ထိခဲ့သလို ပယ်နယ်တီပါ ပေးခဲ့ရသည်။ ဒီမစ်ချယ်လစ်၏ ဖျက်ထုတ်မှုသည် ပင်နယ်တီ ဧရိယာ အပြင်ဘက်တွင် သက်ရောက်ကြောင်း အငြင်းပွားစရာ အခြေအနေများ ရှိသော်လည်း ဒိုင်လူကြီး ယိုနက်စ် အဲရစ်ခ်ဆန်က ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အပြင် ယင်းပင်နယ်တီတွင် ဘာစီလိုနာ၏ တိုက်စစ်အစပြုမှုသည် မန်စီးတီး တောင်ပံလူ ဂျီးဆက်စ်နာဗက်စ်ကို ဘာစီလိုနာ ကွင်းလယ်လူ ဆာဂျီယို ဘုရှ်ကွက်စ်က ကြမ်းတမ်းစွာ ကစားပြီး ဘောလုံးလုယူပြီးမှ အကွက်ဆင် ထိုးဖောက်လာခြင်း ဖြစ်သည်။ ယင်းဖျက်ထုတ်မှုအတွက် ဘုရှ်ကွက်စ်ကို အဲရစ်ခ်ဆန်က ပြစ်ဒဏ်ဘော မသတ်မှတ်ဘဲ မန်စီးတီး၏ ခံစစ်က မက်ဆီကို တားဆီးမှ အနီကတ်ပြပြီး ပင်နယ်တီပါ ပေးလိုက်ခြင်း ဖြစ်သည်။

ချီလီသား မန်နေဂျာကြီး ပယ်လီဂရီနီက "သေချာတာပေါ့ဗျာ။ ကျွန်တော့်မှာ စောဒကတက်လောက်စရာ အကြောင်းအချက်တွေ အများကြီးပဲ။ ပင်နယ်တီနဲ့ အနီကတ်အတွက်ပဲ ပြောမှာမဟုတ်ဘူး။ တစ်ပွဲလုံးစာ ပြောရမှာ။ တစ်ပွဲလုံး ခြုံကြည့်ရင် ကျွန်တော်တို့ဟာ နှစ်ဖက်စလုံးကို မျှမျှတတ သဘောထားတဲ့ ဒိုင်လူကြီးမျိုး မရခဲ့ဘူး ထင်ပါတယ်။ သူကပဲ ပွဲကို အဆုံးအဖြတ် ပေးသွားတာပါပဲ။ ဘာကြောင့် ဒီလိုပြောသလဲဆိုရင် ဘုရှ်ကွက်စ်က နာဗက်စ်ကို ကျူးလွန်ခဲ့တဲ့ ဖျက်ထုတ်မှုကို ပြစ်ဒဏ်ဘော ပေးဖို့တော့ သူပျက်ကွက်ခဲ့တယ်။ အဲဒီအချိန်မှာ ဒိုင်က (၃)မီတာလောက် အကွာအဝေးမှာတင် ရှိတယ်။ ဒါတောင် သူ့ခရာကို သူမမှုတ်ခဲ့ဘူး။ ဒီမစ်ချယ်လစ်ရဲ့ ပြစ်ဒဏ်ဘောကျတော့ ပင်နယ်တီ မဟုတ်တာကို ပင်နယ်တီ ပေးခဲ့တယ်။ ပြစ်ဒဏ်က ဧရိယာ အပြင်ဘက်မှာ ဖြစ်ခဲ့တာပါ။ သိပ်ကို အရေးပါတဲ့ ဆုံးဖြတ်ချက် အမှားအယွင်းတွေက ဘာစီလိုနာလို ထိပ်တန်းအသင်းတစ်ခုနဲ့ ပွဲကြီးပွဲကောင်း ကစားရချိန်မှာ ကျွန်တော်တို့ကို ဖိနှိပ်လိုက်တယ်။ ဒီအနေအထားမှာ အနိုင်ရဖို့ဆိုတာ သိပ်ခက်သွားပြီလေ"ဟု ပြောဆိုသွားသည်။

ပယ်လီဂရီနီက အဆိုပါ ဒိုင်လူကြီးကို ယခုပွဲတွင် ခန့်အပ်ရန် မစဉ်းစားခဲ့သင့်ဟုလည်း UEFAကို ဝေဖန်ခဲ့သည်။ ဆွီဒင်သား ဒိုင်လူကြီးသည် ပြီးခဲ့သည့်နှစ်က ဘာစီလိုနာနှင့် အေစီမီလန်တို့ ပွဲတွင်လည်း မီလန်ပင်နယ်တီ ရသင့်သည့် ရှင်းရှင်းလင်းလင်း အနေအထားမျိုးကို မျက်ကွယ်ပြုခဲ့ဖူးသည်။ ပယ်လီဂရီနီက "ဘာစီလိုနာနဲ့ ဆက်နွယ်တဲ့ ပြဿနာတွေ ရှိဖူးတဲ့ ဒိုင်တစ်ယောက်ကို ဒီလိုပွဲမျိုးအတွက် ထပ်ခန့်သင့်သလား။ မီလန်နဲ့တုန်းက သူဟာ အမှားတစ်ခု ကျူးလွန်ရုံလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ဒီဒိုင်ကပဲ ဘာစီလိုနာနဲ့ နောက်တစ်ပွဲမှာ ဒါမျိုးခုထပ်ဖြစ်လာပြီ။ ဒါကို ရိုးရိုးအမှားပါလို့ပဲ ကျွန်တော် ထပ်ပြောလိုက်ပါရစေ"ဟုလည်း ခနဲ့တဲ့တဲ့ ပြောဆိုသွားသည်။ ၎င်းက နူးကမ့်တွင် ဘာစီလိုနာကို အစွမ်းကုန် ကြိုးစားရင်ဆိုင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။

"ကြိုးစားဖို့၊ ကြိုးစားဖို့၊ ကြိုးစားဖို့ ဆိုတာကိုပဲ ကျွန်တော်တို့ တွေးနေပါတယ်။ နူးကမ့်မှာ ကျွန်တော်တို့ ကစားရမှာပါ။ ဘိုင်ယန်မြူးနစ်ကိုလည်း အိမ်ကွင်းမှာ ရှုံးပြီး အဝေးကွင်းမှာ ကျွန်တော်တို့ နိုင်ခဲ့ဖူးတယ်လေ။ ဒါပေမဲ့ ဒုတိယဂိုး ထပ်ပေးလိုက်ရတာက တော်တော့်ကို ခက်ခဲသွားတာ အမှန်ပါပဲ။ ခုချိန်မှာတော့ ကျွန်တော်တို့ ဘာတွေဆက်လုပ်နိုင်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရပါတော့မယ်"ဟု ပယ်လီဂရီနီက မှတ်ချက်ပြုသွားသည်။

Ref: skysport
Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ