ဂုဏ်သိက္ခာဆိုတာ ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ရွှေမှုံရတီ

“မျက်လုံးကလေး ကလယ်ကလယ်” ဇာတ်ကားဖြင့် ပရိသတ်တွေ ရင်သပ်ရှုမောဖြစ်ခဲ့ရတဲ့ ရွှေမှုံ ရတီရဲ့သရုပ်ဆောင်ချက်ဟာ ပီပြင်လွန်းလှပါတယ်။ ဒီဇာတ်ကားနဲ့ စန်းထခဲ့တဲ့ ရွှေမှုံရတီဟာ မျိုး ဆက်သစ် လူငယ်သရုပ်ဆောင်များထဲမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်သူရယ်လို့ ယခုအချိန်မှာ အများက မှတ်ချက်ပြုခြင်းခံရသူ တစ်ဦးပါ။ ဒါကြောင့်မို့ ရွှေမှုံရတီရဲ့ အနုပညာ၊ကိုယ်ကျင့်သိက္ခာ တရားတွေနဲ့ ပတ်သက်ပြီး မဇ္ဈိမက ပွင့်လင်းစွာမေးကြည့်တော့ . . .

အခုတစ်လော ဘာတွေလုပ်နေလဲ။

လတ်တလောကတော့ မတ်လမှာ စာမေးပွဲဖြေရမှာဖြစ်လို့ ဒီတစ်လလုံး အလုပ်တွေ နားထားတယ်။

အနုပညာပျိုးခင်းနဲ့ လက်တွဲလုပ်ကိုင်လာရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ကောလာဟလတွေကို ဘယ် လိုမြင်လဲ။

ကောလာဟလကို ဘယ်လိုမှ မမြင်ပါဘူး။ သူတို့ဘာသာ သူတို့ပြောချင်တာ ပြောပေါ့။ ရွှေမှုံဆရာတွေက ဘာမှဂရုမစိုက်တတ်အောင် ရွှေမှုံတို့ကို သင်ပေးထားတယ်။

ကိုယ်ရောက်ရှိနေတဲ့နေရာက အောင်မြင်ပြီ၊ ခိုင်မာပြီလို့ ယုံကြည်လား။

အခု လက်ရှိရောက်နေတဲ့နေရာကို အောင်မြင်တယ်လို့ မယူဆပါဘူး။ ကြိုးစားဆဲပဲ ရှိပါသေးတယ်။ ပရိ သတ်အားပေးမှုနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးရအောင် ရွှေမှုံ ကြိုးစားနေပါတယ်။

ဘ၀မှာ ရွှေမှုံရတီရယ်လို့ ဖြစ်လာဖို့ ပေးဆပ်မှုတွေကရော။

ကျောင်း၊ အချိန် ပေးဆပ်လိုက်ရတာ ပေါ့။ ကျောင်းဆိုလည်း ငါးရက်တက်ရမယ် ဆိုတဲ့နေရာမှာ သုံးရက် လောက်ပဲ တက်ရတာမျိုးပေါ့။

အနုပညာပျိုးခင်းကြောင့် နေရာတစ်ခု ရတာလား၊ ဒါမှမဟုတ် ကိုယ်ကြိုးစားမှုကြောင့် ရလာတယ် လို့ ထင်လား။

ဆရာတွေကြောင့် နေရာလေးတစ်ခု ရလာတာပါ။

ကိုယ်တိုင်ရော အခုအချိန်မှာ ပညာရှင် (ပရော်ဖက်ရှင်နယ်)ဆိုတဲ့ အသိစိတ် ရှိပြီလား။

ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ပညာရှင် (ပရော်ဖက်ရှင်နယ်)လို့ ထင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အမြဲတမ်း သင်ယူကြိုးစားနေသူ တစ်ဦးလို့ပဲ ကိုယ့်ကိုယ်ကိုယ် မှတ်ယူထားပါတယ်။

အောင်မြင်ကျော်ကြားသူ တစ်ယောက်ဖြစ်ဖို့ လိုအပ်ချက်တွေက ဘာတွေလဲ။

အောင်မြင်ကျော်ကြားတယ်ဆိုတာထက် ပရိသတ်လက်ခံနိုင်တဲ့သူ တစ်ယောက် ဖြစ်ဖို့က ရွှေမှုံအတွက် ပိုအရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေး၊ လူမှုဆက်ဆံရေး အများကြီးပါပဲ။

မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာအပေါ် ဘယ်လိုမြင်လဲ။

မိန်းမတစ်ယောက်မှ မဟုတ်ပါဘူး။ လူတိုင်းမှာ ဂုဏ်သိက္ခာဆိုတာ ရှိပါတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် ထိန်းသိမ်းရမယ်။

အောင်မြင်မှုတစ်ခုရဖို့ အညှီအဟောက်တွေနဲ့ လုပ်ယူနေကြတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

အောင်မြင်မှုရဖို့ နည်းအမျိုးမျိုးနဲ့ လုပ်ယူနေကြသူတွေကို ဘယ်လိုမှ မမြင်ပါဘူး။ သူတို့ ခံယူချက်နဲ့ သူတို့ ပဲလေ။ ရွှေမှုံ ဘာမှ မပြောချင်ပါဘူး။ သိလည်း မသိချင်ပါဘူး။ ရှုတ်ချတဲ့ သူတွေထဲမှာလည်း မပါဘူး။ သူ များကို စိတ်မ၀င်စားဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ စိတ်ဝင်စားတယ်။ ပြန်လည် ဆန်းစစ်ပြီးနေတယ်။ ရွှေမှုံ အမေနဲ့ တိုင်ပင်တယ်၊ ဆရာတွေနဲ့ ဆွေးနွေးတယ်။ ကျန်တာ ဘာမှအာရုံ အနောက်မခံဘူး။

အနုပညာပျိုးခင်းနဲ့ သက်တမ်းမပြည့်သေးတော့ ဘာဆက်လုပ်ဖို့ရှိသလဲ။

အနုပညာပျိုးခင်းနဲ့ သက်တမ်းမပြည့် သေးဘူး။ တစ်နှစ်ကျန်သေးတယ်။ သက်တမ်းပြည့်ခဲ့ရင်လည်း ရွှေမှုံ ဆရာတွေရဲ့ လမ်းညွှန်မှုနဲ့ပဲ အနုပညာခရီးလမ်းကို ဆက်လျှောက်သွားမှာပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကထဲ ရောက်လာတော့ လူငယ်ဘ၀ လွတ်လပ်မှုတွေအတွက် ဘယ် လိုခံစားရလဲ။

လွတ်လပ်မှုတွေ ဆုံးရှုံးတာတော့ ဘယ်လိုမှ မခံစားရပါဘူး။သူငယ်ချင်းလည်း မရှိဘူး။ ငယ်ငယ်ကတည်း က မိသားစုနဲ့နေနေကျဆိုတော့ လွတ်လပ်မှု ဆုံးရှုံးတယ်ဆိုတဲ့ ခံစားချက် မရှိပါဘူး။

ကိုယ့်ကိုယ်ကိုယ် ဘယ်အတိုင်းအတာ ထိရောက်ရမယ်လို့ သတ်မှတ်ထားတာ မျိုးရှိလား။

ပရိသတ်အားပေးမှုကို မငြိုငြင်ဘဲ ရရှိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ချင်တယ်။

အနုပညာနဲ့ပတ်သက်တဲ့ မျှော်လင့်ချက် ကရော။

အနုပညာနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်ကတော့ လောလောဆယ်မှာ ရွှေမှုံက အသစ်တစ်ယောက် ဖြစ်နေတဲ့အတွက် ဘာမှ ကြီးကြီးမားမား မျှော်လင့်မထားဘူး။ ပရိသတ်အားပေးမှုနဲ့ ထိုက်တန်အောင် ကြိုးစား သွားမယ်ဆိုတဲ့ စိတ်ပဲရှိတယ်။

မြင့်မြင့်စိုး
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ