သူတို့ပြောတဲ့ “D” မိုးမင်း



‘Drugs’

‘Drugs’ ရဲ့ အမှန်တကယ် အဓိပ္ပာယ်ကတော့ ဆေးဝါးပေါ့။ ဆေးဝါးဆိုတာ လူတွေအသုံးပြုဖို့ အတွက်လိုအပ်တာပေါ့။ ‘Drugs’ ဆိုတာ ကြောက်စရာကောင်းတဲ့အရာ မဟုတ်ပါဘူး။ လိုအပ်တဲ့အခါ သုံးဖို့ပါပဲ။ အသုံးပြုတဲ့သူပေါ်မှာပဲ မူတည်တယ်။ သုံးသင့်သလောက်ပဲ သုံးရမယ်။ ဆေးတိုင်းမှာ Side Effect ဆိုတာ ရှိတယ်။ မြန်မာပြည်ရဲ့
တိုင်းရင်းဆေးဝါးတွေကိုလည်း အင်္ဂလိပ်လိုခေါ်ရင် ‘Drugs’ ပါပဲလေ။ ဓာတ်ပြုမှု လွန်ကဲပြီး မှားယွင်းသွားရင် အဆိပ်ဖြစ်သွားတယ်။ ဆေးဝါးတွေကို မှန်ကန်အသုံးပြု တတ်ဖို့ လိုအပ် တယ်။ ဒါကြောင့် ဆရာဝန်တွေက လမ်းညွှန်ပေး ရတာပေါ့။ ဒါကြောင့် အိမ်သုံးဆေးဝါးများ သုံးစွဲနည်းလမ်းညွှန်စာအုပ်တွေ ဘာတွေ ရှိလာ တာလေ။ အခု ‘Drugs’ ဆိုတဲ့စာလုံးကို အနီရောင်နဲ့ဝိုင်းထားပြီး ကြက်ခြေခတ်ထားတယ်။ ဒါဆို ဒီဆေးဝါးကို မသုံးရဘူးလားပေါ့။ ဒါကတော့ မူးယစ်ဆေးကို ပြောတာပါ။ ဒါတောင် မူးယစ်ဆေးဝါးတချို့က မနာကျင်အောင်လုပ်ဖို့နဲ့ စိတ် ပိုင်းဆိုင်ရာကုသရေးတွေမှာ လိုအပ်သေးတာပဲ။ ဒါတွေရဲ့ အာနိသင်ကဘာလဲဆိုတော့ မူးယစ် ထုံထိုင်းစေတဲ့စိတ်ကို ပြောင်းလဲစေတယ်။ စိတ် ကြွဆေးဆိုတာလည်း လိုအပ်မှုတစ်ခုရှိရင်ပေါ့။ ဥပမာ – နိုင်ငံတော်အတွက်ကာကွယ်ရေးလုပ်ဖို့ လူတစ်ယောက်က ၃ ရက်လောက်မအိပ်ဘဲ ကင်းစောင့်ရမယ်ဆိုရင် သူ့အတွက် လိုအပ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုမလိုဘဲ သုံးတာတော့ မလုပ်ရဘူး။ လူငယ်တွေက မှားယွင်းပြီး သုံးတတ်ကြတယ်။ အထူးသဖြင့် လူငယ်ရဲ့စိတ်က စမ်းသပ်ချင်တယ်။

စမ်းသပ်ပြီးသုံးရင် ကောင်းတယ်ဆိုပြီး စွဲသွားတယ်။ မူးယစ်ဆေးသုံးတဲ့အခါ ကောင်းတယ်။ အဲဒီကောင်းတာကို စွဲပြီးသုံးတော့ Side Effect က အဆိုးတွေ အများကြီးဖြစ်သွားတယ်။ ကိုယ် တိုင်နဲ့ ပတ်ဝန်းကျင်ကို ကြီးကြီးမားမားနဲ့ ဒုက္ခ ရောက်စေတယ်။ မူးယစ်ဆေးက သုံးတဲ့သူရဲ့စိတ် ကို ပြောင်းလဲသွားစေတယ်။ ပုံမှန်စိတ်ကူးမဟုတ် တော့ အထူးအဆန်းမဟုတ်တဲ့ စိတ်ကူးတွေ ဖြစ်လာတတ်တယ်။ ကိုယ်တိုင် အတွက်ကတော့ မူးယစ်ဆေးစွဲသူတစ်ယောက်က အလုပ်ပျက် တယ်။ သူအလုပ်ပျက်တာက လုပ်အားကျဆင်း ခြင်းပဲ။ လူငယ်တစ်ယောက်ရဲ့ အရည်အသွေးနဲ့ လုပ်အားတွေကျဆင်းတယ်။ အဲဒီလူငယ်ကို ဝိုင်း ပြီးပြုစုပေးရတဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အချိန် တွေလည်း ကုန်တယ်။ နိုင်ငံရဲ့တိုးတက်မှုအချိန်တွေလည်း နှောင့်နှေးသွားတယ်။ ဆေးသုံးတယ် ဆိုတာ ဈေးအပေါဆုံးဆေးရဲ့ ဈေးနှုန်းက ၅ဝဝဝ ရှိတယ်။ သိန်းကျော်တန်တာ တွေအထိ ရှိတယ်။ ဒီတော့ ကိုယ့်ရဲ့စာရိတ္တပါ ပျက်ပြားသွားတယ်။ အိမ်က ခိုးတယ်။ ပတ်ဝန်းကျင်က ခိုးမယ်။ နောက်ထပ် ဘာဖြစ်နိုင်လဲဆိုတော့ ပိုက်ဆံလိုတော့ ကိုယ်တိုင်သုံးရာကနေ ရောင်းဝယ်ဖောက်ကားသူ အဖြစ် ရောက်သွားတယ်။ သူ့လိုပျက်စီးဖို့ တခြား လူငယ်တွေကို ဆွဲခေါ်သွားတယ်။ ဒီငွေတွေကို ပြန်တွက်ရင် နိုင်ငံရဲ့ GDP အထိ ထိခိုက်တယ်။

ဒီလိုကိစ္စတွေ အထိ ဆုံးရှုံးသွားတယ်။ အဲဒါကြောင့် လူငယ်တွေရဲ့ ပတ်ဝန်းကျင်က လူကြီးတွေက ဒီလိုကိစ္စတွေကို သတိထားပြီး ထိန်းပေးရမယ်။ အဲဒီလိုကိစ္စတွေက ရဲက လိုက်ဖမ်းနေရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးလေ။ ဒါဆို ပိုပြီးဆိုးရုံပဲ ရှိလိမ့်မယ်။ ရဲကဖမ်းရုံနဲ့ ပပျောက်သွားရင် နိုင်ငံ တကာမှာ ပျောက်နေပြီပေါ့။ သူ့ကို ကာကွယ်ဖို့က ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ်ကာကွယ်ဖို့ပါပဲ။ ကိုယ့်ရပ်ရွာထဲက ”လူငယ်လေးတွေကို ဂရုစိုက် ပေးရမယ်။ လူငယ်တွေ စုဝေးနေရင် ဂရုစိုက်ပြီး သူတို့လေးတွေ ဘာတွေလုပ်နေလဲ လေ့လာပေးရ မယ်။ သူတို့စုတာများလာရင် သူတို့ကို ရပ်ရွာရဲ့ သာရေးနာရေးတွေမှာ ဆွဲခေါ်ပေးရမယ်။ သူတို့ စိတ်တွေပြောင်းသွားအောင် လုပ်ပေးရမယ်။ ဒါကို နိုင်ငံတော်က အလေးထားပြီး Project တစ်ခုအနေနဲ့ လုပ်ပေးသင့်တယ်။ စိတ်ကြွဆေး တွေက အရင်တုန်းကပေါ်ခဲ့တဲ့ နံပါတ်ဖိုးထက် ဆိုးတယ်။ ဦးမိုး သံတမန်လုပ်ပေးနေတဲ့ MANA အဖွဲ့ရဲ့ သဘောအရဆိုရင် လူငယ်တွေ မူးယစ် ဆေးကို အသုံးမပြုမိစေဖို့၊ ပြီးတော့ မှားယွင်းပြီး သုံးစွဲမိရင်းစွဲနေတဲ့ လူငယ်တွေကိုလည်း ဆေးဖြတ် ဖို့ ကူညီပေးရတယ်။

ပညာပေးလုပ်ငန်းတွေက တော့ နိုင်ငံနဲ့အဝန်း လိုအပ်ပါတယ်။ မူးယစ်ဆေး ဖြတ်ထားတဲ့လူငယ်တစ်ယောက်ကို ဝိုင်းပြီး မမုန်း ကြပါနဲ့။ ဝိုင်းချစ်ပြီး ဖေးမပေးရမယ်။ လူတွေရဲ့ Behaviour Change ကောင်းလာရင် လူ့အဖွဲ့အစည်းက ပိုပြီးဖွံ့ဖြိုးလာမှာပါ။ အတိတ်က ကိစ္စ တွေကိုသာ ပြန်တူးဆွပြီး တွေးနေရင် နိုင်ငံတော် တည်ဆောက်လို့ မရတော့ဘူး။ သူတို့တွေကို လက်တွဲခေါ်ရမယ်။ ဒါမှ နိုင်ငံတိုးတက်မှုက မြန်ဆန်သွားမှာလေ။

Depression

Depression ဆိုတာ လူတိုင်းမှာ ဖြစ်ကြပါတယ်။ မြတ်စွာဘုရားနဲ့ ရဟန္တာကလွဲရင် Depression က လူတိုင်းဝင်ကြတယ်။ လူအများနားလည်ထားတာက Depression က လူကြီး တွေပဲ ဖြစ်တတ်တယ်ပေါ့။ အမှန်တကယ်တော့ ကလေးတွေမှာလည်း ဖြစ်ကြတယ်။ ကလေး အရွယ်မှာလည်း ဖြစ်သလို teenage အရွယ်မှာ လည်း ဖြစ်တတ်တယ်။ မိဘတွေက ကလေးတွေ ရဲ့ စိတ်ခံစားမှုကို Participate လုပ်ပေးရမယ်။ လူငယ်အရွယ်မှာဖြစ်တဲ့ Depression က ခုနက ပြောတဲ့ Drugs ကို သွားညှိတတ်တယ်။ Depression ဆိုတာက တိုးတက်တဲ့နိုင်ငံတွေမှာ ပိုပြီးဖြစ်တတ်တယ်။ ဘာလို့လဲဆိုတော့ ရုပ်ဝတ္ထု ပစ္စည်းတွေနောက် လိုက်ကြတာလေ။ နိုင်ငံခြားမှာဆို Depression ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာတွေ အများကြီးပဲ။ Depression က Stress ကြောင့်လည်း ဖြစ်တယ်။ Stress တွေ များလာရင် ဖြစ်တာပဲလေ။ အခုမြန်မာပြည်မှာလည်း နောက်ဆို ဖြစ်လာတော့မယ်။ ဘာလို့လဲဆိုတော့ အရစ်ကျပေးဆိုပြီး အခုဒီမှာစပြီးရောင်းပြီလေ။ လူက Stress တွေများလာရင် Depression ဖြစ်တယ်။ နောက်ပြီး အသက်ကြီး လာတဲ့အခါ အသက် ၄ဝ နောက်ပိုင်း လူတွေက Depression ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ Mental တွေ မြင့်လာပေမယ့် ကိုယ့်ရဲ့Physical တွေက မလိုက်နိုင်တော့တဲ့ အချိန်လေ။

Depression ဝင်လာတဲ့သူတွေက စကားပြောများလာတတ်တယ်။ တချို့က စကားမပြောတော့ဘူး။ Depression မဖြစ်အောင်က ကိုယ့်ရဲ့ဘာသာရေးကို အလေးထားပြီး လုပ်ရမယ်။ တရားသဘောကို နားလည်ထားရင်ဘဝမှာ ကြုံလာရမယ့်ကိစ္စတွေကို ခံနိုင်ရည်ရှိပြီး ရင်ဆိုင်နိုင်တာပေါ့။ နောက်ပိုင်းမြန်မာပြည်က တိုးတက်လာနေပြီ။ လူတွေလည်း အလုပ်တွေ အရမ်းလုပ်နေကြရပြီ။ နောက် Generation တွေမှာ ကြုံ ရမယ့် Depression က ဦးမိုးတို့ထက်ပိုပြီး ကြီးလိမ့်မယ်။ အဲဒါကြောင့် ဦးမိုးပြောချင်တာက ကိုယ့်ကိုယ်ကိုယ် အရှိအတိုင်းလက်ခံပြီး ရုပ်ဝတ္ထု ပစ္စည်းတွေနောက် မလိုက်မိဖို့လိုတယ်။ လူတွေရဲ့ Stress တွေကိုပြင်ပေးရမယ်။ လူတွေရဲ့ Stress တွေကို နည်းနိုင်သမျှနည်းအောင် နေရမယ်။ မြန်မာစကားမှာ ရှိပါတယ်။ ‘ဝ’ မရှိဘဲ ‘ဝိ’ မလုပ်ပါနဲ့တဲ့။ အဲဒီစကားကမှန်ပါတယ်။ ရုပ်ဝတ္ထု ပစ္စည်းတွေနောက်ကို လိုက်ရင် Stress က ကြီး တာပဲ။ Stress များလာရင် Depression ဖြစ်လာမှာပါ။

Daddy

Daddy ဆိုတာက အဖေပေါ့။ အဖေဆိုတာ က မိသားစုတစ်စုရဲ့စံပါပဲ။ ကလေးတွေရဲ့ သဘာဝကငယ်စဉ်ကတည်းက မိဘကိုပဲကြည့်ပြီး အတုယူရင်း ကြီးပြင်းရ တာလေ။ အဲဒါကြောင့် ကလေးတွေရဲ့ အပြုအမူတွေက သူ့မိဘတွေနဲ့ တူနေတတ်တာပါ။ အဲဒါကြောင့် အဖေက အရမ်း အရေးကြီးတယ်။ စံရှိတဲ့အဖေဖြစ်ဖို့ ကြိုးစားရ မယ်။ ဦးမိုးဆိုရင် ဦးမိုးရဲ့အဖေ စိန်မာဒင်ကို စံထားပါတယ်။ အဖေက မိသားစုကို ချစ်ခင်တာ၊ စောင့်ရှောက်တာ၊ မိန်းမအပေါ်သစ္စာတရားရှိတာ၊ သဘင်လောကအတွက် အလုပ်တွေ လုပ်ပေးနိုင် တာတွေက စံထားရမယ့်ဟာတွေပါပဲ။ အဖေက အားလုံးပြည့်စုံပြီး တော်တဲ့သူတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အရမ်းအလုပ်လုပ်နိုင်တယ်။ အလုပ်အပေါ် ရိုးသားတယ်။ အလုပ်ကို ချစ်ခင် တယ်။ ဦးမိုးအဖေက အတန်းပညာ မတတ်ရှာပါ ဘူး။ ဒါပေမဲ့ လေ့လာမှုအားတွေ ကောင်းတော့ အသိÓဏ်ပညာ ဗဟုသုတပြည့်ဝတယ်။ သားသမီးတွေကိုလည်း အရမ်းအလေးထားတယ်။ အဖေက ကပ်စေးနှဲတယ်။ သူက ဆင်းရဲတဲ့မိသားစု က မွေးဖွားလာတော့ လက်မဖွာဘူး။ ဒါပေမဲ့ အလှူအတန်းအပေးအကမ်းကျတော့ ရက်ရောပါ တယ်။ ဘာသာရေးကို လိုက်စားတာလည်း အရမ်းစံထားရလောက်တဲ့ ပုဂ္ဂိုလ်ပါ။ ဦးမိုးက အဖေ့ကိုစံထားပြီး အခုဦးမိုးရဲ့ ကိုယ်ပိုင်မိသားစု ကို အဲဒီလိုပဲ စောင့်ရှောက်နေပါတယ်။ ဦးစိန်မာ ဒင်ကိုမမီပေမယ့် အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

ဖြိုးစုပိုပို

Yati Magazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ