သူတို့ ပြော တဲ့ “D” လူမင်း



Drugs

ကျွန်တော်နားလည်ထားတာတော့ Drugs ဆိုတာက ပုံမှန်စိတ်ဖြစ်တည်မှုကို ပြောင်းလဲစေတတ်တယ်။ မူးယစ်စေတတ်တယ်။ အဲဒီလို ဖြစ် စေတဲ့ ဆေးဝါးတွေ လို့နားလည်ထားတယ်။ လောကမှာ Drugs ဆိုတာကို မကောင်းဘူးဆို တာသိကြပါတယ်။ ဒါကို တရားဥပဒေကရော အာဏာပိုင်အဖွဲ့အစည်းကရော၊ အကျိုးပြုစိတ်ဓာတ်ရှိတဲ့ ပြည်သူတွေကရော ဘယ်လိုပဲ တားဆီးဆီး ဘယ်လောက်ပဲပိတ်ပင်ပင် Drugs ဆိုတာ လုံးဝပျောက်သွားတယ်ဆိုတာမရှိဘူး။ တစ်မျိုးမဟုတ် တစ်မျိုး အမြဲအသစ်အဆန်းတွေ ပေါ်နေတယ်။ ခေတ်အဆက်ဆက်မှာ ပပျောက်ခဲ့တာမရှိဘူး။ ဒီတော့ ကျွန်တော်တို့က ဘယ်လိုဘက်က လှည့်ပြီး တားဆီးနိုင်မလဲပေါ့။ တကယ်သုံးစွဲနေတဲ့သူတွေကို သူတို့ကိုယ်တိုင်သုံးစွဲချင် စိတ် မရှိအောင်လက်တည့်မစမ်းမိအောင် အသိပညာပြန့်ပွားမှုအပိုင်းကနေပိုပြီး ဖိဖိစီးစီးလုပ်ရလိမ့်မယ်။ နောက်ပြီးတရားသဘောအရ ပြောရမယ်ဆိုရင် လူ့ရဲ့စိတ်ကိုက မကောင်းမှုမှာ မွေ့ပျော်တယ်။ ဒီတော့ လူ့ရဲ့စိတ်ဓာတ်ခိုင်မာဖို့လိုတယ်။ လူငယ်တွေကို ဒီလို Drugs မှာ လက်တည့်မစမ်းမိအောင် ပညာများများပေးရမယ်။

ဒီလိုအရာက လက်တည့်စမ်းဖို့၊ စမ်းသပ်ဖို့ မလုပ် သင့်တဲ့အရာပါ။ အဓိကကတော့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့လိုတယ်။ ဘယ်သူဘာပြောပြောကိုယ် ကလက်တည့် မစမ်းဖို့လိုတယ်။ ကိုယ်မစမိရင် နောက်ပိုင်း Drugs သုံးတာကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေကို မတွေ့ရတော့ဘူး။ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်း ကျင်လည်း ဒီလို ဒုက္ခတွေနဲ့ မတွေ့ရတော့ဘူး။ နောက်တစ်ဆင့်က ကိုယ်တိုင်လည်းမသုံးဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း မသုံးမိအောင်ကိုယ်က ကြိုးစားနိုင်ရမယ်။ အခုခေတ်ကာလက အဆုံး ဘက်ကို ရွေ့လျားလာနေတာလေ။ ပြီးတော့ ကျွန်တော်တို့တစ်တွေက Drugs ကို မစမိတဲ့သူကို လုံးဝမ စမိအောင်ကြိုး စားပေးရသလို သူ့ကိုစမိလို့ စွဲသွားပြီ။ Drugs ရဲ့ နွံထဲနစ်သွားတဲ့သူ တွေကိုလည်းပြန်ပြီး ရုန်းထွက်နိုင်အောင် ကူညီပေးရမယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဘယ်လိုဖြစ်နေလဲ ဆိုတော့ မူးယစ်ဆေးနွံထဲနစ်နေတဲ့သူတွေကိုဆိုရင် ဖယ်ကြဉ်ထားလိုက်ကြ တယ်။ အမှန်ကအဲဒီလိုမလုပ်ရဘူး။ သူ့ကိုအဲဒီ နွံထဲက ထွက် လာနိုင်အောင် ဘယ်လိုကူညီပေးရ မလဲဆိုတာကို ကြိုးစားရမှာ။ အခုကျွန်တော် သံတမန်အဖြစ်လုပ်နေတဲ့ MANA အဖွဲ့ဆိုရင် ဒီလိုကူညီပေးနေတာပါ။ ဆေးစွဲနေ၊ ဘိန်းစွဲနေတဲ့ သူတွေကို ဖမ်းဆီးဖို့သတင်းပေးတဲ့အဖွဲ့ မဟုတ်ပါဘူး။

မစရသေးတဲ့ သူတွေကို မစဖြစ်အောင် ဒီနွံထဲနစ်နေတဲ့သူတွေကို ရုန်းထွက်ချင်လာအောင် ကူညီနေတဲ့အဖွဲ့အစည်းပါ။ အဓိကကတော့ မူးယစ်ဆေးစွဲနေတဲ့သူတွေက ဒီနွံထဲက ရုန်းထွက်ချင်စိတ် ဆေးဖြတ်ချင်စိတ်ရှိလာဖို့ပဲ လိုပါတယ်။ ဒီလိုလူတွေကို ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်က ကူညီပေးရမယ်။ မူးယစ်ဆေး ဘယ်လိုဆေးကိုပဲ သုံးသုံး အမှန်တော့ ဥပဒေအရ ငြိစွန်းပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်က ဖြတ်ချင်တယ်ဆိုရင် အခုဆိုရင် ဆေးဖြတ်စခန်းတွေ ရှိပါတယ်။ ဝက်ထီးကန်တို့ ရွာသာကြီးတို့မှာ ဖြတ်လို့ရပါတယ်။ ဒီနေရာတွေက ကောင်းတဲ့ ဘက်ကို ရောက်လာဖို့ ကူညီပေးနေတဲ့ နေရာတွေပါ။ တချို့ကကျတော့ ဒါတွေကို နားမလည်တော့ နစ်သထက်နစ် သွားကြတဲ့သူတွေ ရှိပါတယ်။ ဖြစ်နေတဲ့အခြေအနေမှန်ကို မိသားစု ကလည်း နားလည်ပေးရမယ်။ နောက်ပြီး လူငယ်တွေကို ကျွန်တော်ပြောချင်တာက ဆေးလိပ် မသောက်ကြ ဖို့ပါ။ ကျွန်တော်က လူငယ်အရွယ် ကျောင်းသားဘဝကတည်းက ဆေးလိပ်သောက်ခဲ့တာပါ။ ကျွန်တော့်ဘဝနဲ့ယှဉ်ပြီး ပြောတာပါ။ ဆေးလိပ်သောက်တဲ့ သူတိုင်းကတော့ မူးယစ်ဆေး သုံးကြ စွဲကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မူးယစ်ဆေး တွေရဲ့အစကတော့ ဆေးလိပ်ကလို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဆေးလိပ်သောက်တဲ့ လူငယ်တစ်ယောက်က ဆက်စပ်ပြီး ဆေးခြောက်တို့၊ ဘိန်းမည်းတို့အစုံပဲ ရပ်ကွက်တွေ ကူးသွားနိုင်တယ်။ အစကတည်းက ဆေးလိပ်မသောက်ရင် ဒီလိုရပ်ကွက်တွေကို ကူးသွားမှာ မဟုတ်တော့ဘူး။ မဆက်စပ်မိတော့ ဘူးပေါ့။

ကျန်းမာရေးအရပြောရရင်လည်း ဆေးလိပ်ကဆိုးပါတယ်။ လူအများက အရက် သောက်ရင် ကျန်းမာရေးထိခိုက်မယ်လို့ ပြောကြ တယ်။ အမှန်က ဆေးလိပ်ကအရက် ထက်ပိုပြီး ကျန်းမာရေးကို ထိခိုက်စေတာပါ။ ဆေးလိပ်စွဲတာ က အရက်ထက်ပိုဆိုးတယ်။ ကျွန်တော်တို့က ဆေးလိပ်သောက်တတ်ပြီဆိုတာနဲ့ ကိုယ်တွေရဲ့ လက်တစ် ကမ်းမှာရှိ တယ်။ ဆေးလိပ်တို့ မီးခြစ်တို့ ဆိုတာ လက်တစ်ကမ်းမှာပဲလေ။ သွေးသားဆန္ဒ အရလည်း နီကိုတင်းကစွဲလမ်းစေတယ်။ ပြီးတော့ လူရဲ့ အကျင့်က လည်း စွဲတတ်တယ်။ ဥပမာ – လက်ဖက်ရည်သောက်ပြီးတာနဲ့ ဆေးလိပ်သောက် ရမယ်ဆိုတာမျိုးပေါ့။ အဲဒီလိုအကျင့်က စွဲတတ်တယ်။ အဲဒီတော့ ဆေးလိပ် ကသောက်မိရင် ဖြတ် ဖို့ခက်တတ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားဘဝကတည်းက ဆေးလိပ် ခဏခဏ ဖြတ်ဖူးတယ်။ နှစ်လသုံးလလောက် ပြတ်လိုက် ပြန်သောက်လိုက်နဲ့ပဲ။ မှတ်မှတ်ရရ ဒေါ်အောင် ဆန်းစုကြည် ၆၄ နှစ်မြောက်မွေးနေ့မှာ အမှတ် တရဖြတ်ဖူးတယ်။ အဲဒီတုန်းက အမေစု မလွတ် သေးဘူး။ အဲဒါက သုံးနှစ်လောက် ပြတ်သွားတယ်။ သမီးလေး မမွေးခင်အထိပေါ့။

အိမ်ထောင်ကျပြီး ကလေးမရတဲ့ အိမ်ထောင်ရှင်တွေကို ကျွန်တော် ပြောချင်တာက ဆေးလိပ်ဖြတ်တာက ကလေးရဖို့ အခွင့်အလမ်းရှိပါတယ်လို့။ ကျွန်တော်ဆိုရင် အဲဒီလို ဆေးလိပ်ကို သုံးနှစ်ဖြတ်လိုက်တော့ သားလေးကို သဘာဝအတိုင်းရခဲ့တယ်။ နောက် တော့ ပြန်သောက်ဖြစ်ပြီး ဒီနှစ်နှစ်ဆန်းတစ်ရက် နေ့မှာ ပြန်ဖြတ်တယ်။ ဒီတစ်ခါတော့ တစ်သက်လုံး ပြန်မသောက်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဖြတ်တာ။ ဆေးလိပ်ဖြတ်ချင်တဲ့သူကို ကျွန်တော် အကြံပေး ချင်တာက ဆေးလိပ်ဖြတ်ဖို့ဆိုရင် တခြားဘာမှ အစားမထိုးပါနဲ့။ ဥပမာ-ကွမ်းစားတာတို့ ပီကေ ဝါးတာတို့၊ ဆေးလိပ်အတုသောက်တာတို့တွေ မလုပ်ပါနဲ့။ အဲဒီလိုအစားထိုးလေ ဒီဆေးလိပ်ကို မမေ့ဘဲပိုပြီး သတိရလေလေပဲ။ ကျွန်တော်ကတော့ ဆေးလိပ် ဖြတ်ကတည်းက ဆေးလိပ်ဘူးနဲ့မီးခြစ်ကို ကျွန်တော့်ဘေးမှာထားတယ်။ ရှိနေရဲ့နဲ့ မသောက် မိအောင် ကိုယ့်စိတ်ကို ကိုယ်ထိန်းတယ်။ ဘာနဲ့ မှလည်း အစားမထိုးဘူး။ ပြီးတော့ အချိန်စုတယ်။ ကိုယ်က မနက်ကစပြီး မသောက်ဘူး။ နေ့လယ် ရောက်ပြီဆိုရင် ‘သြော် ငါနေ့တစ်ပိုင်း’ ရသွားပြီ။ ညနေရောက်တော့ ငါဒီနေ့ ဆေးလိပ်မသောက် ဘူး။ တစ်ရက်၊ နှစ်ရက်၊ အဲဒီလိုနဲ့ အချိန်စုတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ဒီနေ့ ဆေးလိပ်ဖြတ် ချင်ရင် အခုပဲစပြီးဖြတ် နောက်ပြီး ဘာမှ အစားမထိုးပါနဲ့။ စိတ်ကိုထိန်းနိုင်ရင် ပြတ်ပါတယ်လို့။

Depression

Depression ဆိုတာ စိတ်ကျဝေဒနာလို့ ပြောမှာပေါ့။ ဒီရောဂါရဲ့လက္ခဏာတွေကို လူတွေ တော်တော်များများက မသိကြဘူး။ ဒီရောဂါဖြစ်ရင် ပုံမှန်ထက်ပိုပြီး အစားအသောက်စားတာ။ မစားတော့တာ ပုံမှန်ထက်ပိုပြီး အိပ်တာ။ မအိပ်တာ ဒါမျိုးတွေ ဖြစ်တတ်တယ်။ ဒါက “D” ဝင်တာရဲ့ အစပဲ။ ပတ်ဝန်းကျင်ကနေရှောင်ပြီး တစ်ယောက် တည်းနေတာ။ ဒါတွေက Depression ပဲ။ စိတ်ကျဝေဒနာရဲ့ ရောဂါလက္ခဏာတွေကို လူတွေကျယ်ကျယ်ပြန့်ပြန့် သိထားဖို့လိုမယ်လို့ ကျွန်တော်ထင်တယ်။ Depression ဝင်တာက ကိုယ့်ကိုယ် ကိုယ်အလိုမကျမှုက စတာပါပဲ။ ဥပမာ-အောင်မြင်တဲ့ အနုပညာရှင်တွေက ပိုပြီး Depression ဖြစ်တတ်တယ်။ Care လုပ်တဲ့သူများတယ်။ “C” များခဲ့ရင် “D” ပိုဝင်တာပေါ့။ တစ်ချိန်ကျတော့ ကိုယ့်အောင်မြင်မှုတွေ လျော့သွားတော့ ငါ့ကို ပရိသတ်က အားမပေးတော့ဘူးဆိုပြီး “D” ဝင် သွားတယ်။ Stress တွေများရင်လည်း Depression ဝင်တယ်ပြီးတော့ ခေတ်က ဆုတ်ခေတ်လေ။ အရာရာက ဆုတ်ယုတ်နေတာ။ သာသနာပဲဖြစ်ဖြစ်၊ ရာသီဥတုပဲဖြစ်ဖြစ်။ စားစရာသောက်စရာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ငယ်ငယ် တုန်းက ပေါ့ပေါ့ပါးပါးနဲ့ နေထိုင်လို့ရတယ်။ အခု ခေတ်က နေရာတိုင်းသတိထားနေရတယ်။ ပုံမှန် သောက်နေတဲ့ရေ၊ ပုံမှန်စားနေတဲ့ အစားအသောက် ဒါတွေအားလုံးကို သတိထားနေရတယ်။ အန္တရာယ်ပေးနေတာလေ။ ရေ၊ မြေ၊ လေအားလုံးကို သတိထားနေရတယ်။ ဒီတော့ဒီခေတ်မှာက Depression တွေက ပိုများလာတယ်။ စီးပွားရေးတို့၊ လူမှုရေးတို့၊ ပညာရေးတို့ကလည်း ဒီခေတ်မှာ အရမ်းကိုယှဉ်ပြိုင် လာတာကိုး။ နောက်ပြီး အရေးကြီးတာက Depression ဆိုတာ လူကြီးမှာပဲဖြစ်တတ်တာ မဟုတ်ပါဘူး။

ကလေးလေးတွေမှာလည်း ဖြစ်တတ်တယ်။ နှလုံးသားနုနယ်တဲ့ ကလေးတွေမှာ ဒီရောဂါဖြစ်ရင်ပိုဆိုးတာပေါ့။ ဥပမာ – ကလေးနှစ်ယောက်ရှိတာမှာ မိဘက တစ်ယောက် ကိုတော့ လွန်လွန်ကဲကဲတွေ ဂရုစိုက်ပြီး ကျန်တဲ့တစ် ယောက်ကို ဂရုစိုက်မခံရတဲ့ ကလေးက “D” ဝင်သွားတာပဲ။ ဒါကြောင့် မိဘတွေက ကလေးတွေရဲ့စိတ် ကို နားလည်ပေးနိုင်ရမယ်။ Depression မဖြစ်အောင်က တရားသဘောရှိရမယ်။ တရားသဘောကို နားလည်ထား ရင် ဖြစ်ခြင်းပျက်ခြင်းဆိုတာကို နားလည်ထားရင် အရာရာကိုခံနိုင်ပြီး Depressionမဖြစ်တော့ဘူး။ အလုပ်နဲ့ပတ်သက်လာရင်လည်း Worry တွေကို သေချာသုံးသပ်ပြီး လုပ်ရမယ်။

Daddy

Daddy ဆိုတာအဖေပေါ့။ တခြားသူတွေ အတွက်တော့ မပြောတတ်ဘူး။ ကျွန်တော်က တော့ သားတစ်ယောက်ဘဝဖြစ်တုန်းကလည်း ကိုယ့် Daddy ရဲ့ဦးဆောင်မှု လမ်းညွှန်မှုတွေနဲ့ ဒီလိုဖြစ်လာခဲ့ရတယ်။ ဒီတော့ ကျွန်တော်ကအဖေရဲ့မေတ္တာကို ဟိုးအနက်ရှိုင်းဆုံးအထိ နားလည်ခဲ့ပါတယ်။ အခုကိုယ်ကိုယ်တိုင် Daddy ဘဝရောက်တော့မှ အဖေရဲ့ ခံစားချက်ကို ထပ်တူ ခံစားနိုင်တာပါ။ သားနေရာကနေ အဖေ့ကို နားလည်တာထက် အဖေ့နေရာကနေ အဖေ့ကို နားလည်တော့မှ ပိုပြီး တန်ဖိုးထားတတ်သွားတာ ပါ။ အမေ့မေတ္တာနဲ့ အဖေ့မေတ္တာက သက်ရောက်ပုံချင်းတော့ကွဲကြတယ်။ အဖေပီသတဲ့ အဖေကိုပဲ ပြောချင်တာပါ။ အဖေဆိုတဲ့သူတစ်ယောက် က တာဝန်ယူမှုဆိုတာလည်းရှိရမယ်ဗျ။ အဖေ ပီသတဲ့အဖေတစ်ယောက်ရဲ့ မေတ္တာအင်အားက အမေ့ထက်တော့ မနည်းနိုင်ပါဘူး။ လောကကြီးမှာ အမေကို ဇောင်းပိုပေးကြတာက။ မကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ဖြစ်၊ ကလေးမွေးပြီး ချက်ချင်းအမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့သူပဲ ဖြစ်ဖြစ် အနည်းဆုံးတော့ သူကသူ့ရဲ့ဗိုက်ထဲမှာ ကိုးလလွယ်ဆယ်လဖွားဆိုတဲ့ ပဋိသန္ဓေဒုက္ခကြီးကို ခံစားခဲ့ရတာလေ။ ဒီတော့ သားသမီးတိုင်းမှာ ဘယ်လိုအမေမျိုးပဲဖြစ်ဖြစ် အမေ့ကျေးဇူးက ရှိကို ရှိပါတယ်။ အဖေဆိုတာကျတော့ တချို့ကသွေးသားဆန္ဒတစ်ခုကြောင့် သန္ဓေဖြစ်သွားခဲ့ပေမယ့် သား၊ သမီးရလိုမှုဆန္ဒလည်း မရှိဘူး။ ရတော့လည်း မေတ္တာ မပေးဘူး။ တာဝန်လည်း မယူချင်ကြဘူးဆိုတဲ့ သူတွေရှိတယ်။ ဒါမျိုးဆိုရင် အဖေ ပီသတဲ့ အဖေမျိုးမဟုတ်ဘူးလေ။

ကျွန်တော့်သားသမီးတွေအတွက်တော့ ကျွန်တော်က အသိတရားနဲ့ အုပ်ချုပ်တဲ့ အဖေတစ်ယောက်ပဲ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ် ကျွန်တော် တို့ခေတ်တုန်းက ကျွန်တော် ၁ဝ တန်းမှာ အဖေ က တုတ်နဲ့ရိုက်ပြီးဆုံးမနေတုန်းပဲ။ ဒါက အဲဒီ ခေတ်က ပုံပေါ့။ အကြောက်တရားနဲ့ အုပ်ချုပ် တယ်။ အခုခေတ်မှာအဲဒီလိုမရတော့ဘူး။ သူတို့ ကို အသိတရားနဲ့ အုပ်ချုပ်မှ ရမယ့်ခေတ်လေ။ သူတို့ကိုယ်တိုင်ကို ဒါက ကောင်းတယ် ဒါက မကောင်းဘူးဆိုတာကိုသိပြီး ဆုံးဖြတ်နိုင်စွမ်းရှိ အောင်သွန်သင်ဖို့ပါပဲ။

ဖြိုးစုပိုပို

Yati Magazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ