လေယာဉ်စီး ခရီးသည်ကလေးများအတွက် သိသင့်သည်များ


လေယာဉ်ကိုအများစု စီးနင်းတာက လူကြီးတွေသာစီးနင်းကြတာမို့ ကလေးတွေအတွက် တကူးတက ပြုစုထားတဲ့ အချက်အလက်တွေပြုစုထားတာ နည်းပါးနေတာတွေ့ရတယ်။ အခု နောက်ပိုင်း လေ့လာမှုတွေအရ ကလေးတွေမှာမလွဲမကင်းသာ လေယာဉ်စီးပြီဆိုရင် နားအတွင်းပိုင်း ပြဿနာလေး တွေကနေ နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါ၊ ဆီးချို၊ ထိခိုက်ဒဏ်ရာ၊ အဖျားအနာနဲ့ အလာဂျီအထိ၊ ရောဂါဘယလေးတွေဖြစ်စေနိုင်လို့၊ မိဘတွေအနေနဲ့ ကြိုတင်ကာကွယ်နိုင်အောင်ရှာဖွေ ဖော်ပြလိုက် ပါတယ်။

အသက်ရှုလမ်းကြောင်းပိုးဝင်တဲ့ ချောင်းဆိုးရင်ကြပ်ရောဂါ

လေယာဉ်ထဲမှာလေထုက ဒီလေ ဒီလေဘဲ လှည်ပတ်အသုံးပြုနေရတာဆိုတော့ အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါတွေက လေယာဉ်စီးခရီးသည်တွေအနေနဲ့ ရလွယ်ပါတယ်။ အထူးသဖြင့် ကလေးငယ် တွေအတွက်ကတော့ ပိုပြီးကူးစက်ခံရလွယ်တယ်။ အထူးသဖြင့် တီဘီ၊ တုတ်ကွေး၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ အမျိုးမျိုးနဲ့ဝက်သက်ရောဂါတွေက လေယာဉ်ပေါ်မှာ ကူးစက်လွယ်စေပါတယ်။

ပျံသန်းနေစဉ် နှလုံးရောဂါထမှု

အမြင့်ပေ တစ်သောင်းနှစ်သောင်းကျော် (မီတာ ၉ထောင်ကျော်မှ မီတာ ၁၃၀၀၀အတွင်း) လေယာဉ်ပျံသန်းတဲ့အခါ အောက်ဆီဂျင်ပမာဏကျဆင်းတဲ့အတွက် အသက်ရှုမ၀တာ သွေးတွင်း ကာဘွန် ဒိုင်အောက်ဆိုဒ်ပိုများလာတာ၊ မောပန်းနွမ်းနယ်မှုက နဂိုနှလုံးရောဂါအခံရှိသူတွေမှာ ပိုမိုခံစားရ တတ်ပါတယ်။ ကျန်းမာတဲ့ တစ်နှစ်အောက်ကလေးငယ်လေးတွေနဲ့ လမစေ့ပေါင်မပြည့်မွေးတဲ့ ကလေး ပေါက်စလေးတွေမှာ ရင်အုပ်ကြွက်သားတွေ မဖွံဖြိုးသေးတာ အသက်ရှုလမ်းကြောင်းတလျှောက် သေးငယ်ကျဉ်းမြောင်းနေသေးတာနဲ့ အဆုတ်လေအိတ်မွှာလေးတွေ နည်းနေသေးတာတွေကြောင့် ခရီးဝေးအမြင့်ကြီးကပျံသန်းရတဲ့ ခရီးတွေမှာ အထက်ပါအန္တရာယ်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။ လေယာဉ်စီး ရချိန်ကြာမြင့်လေလေ သွေးတွင်းအောက်ဆီဂျင် သယ်ဆောင်မှု ကျဆင်းလေလေဖြစ်တာ တွေ့ရတယ်။ ဒါကြောင့်အသက် ရှုလမ်းကြောင်းဆိုင်ရာ ချွတ်ယွင်းချက်နဲ့ရောဂါရှိတဲ့ ကလေးတွေအတွက် ခရီးရှည် လေယာဉ်စီးဖို့ မသင့်လျှော်သလို လေယာဉ်စီးနေတုန်း မိမိကလေးတစ်ခုခုထူးခြားရင်လည်း လေယာဉ် အမှုထမ်းတွေကို အရင်ဆုံးပြောပြသင့်တယ်။

ကဘေးတွေမှာထိန်းမရတဲ့ သွေးတိုးရောဂါ ထိန်းမနိုင်တဲ့ နှလုံးအခုန်မြန်ရောဂါ (supraventricular tacgycardia & Eisenmenger’s syndrome) ရှိသူကလေးတွေဆိုရင်တော့၊ လေယာဉ်မစီးသင့်ဘူး။ အသက် အန္တရာယ် ကျရောက်နိုင်လို့ဖြစ်ပါတယ်။
ကလေးတွေနဲ့သွေးခဲခြင်းဝေဒနာ (deep vein thrombosis)
ကလေးတွေမှာ လေယာဉ်စီးရင် အဲဒီဝေဒနာက လူကြီးတွေမှာလောက် အတွေ့မများပေမယ့် သူတို့မှာ ခွဲစိတ်ပြီးစ၆ပတ်အတွင်းကာလဖြစ်နေရင်။ thrombophilia သွေးရောဂါရှိနေရင် ကင်ဆာ ရောဂါရှိနေရင်တော့ အထက်ပါရောဂါ ခံစားလာရနိုင်ပါတယ်။ အဲဒီလိုအန္တရာယ်ရှိနိုင်သူတွေအတွက် သွေးကျဲဆေး (သို့) အက်စ်ပရင် ဆေးပြားကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးပေးနိုင်တယ်။
သွေးနီဥပေါက်ကွဲလွယ်ရောဂါ Sickle cell anaemia
တံဇင်ပုံဟီမိုဂလိုဘင်တွေကြောင့် သွေးနီဥပေါက်ကွဲလွယ်တဲ့ သွေးအားနည်း ရောဂါရှိကလေးတွေနဲ့ လူကြီးတွေမှာ လေယာဉ်အတွင်းအောက်ဆီဂျင် ဖိအားကျဆင်းလေလေ သွေးနီဥတွေ အမြောက်အများ ပေါက်ကွဲလေ လေရောဂါပိုဆိုးလေလေဖြစ်လို့ အန္တရာယ်ရှိပါတယ်။ သွေးပျစ်အားများနေပြီး သရက်ရွက်လည်း ကြီးနေတဲ့ sickle cell ဆစ်ကဲလ်ဆဲ သွေးအားနည်းသူတွေအတွက် အမြင့်ပေ ၇၆၀၀ နဲ့ အထက်ပျံသန်းရင် အောက်ဆီဂျင်ရှုဖို့ လိုကိုလိုအပ်ပါတယ်။

နားပြည်ယိုတတ်တဲ့ကလေးတွေ

လေယာဉ်အဆင်းအတက်လုပ်တဲ့ အခါလေဖိအားပြောင်းလဲမှုကြောင့် နားအတွင်းထဲက နားအကြား ကိရိယာလေးတွေကို ထိခိုက်ပျက်စီးစေတယ်။ လူကြီးတွေ လုပ်သလိုပဲ သန်းတာ၊ တစ်ခုခုဝါးနေတာ တံတွေး ခဏတိုင်းမျိုချနေတာ နှာခေါင်းကိုပိတ်ပြီး ပါးစပ်ကလေကို မှုတ်ထုတ်တာတွေကိုလေယာဉ် အဆင်းအတက် ပြုလုပ်နေစဉ်မှာ မိဘတွေနဲ့ကလေးကြီးတွေက လိုက်လုပ်နေသင့်ပါတယ်။ အဲဒါဆိုရင် နားထဲကလေထွက်သလို နားအူသလို မခံမရပ်နိုင်တာနဲ့ နားထိခိုက်တာတွေ သက်သာစေတယ်။ ကလေး ပေါက်စတွေကိုလည်း လေယာဉ်အဆင်းအတက်ပြုနေစဉ် နို့တိုက်တာရေတိုက်တာ အစာကျွေးတာ ပြုလုပ်ပေးသင့်တယ်။ နဂိုနားပြည်ယိုနေတဲ့ကလေးတွေဆိုရင် လေယာဉ်ခရီးစဉ်မတိုင်ခင် ပျောက်အောင် ကုသသင့်တယ်။

အစားအစာအလာဂျီဓါတ်မတည့်တာတွေ

မြေပဲမတည့်တာကတော့ ကလေးတွေမှာအတွေ့ရများတယ်။ မိဘတွေအနေနဲ့ မိမိကလေးနဲ့ မတည့် တာတွေ လေယာဉ်ပေါ်မှာ မကျွေးဖို့ကြိုတင်ပြောပြထားသင့်တယ်။
အမျိုးအစား(၁)ဆီးချိုရောဂါရှင်လေးတွေ
ဆီးချိုထိန်းဖို့ ထိုးဆေးအင်ဆူလင် မှီခိုနေရတဲ့ ကလေးတွေအတွက် လေယာဉ်ခရီးမသွားခင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပမာဏနဲ့ထိုးရမယ့်အချိန်တွေ မှတ်ထားသင့်တယ်။ ခရီးရှည် ကမ္ဘာ့အရှေ့ဖျားသွားရတယ်ဆိုရင် အချိန်ဇုံကိုကျော်သွားရပြီး နေ့တာက၂နာရီလောက်တို သွားတတ် တယ်။ ဆေးထိုးချိန်ပြောင်းလဲဖို့လိုအပ်သလို၊ ဆေးပမာဏလျှော့ချပေးဖို့ လိုပါတယ်။ အနောက်နိုင်ငံ တွေသွားရင်တော့ ၂နာရီပိုနေ့တာရှည်တာကြောင့် ဆေးယူနစ်ပိုထိုးဖို့လိုအပ်တယ်။
တက် တတ်တဲ့ကလေးတွေ အတွက်
သောက်နေကျ အတက်ပြေဆေးတွေ ဆက်သောက်နေရမှာဖြစ်သလို လေယာဉ်စီးနေစဉ် အတောအတွင်း လေဖိအားအပြောင်းအလဲ အောက်ဆီဂျင်ပမာဏလျော့ကျ အစားစားချိန် နောက်ကျ အိပ်ယာဝင်ချိန် အပြောင်းအလဲ jet lag စတာတွေကြောင့် ကလေးတွေပိုတက် တက်လွယ်ကြတယ်။ လေယာဉ် အမှုထမ်းတွေကို ကြိုတင်ပြောထားသင့်သလို အတက်ကျဆေးတွေလည်း ကိုယ်နဲ့မကွာယူဆောင်ထား သင့်တယ်။

လေယာဉ်စီးရင်းမူးဝေအော့အန်ခြင်း

နဂိုကတည်းကကားစီး ရထားစီးရင် မူးဝေအော့အန်တတ် သူတွေဆိုရင် ကြောက်လန့်တာ လေယာဉ် လူးတာ လေစီးကြောင်းကြမ်းတာနဲ့တိုးတာ ဖြစ်တဲ့အခါမျိုးမှာ ကလေးတွေလည်း လူကြီးတွေလိုပဲ မူးဝေ အော့အန်တာ ဖြစ်တတ်ပါတယ်။ အအန်ပျောက် ဆေးတွေ (Dimenhydrinate) ကြိုတင် သောက်ထားစေသင့်တယ်။ အဲဒီဆေးကအအိပ်ပိုများစေတာလည်း မိဘတွေသိထားသင့်တယ်။ ဆေးကိုခဏတိုင်းတိုက်တာ တိုက်ခိုင်းတာထက်ပိုပြီး တိုက်တာမလုပ်သင့်ပါဘူး။ ရှေ့ပိုင်းကျတဲ့ထိုင်ခုံ ရွေးချယ်ထိုင်တာ လေအေးအေးရှုခိုင်းတာ မျက်စိကိုမျက်လုံးနဲ့ တတန်းထဲထားပြီးရေပြင်ညီအတိုင်းသာ ကြည့်ခိုင်းတာတွေပြုလုပ်သင့်တယ်။

ဂျက်လက် jet lag ဝေဒနာ

ခရီးရှည်လေယာဉ်စီးအပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုမှတစ်ခုသို့ကူးတဲ့အခါ နေ့နဲ့ညမှားတဲ့ ဝေဒနာက လူကြီးရော ကလေးပါခံစားရတယ်။ အဲဒါတွေကတော့ ရောက်တဲ့နေရာရဲ့ နေ့အချိန်မှာ၊ ပင်းပန်း နွမ်းနယ်နေတာ၊ ညရောက်တော့ မအိပ်ချင်ပဲ အိပ်မပျော်တာ၊ စိတ်တို စိတ်ဆတ်တာ၊ စိတ်အားမပြည့်မ၀ မရွှင်မလန်းဖြစ်နေတာ၊ စတာတွေဖြစ်လာတယ်။ အဲဒါက ကိုယ်ခန္ဓာအတွင်းက အိပ်ချိန်နိုးချိန် အစာ စားချိန်ကို ပုံမှန်ထိန်းညှိပေးတဲ့ ဇီဝနာရီနဲ့ ပြင်ပပတ်ဝန်းကျင်နေသားမကျလို့ ဖြစ်လာရတာပါ။ ကမ္ဘာ့ အချိန်ဇုန်ကို ခဏခဏဖြတ်သန်းရသူ၊ အရှေ့ဖက်နိုင်ငံတွေဆီခရီးထွက်ရသူ၊ အအိပ်အနေနည်းသူတွေမှာ၊ အဲဒါတွေပိုခံစားရစေတယ်။ လူကြီးနဲ့ ယှဉ်ရင်တော့ ကလေးတွေမှာမယ်လာအိုနင် အထွက်ပိုတဲ့အတွက် အဲဒီဝေဒနာတွေအရနည်းတတ်တယ်။

ပိုက်ထည့်ထားတဲ့ကလေးတွေ

နှာခေါင်းပိုက် ဆီးပိုက်ထည့်ထားရတဲ့ ကလေးတွေဆိုရင် လေထုဖိအားအပြောင်းအလဲပေါ် မူတည်ပြီး ပိုက်ထဲကတဆင့် လေကကိုယ်တွင်းအခေါင်းပါအင်္ဂါတွေထဲ၊ လေ၀င်သွားစေနိုင်တယ်။ အဲဒါကြောင့် အဲလိုမျိုးပိုက်တွေကို လေယာဉ်အတက်အဆင်းလုပ်နေချိန်မှာ ဘီးလုံး roller နဲ့ ပိတ်ထား သင့်ပါတယ်။
အရိုးကျိုးလို့ ပလာစတာ cast ကိုင်ထားရတဲ့ ကလေးတွေအတွက် ပီအိုပီ လာစတာကိုင်ထားခဲ့ရင် အဲဒီ ပီအိုပီအတွင်းထဲကလေက လေယာဉ် အမြင့်ပျံနေစဉ် ပြန့်ကားကြီးမားလာပြီး နာကျင်စေတာနဲ့ သွေးမလျှောက် နိုင်တာမျိုး၊ ခံစားရစေတယ်။ အဲလိုမျိုး မခံစားရအောင် ပလာစတာကိုအလုံမပိတ်ပဲ အပေါက်လှပ်ပေးထားသင့်သလို အနာသက်သာဆေးပေးခြင်းဖြစ်တဲ့ လက်ခြေထောက်ကို အမြင့်မြှောက် ပေးထားခြင်း ပြုလုပ်ပေးနိုင်တယ်။

ထိခိုက်ဒဏ်ရာရခြင်း

၂နှစ်အောက်ကလေးကတော့ ရင်အုပ်မကွာ မိဘရင်ခွင်ထဲချီပိုးရင်း လေယာဉ်စီးနင်းနိုင်ပါတယ်။ ခရီးရှည်ရင်တော့ ကလေးလေးတွေအတွက် သီးသန့်တစ်ခုံဝယ်ယူပြီး နိုင်ငံခြားမှာကားထဲ တပ်ဆင် စီးရနေကျ ကလေးထိခိုက်မှု ကာကွယ်ပေးနိုင်တဲ့ ထိုင်ခုံမျိုးတပ်ဆင်ပြီး စီးနင်းသင့်တယ်။ တော်ရုံတန်ရုံ လေယာဉ် မတော်တဆဖြစ်မှုကိုတောင် အဲလို child safe seat က ကာကွယ်ပေးနိုင်တယ်ဆိုပါတယ်။ လမ်းလျှောက်တတ်ကာစ ကလေးပေါက်စနလေးတွေ ကိုထိခိုက်လဲကျတာမဖြစ်အောင်နဲ့ သူတစ်ပါး ကိုလည်းအနှောက်အယှက် မဖြစ်အောင်လေယာဉ်ပေါ်မှာဟိုသွား ဒီလျှောက်မပြုလုပ်စေသင့်ပါဘူး။

ဖွံဖြိုးမှုနောက်ကျတဲ့ ပုံမမှန်ကလေးတွေအတွက်
Attention deficit hyperactivity disorder, autism အော်တစ်ဇင်၊ သူငယ်နာအကြောသေ အကြောမသန် ကလေးတွေဆိုရင် လေယာဉ်စီးရင်အတော်လေး အဆင်မပြေဖြစ်ကြပါတယ်။ လေယာဉ်ထဲ လျှောက်ဆော့ပြေးလွှား အော်ဟစ်နေတာမျိုးမဖြစ်အောင် မိဘတွေကသတိပြုသင့်တယ်။ တန်းစီတဲ့နေရာ လေယာဉ်ပေါ်တက်ကာနီး စစ်ဆေးတဲ့အချိန် လေယာဉ်အထွက်နောက်ကျလို့ ခရီးစဉ်ဖျက်လို့တစ်ခုခု ကြောင့် စောင့်ဆိုင်းရတဲ့ အချိန်မျိုးမှာ ကလေးတွေရော လူကြီးတွေပါ စိတ်ဖိအားကျရောက်တတ်ပါတယ်။ အဲဒီအခါ ကလေးရော လူကြီးတွေပါ စိတ်အနှောင့်အယှက်မဖြစ်အောင်၊ အထူးသတိထားသင့်ပါတယ်။ အချုပ်အားဖြင့်ပြောရင် ကလေးတွေအတွက်လေယာဉ်ခရီးစဉ်ဟာ အသစ်အဆန်းဖြစ်သလို ရောဂါ ဘယလည်းမရလွယ်အောင် ကလေးဆေး၊ ကလေးအသုံးအဆောင်နဲ့ ရှေးဦးသူနာပြုပစ္စည်းလေးတွေကို အဆင်သင့်ဆောင် ယူသွားသင့်ပါ ကြောင်း အကြံပြုအပ်ပါတယ်။

ဒေါက်တာမြမြချယ် (ကလေးအထူးကု ဆရာဝန်ကြီး)
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ