Placenta Previa အချင်း ရှေ့ရောက်ဖြစ်ခြင်း


အခုရတဲ့မေးခွန်း။ ဆရာရှင့် ကျွန်မအသက် ၃၀နှစ်ပါ။ သားဦးကိုယ်ဝန်၂၆ပတ်ပါရှင့်။ အာလ်ထွာဆောင်းရိုက်တာ ကလေးက စုံပိုင်းဖြစ်နေတယ်။ အချင်းကကျနေတယ်လို့ပြောပါတယ်ဆရာ။ ကလေးအနေအထား မမှန်ရင် ခွဲမွေးရမှာ ကြောက်လို့ ကလေးလှည့်၍ရအောင်နှင့် အချင်းကျတာကို ဘယ်လို ပြုမူနေထိုင်သင့်ပါသလဲဆရာ။ ကျေးဇူးတင်ပါတယ်။ ဆရာလည်း အသက်ရှည်ပြီးကျန်းမာပါစေ။

အချင်းကျ ခေါ် အချင်းရှေ့ရောက်ဆိုရင်တော့ ခွဲမွေးရမယ်။ ကလေးအနေအထား တင်ပါးဆုံဖြစ်တာ ခွဲလည်းရ မခွဲလည်းရတယ်။ ဆုံပိုင်းလို့ ရေးရတယ်။

အရင်ကလည်းအများကြီးမေးကြတယ်။ နမူနာသာထည့်ပါမယ်။

၁။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မက အသက်၂၅နှစ်ပါ။ သားဦးကိုယ်ဝန် ၇လကျော်ပါ။ ultrasound ရိုက်ရာမှာ အဖြေက အချင်းရှေ့နည်းနည်းကျနေတယ်လို့ပြောပါတယ်။ အဲ့တာ လက်ရှိအပ်ထားတဲ့ OG ကခွဲပဲမွေးစေချင်ပါတယ်။ အချင်းရှေ့ကျတာ မိခင်အတွက်ဘယ်လို အန္တာရာယ်ရှိနိုင်လို့ ခွဲမွေးစေချင်တာလည်းသိချင်ပါတယ်။ ပြီးတော့ ကျွန်မဆန္ဒက ထူးထူးထွေထွေ အန္တာရာယ်မရှိရင် ရိုးရိုးပဲမွေးချင်လို့ပါရှင့်။ ကျေးဇူးပြုပြီး ဖြေပေးပါဦးရှင့်။

အချင်းရှေ့ရောက်ကိုယ်ဝန်ကို ခွဲမမွေးရင် မိခင်သာမက ကလေးမှာပါ အသက်အန္တရာယ်ရှိပါတယ်။ ဆောရီး။

၂။ မင်္ဂလာပါဆရာ။ ကျွန်တော့်ဇနီးက ကိုယ်ဝန် ၇ လထဲမှာ အချင်းအောက်ရောက်နေလို့ပါ။ မေးနည်းစည်းကမ်းလေး သိလိုပါတယ်ဆရာ ကျေးဇူးပါ။

ဒုတိယမေးတာက ကွန်မင့်ကနေမေးတာပါ။ မေးနည်းစည်းကမ်းကိုရော ဒီစာကိုပါ ချတ်ဘောက်စ်ကနေပို့လိုက်ပါတယ်။ အရေးကြီးလို့ ဖြစ်ပါတယ်။ ၁၂-၈-၂ဝ၁၇ နေ့ ည (မနက်) ၂ နာရီ၊ ၈ မိနစ်ကဖြစ်ပါတယ်။ မွေးဖွားပြီးတဲ့အကြောင်း မသိရပါ။

ကိုယ်ဝန်ကိုအာလ်ထွာဆောင်းရိုက်တဲ့ မှတ်ချက်မှာ အချင်းကျနေတာ၊ အချင်းရှေ့ရောက်ဖြစ်တာနဲ့ အချင်းနေရာမမှန်တာ စသဖြင့် ရေးတယ်။ Low lying placenta အချင်းအောက်ဖက်မှာ ကပ်တယ်ဆိုရင် မူမမှန် ဖြစ်နေတာပါ။ မမွေးခင် သွေးဆင်းတာကို APH ခေါ်တယ်။ အရေးကြီးတယ်။ ကိုယ်ဝန် ဘယ်အရွယ်ရနေနေ မွေးလမ်းကြောင်းကနေဖွါးလို့ မရနိုင်ပါ။ ကိုယ်ဝန် ရင့်တာဆိုရင် သေချာပေါက် LSCS/CS ဗိုက်ခွဲမွေးရတယ်။ ကိုယ်ဝန်ဆောင် ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ တချို့စာရင်းဇယားတွေအရ ဝ့၅% လို့ ဆိုတယ်။

ကိုယ်ဝန် ၁၆ ပါတ်မှာ သားအိမ်အတွင်းမျက်နှာပြင်ရဲ့ ၂၅-၅ဝ% ကို အချင်းက နေရာယူထားတယ်။ တတိယ ၃ လပါတ် ရောက်ရင် သားအိမ်အောက်ပိုင်းလို့ခေါ်တာဖြစ်လာတယ်။ ဒါကြောင့် သားအိမ်အတွင်းမျက်နှာပြင်နေရာ ပိုကျယ်လာတယ်။ ဒါကြောင့် သားအိမ်အဝနဲ့ဝေးတာ ဖြစ်လာနိုင်ခြေရှိတယ်။ ဒုတိယ ၃ လထဲမှာ အဆင့် (၃) လုံးလုံး ပိတ်နေသူတွေထဲက ၉ဝ%၊ နဲနဲသာ ပိတ်နေသူတွေထဲက ၉၅% တွေဟာ သူ့အလိုလို အခြေအနေကောင်းလာနိုင်တယ်။ အရင်ဖြေစာမှာ အချင်းနေရာပြောင်းသွားတာ မရှိဘူးလို့ဖြေခဲ့တယ်။ အခုလိုရှင်းမှ အချင်းနေရာပြောင်းတာ မဟုတ်ပါ။ သာအိမ်အတွင်းမျက်နှာပြင် ကျယ်လာတာလို့ နားလည်စေချင်တယ်။ Ultrasound ထပ်ရိုက်ရလိမ့်မယ်။

နေ့စေ့လစေ့အထိ အချင်းက သားအိမ်အဝမှာကပ်နေရင် အရေးကြီးပြီ။ ကလေးအတွက်ဆိုရင် -
၁။ သွေးလုံလောက်အောင် မရလို့ မကောင်းတာ ဆုံးသွားတာ ဖြစ်နိုင်တယ်။
၂။ IUGR အထဲမှာ ကလေးကြီးထွားမှု အားနည်းစေမယ်။
၃။ မွေးရာပါချို့ယွင်းချက် တခြားကလေးတွေထက် ပိုများနိုင်ခြေရှိတယ်။

မိခင်လောင်းအတွက်ဆိုရင် -
၁။ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် သွေးဆင်းခြင်း၊
၂။ ဗိုက်ခွဲမွေးရခြင်း၊
၃။ မွေးဖွါးပြီး သူများထက် သွေးပိုဆင်းခြင်း၊
၎။ Placenta accreta အချင်းက ရှားရှားပါးပါး သားအိမ်ကြွက်သားအထိ တွယ်ကပ်ခြင်းတွေ ဖြစ်နိုင်တယ်။

ကိုယ်ဝန်လရင့်နေသူဆိုရင် Placenta previa လို့သိတာနဲ့ ကိုယ်ဝန်ဆောင်ကို လုံးဝနားစေရမယ်။ လိုမယ်ထင်ရင် ဆေးရုံတင်ပါ။ လိုမယ်ဆိုတာ ကိုယ်ဝန် အနု-အရင့်၊ ကလေးအခြေအနေတွေ ကြည့်ရမယ်။ ကလေးအဆုပ် ရင့်သန်အောင် Steroid shots ဆေးထိုးရတတ်တယ်။ သွေးဆင်းနေတာ မရပ်ရင်တော့ ခွဲပေတော့။

အချင်းရှေ့ရောက်ဖြစ်ရသူတွေထဲမှာ အသက်ကြီးသူ၊ ငယ်လွန်းသူတွေ၊ ကလေးအမွေးများသူ၊ အမွှာဖြစ်လို့၊ ဒါမှမဟုတ် Erythroblastosis ဖြစ်လို့ အချင်းအရွယ်သိပ်ကြီးနေသူ၊ ခွဲမွေးထားသူ၊ သားအိမ်ခြစ်ဘူးသူတွေ ပါနေတယ်။

APH မမွေးခင်သွေးဆင်းတာ၂ မျိုးရှိတယ်။ တချို့မှာ Placental Previa (PP) အချင်းရှေ့ရောက်ဖြစ်တယ်။ တချို့မှာ Placental abruption ခေါ် သားအိမ်တွင်းမှာ အချင်းကွာတာဖြစ်တယ်။ အချင်းရှေ့ရောက်ဖြစ်တာကို ဒီဂရီ ၃ မျိုး ခွဲခြားတယ်။ အချင်းက သားအိမ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာ ဖုံးတာ ၄၅%၊ တဝက်တပျက်ဖုံးတာ ၅ဝ% နဲ့ လုံးလုံးဖုံးတာ ၅% ဖြစ်နိုင်တယ်။ တချို့က အတန်းအစား ၄ မျိုးခွဲတယ်။ အဲတာက စာသင်ကြားရာမှာသာ အရေးပါတာပါ။

အမျာဆုံးဖြစ်တာ PP အချင်းရှေ့ရောက်ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်က အင်္ဂလိပ်ဆေးစာ ရှေ့ကသွားတယ် ဆိုတဲ့အတိုင်း မှန်တယ်။ ကလေးရှေ့က။ ကလေးဖွါးတယ်ဆိုတာ ဒုတိယအဆင့် ကလေးက အရင်မွေးပြီး တတိယအဆင့်ရောက်မှ အချင်းက ဆင်းရမှာ။

မွေးကာနီးလာရင် သွေးနဲ့ အကျိအချွဲနဲ့ ရောဆင်းတာကို Show ခေါ်တယ်။ ပုံမှန် ကလေးဖွါးကာနီးသူတိုင်း ဖြစ်တယ်။ APH ဖြစ်လို့ သွေးဆင်းတာက သွေးနီနီရဲရဲ၊ ဗိုက်လဲမနာဘဲဆင်းတာမျိုး ဖြစ်တယ်။ နေ့လည်ခင်းမှာ စဆင်းတာ များတယ်။ ကိုယ်ဝန် ၂၄ ပါတ် ကျော်သူတွေမှာ အဲလိုဖြစ်ရင် အချင်းရှေ့ရောက်ကို သံသယရှိရတော့မယ်။ နုသေးရင် ကိုယ်ဝန်ပျက်စာရင်းထဲ ဝင်မယ်။

မွေးလမ်းကို လက်နဲ့ စမ်းတာမှာ အထူးသတိထားရတယ်။ စမ်းတဲ့လက်က သားအိမ်အဝမှာ ဘာရှိသလဲ သေခြာအောင် စမ်းရင်း ကပ်နေတဲ့ အချင်းကို ထိုးခွါပေးသလို ဖြစ်တတ်တယ်။ သတိကြီးတဲ့ ဆရာဝန်တွေက သံသယရှိနေရင် ခွဲမွေးနိုင်အောင် ပြင်ဆင်မှုတွေ အရင်လုပ်တယ်။ တောမှာ ဒါမှမဟုတ် ခွဲစိတ်ကိရိယာ မရှိတာမျိုးကြုံရင် မွေးလမ်းကနေ မွေးပေးနည်းလဲ ကြံဖန်နိုင်ပါသေးတယ်။ ၂ နည်း ရှိတယ်။ မအေကို ကယ်ဘို့သာ ဖြစ်ပါတယ်။

အချင်းက နေရာမှန် ပြန်မရောက်နိုင်ပါ။ ကလေးအနေအထားကသာ ပြင်သွားတတ်တယ်။ အခုတခါ အဲလိုဖြစ်ပေမဲ့ နောက် ကိုယ်ဝန်တွေမှာ ပုံမှန်ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ပြောရရင် ကံတရားပါဘဲ။ မိဘတွေ ချို့ယွင်းကြလို့ မဟုတ်ပါ။ သန္ဓေတည်တည်ချင်း အချင်းကပ်တာက သားအိမ်အထက်ပိုင်းမှာ ပုံမှန်ကပ်ရမှာကို အောက်မှာ သွားကပ်လို့ ဒီလိုဖြစ်လာတာ။ ကံတရားပါပဲ။ မိခင်လောင်းတွေ ကံကောင်းကြပါစေ။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ