ပန်းကလေးတွေ အကြွေမစောဖို့ ရင်သားကင်ဆာဂရုပြု


ရင်သားကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်းများစေတဲ့အချက်များကို ပထမဆုံးသိချင်ပါတယ်။
ကိုယ့်မိသားစုရာဇ၀င်မှာ ဖြစ်ဖူးသူရှိတာ၊ ရင်သားကင်ဆာ ဗီဇလို့ခေါ်တဲ့ BRCA-1 နဲ့ BRCA-2 ရှိတာ၊ P53 Mutation ရှိတာ အဲဒါတွေကြောင့် ရင်သားကင်ဆာဖြစ်နိုင်ပါတယ်။ အသက်အရွယ်အရ ၅၅ နှစ်အထက် တွေအဖြစ်များပါတယ်။ ရာသီစလာတဲ့အသက်အရွယ် စောတာ (ဥပမာ အသက် ၁၂ နှစ်အောက်)၊ သွေးဆုံးချိန် နောက်ကျတာ(အသက် ၅၅ နှစ်အထက်)အဲ့လိုလူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။
အိမ်ထောင်ကျပြီး ကလေးတစ်ခါမှမမွေးဖူးခြင်း ဒါမှမဟုတ် အသက် ၃၀ကျော်မှ သားဦးမွေးခြင်း၊ မိမိကလေးကို မိခင်နို့တိုက်ကျွေးမှုမရှိခြင်း၊ သွေးဆုံးပြီးနောက် ဟော်မုန်းအစားထိုးကုထုံးခံယူခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးဆုံးပြီးနောက် အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကလည်း ရင်သားကင်ဆာဖြစ်ဖို့အတွက် အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။


စောစောစီးစီးတွေ့ရတဲ့ သတိပေးလက္ခဏာတွေရော ရှိပါလား။
ရှိပါတယ်။ ရင်သားရဲ့ပုံသဏ္ဍန်ကိုကြည့်မိတဲ့အခါ၊ လက်နဲ့စမ်းကြည့်တဲ့အခါမှာ ပြောင်းလဲမှုတစ်ခုခုရှိ နေတာ၊ နို့သီးခေါင်းပုံသဏ္ဍန်ပြောင်းလဲနေတာ၊ နို့သီးခေါင်းကနေ အရည်ထွက်နေတာ အဲဒါတွေကတော့ ကြိုတင်သိနိုင်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။


ကိုယ်တိုင်လေ့လာသိရှိရမယ့် အပိုင်းလေးကိုလည်းပြောပြပေးပါ။
အသက်၂၀အရွယ်ကစပြီး ကိုယ့်ရင်သားကို ကိုယ်တိုင်စမ်းသပ်စစ်ဆေးနည်းကို ပြုလုပ်တတ်ဖို့ လိုပါတယ်။ ကိုယ့်ရင်သားက ပုံမှန်ဘယ်လိုမြင်တွေ့ရတယ်၊ စမ်းသပ်တွေ့ရှိတာကဘယ်လိုဖြစ်တယ် ဆိုပြီးသိရ မယ်။ ပြောင်းလဲမှုတစ်ခုခုတွေ့ခဲ့ရင် ကျန်းမာရေးစောင့်ရှောက်သူ ဒါမှမဟုတ် နီးစပ်ရာဆေးခန်းတွေ၊ ဆရာဝန် တွေဆီကို ချက်ချင်းသတင်းပို့ရမယ်။ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ရင်သား စမ်းသပ် စစ်ဆေးတာကို    အသက် ၂၀ နဲ့ ၃၀ အရွယ် အမျိုးသမီးတိုင်း ၃ နှစ်ကိုတစ်ကြိမ် ပြုလုပ်သင့်ပါတယ်။ အသက် ၄၀ နဲ့အထက် တွေတော့ နှစ်စဉ်ပြုလုပ်သင့်ပါတယ်။ အသက် ၄၀ ကျော်သူတိုင်း နှစ်စဉ်ရင်သားအထူး ဓာတ်မှန်ရိုက်ခြင်း ကိုလည်း ပြုလုပ်ရပါမယ်။

အရေးတကြီးလူနာတွေက ဘယ်လိုမျိုးတွေလဲ။
ဘယ်အသက်အရွယ်မဆို မာခဲပြီးအရေပြားနဲ့ကပ်နေတဲ့ အဖုအကျိတ်မျိုးတွေ့ခဲ့ရင်၊ အသက် ၃၀ နဲ့ အထက်အမျိုးသမီးတစ်ဦး နောက်တစ်ကြိမ်ရာသီပြီးသွားတာတောင် ရင်သားထဲမှာ အဖုအကျိတ်တစ်ခု ရှိနေသေးခြင်း သို့မဟုတ် သွေးဆုံးပြီးအမျိုးသမီးမှာ အကျိတ်တွေ့ရှိခြင်း၊ ရင်သားတစ်ဖက်တည်းမှာ အရေပြား ဒါမှမဟုတ် နို့သီးခေါင်းပေါ်မှာ နှင်းခူနာလိုပြောင်းလဲမှုတွေ့ရပြီး ဆေးလိမ်းသော်လည်း မပျောက်သေးဘဲ ရှိနေခြင်း၊ နို့သီးခေါင်းချိုင့်ဝင်ခြင်း၊ ပုံစံပြောင်းခြင်း၊ ရင်သားတစ်ဖက်ဖက်မှ အကြောင်းရင်းမရှိဘဲ အရည် ကြည်များ၊ သွေးများနို့သီးခေါင်းမှထွက်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ရင်တော့ ခွဲစိတ်အထူးကုဆရာဝန်ဆီ အမြန်ဆုံးပြသရမှာဖြစ်ပါတယ်။


ရင်သားကင်ဆာကို ဘယ်လိုမျိုး ကာကွယ်ရမလဲ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေအတွက်တော့ ရင်သား ကင်ဆာကာကွယ်ဖို့ အထွေအထူးမလိုပါဘူး။ အဲဒါကြောင့် ကိုယ်အလေးချိန်မများစေဖို့၊ အ၀မလွန်စေဖို့ ထိန်းသိမ်းရမယ်။ ပြည့်ဝဆီတွေကို နည်းနည်းပဲစားရမယ်။ အရက်နဲ့ဆေးလိပ် ရှောင်ကြဉ်ရမယ်။ ကာယလေ့ ကျင့်ခန်းကို ပုံမှန်လုပ်ပေးရမယ်။ အဲဒါဆိုရင်တော့ ရင်သားကင်ဆာ မဖြစ်ဖို့ကာကွယ်ပြီးသားဖြစ်သွားပါပြီ။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေ၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေက ရင်သားကင်ဆာဖြစ်နိုင်ချေအခွင့်အလမ်းကို ၃ ပုံ ၁ ပုံ လျော့ကျစေနိုင်တယ်လို့ လေ့လာသိရှိရတယ်။ တစ်ပတ်မှာ အမြန်လမ်းလျှောက်လေ့ကျင့်ခန်းကို အနည်း ဆုံး ၁ နာရီ ၂၅ မိနစ်က နေ ၂ နာရီ ၂၅ မိနစ်လုပ်မယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။

ပါမောက္ခဒေါက်တာ ရင်ရင်ထွန်း(ကင်ဆာအထူးကုသမားတော်)
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ