PCOS မျိုးဥအိမ်အကျိတ်များရောဂါ
၁။ ၂၃နှစ် ကျွန်မမှာ PCOS ရောဂါဖြစ်နေပါတယ်ဆရာ။ အပျိုဘဝထဲက ရာသီပုံမှန်မလာတာကို ဂရုမစိုက်ပဲနေခဲ့မိပါတယ်။ အခုအိမ်ထောင်ကျပြီး ကလေးလိုချင်တာမို့ ဆေးခန်းပြမှ ကျွန်မမှာ အရည်အိတ်လေးတွေ ရှိနေတာ သိခဲ့ရပါတယ်။ သားဥအိမ် ၂ ဖက်လုံးမှာရှိနေပါတယ်။ ကျွန်မပြတဲ့ဆရာဝန်က အရည်အိတ်များမှာ တလက်မတောင်မပြည့်တာမို့ စိတ်ပူစရာမလိုကြောင်း ကလေးရရင် သူ့အလိုလိုပျောက်သွားမယ်ဖြစ်ကြောင်း ပြောပါတယ်။ ဆေးတွေပဲ သောက်ခိုင်းပြီး ကိုယ်အလေးချိန်လျော့ဖို့ပြောပါတယ်။ ရာသီလာတဲ့ဒုတိယရက်မှာ သားဥကြွေဆေး မနက်တကြိမ် ညတကြိမ် သောက်ခိုင်းပါတယ်ဆရာ။ အခုဆို ၂လရှိပါပြီ။ ကျွန်မသိချင်တာကတော့ကလေးရနိုင်ပါ့မလားဆိုတာပါပဲ
ဆေးစစ်ချက်တွေလဲ ပို့ပေးလိုက်ပါတယ်ဆရာ။ ဆရာအားတဲ့အချိန်လေးကျွန်မစာကိုဖြေကြားပေးစေလိုပါတယ်။ စာလုံးပေါင်း အမှားပါရင်လဲခွင့်လွှတ်ပါဆရာ။ (ရရစ်မပါတာတွေအားလုံးကို ပြင်လိုက်ပါတယ်။ ဆောရီး။)
၂။ ဆရာ မင်္ဂလာပါရှင် PCOS အကြောင်းလေး သိချင်လို့ပါ။ Age- 26 Gender-Female (Single) Weight 118lb Height 5’ 4” BP 110/70 ရာသီလာတာ မမှန်တာတွေကြောင့် (၆ လတကြိမ်ခန့် သာရာသီလာခြင်း) ဆရာဝန် ပြဖြစ်ခဲ့ပါတယ်။ အာလ်ထွာဆောင်း ရိုက်ပြီးနောက် သားဥအိမ်မှာ အရည်အိတ်လေးတွေ ဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါကို PCOS လို့ ခေါ်ကြောင်းလဲ သိရပါတယ်။ ဒီရောဂါဟာ ၀စေတတ် (သို့) ပိန်စေတတ်တယ်လို့လဲ အကြမ်းဖျင်း သိရပါတယ်ရှင်။ အခုဆရာဝန်က Diane-35 ဆိုတဲ့ဆေးကို ၆လ သောက်ခိုင်းပါတယ်ရှင်။ ၆လပြည့်တဲ့ အခါ ပြန်ပြရပါမယ်။ အခုတော့ ဆေးသောက်ရတာ ၂လရှိပါပြီ။ ရောဂါအကြောင်း ပြည့်ပြည့်စုံစုံလေး သိချင်မိပါတယ်ဆရာ။ အင်တာနက်မှာ ရှာဖတ်ပေမယ့် အင်္ဂလိပ်လိုတွေဆိုတော့ လုံးစေ့ပတ်စေ့ နားမလည်လို့ပါ။ အောက်ပါ မေးခွန်းလေးတွေကိုတော့ အချိန်ရရင် ဖြေကြားပေးပါဆရာ။ ဒီရောဂါသည် အရှင်းပျောက်ကင်းနိုင်သလား။ အစားအသောက် ပုံမှန်သာစားပေမယ့် မသိမသာလေး ၀၀လာပါတယ်။ 88 lb ခန့်ကနေ ၂ နှစ်အတွင်းမှာ 118 lb ဖြစ်လာတာပါ။ ဒါ့ကြောင့် စားသောက်နေထိုင်ရမည့် ပုံစံလေးလဲ သိပါရစေရှင်။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ရန် လိုအပ်သလားဆိုတာလေးလဲ သိချင်ပါတယ်။ နောင် ကလေး လိုချင်သည့်အခါ လွယ်ကူပါ့မလား။ ရနိုင်ပါ့မလား။ ရောဂါရဲ့ ဆိုးကျိုးတွေလဲ သိချင်ပါတယ်။ ဆောင်ရန်/ရှောင်ရန် လေးတွေလဲ ပြောပြပေးပါရှင်။ အာလ်ထွာဆောင်း မှတ်ချက်ပါ ပို့ပေးထားပါတယ်ရှင်။ ဆရာကျန်းမာရွှင်လန်းပါစေ။
၃။ ဆရာရှင့် PCOS ရောဂါအကြောင်း ကို Link လေးများရနိုင်ပါမလား။ ရှာတာမတွေ့သေးလို့ပါရှင့်။
၎။ ဆရာရှင့် သမီးအသက် ၂၃ ပါ single ပါရှင်။့ လွန်ခဲ့တဲ့နှစ်လောက်ကတည်းက ရာသီလာရင်အောင့်ပါတယ်။ og ပြတော့ သမီးမှာရေအိတ်ရှိနေတယ်ပြောလို့ meftal spas သောက်ဆေးပေးပါတယ်။ အဲ့ဆေးသောက်တာသက်သာပါတယ်။ ဒါပေမယ့် သမီးအစာအိမ်ရောင်လို့ အူလမ်းကြောင်းဆရာဝန်က အဲ့ဆေးမသောက်ခိုင်းဘူးရှင်။့ ပြီးခဲ့တဲ့လကတည်းက ပြန်အောင့်တာ ဒီလရာသီက တရက်ထဲလာပြီး အကြည်ရည်တွေဘဲဆက်တိုက်ဆင်းပါတယ် og ပြန်ပြတော့ သမီးကို ultrasound ပြန်ရိုက်တော့ ရေအိတ်တွေကသေးသေးလေးတွေများကြီးရှိတယ်ပြောပါတယ်။ တလနှစ်ကြိမ် ဆေးထိုးခိုင်းပါတယ်။ ဆေးက medroxyprogesterone acetate 150 mg ၉လဆက်တိုက် ၃လနေပြန်ပြီး ultrasound ရိုက်ခိုင်းပါတယ်။ ရေအိတ်က ပျောက်နိုင်လား ဘာတွေဆင်ခြင်ရမလဲဆိုတာရယ် အခုသမီးကိုပေးတဲ့ထိုးဆေးမှာ ဘာအကျိုးသက်ရောက်မှုရှိမလဲသိချင်တာပါရှင့်။ သမီးကိုပေးထားတဲ့ထိုးဆေးပါ။ သမီးပြောတာအမှားပါမှာစိုးလို့ ပုံပို့ပေးတာပါရှင့်။ ရေအိတ်က ဘယ်ဘက်မှာ ရှိနေတယ်ပြောပါတယ်ရှင့်။ သမီးရာသီပြီးတာ ဆယ်ရက်ကျော်ပါပြီ။ အခုထိလဲ ဘယ်ဘက်ဆီးခုံဘက်က တချက်တချက်အောင့်နေတုန်းမို့ပါ။ သမီးမေးတာတွေအမှားပါခဲ့ရင် ခွင့်လွှတ်ပါရှင့်။
Polycystic Ovarian Disease (PCOD) လို့လည်းခေါ်တယ်။ Polycystic Ovarian Syndrome (PCOS) မျိုးဥအိမ် အကျိတ်များရောဂါဆိုတာ အမျိုးသမီး မီးယပ်ရောဂါတခု ဖြစ်တယ်။ အမျိုးသမီး ၅-၁ဝ% မှာ ဖြစ်နိုင်တယ်။ ကလေးမရဖြစ်ရတဲ့ အဓိကအကြောင်းတရားလဲ ဖြစ်တယ်။ ရောဂါလက္ခဏာက ဆယ်ကျော်သက်ကတည်းကစတယ်။ ရာသီမမှန်တာ၊ ရာသီမလာတာ၊ ဝက်ခြံထွက်တာ၊ ကိုယ်အလေးချိန်များတာ၊ အမွှေးပေါက်များတာ၊ လူအဝလွန်လာတာ၊ ဆီးချို-သွေးတိုး-နှလုံးရောဂါတွေ ဖြစ်လာနိုင်တယ်။ ဆေးကုသမှု သေသေချာချာလုပ်ရင် အများကြီးသက်သာစေတယ်။ ရောဂါလက္ခဏာ တခုချင်းကို ကုသရတယ်။
PCOS ရောဂါကို Stein-Leventhal syndrome လို့လဲ ခေါ်တယ်။ မျိုးဥအိမ်တွေမှာ အကျိတ်လေးတွေ အများကြီး ဖြစ်နေတယ်။ ဘာလို့ဖြစ်သလဲ၊ အကြောင်းအမျိုးမျိုး ရှိနိုင်တယ်။ တခါတလေ မသိနိုင်ဘူး။ မျိုးရိုးနဲ့ ပါတ်ဝန်းကျင်ကနေလဲ ဖြစ်နိုင်တယ်။ တချို့ ဒီရောဂါရှိတဲ့ အမျိုးသမီးတွေမှာ ဦးနှောက်ထဲက Pituitary gland ကနေ ထုတ်ပေးတဲ့ LH ဟော်မုန်း လဲများနေတာ တွေ့ရသေးတယ်။
ဒီရောဂါရဲ့ ပင်မလက္ခဏာကတော့ -
၁။ Menstrual disturbances ရာသီမမှန်တာ နဲ့
၂။ Androgens ကျားဟော်မုန်းများနေတာ ၂ ခု ဖြစ်တယ်။
ရာသီမမှန်ဘူးဆိုတာ -
၁။ Primary amenorrhea မွေးကတည်းက ရာသီတခါမှ မလာတာ၊
၂။ Oligomenorrhea ရာသီအလာနည်းတာ၊
၃။ Secondary amenorrhea ရာသီထိန်တာ၊
၎။ Anovulatory cycles ရာသီလာပေမဲ့ မျိုးဥ မထွက်တာ နဲ့
၅။ Heavy bleeding သွေးအများကြီး ဆင်းတာ၊ ဖြစ်နိုင်တယ်။
ကျား-ဟော်မုန်းများနေလို့ ဖြစ်လာမဲ့ လက္ခဏာကတော့ -
၁။ Acne ဝက်ခြံပေါက်တာ၊
၂။ Hirsutism အမွှေးပေါက်များတာ၊
၃။ Male-pattern hair loss ယောက်ျားတွေလို ဆံပင်ကျွတ်တာ (ထိပ်ပြောင်တာ) တွေ ဖြစ်တယ်။
တခြား လက္ခဏာကတော့ -
• Obesity and weight gain ကိုယ်လေး-လူဝမယ်၊
• Elevated insulin levels and insulin resistance ဆီးချိုထိန်းတဲ့ (အင်စူလင်) ဟော်မုန်း များနေမယ်၊
• Oily skin အရေပြား အဆီပြန်မယ်၊
• Dandruff ခေါင်းမှာ ဘောက် ပေါက်မယ်၊
• Infertility ကလေးမရဖြစ်မယ်၊
• Skin discolorations အရေပြား အရောင်ပြောင်းတာ တချို့နေရာတွေမှာ ဖြစ်မယ်၊
• High cholesterol levels (ကိုလက်စထော) များနေမယ်၊
• Elevated blood pressure သွေးဖိအားများနေမယ်၊
• Multiple, small cysts in the ovaries မျိုးဥအိမ်မှာ အကျိတ်တွေ ဖြစ်နေတာတွေ ဖြစ်တယ်။
ရောဂါလက္ခဏာတွေကသာ ရောဂါနာမယ် တပ်တာနဲ့ ကုသတာအတွက် အရေးကြီးတယ်။ မျိုးဥအိမ်မှာ အကျိတ်လေးတွေ တွေ့တာနဲ့တော့ ရောဂါမဟုတ်သေးဘူး။ ရောဂါ ဟုတ်-မဟုတ်ကို ရောဂါလက္ခဏာတွေ ကြည့်ရမယ်။ Androgen ကျား-ဟော်မုန်း အင်ဒရိုဂျင် စစ်ရတယ်။ DHEA နဲ့ Testosterone တွေ ကဲနေတတ်တယ်။ ကျား-ဟော်မုန်း တက်စတိုစတီရုံး များနေတာ တခုထဲနဲ့တော့ PCOS ရောဂါလို့ မပြောပါ။ Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းတာ စစ်ရတယ်။ Prolactin ခေါ်တဲ့ နို့ထွက်ဟော်မုန်း စစ်ရတယ်။ မျိုးဥအိမ် နဲ့ ကျောက်ကပ်အထက်က အဒြီနယ်လ်အိတ်တွေ Tumor အလုံး ဖြစ်နေသလား စစ်ရတယ်။
အာလ်ထွာဆောင်းရိုက်ရင် မျိုးဥအိမ်မှာ အရည်အောင်းနေတဲ့ Cysts အိတ်လေးတွေ တွေ့မယ်။ (CT scan) နဲ့ (MRI) တွေရိုက်ရင်လဲ တွေ့မယ်။ CT scans ရိုက်တာက X-rays နဲ့ Dyes သုံးရလို့ လူတိုင်းကို မလုပ်ပါ။
PCOS ကို ဘယ်လို ကုသမလဲ -
အမျိုးသမီး အသက်ကိုကြည့် ကုရတယ်။ ငယ်သူတွေကို ကိုယ်ဝန်တားဆေး ပေးနိုင်တယ်။ ရာသီမှန်စေမယ်၊ သားအိမ်ကင်ဆာ အဖြစ်နည်းစေမယ်။ နောက်တနည်းကတော့ Progesterone ဟော်မုန်းကို ပေးလိုက်-ရပ်လိုက် လုပ်တယ်။ ကိုယ်ဝန်ကိုတော့ တားပေးမှာ မဟုတ်ဘူး။ ဝက်ခြံပေါက်နေသူ၊ အမွှေးများနေသူတွေကို ဆီးသွားဆေး Spironolactone (Aldactone) ပေးနိုင်တယ်။ သူတွေတို့ကို ဒီဆေးပေးရင် ပိုတက်ဆီယမ်စစ်နေရမယ်၊ Kidney function ကျောက်ကပ် စစ်နေရမယ်။ မျက်နှာ အမွှေးပေါက်သူတွေက Eflornithine (Vaniqa) ခရင်လိမ်းရတယ်။ ကလေးရချင်သူတွေဆိုရင် Clomiphene (Clomid) ဆေးပေးရင် မျိုးဥထွက်စေနိုင်တယ်။ လိုအပ်ရင် Gonadotropin ဟော်မုန်း ပေးမယ်။ တခြား ကလေးရစေနည်းတွေ သုံးနိုင်တယ်။ ကိုယ်အလေးချိန် ချရမယ်။ ဆီးချိုအမျိုးအစား (၂) ရှိနေရင် Metformin (Glucophage) ဆေးပေးမယ်။ ခွဲစိတ်ကုသဘို့လိုရင် Ovarian drilling နည်း လုပ်ရမယ်။
ဆေးကျောင်းမှာ ရောဂါဗေဒသင်ရတုံးက လူတွေမှာဖြစ်တဲ့ရောဂါဘယတွေကအလွန်များတယ်။ ကူးစက်နိုင်တာတွေကလဲ ပေါလွန်းလှတယ်။ အဲဒီအထဲက ရောဂါမရဖြစ်နေတာက အံ့သြဘို့ကောင်းတယ်လို့ မှတ်သားရဘူးတယ်။ အခုရောဂါလိုက ဘာလို့ကိုယ့်မှာလာဖြစ်ရသလဲ သိဘို့လဲခက်တယ်။ ကုရတာလဲမလွယ်ပါ။ အဲတာကြောင့် မြန်မာပြည်သူပြည်သားတွေ ကံတရားကောင်းအောင် နေ့စဉ် (အချိန်တိုင်းမှာ) ကြိုးစားနေကြဘို့ရာ အကြံပေးချင်ပါတယ်။
Dr တင့်ဆွေ
https://www.facebook.com/drtintswe/
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin