CHEMICAL Peeling လုပ်မှာလား


ယခုခေတ်ကာလရဲ့ အခြေအနေ ရေပန်းစားမှုမှာလူငယ် (အမျိုးသားရော အမျိုးသမီးများပါ) မျက်နှာကို ဂရုစိုက်အလေးထားပြီး ပြုပြင်လာကြပါတယ်။ မျက်နှာကိုဒီလိုပြုပြင်ကြရာမှာ chemical peeling ဆိုတဲ့ ဝေါဟာရဟာ လူငယ်ရော လူကြီးတွေကြားမှာ တော်တော်လေးရေပန်းစားလာပါတယ်။ chemical peeling ကို အပြင်မှာပြောကြတဲ့ အခေါ်အဝေါ်စကားအသုံးအစွဲဟာ တော်တော်လေးနားရှုပ်ပြီး မျက်စိလည်စရာကောင်းလှ ပါတယ်။ တစ်ချို့က မျက်နှာဆေးချင်လို့ဆိုပြီးပြောကြတယ်၊ တစ်ချို့က မျက်နှာဂျီးချွတ်ချင်လို့ဆိုပြီး လာပြကြ ပါတယ်။ တစ်ချို့ကတော့ ပီလင် pelling လုပ်ချင်တယ်ဆိုပြီး ဘိုလိုအတိုပြောဆိုကြပြန်ပါတယ်။ တစ်ချို့က မေးကြပြန်ပါသေးတယ်၊ အလှပြင်ဆိုင်မှာလုပ်သလိုလား၊ တူသလား၊ ဘာလား၊ ညာလားနဲ့စုံနေတာပါပဲ။ ဒီတော့ အမေးရှိတော့အဖြေရှိရပြန်ပါတယ်။ အလှပြုပြင်ရေး (Beauty Parlar) တွေမှာ လုပ်ကြတဲ့ မျက်နှာဆေးတာတို့၊ မျက်နှာဂျီးချွတ်တာတို့နဲ့နာမည်၊ ခေါ်ဝေါ်ပုံချင်းရောနှောရှုပ်ထွေးနေသော်လည်း လုပ်ဆောင်ချက်များကတော့ မတူကြပါဘူး။ နောက်ပြီး ယခင်ဘာသာပြန်ဆိုမှုတွေမှာတော့ chemical peeling ကို ဓါတုဆေးရည်ဖြင့် ပေါင်း တင်ခြင်းလို့ ပြန်ဆိုကြတာကိုတွေ့ရပြန်ပါတယ်။ အင်္ဂလိပ်လို chemical peeling ဆိုတဲ့ စကားစုကို တိုက်ရိုက် ဘာသာပြန်ဆိုမယ်ဆိုရင်တော့ ဓါတုဆေးရည်ဖြင့် အပေါ်ယံအရေပြားလွှာကို ဖယ်ရှားခြင်းလို့ အဓိပ္ပါယ်ရပါ တယ်။
မည်သို့ပင်ဆိုစေ ဒီနေ့ခေတ်မှာတော့ chemical peeling ဆိုတဲ့ဝေါဟာရတစ်ခုဟာ Skin care လုပ်သူတွေရဲ့အကြားမှာ တော်တော်လေးခေတ်စားလာပြီး Peeling လုပ်ပေးဖို့လာပြသူ၊ တိုင်ပင်သူ၊ အကြံ ဉာဏ်တောင်းခံသူတွေများလာတော့ ဒီ Peeling အကြောင်းကိုရေးဖြစ်သွားရတာပါ။

#Peeling ဆိုတာဘာတဲ့လဲ

အင်္ဂလိပ်လို Peel ပီးလ်ဆိုတာအခွံနွှာတာ၊ လွှာတာပါ။ အခုလူတွေပြောနေတဲ့ Peeling ဆိုတာက Skin Peeling ပါ။ အရေပြားကို Peel ပီးလ်လုပ်တာပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရေပြားမှာ အလွှာသုံးလွှာ ရှိပါတယ်။ အဲဒီ အရေပြားအလွှာတွေရဲ့ အပေါ်ယံအလွှာတွေကိုနွှာချ၊ လွှာချလိုက်တာပါ။ Peeling ဆိုရာမှာလဲ စက်နဲ့လုပ်တဲ့ Peeling ၊လေဆာနဲ့လုပ်တဲ့ Peeling ၊ ဓါတုဆေးရည်နဲ့လုပ်တဲ့ Peeling ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီတော့ ဓါတုဒြပ်ပေါင်းဆေးရည်တွေကိုအသုံးပြုပြီး အပေါ်ယံအရေပြား ဆဲလ်တွေကိုခွာချတာဟာ Chemical Peeling ပါပဲ။ Peeling လုပ်ရာမှာပါတဲ့ သုံးတဲ့ဒြပ်ပစ္စည်းအများစုဟာ အရေပြားကိုစားပစ်တဲ့ အက်စစ်အပျော့ စားများဖြစ်ကြပါတယ်။ အဲဒီအက်ဆစ်အပျော့တွေကို မျက်နှာအရေပြားရဲ့အပေါ်မှာတင်လိုက်ပြီး အရေပြားရဲ့ အပေါ်ယံအလွှာတွေကို စားပစ်လိုက်ပါတယ်။ ဒါ ဟာပီလင်ဆိုတဲ့ဝေါဟာရရဲ့မျက်နှာကို ဓါတုဗေဒဆေးရည်များ၊ ပစ္စည်းများဖြင့် ပြုပြင်လိုက်ခြင်းပါပဲ။

#ကိုယ်ခန္ဓာရဲ့ဘယ်နေရာမှာလုပ်

မျက်နှာမှာလုပ်တာရှိသလို ကိုယ်ခန္ဓာကို လုပ်တာတွေလဲရှိပါတယ်။ ဒီမှာအလုပ်များတာက မျက်နှာပါ။ လုပ်တဲ့နေရာကိုမူတည်ပြီး အသုံးပြုတဲ့ Chemica; ဒြပ်ပေါင်းတွေ၊ ပြင်းအားစတာတွေဟာ ကွာခြားပါတယ်။
မျက်နှာမှာ Peelingဘာကြောင့်လုပ်ကြတယ်
လူငယ်တွေတော်တော်များများ သိချင်ကြတဲ့အရာပါ။ ရောဂါရှိလို့လုပ်တာလား၊ ရောဂါမရှိတဲ့သူတွေ ကရော ဘာလို့လုပ်တာလဲ စသဖြင့်မေးကြတတ်ပါတယ်။ မျက်နှာမှာရောဂါဖြစ်လို့လုပ်ရတာရှိသလို၊ မျက်နှာကို ပြုပြင်တဲ့သဘောနဲ့ နုပျိုအောင်လုပ်ကြတာလည်းရှိပါတယ်။ မျက်နှာဟာလူတစ်ယောက်ရဲ့ ပြင်ပအသွင် သဏ္ဍာန်အတွက်ကအရေးကြီးတော့ တော်တော်များများက စိတ်ဝင်တစားနဲ့မေးကြ၊ မြန်းကြ၊ စူးစမ်းသိမြင်ချင် ကြပါတယ်။

#မျက်နှာပေါ်က ဘယ်လိုပြဿနာတွေမှာ Peeling လုပ်

ဘယ်လိုပြဿနာတွေကြောင့်မျက်နှာ chemical peeling လုပ်ကြသလဲဆိုရင်တော့ ၀က်ခြံတို့၊ တင်းတိပ်တို့၊ မျက်နှာပေါ်မှာရှိတဲ့ အမည်းစက်၊ အမာရွတ်၊ နေရောင်ကြောင့်ဖြစ်ရတဲ့ မျက်နှာပေါ်က မည်းတဲ့ အစက်တွေ၊ နေရောင်ကြောင့် ပျက်စီးသွားတဲ့အသားအရေစတာတွေကို ကုသဖို့၊ ချောမွေ့လှပသွားစေဖို့ စတဲ့ အကြောင်းတွေကြောင့် လုပ်တာများပါတယ်။ သေးငယ်တဲ့မျက်နှာပေါ်က အမာရွတ်တွေ၊ အချိုင့်တွေအတွက် လည်း လုပ်လို့ရပါတယ်။ သို့သော် လုပ်ရမယ့် chemical peeling မျိုးအစားတွေကတော့ ရောဂါတစ်ခုခြင်းစီရဲ့ အဆင့်ပေါ်မှာလိုက်ပြီး မတူညီသလို ရောဂါတစ်ခုနဲ့တစ်ခုအပေါ်မှာလည်း မတူညီနိုင်ကြပါဘူး။

#Chemical Peeling အမျိုးအစားတွေ

ရေဘူယျအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ဒီလိုခွဲခြားရာမှာအရေပြားရဲ့ ဘယ်အလွှာလောက်အထိ ဓါတုဒြပ်ပေါင်းတွေနဲ့စားပစ်၊ နွှာပစ်မှာလဲဆိုတဲ့ အပေါ်မှာမူတည်ပြီးခွဲခြားလိုက်ပါတယ်။
1. Superficial Peeling
2. Medium – Depth Peeling
3. Deep Peeling ဆိုပြီးသုံးမျိုးခွဲခြားထားပါတယ်။
အရေပြားအပေါ်ယံအလွှာ (Epidermis layer) တစ်ခုလုံးသို့မဟုတ် တစ်စိတ်တစ်ပိုင်းကိုဖယ်ရှား လွှာချတာကို Superficial Peeling လို့ခေါ်ပါတယ်။ သာမန်အမျိုးအစားပါ။ အပေါ်ယံအရေပြားကိုနွှာခြင်းပေါ့။ အရေပြားဒုတိယအလွှာ (Dermis layer) ရဲ့အပေါ်ပိုင်း (Papillary Dermis) အထိလွှာချလိုက်တာကို Medium – Depth Peeling လို့ခေါ်ပါတယ်။ အလယ်အလတ်အဆင့် အမျိုးအစားပါ။ Deep Peeling ဆိုတာကတော့ အရေပြားရဲ့ဒုတိယအလွှာအောက်ပိုင်း (Reticular Dermis) အထိလွှာချတာကိုခေါ်တာပါ။ အနက်ဆုံး သို့မဟုတ် အပြင်းဆုံးအမျိုးအစားလို့ပဲပြောရမှာပါ။ Peeling အမျိုးအစားအားလုံးကို ဒီမှာ မလုပ်ကြပါဘူး။ အမျိုးအစားအချို့ကိုပဲလုပ်တာပါ။
တစ်ချို့ကတော့ အပေါ်ယံအရေပြားအလွှာကိုစားပစ်၊ နွှာပစ်တဲ့ Superficial Peeling ကိုထပ်ပြီးခွဲ လိုက်ပါတယ်။ Epidermis ဆိုတဲ့အပေါ်ဆုံးအလွှာရဲ့ အပေါ်ယံဆဲလ်အလွှာများကိုပဲ စားပစ်၊ ဖယ်ရှားပစ်မယ် ဆိုရင် Very Superficial Peeling ရယ်လို့ထပ်မံခွဲခြားခေါ်ဆိုပြန်ပါတယ်။ အပေါ်ယံအလွန်ကျသော Peeling အမျိုးအစားဖြစ်ပါတယ်။ အပေါ်ယံအလွှာပါးပါးကိုနွှာခြင်းပေါ့။ ဒီမှာတော့ ဒီအမျိုးအစားကိုပဲလုပ်တာများပါ တယ်။
အမျိုးအစားတွေကွဲပြားသလိုလုပ်ရတဲ့လူနာ၊ ရောဂါသုံးရတဲ့ဓါတုဆေးရည်၊ ဆေးရည်တွေရဲ့ပြင်းအား စတာတွေဟာမတူညီကြပါဘူး။ ဒီတော့ ဒီမှာအများစုလုပ်ကြတဲ့ အပေါ်ယံအလွှာပါးပါးကိုနွှာခြင်း (Very Superficial Peeling) နဲ့အပေါ်ယံအရေပြားကိုနွှာခြင်း (Superficial Peeling) အကြောင်းတွေကိုပဲ အဓိကထား ဇောင်းပေးပြီးဒီဆောင်ပါးမှာရေးသွားပါမယ်။

#Peeling မှာသုံးတဲ့ဓါတုစ္စည်းတွေ

ပီလင်မှာသုံးတဲ့ ဓါတုပစ္စည်းတွေကတော့ Peeling အမျိုးအစားကိုလိုက်ပြီး ကွဲပြားခြားနားကြပါ တယ်။
အပေါ်ယံအလွှာပါးပါး (Very Superficial Peeling) ကိုလုပ်မယ်ဆိုရင် ဂလိုက်ကိုလစ်အက်ဆစ် (Glycolic acid 10-40%) ကိုသုံးလို့ရပါတယ်။ ထွိုင်ကလိုရိုအက်ဆီတစ်အက်ဆစ် Trichloroacetic acid (TCA) 10% ကိုလည်းသုံးလို့ရနိုင်ပါတယ်။

အပေါ်ယံလွှာ (Supreficial typer) အတွက်ဆိုရင် ဂလိုက်ကိုလစ်အက်ဆစ် (Glyclic acid 40-70%) ထွိုင်ကလိုရိုအက်ဆီတစ်အက်ဆစ် Trichloroacetic acid (TCA) 10-30% အယ်လ်ဖာဟိုက်ဒရောစလစ် အက်ဆစ် AHA, စလီစိုင်းလစ်အက်ဆစ် Salicylic acid ထရွက်တင်နွိုင်း Tretinoin solution စတာတွေကို အသုံးပြုနိုင်ပါတယ်။ တစ်ခြားဓါတ်ပစ္စည်းတွေလည်းအများကြီး ရှိပါသေးတယ်။ သို့သော်လည်း ဗဟုသုတအဖြစ် ပဲသိသင့်တာကြောင့် ဒီလောက်လေးပဲဖော်ပြလိုက်တာပါ။ တစ်ကယ်တော့အားလုံးဟာ အရေပြားကိုစားပစ် လိုက်ကြတာပါပဲ။ အက်ဆစ်ပြင်းအားနဲ့အမျိုးအစားကိုလိုက်ပြီး အနည်းငယ်စားတာနဲ့ များများစားတာပဲကွာပါ တယ်။

#ဘယ်လောက်အကြာမှာ နောက်တစ်ခါ

Peeling ကိုဘယ်အချိန်မှာ နောက်တစ်ခါထပ်ပြီးလုပ်မလဲဆိုတာကတော့ ကိုယ်လုပ်တဲ့ Peeling အမျိုး အစားအပေါ်မူတည်ပါတယ်။ အပေါ်ယံအလွှာပါးပါးကိုနွှာခြင်း (Very Superficial Peeling) ဆိုရင်တော့ တစ်ပတ်ကိုတစ်ခါလောက်လုပ်နိုင်ပါတယ်။ Superficial ဆိုတဲ့သာမန်အပေါ်ယံ အရေပြားနွှာခြင်းဆိုရင်တော့ ၂ပတ်ကနေ ၄ပတ်လောက်မှာတစ်ခါထပ်ပြီး လုပ်နိုင်ပါတယ်။ Medium-Depth Peeling ဆိုတဲ့အလယ် အလတ်အဆင့် အမျိုးအစားမှာ ၃လ ကနေ ၆လ လောက်မှာ နောက်တစ်ကြိမ်ပြန်လုပ်နိုင်ပါတယ်။ သို့သော် လည်း လုပ်တဲ့လူရဲ့ရောဂါအခြေအနေ၊ လုပ်ပြီးတဲ့မျက်နှာအခြေအနေတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဥပမာ-မျက်နှာ Peeling လုပ်ထားတဲ့သူရဲ့မျက်နှာ နောက်တစ်ကြိမ် လုပ်ချိန်ရောက်သော်လည်း အရမ်းရဲနေ သေးတယ်ဆိုရင် နောက်တစ်ကြိမ်လုပ်လို့ မရနိုင်သေးပါဘူး။ ဒါကိုမသိလို့လုပ်မိရင်တော့ ရဲတာတွေဟာပိုပြီး အဖတ်တွေလန်တာ သို့မဟုတ် မျက်နှာကြီးရောင်ကိုင်းလားတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

#ဘယ်လိုပြဿနာတွေရှိနိုင်သလဲ

Chemical Peeling လုပ်ပြီးရင် နောက်ဆက်တွဲပြဿနာဆိုတာ အနည်းနဲ့အများဆိုသလို ရှိတတ်ပါ ကြပါတယ်။
Chemical Peeling လုပ်တဲ့အရေပြားလွှာ အတိမ်အနက်ကိုလိုက်ပြီးဖြစ်နိုင်တဲ့ ပြဿနာတွေ ကွာခြား ကြပါတယ်။ အရေပြားအလွှာရဲ့အောက်ပိုင်းအထိ ပိုနက်နက်နွှာလေပြဿနာဖြစ်ဖို့ အခွင့်အလမ်းပိုများ လေပါပဲ။ Peeling လုပ်ရာမှာအသုံးပြုတဲ့ ဓါတုပစ္စည်းအမျိုးအစားအပေါ်မှာလည်း မူတည်ပါသေးတယ်။

အပေါ်ယံအလွှာပါးပါးကိုသာနွှာမယ်ဆိုရင်တော့ ပြဿနာဖြစ်တာရှားပါတယ်။ ပြောချင်တာက Very Superficial Peeling လုပ်ရင်သိပ်ပြဿနာမဖြစ်ဘူးပေါ့။ မျက်နှာနီရဲသွားတာ၊ အဖတ်တွေလန်တာ စတာမျိုး လောက်ပဲဖြစ်တတ်တာပါ။ အရေပြားရဲ့အလယ်လွှာရဲ့ အပေါ်ပိုင်းအထိသာနွှာမယ်၊ ခွာမယ်ဆိုရင်တော့ ပိုးဝင်တာတွေ၊ အမာရွတ်ဖြစ်တာတွေ စတာတွေအထိဖြစ်နိုင်ပါတယ်။ Phenol (ဖီနောလ်)ဆိုတဲ့ ဓါတုပစ္စည်း ကိုအသုံးပြုပြီး လုပ်မယ်ဆိုရင်တော့ အသည်း၊ ကျောက်ကပ်နှင့်နှလုံးတွေကိုပါ ထိခိုက်တတ်ပါတယ်။
ခြုံပြီးပြောရရင်တော့ Peeling လုပ်ပြီးနောက်မှာ မျက်နှာဟာအမြဲတမ်း နီနီရဲရဲဖြစ်နေတတ်တာမျိုး၊ အဖုဖုလေးတွေမျက်နှာမှာ ထွက်လာတတ်တဲ့ပြဿနာမျိုး၊ Peeling လုပ်ပြီးနောက်မှာမျက်နှာဟာအသားရောင် မညီညာတဲ့ပြဿနာမျိုး၊ အရေပြားချောမွေ့မှုမညီညာတဲ့ ပြဿနာမျိုး၊ ပိုးဝင်ပြီးအမာရွတ်ထင်ကျန်တတ်တဲ့ ပြဿနာမျိုးစတာတွေတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။

Peeling #မလုပ်သင့်တဲ့သူ

နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်နေရင်၊ မျက်နှာမှာရေယုန်ပေါက်နေရင် facial skin peeling မလုပ်ရပါဘူး။ ရေယုန်ပေါက်ဖူးတဲ့ သမိုင်ကြောင်းရှိခဲ့ရင်တောင်မှ ရေယုန်အတွက်ရေယုံဆေးကိုကြိုတင် သောက်ပြီးကာကွယ်ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ peeling လုပ်ရာမှာသုံးတဲ့အက်ဆစ်တွေကြောင့် မျက်နှာမှာပေါက်ဖူးခဲ့တဲ့ ရေယုံဗိုင်းရပ်ပိုးဟာ အနှိုးဆွခံရပြီးပြန်ထွက်လာတတ်လို့ပါ။
တစ်ချို့နိုင်ငံမှာဆိုပါးစပ်မှာအပူနာ (Aphthous) ပေါက်နေရင်တောင် လုပ်မပေးကြပါဘူး။
ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ body Peeling ကို ကိုယ်ဝန်ရှိတဲ့အတွက် မလုပ်ရပါဘူး။

Peeling #လုပ်ပြီးရင်

Peeling လုပ်ပြီးတဲ့အသားအရေဟာ နုနယ်တဲ့အလွှာသစ်ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ဒဏ်ကို သိပ်မခံနိုင်ပါဘူး။ ဒီတော့ အသစ်ဖြစ်လာတဲ့အရေပြားနုနုလေးကို သေသေချာချာဂရုတစိုက်ထိမ်းသိမ်းရပါလိမ့် မယ်။ Skin Care လုပ်ရမယ်ပေါ့။ နေရောင်နဲ့လည်းထိတွေ့ဖို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့်နေကာအဆီတွေ လိမ်းရပါ့မယ်။ ညပိုင်းမှာ အသားအရေခြောက်သွေ့မသွားရန် Moisturizer ကိုလိမ်းပေးရပါမယ်။ မျက်နှာရဲ လာရင် ရေခဲကပ်ပေးရပါမယ်။ ရေခဲကပ်လို့ နီရဲတာလျှော့သွားရင် Mostruizer လိမ်းပေးရပါမယ်။ တစ်ချို့လိမ်း ဆေးတွေကိုလည်း ရပ်နားသင့်ရပ်နားထားရပါမယ်။ ပီလင်လုပ်ပြီးရင် အရေပြားကို ဘယ်လိုထိမ်းမယ်ဆိုတဲ့ Post Peeling Skin Care ကို ရေးတာရေးရတယ် တကယ်တော့ Peeling လုပ်တဲ့ အရေပြားကိုအထူးကု ဆရာဝန် ကိုယ်တိုင်က Peeling လုပ်ပြီးရင်ဘာတွေလိမ်းရမယ်၊ ဘာတွေရှောင်ရမယ်၊ ဘယ်လိုနေရမယ် စတာတွေကိုပီလင်းလုပ်ပြီးတာနဲ့ ညွှန်ကြားလိုက်ကြပါတယ်။

ဒီလောက်ဆိုရင်တော့ Peeling ဆိုတဲ့ ဝေါဟာရရဲ့အကြောင်းကို အပြည့်အစုံမဟုတ်သော်လည်း အတန်အသင့် သဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ Peeling ဆိုတာဘာလဲ၊ ဘယ်ရောဂါတွေမှာလုပ် သလဲ၊ ရောဂါမဟုတ်ရင်ရောလုပ်သလား၊ လုပ်ရင်ဘာဖြစ်လာနိုင်သလဲ၊ လုပ်ပြီးရင်ဘယ်လိုနေရမှာလဲ အစရှိတဲ့ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကိုလည်း သိရှိသွားပြီဖြစ်လို့ အကျိုးရှိကျေနပ်ကြလိမ့်မယ်လို့ ထင်မြင် မိပါတယ်။ စာဖတ်ပရိသတ်များအားလုံး လှပသောအရေပြားပိုင်ရှင်များဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။


ဒေါက်တာလင်းထက် (အရေပြားအထူးကုဆရာဝန်)
Health Guide
https://www.facebook.com/mmhealthguide

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ