H1N1ကူးစက်ရောဂါ အန္တရာယ် သတိပြုဖွယ်


၁၉၁၈ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော Spainish flu သည် H1N1 ကြောင့်ဖြစ်ပြီး လူပေါင်းသန်း ၄ဝ ခန့် သေဆုံးစေခဲ့ကြောင်း သိရသည်။ ၁၉၅၇-၁၉၅၈ ခုနှစ်တွင် Asian Flu သည် H2N2 ကြောင့်ဖြစ်ပြီး လူပေါင်းတစ်သန်းမှ နှစ်သန်းခန့် သေဆုံးစေခဲ့သည်။
၁၉၆၈-၁၉၆၉ ခုနှစ်တွင်ဖြစ်ပွားသော Hongkong flu သည် H3N1 ကြောင့်ဖြစ်ပြီး လူပေါင်း ခုနစ်သိန်းကျော် သေဆုံးစေခဲ့သည်။ ၂ဝဝ၉-၂ဝ၁ဝ ပြည့်နှစ်တွင်မူ Mexico flu သည် H1N1 Pandemic flu ကိုဖြစ်စေခဲ့သည်။

Antigenic Shift ဆိုသည်မှာ influenza virus ပွားများ (replication) ဖြစ်နေစဉ်အတွင်း point mutation ဖြစ်ကာ ပါဝင်သည့် glycoprotein(HANA)များ သာမန်ပြောင်းလဲမှု အနည်းငယ် ဖြစ်ပွားရာမှ လူတို့၏ ကိုယ်ခံအားစနစ်ဖြင့် တွန်းလှန်ရာတွင်လည်းကောင်း၊ ကာကွယ်ဆေးထိုးထားလျှင်သော်လည်းကောင်း ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်မှု လျော့ကျခြင်းများ ဖြစ်ပွားလာနိုင်သည်။

Anligenic Drift ကြောင့် influenza virus ၏ subtypes အမျိုးအစား ပြောင်းလဲမှုမရှိပါ။ နှစ်စဉ်ရာသီတုပ်ကွေး ဖြစ်ပွားမှုများ ပိုမိုလာနိုင်သော်လည်း နောက်ဆက်တွဲ ထိခိုက်သေဆုံးနိုင်ခြေ နည်းပါးသည်။ Antigenic Shift ဆိုသည်မှာ ရာသီတုပ်ကွေးရောဂါ ပိုးနှစ်မျိုး တစ်ပြိုင်နက်တည်း ကူးစက်ရာမှလည်းကောင်း၊ တိရစ္ဆာန်များဖြစ်သည့် ငှက်နှင့် ဝက်များကြောင့်သော် လည်းကောင်း ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ပြည့်နှစ်မှာ H1N1 ဗိုင်းရပ်ပိုး ကူးစက်ခံရသူများ စတင်တွေ့ရှိခဲ့သည်။ ထိုအချိန်က ကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်ပိုးနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲများကို WHO နှင့်ပူးတွဲ ကျင်းပခဲ့သည့် မှတ်တမ်းများ တွေ့ရသည်။

ဝက်တုပ်ကွေး ရောဂါပိုးကူးစက်ခံရသူ နှာချေ၊ ချောင်းဆိုးခြင်းမှ ဗိုင်းရပ်ပိုး ကူးစက်နိုင်ခြင်းကြောင့် နှာခေါင်းစည်းကြရန်နှင့် လက်ကို မကြာခဏ ဆေးကြောရန်ကိုလည်း ဆေးပညာရှင်များက သတိပေးထားသည်။
အဆိုပါ တုပ်ကွေးသည် ခုနစ်ရက်မှ ၁ဝ ရက်အထိကြာနိုင်သည်။ သာမန်တုပ်ကွေး အဖျားရောဂါကဲ့သို့ပင် နှာချေ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်ပူပြီးအန်ခြင်း၊ ဗိုက်နာခြင်း စသည့်ရောဂါနှင့် တူသယောင်ရှိပြီး ပေါ့ဆနေမည်ဆိုပါက shock ရပြီး အသက်အန္တရာယ် ရှိနိုင်သည်ဟု ကျန်းမာရေး ပညာရှင်များက သတိပေးထားသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရကလည်း H1N1 အပါအဝင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သတိပေး နှိုးဆော်ထားကြောင်း သိရသည်။

H1N1 ဟူသည်

(၁) ၂ဝဝ၉ ခုနှစ်တွင် ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့သော်လည်း ယခုကျမှသာ လူတွင်ဖြစ်ပွားသော တုပ်ကွေးဗိုင်းရပ် တစ်မျိုး အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

(၂) နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည်။

(၃) ပုံမှန်တုပ်ကွေးဗိုင်းရပ်များကဲ့သို့ပင် ကူးစက်ပျံ့နှံ့ပြီး ရောဂါလက္ခဏာရပ်များနှင့် ကုသပုံလည်း အတူတူပင်ဖြစ်သည်။

ရောဂါဖြစ်ပွားလွယ်သူများ

အသက် ၆၅ နှစ်အထက်ရှိသူများ၊ အသက်ငါးနှစ်အောက် ကလေးများ၊ အက်စပရင် ရေရှည်သောက်သုံးရသည့် အသက် ၁၉ နှစ်အောက်များ၊ အေအိုင်ဒီအက်စ် ကဲ့သို့သော ကိုယ်ခံအား ကျဆင်းနိုင်သည့် အခြေအနေ ရှိသူများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် (ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများကဲ့သို့သော) နာတာရှည် ရောဂါရှိသူများ ဖြစ်ပွားလွယ်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ဝက်တုပ်ကွေးသည် ဝက်များကိုသာ ကူးစက်လေ့ရှိသော တုပ်ကွေးဗိုင်းရပ်ပိုး တစ်မျိုးကြောင့် ဖြစ်ပွားသည်။ သန်းများ၊ ပိုးမွှားများမှတစ်ဆင့် ကူးစက်သော Typhus ဟုခေါ်သည့် ငန်းဖျားရောဂါနှင့် မတူဘဲ လူလူချင်းသာ ကူးစက်လေ့ရှိပြီး တိရစ္ဆာန်မှတစ်ဆင့် လူကိုကူးစက်လေ့မရှိပေ။ ဝက်တုပ်ကွေးသည် အလွန်ကူးစက်လွယ်ပြီး တံတွေးနှင့်ချွဲများမှ တစ်ဆင့်ကူးစက်သည်။ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ပိုးမွှားရှိနေသောမျက်နှာပြင်ကို ထိတွေ့ပြီးနောက် မျက်စိ သို့မဟုတ် နှာခေါင်းကို ကိုင်ခြင်းတို့ကြောင့် ကူးစက်သည်။

ရောဂါလက္ခဏာရပ်များ

ချမ်းတုန်ခြင်း၊ အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာချေ/နှာရည်ယိုခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း၊ ဝမ်းသွားခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်း။

ရောဂါ ဖော်ထုတ်ခြင်း

ခန္ဓာကိုယ်မှ ထွက်သော အရည်များကိုယူကာ ဓာတ်ခွဲစစ်ဆေးရသည်။ နှာခေါင်း သို့မဟုတ် လည်ချောင်းမှနေ၍ အရည်နမူနာများ ရယူရသည်။ ဗိုင်းရပ် အမျိုးအစားကို ဖော်ထုတ်နိုင်ရန် မျိုးဗီဇဆိုင်ရာနှင့် ဓာတ်ခွဲမှုဆိုင်ရာ နည်းလမ်း ပေါင်းစုံရှိသည်။

ကုသမှုများ

လူနာအများစုသည် ဆေးကုသမှုခံယူရန် မလိုအပ်ပေ။ တုပ်ကွေးမှတစ်ဆင့် အခြား နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားခြင်း မရှိမီအထိ ဆေးကုသမှုခံယူရန် မလိုအပ်သေးပေ။ ရောဂါလက္ခဏာရပ်များ လျော့ပါးသွားစေရန်နှင့် အခြားသူများအား မကူးစက်အောင် ကာကွယ်ရန်သာ အာရုံစိုက်သင့်သည်။

ဝက်တုပ်ကွေးအတွက် သောက်ဆေး

နှစ်မျိုးဖြစ်သော ဗိုင်းရပ်သတ်ဆေးများဖြစ်သည့် Oseltamivir(Tamiflu) နှင့် Zanamivir(Relenza) တို့ကို အကြံပြု ထားသည်။ တုပ်ကွေးဗိုင်းရပ်များ အနေဖြင့် အဆိုပါ ဆေးများကို ယဉ်ပါးသွားနိုင်သောကြောင့် တုပ်ကွေးကြောင့် ကြီးမားသော နောက်ဆက်တွဲ ပြဿနာ ဖြစ်ပေါ်နိုင်သူများ အတွက်သာ ယင်းဆေးများကို အသုံးပြုသင့်သည်။ ပုံမှန်အား ဖြင့် ကျန်းမာရေး ကောင်းပြီး ဝက်တုပ်ကွေး ရောဂါရသူများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ကိုယ်ခံအားစနစ်ဖြင့် ဗိုင်းရပ်ပိုးကို တိုက်နိုင်သည်။

အိမ်တွင်း ကုသမှု

အနားယူခြင်းသည် ကိုယ်ခံအားစနစ်ကို ရောဂါပိုးအား တိုက်ဖျက်ရန် အာရုံစိုက်နိုင်စေသည်။ ခန္ဓာကိုယ် ရေဓာတ်ဆုံး ရှုံးမှုကို ကာကွယ်ရန် ရေနှင့်အခြားအရည်များကို များများသောက်ပါ။ စွပ်ပြုတ်နှင့် ကြည်လင်သော သစ်သီးရည်များ သောက်သုံးခြင်းသည် ဆုံးရှုံးသွားသော အာဟာရများကို ပြန်လည်ပြည့်ဝစေသည်။ ခေါင်းကိုက်ခြင်းနှင့် လည်ချောင်း
နာခြင်းတို့အတွက် အကိုက်အခဲ ပျောက်ဆေးများကို သုံးစွဲနိုင်သည်။

အလားအလာများ

ပြင်းထန်သော ဝက်တုပ်ကွေးရောဂါသည် သေစေနိုင်သည်။ သေဆုံးသူ အများစုသည် အေအိုင်ဒီအက်စ် ကဲ့သို့သော နာတာရှည်ရောဂါ အခံရှိသူများ ဖြစ်ကြသည်။ လူအများစုသည် ဝက်တုပ်ကွေးရောဂါမှ ပြန်လည်နာလန်ထ လာကြပြီး ပုံမှန်သက်တမ်းအတိုင်း မျှော်လင့်နိုင်မည်။

ရောဂါကာကွယ်ခြင်း

ဝက်တုပ်ကွေးရောဂါ ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။ ရောဂါကာကွယ်ရန်အတွက် လွယ်ကူသော အခြားနည်းလမ်းများမှာ ဆပ်ပြာ သို့မဟုတ် အခြားသော လက်သန့်စင် သည့်အရည်များဖြင့် လက်များကို ကြိမ်ဖန်များစွာ ဆေးခြင်း၊ နှာခေါင်း၊ ပါးစပ်နှင့် မျက်စိတို့ကို လက်ဖြင့်ထိတွေ့မှုအား ရှောင်ရှားခြင်း၊ ဖျားနာနေပါကအလုပ် သို့မဟုတ် ကျောင်းသို့မသွားဘဲ အိမ်၌နားနေခြင်းနှင့် တုပ်ကွေးဖြစ်ပွားသော
ရာသီတွင် လူစုလူဝေးများကို ရှောင်ရှားခြင်းတို့ဖြစ်သည်။

ပြည်သူများအနေဖြင့် ပေါ့ဆမနေသင့်ပါ။ ကူးစက်ရောဂါဖြစ်သဖြင့် သက်ဆိုင်ရာ ကျန်းမာရေး ဌာနမှ သတင်းထုတ်ပြန် ချက်များကို ဂရုစိုက် လိုက်နာ ဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

မေယု-မျိုးအောင်
မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ