Nosebleed (2) နှာခေါင်းသွေးယိုခြင်း (၂)


၁။ ဆရာရှင့် သမီးတူမလေးနှာခေါင်းသွေး တအားလျှံနေလို့ ဘယ်လိုလုပ်ရပါမလဲ။

ဖြစ်တဲ့သူ အသက် မသိ။ ကျန်းမာရေးနောက်ခံ မသိ။

၂။ အသက် ၂၇ အမျိုးသားတဦးသည် ငယ်ရွယ်စဉ်ဘဝကပင် နှာခေါင်းသွေးမကြာခဏလျှံတတ်ပါသည်။ ပင်ပန်းသည့် အခါများတွင် ပို၍ဖြစ်တတ်ပါသည်။ ယခုအသက်ထိ မကြာခဏဆိုသလို လျှံပါသည်။ ဆရာဝန်ပြရာ သွေးအားနည်းရောဂါရှိသည်ဟုပြောခဲ့ပါသည်။ နားနှာခေါင်းလည်ချောင်းအထူးကုနှင့်ဆက်ပြရပါမည်လားဆရာရှင့်။ ဤရောဂါနှင့်ပတ်သက်သောအကြောင်းများကို ဆက်လက်ဖြေကြားပေးစေလိုပါတယ်။

နှာခေါင်းသွေးယိုတာကို Epistaxis လို့ဆေးစာနဲ့ ခေါ်ပါတယ်။ လူ ၇ ယောက်မှာ တယောက် နှာခေါင်းသွေးယိုတယ်။ ဆောင်းတွင်းမှာ ပိုဖြစ်တယ်။ အေးပြီး ခြောက်သွေ့တဲ့ ဥတုမျိုးမှာ ဖြစ်တယ်။ မနက်ခင်းမှာ ဖြစ်တာများတယ်။ အဖြစ်များပေမဲ့ သိပ်စိုးရိမ်စရာ မရှိပါ။ ဆရာဝန်မလိုဘဲ သွေးတိတ်သွားမှာ များပါတယ်။ ဘယ်နေရာကနေ သွေးယိုတာလဲ ဆိုပြီး ခွဲခြားဘို့လိုတယ်။ နှာခေါင်း ရှေ့ပိုင်း နဲ့ နောက်ပိုင်း ကုသရတာ မတူပါ။ ၉ဝ% ဟာ ရှေ့ပိုင်းကနေထွက်တာပါ။ Nasal septum ခေါ်တဲ့ နှာခေါင်းကို ဘယ်-ညာ ပိုင်းခြားထားတဲ့ နေရာမှာရှိနေတဲ့ Kiesselbach plexus ဆိုတဲ့ သွေးကြောစုကနေ သွေးယိုတာဖြစ်ပါတယ်။ နောက်ပိုင်းကနေ သွေးယိုတာက ရှားတယ်။ အသက်ကြီးသူတွေမှာ ပိုဖြစ်တယ်။ သွေးလွှတ်ကြောကနေ ယိုတာမို့ ထိန်းရတာ ခက်တယ်။ လိုအပ်ရင် ဆေးရုံ တင်ရမယ်။

ဘာလို့ သွေးယိုသလဲ မသိနိုင်တာတွေ ရှိတယ်။
• ဆိုင်းနပ်စ်၊
• အလာဂျီ၊
• ပစ္စည်းတခုခုဝင်တာ၊
• ခွဲစိတ်တာ၊
• ကိုကိန်းဆေးသုံးတာတွေကနေ ဖြစ်စေတယ်။
• Warfarin, Clopidogrel bisulfate, NSAIDs, Aspirin ဆေးဝါးတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Corticosteroids and Antihistamines ဆေးတွေပါတဲ့ လိမ်းဆေး-ပန်းဆေးတွေကနေလဲ ဖြစ်စေနိုင်တယ်။
• အသည်းရောဂါ၊
• အရက်သမား၊
• ကျောက်ကပ်ရောဂါ၊
• Platelet disorders သွေးမှုံနည်းရောဂါနဲ့
• Inherited blood clotting disorders မွေးရာပါ သွေးရောဂါတွေကနေလဲ ဖြစ်စေနိုင်တယ်။
• Vascular malformations သွေးကြောပုံမမှန်တာ နဲ့ Nasal tumors ကင်ဆာဆိုတာ အတော်ရှားပါတယ်။
• သွေးတိုးကနေလဲဖြစ်စေနိုင်တယ်။ စိုးရိမ်စိတ်များလို့ သွေးဖိအားတက်လို့ ဖြစ်တာ ဖြစ်ပါမယ်။

ကလေးတွေမှာ နှာခေါင်းသွေးယိုရင် ပိုစိုးရိမ်တတ်ကြတယ်။ သိပ်စိုးရိမ်စရာမရှိပါ။ ခိုက်မိလို့ဖြစ်ရတာ များတယ်။ သွေးက နှာခေါင်းတဖက်ကနေထွက်တာ များတယ်။ ထွက်တာများရင် နှာခေါင်းကို ပိတ်နေနိုင်တယ်။ Nasopharynx အောက်ပိုင်းအထိ ဆို့နေနိုင်တယ်။ အောက်ထဲ ဆင်းကျသွားတာလဲရှိမယ်။ အစာလမ်းထဲရောက်ပြီး ပြန်အန်တာလဲ ဖြစ်နိုင်တယ်။

သွေးယိုထွက်တာ များရင် ခေါင်းမူးမယ်၊ အားယုတ်မယ်၊ စိတ်မကြည်မလင်ဖြစ်မယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။ နှလုံးခုန်မြန်လာမယ်၊ သွေးအန်မယ်၊

ဆရာဝန်ပြဘို့လိုမှာတွေကတော့ ခဏခဏယိုရင်၊ နှာခေါင်းအပြင် တခြားနေရာတွေကနေယိုရင်၊ သူများထက်ပိုပြီး သွေးခြည်ဥတတ်ရင်၊ Aspirin or Warfarin သွေးယိုစေနိုင်တဲ့ဆေးတွေသောက်နေရင် ယိုတာဖြစ်ရင်၊ Liver disease, Kidney disease, Hemophilia ရောဂါတွေ ရှိနေသူဆိုရင်၊ Chemotherapy ကင်ဆာဆေး သောက်နေသူဆိုရင်၊ ၁ဝ-၂ဝ မိနစ်မက ယိုနေရင်၊

ဘာလုပ်မလဲ
စိတ်တည်ငြိမ်ပါ။ မတ်မတ်ထိုင်ပါ။ ခေါင်းရော ကိုယ်ရော ရှေ့နဲနဲကိုင်းထားပါ။ ခေါင်းနောက်လှန်ထားရင် သွေးက အောက်ပိုင်း ဆင်းကျမယ်။ နှာခေါင်းကို လက်နဲ့ ဖိညှစ်ထားပါ။ ၁ဝ မိနစ်အထိ ဖိထားပါ။ တောက်လျှောက်ဖိထားပါ။ ဖိလိုက် လျှော့လိုက်မလုပ်ရပါ။ ပါးစပ်ထဲကျတာကို ထွေးထုတ်ပြစ်ပါ။ ရပ်သွားပေမဲ့ နှာခေါင်းကို မထိခိုက်အောင်ဂရုစိုက်ပါ။ နှာခြေတာ၊ ချောင်းဆိုးတာ သတိထားပါ။ ရေခဲတင်တာ အကျိုးမရှိလို့ ဆိုပါတယ်။ Heater မကောင်းပါ။ Humidifier နဲ့ Vaporizer တွေက ကောင်းမယ်။ Nasal saline sprays or Lubricating ointments or gels တွေကနေ အနာကျက်တာ မြန်စေနိုင်တယ်။

သုံးနိုင်တဲ့ ဆေးကုနည်းတွေ
(က) ရှေ့ပိုင်းကထွက်တာ
လိုအပ်ရင် သွေးထွက်နေတဲ့ သွေးကြောကိုမြင်နေရရင် Chemical cauterization နည်းနဲ့ ပိတ်နိုင်တယ်။ Silver nitrate ကို ထုံဆေးပေးပြီး သုံးတဲ့နည်းပါ။ တချို့ကို Nasal packing နှာခေါင်းထဲကို ပတ္တီးစထည့်ပြီး ပိတ်ဆို့နည်းသုံးနိုင်တယ်။ Petroleum (Vaseline) Gauze, Balloon nasal packs, and Synthetic sponge packs နည်းတွေ အမျိုးမျိုး သုံးနိုင်တယ်။ ၄၈-၇၂ နာရီအကြာမှာ ပြန်ထုတ်ရမယ်။

(ခ) နောက်ပိုင်းကထွက်တာ
Posterior nasal packing ဆို့ပိတ်နည်းသုံးရမယ်။ Balloon nasal pack ကို အများဆုံးသုံးတယ်။ စိတ်ငြိမ်ဆေး၊ အနာသက်သာဆေးလိုနိုင်တယ်။ ၄၈-၇၂ နာရီ အကြာမှာ ပြန်ထုတ်ရမယ်။ ပိုးဝင်တတ်တယ်။ အသက်ရှူလမ်းပိတ်တာ ဖြစ်တတ်တယ်။ ဆေးရုံတက်ရတတ်တယ်။ မရရင်တော့ Arterial embolization ခွဲစိတ်ကုသနည်း တခုခုလုပ်ရနိုင်တယ်။

Nosebleed (1) နှာခေါင်းသွေးယိုခြင်း (၁) http://doctortintswe.blogspot.com/2015/02/nosebleed-1.html

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ