Moles မှဲ့ (၂)


၁။ ကျွန်မ အသက် ၂၆ ပါ။ ငယ်ငယ်ကတည်းက ကျောလယ်မှာ မှဲ့ပါပါတယ်။ ကြီးလာတော့ အပေါ်ကိုရွေ့လာပါတယ်။ လွန်ခဲ့တဲ့တနှစ်လောက်က အဲဒီမှဲ့ကို လက်သည်းထိမိတာကို သတိထားမိလိုက်ပြီး နောက်ပိုင်း အရမ်းကြီးလာပါတယ်။ ခုတလော သတိထားမိလာတာက အရင်က ထိကြည့်ရင် ဒီအတိုင်း မှဲ့မျက်နှာပြင်က ချောပါတယ်။ ခုက ထိကြည့်ရင် ကြမ်းကြမ်းကြီးနဲ့ ဘုထသလို ဖြစ်နေပါတယ်။ အဲဒါစိုးရိမ်လို့ပါ ဆရာ။

မေးနည်းစည်းကမ်းပါ အချက်အလက် မစုံပါ။ သတ်ပုံတချို့ပြင်လိုက်ပါတယ်။ ဆောရီး။

၂။ ကျွန်မက (့) ပါ။ (့) မှာနေပါတယ်။ ဆရာရေးတဲ့ Melanoma မှဲ့ကင်ဆာအကြောင်း ဖတ်ပြီးပါပြီ။ အဲဒီမှာ Elevated above the skin surface အရေပြားမျက်နှာပြင်အထက် ကြွတက်နေရင်၊ Firm to the touch ထိကြည့်ရင် တင်းနေရင်လို့ ပါတယ်။ ကျွန်မခန္ဒာကိုယ်မှာ မှဲ့နည်းနည်းများတယ်။ တစ်ချို့မှဲ့တွေက မွေးကတည်းက မျက်စိမှိတ်ပြီး ထိကြည့် ခံစားကြည့်လို့ရတယ်။ တစ်ချို့ကတော့ မျက်စိနဲ့ကြည့်မှ မြင်ရတယ်။ တစ်ချို့က အသစ်ထွက်လာတယ်။ တစ်ချို့ကျတော့ မှဲ့ဖြစ်သွားတာပါ။ အားလုံးတော့ မဟုတ်ပါဘူး။ တစ်ချို့ပေါ့နော်။ အခုနောက်ပိုင်း အရင် အပ်ဖျားထောက်လောက် မှဲ့လေးက အခုနည်းနည်းလေးကြီးလာပြီး မျက်စိမှိတ် ကိုင်ကြည့်လို့ ရလာတယ်။ နောက် မှဲ့တစ်လုံးက ညာဘက်ပေါင်လယ်မှာပေါ့။ မှဲ့ ၃ လုံးက ညာပေါင်ပတ်လည် ၄ လက်မလောက်စီကွာပြီး ရှိနေတယ်။ မွေးကတည်းက မှဲ့ပေါ့။ အခုထူးခြားလာတာက အလယ်ကမှဲ့ပါ။ အရင် အရွယ်အစား အတိုင်းကိုပဲ နည်းနည်း ကြွတက်လာတာပါ။ အရမ်းပွတ်ကြည့်ရင်တော့ နည်းနည်းယားသလိုပဲ။ သိပ်တော့မသေချာပါဘူး။ ဒီအတိုင်းနေရင် ဘယ်လိုမှတော့ မခံစားရပါဘူး။ ဓါတ်ပုံ ၃ ပုံရိုက်ပြီး ပို့လိုက်ပါတယ်။

ဒုတိယမေးခွန်းကိုတော့ တဝက်တည်းသာ သုံးပါရစေ။ ရှည်လို့။ ဆောရီး။

Moles မှဲ့ ဆိုတာ မွေးရာပါ အမှတ်အသားအမျိုးအစားထဲမှာ ထည့်ရင်လဲရတယ်၊ မွေးပြီးမှ ဖြစ်တာတွေလဲ များလို့ မွေးရာပါစာရင်းထဲ မတည့်ကြတာ များတယ်။ အရေပြားမှာ အရောင်ဖြစ်စေတဲ့ Pigmented cells (ဆဲလ်) ဆိုတာရှိတယ်။ ဒါတွေက တခြားနေရာထက် ပိုပြီး အများကြီး စုဝေနေတာမို့ မှဲ့ ဖြစ်ရတယ်။ ဆေးစာမှာ Nevi လို့ခေါ်တယ်။ သေးသေးကနေ ကြီးကြီးဖြစ်မယ်။ တကိုယ်လုံး ဘယ်နေရာမဆို ဖြစ်နိုင်တယ်။

မှဲ့ရှိလို့ ထူးခြားတယ်၊ ဆွဲဆောင်မှုရှိတယ်၊ အကြည့်ရဆိုးတယ်၊ ဘယ်လိုထင်ထင် မှဲ့ဟာ အန္တရာယ် မပေးပါ။ မဲနက်နေမှ မှဲ့လို့မခေါ်ပါ၊ ခပ်ညိုညို၊ ခပ်မွဲမွဲ၊ မဲနက်နက်၊ ခပ်ပြာပြာ၊ ပန်းရောင်၊ အနီရောင်တွေကလဲ မှဲ့ပါဘဲ။ ပုံပန်းကလဲ အမျိုးမျိုးရှိနိုင်တယ်။ အရွယ်အစားလဲ မထူးဘူး။ အပ်ထောက်လောက်ကနေ အင်္ဂါအစိတ်အပိုင်း တခုလုံး ဖုံးနေတဲ့အထိ ကြီးနိုင်တယ်။ ခန့်မှန်းခြေ လူတယောက်မှာ မှဲ့အရေအတွက် ၁ဝ ခုကနေ ၄ဝ အထိရှိတယ်။ ဒါပေမဲ့ အသစ်ဖြစ်လာတာ ရှိသလို ပျောက်သွားတာတွေလဲရှိလို့ အရေအတွက်က ဘဝတသက်တာမှာ ပြောင်းနေပါတယ်။

မှဲ့မျက်နှာပြင်ကလဲ အမျိုးမျိုးဖြစ်နေနိုင်တယ်။ ချောမွေ့၊ ပြားချပ်၊ ဖေါင်းကြွ။ ဖြစ်စမှာ ပြားပြီးညိုနေပေမဲ့ တချိန်မှာ ဖေါင်းပြီး အရောင်ရင့်လာ၊ နုလာတာမျိုးလဲ ဖြစ်နိုင်တယ်။ ငယ်တုံးမှာ နည်းနည်းရှိရာကနေ ဟော်မုန်း အပြောင်းအလဲတွေ ရှိလာတဲ့ နောက် ပိုများလာတတ်တယ်။ ဥပမာ လူပျိုပေါက်၊ အပျိုဖြစ်၊ ကိုယ်ဝန်ဆောင်၊ သွေးဆုံး။ အသက်ကြီးလာချိန် ဆိုပါစို့ ၃ဝ ကျော်မှာ မှဲ့အသစ်ဖြစ်လာရင်တော့ သတိထားပေးပါ။

ရှားရှားပါးပါး ကင်ဆာ ဖြစ်မလား စိုးရိမ်ရတာတော့ ရှိပါမယ်။ ဒါကြောင့် ကိုယ့်မှဲ့ကို အခုမေးတဲ့သူလို အရိပ်တကြည့်ကြည့် နေသင့်ကြတယ်။

နာမယ်၊ ယားမယ်၊ ပူလောင်မယ်၊ သွေးထွက်၊ သွေးယို၊ မှဲ့ရဲ့ တဖက်ခြမ်းနဲ့ နောက်တခြမ်း မတူတာ ဖြစ်လာရင်၊ ရုတ်တရက် အရွယ်အစား၊ ပုံပန်း၊ အရောင်၊ ဖေါင်းကြွမှု၊ အထူးသဖြင့် မဲနက်လာတာ ဖြစ်လာရင် ဆရာဝန် ပြပါ။ ပုံပန်း မညီမညာဖြစ်လာရင်၊ အနားသတ်မညီမညာဖြစ်လာရင်၊

နေရောင်နဲ့ထိတာ တတ်နိုင်သမျှရှောင်ပါ။ Sunscreen သုံးပါ။ သူများ မမြင်စေချင်ရင် မိတ်ကပ်၊ သနပ်ခါးစတာတွေနဲ့ ဖုံးကွယ်ထားပါ။ မှဲ့ပေါ်ကပေါက်နေတဲ့ အမွှေးကို မရိတ်ပါနဲ့။

အရေပြားမှာရှိတဲ့ (မယ်လင်နိုဆိုက်-ဆဲလ်) တွေကနေ (မယ်လင်နင်) ရောင်ခြယ်တွေ အများကြီး စုဝေးတဲ့နေရာမှာ ထုတ်ပေးလို့ဖြစ်ရတယ်။ Dysplastic nevi ဆိုတာက ခဲဖျက် အရွယ်ထက် ကြီးပြီး အလည်မှာ အရောင်ရင့်နေမယ်၊ အနာသတ် မညီတာမျိုး။ ကြည့်လိုက်ရင် ကြက်ဥကျော်ထားသလိုနေမယ်။ ကင်ဆာ မဟုတ်သေးပါ။ ဒါပေမဲ့ ဆေးစစ်ရလိမ့်မယ်။ မှဲ့တွေ သိပ်များနေသလား ၂ဝ ကျော် ရှိနေသလား။ ကင်ဆာမ မဟုတ်သေးပါ။ ဒါပေမဲ့ ဆေးစစ်ရလိမ့်မယ်။ မှဲ့ ၅ဝ မကရှိနေရင် ဆေးစစ်ပါ။

မှဲ့ကနေ ကင်ဆာဖြစ်ရင် Melanoma (မယ်လင်နိုးမား) ခေါ်တယ်။ အရေပြားအပေါ်ယံမှာဖြစ်တာမို့ စောစောသိစေလို့ ကံကောင်းတယ်။ အရေပြားစစ်ဆေးတာလုပ်မယ်။ အသားစဖြတ်ယူစစ်ဆေးတာ လုပ်မယ်။

ကင်ဆာလို့သိတာနဲ့ ခွဲစိတ်ထုတ်ပြစ်တယ်။ မှဲ့ကိုရော ဘေးနာက အရေပြားအကောင်းနေရာတချို့ပါ ခွဲစိတ်ထုတ်မယ်။ ခွဲစိတ်မှုက ခဏနဲ့ပြီးစီးတယ်။ Surgical excision ခေါ်တယ်။ ပြန်ချုပ်ပေးမယ်။ Surgical shave ဆိုတာက သေးသေးလေးတွေကိုလုပ်တယ်။ ချုပ်ရိုးမလိုဘူး။ ခွဲစိတ်ပြီးနောက်မှာ ပြန်ပေါ်ရင် ချက်ချင်း ဆရာဝန်ပြပါ။

မွေးရာပါမှဲ့ လူ ၁ဝဝ မှာ တယောက် မွေးရာပါမှဲ့နဲ့ မွေးလာတယ်။ မွေးကတည်းက မှဲ့ အကြီးကြီးဆိုရင် စောင့်ကြည့်နေပါ၊ အပြောင်းအလဲတွေ့ရင် ဆေးစစ်ပါ။

Atypical mole (dysplastic) ဆိုတာက (မယ်လင်နိုးမား) ကင်ဆာနဲ့ ဆင်တယ်။ အခွဲရခက်တယ်။ ကင်ဆာ မဟုတ်ပေမဲ့ ဖြစ်လာနိုင်တယ်။ အဲလို မညီမညာမှဲ့ ၄ ခုမကဖြစ်နေရင်၊ အရင်က မှဲ့ကင်ဆာဖြစ်ဘူးထားရင်၊ အမျိုးအရင်း ထဲမှာ မှဲ့ကင်ဆာလူနာရှိသူဆိုရင်၊ ထူးခြားတဲ့မှဲ့ကနေ ကင်ဆာဖြစ်လာတာရှိတယ်။

Spitz nevus အမျိုးအစားကလဲ ကင်ဆာနဲ့ ဆင်တယ်။ ပန်းရောင်၊ အထက်မြင့်တက်နေမယ်၊ ခုံးမောက်နေမယ်။ ဒါပေမဲ့ တခြားအရောင်အသွေးလဲဖြစ်နိုင်တယ်။ သွေးထွက်နိုင်တယ်။ ငယ်တုံးဖြစ်တာများတယ်။

Melanoma (မယ်လင်နိုးမား) မှဲ့ ကင်ဆာ
• Asymmetry မှဲ့ရဲ့ တဖက်ခြမ်းနဲ့ နောက်တဖက်ခြမ်း မတူညီမညာဖြစ်လာရင်
• Border အနားသတ်က မညီမညာဖြစ်လာရင်၊ မှုံဝါးဝါးဖြစ်လာရင်၊
• Color အရောင်တွေ ဖြူ၊ နီ၊ ပြာ၊ ညို၊ မဲ၊ အမျိုးမျိုးဖြစ်နေကြရင်၊
• Diameter ကင်တာဖြစ်လာတဲ့ မှဲ့အများစုက ခဲဖျက်ထိပ်ဝိုင်းလောက်ရှိတယ်။ သေးသေးနဲ့ဖြစ်တာလဲ ရှိပါမယ်။
• Evolving အရောင်၊ အရွယ်အစား၊ ပုံပန်း၊ ပြား-ကြွ ပြောင်းလဲလာနေရင်၊

Dr. တင်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ