Grey hair ဆံပင်ဖြူ


၁။ မင်္ဂလာပါဆရာခင်ဗျာ။ ကျနော့်အသက်အခု ၃၂ နှစ်ရှိပါပြီ၊ အရင်ကဆံပင်ဖြူမရှိပါ၊ အခုနောက်ပိုင်း၊ ဆံပင်အဖြူ တချောင်း၊ နှစ်ချောင်းတွေ့နေရပါတယ်၊ စိတ်ဖိစီးမှုတော့များတာရှိပါတယ်၊ ကျန်းမာရေးအနေနဲ့ ဘာရောဂါမျှမဖြစ်၊ ဘာဆေးမှမသောက်ရပါ၊ ဆံပင်ဖြူခြင်းကိုကာကွယ်နိုင်ဖို့၊ အချိန်မတိုင်ခင်ဆံပင်ဖြူတာကိုတားနိုင်ရန်၊ ဘယ်လိုပြုမူ နေထိုင်သင့်ပါသလဲ၊ ဘယ်လိုအစားအစာတွေ ဦးစားပေးစားသင့်ပါသလဲ၊ ဆေးဝါးဓာတ်စာအနေနှင့် ဘာတွေများ စားသင့်ပါသလဲဆရာ၊ လမ်းညွှန်ဖြေကြားပေးပါဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ။

၂။ ကျမအသက်က ၃၇နှစ် အပျိုဖြစ်ပါတယ်။ အသက် ၃ဝ လောက်ကပင် ဆံပင်ဖြူစပေါက်နေရာမှာ အခုမသိမသာများ များလာပါတယ်။ နှုတ်ရင် ပွားတယ်လို့ပြောနေကြပါတယ်။ မနှုတ်ရင်လဲ မဖြစ်တော့ နှုတ်ပစ်ရပါတယ်။ အရမ်းမများအောင် ကာကွယ်လို့ရနိုင်မလား။ ဆေးရှိက ညွှန်းပေးစေလိုပါတယ်ဒေါက်တာရှင့်။ ဆံပင်ဖြူပေါက်ခြင်းက ကျမတင်မဟုတ်ဘဲ ၃ဝ ခန့် သူငယ်ချင်း ဆွေမျိုး တော်တော်များများ ပေါက်နေတဲ့အတွက် သူတို့အတွက်ပါ ကိုယ်စားမေးခြင်းဖြစ်ပါတယ်ရှင့်။

၃။ ဆရာ သမီးက အသက် ၁၃ နှစ်လောက်ကတည်းက ဆံပင်တွေဖြူပါတယ်။ အခု အသက် ၂၈ နှစ်မှာ တခေါင်းလုံးနီးပါး ဖြူနေပါတယ်။ အမျိုးတွေထဲမှာလည်း ဆံပင်ဖြူစောကြတဲ့သူတွေရှိပါတယ်ဆရာ။ ဘာဆေးသောက်နိုင်မလဲဆိုတာ သိချင်ပါတယ်။ မြန်မာဆေးစာအုပ်တအုပ်မှာ မြင်းခွာရွက်သတ္တုရည်သောက်ရင်ပြန်နက်တယ်လို့ ဖတ်ဖူးပါတယ်။ ဖြစ်နိုင်ပါသလားရှင့်။ ဆိုးဆေးတွေလည်း အမြဲဆိုးနေရတော့ မဆိုးချင်တော့ဘူး။ မဆိုးပဲနေတော့လည်း အားလုံးနီးပါး အထူးသဖြင့် နားထင်တဝိုက်မှာ အရမ်းဖြူနေပါတယ်။ လူတွေကြားထဲသွားရတာလဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိပဲ ဖြစ်နေပါတယ် ကူညီပါဦးဆရာ။

ကျွန်တော်တို့က ဆံပင်ကို ဖြူတယ်ပြောကြပေမဲ့ အင်္ဂလိပ်လိုကြ Gray/Grey လို့ သုံးတယ်။ ဘာသာပြန်ရင် မီးခိုးရောင်။ တကယ်ကို ဖြူဖွေးနေတာကို White or Silver အဖြူရောင်၊ ငွေရောင်လို့ သုံးတယ်။ (ကာလာ-သီအိုရီ) အရပြောရင် မီးခိုးရောင်ဟာ မျက်စိကို အေးစေ၊ နွေးစေပါတယ်။

ဆံပင်ဖြူလာတာဟာ အသက်ရလာတာရဲ့ ပဌမလက္ခဏာလို့ ပြောနိုင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့လဲ ဖြူကြတယ်။ ဘာလို့ ဖြူရသလဲ။ ဆံပင်အခြေကထွက်တဲ့ Melanin (Eumelanin and Pheomelanin) ဆိုးဆေးထွက်တာ ရပ်သွားလို့ပါ။ ဘာလို့ ဒီအကောင်က မထွက်ရတော့တာလဲ။ စိတ်ဖိစီးတာ၊ အာဟာရ နည်းတာတွေကို လက်ညှိုးထိုးနိုင်တယ်။ နောက်ထိုးရမဲ့ လက်ညှိုးက မိဘတွေကို၊ မျိုးဗီဇကြောင့်ပါ။ ကိုယ့်ကိုယ်ကို ထိုးစရာလဲ ရှိသေးတယ်။ ရေနွေးပူပူနဲ့ ခေါင်းလျှော်တာ၊ ရေခြောက်အောင် လျှပ်စစ်နည်းသုံးတာ၊ ဦးရေခွံ မသန့်တာတွေပါတယ်။ စိတ်ဝင်စာဘို့ ကောင်းတာက သေသွားသူတွေရဲ့ ဆံပင်လဲ ကြာရင် အရောင်ပြောင်းတယ်။ (မန်မီ) တွေကို စစ်တော့ သိလာရတာ။

ဟော်လီဝုဒ် အကျော်အမော်တွေထဲမှာ မင်းသား George Clooneyေ၈ျာ့ ကလုံနီး၊ မင်းသမီး Meryl Streep မေရဲလ်စထိ တို့က ဆံပင်ဖြူတွေပါ။ မင်းသမီး Jennifer Aniston ဂျနီဖါ အင်နစ်တန်က အသက် ၄ဝ ထဲဝင်မှ ဆံပင်ဖြူလို့ ငိုရသူတဲ့။ X-Men ထဲမှာ Ororo Munroe (Storm) အဖြစ် သရုပ်ဆောင်ရသူ Halle Berry ဟယ်လီဘယ်ရီ က ဆံပင်ဆွတ်ဆွတ် ဖြူနေတယ်။

လူအဖြူတွေက ဆံပင်စောဖြူတယ်။ အာရှသား အညိုတွေက အလယ်အလတ်နဲ့ လူအမဲတွေက နောက်ကျမှ ဖြူကြတယ်။ ဆံပင်ပြောတာပါ အသားတော့ ဖြူမလာကြဘူး။

ရောဂါတွေထဲမှာ Albinism ဗိုလ်ဖြူ၊ Vitiligo ခရုသင်း၊ Werner syndrome နဲ့ Vitamin B12 နည်းတဲ့ Pernicious anemia သွေးအားနည်းရောဂါတွေက ဆံပင်ဖြူတာနဲ့ တွဲနေတတ်တယ်။ ဆီးချို (၂) အမျိုးအစားနဲ့လဲ ဆက်နေတာ တွေ့ရတယ်။ Grave's, Hashimoto's, Hyperthyroidism, Hypothyroidism လည်ပင်းကြီး ရောဂါတွေက ဆံပင်ဖြူတတ်တယ်။ အမျိုးသမီးတွေ သွေးဆုံးချိန် စောရင်လဲ ဖြစ်တယ်။ ဆေးလိပ်သောက်တာလဲ ပါသေးတယ်။

ဖြူနေမှတော့ ဘာလုပ်ရမလဲ။ Dyeing ဆေးဆိုးပေါ့။ ဆံပင်ဖြူတာ သက်သာစေ-ပျောက်စေမဲ့ ဆေးပညာက လက်ခံတဲ့ ဆေးဝါး၊ အစားအစာနဲ့ ဗီတာမင် ဆိုတာ မရှိသေးပါ။

ဒါပေမဲ့ အစားအစာတွေမှာ ဆံပင်နက်စေတယ်လို့ အများ ယူဆကြတာတွေ ရှိတယ်။ Hijiki seaweed ပင်လယ်မှော်၊ Blackstrap molasses တင်လဲရည်၊ Black sesame seeds နှမ်းမဲ၊ Nettles ဖက်ယားပင်၊ Wheat grass ဂျုံပင်၊ Chlorophyll အစိမ်းရောင်တွေပါတယ်။ များတော့ မများစေနဲ့။ ရှောင်ရမဲ့ အစားတွေထဲမှာ အသား၊ နွားနို့ထွက်အစာ နဲ့ ဆား မများစေရပါ။

ဆံပင်မှာလဲ Henna coloring ဒန်းဆိုးဆေးသုံး သဘာဝနည်းနဲ့ ပြန်မဲအောင် လုပ်နိုင်တယ်တဲ့။ Amla paste ဆီးဖြူသီးက ထုတ်တာနဲ့လဲ လုပ်ကြတယ်။ Coconut oil and Lemon အုန်းဆီစစ်စစ်နဲ့ သံပုရာရည် ရောပြီး ဆံပင်နဲ့ ဦးရေခွံကို နှိပ်နယ်တာလဲ လုပ်နိုင်ပါတယ်။ တရုပ်ဆေးနည်း၊ အိန္ဒိယဆေးနည်း၊ အာယုဗေဒနည်းတွေမှာ ဆံပင်အတွက်နည်းတွေ ရှိတယ်။ Neela, Bringaraja နဲ့ Vibhitaki တွေပါတဲ့ Ayurvedic hair oil အာယုဗေဒဆီ လိမ်းကြတယ်။ He Shou Wu, Polygonum multiflorum or Fo-Ti ခေါ်တဲ့ တရုပ် တိုင်းရင်နည်းဆေးကလဲ နာမယ်ကြီးတယ်။

၃-၁ဝ-၂ဝ၁၁ နေ့သတင်းကသည်လိုဆိုပါတယ်။ ဆံပင်ဖြူတာအတွက် တနေ့ဆေးတလုံး သောက်ဆေးကို L'Oreal ကုမ္မဏီကနေ ထုတ်လုပ်ရောင်းချပါတော့မယ်။ တနှစ်ကြာ သုတေသနလုပ်ပြီး သစ်သီးတွေကနေ ထုတ်လုပ်မဲ့ ဒီဆေးဟာ နောက် ၄ နှစ်ကြာရင် ဈေးကွက်ထဲ ရောက်လာမှာပါ။ ကုမ္မဏီအကြီးအကဲ Bruno Bernard ကနေ ပြောတာက ရေပက်မဝင် အထောက်အထားတွေ ရှိထားပါပြီ။ အမျိုးသားတွေ အတွက်ရော အမျိုးသမီတွေ အတွက်ပါ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အစာအာဟာရ သုံးဆောင်သလို သဘောထားပြီး ဆေးသောက်နိုင်ပါတယ်။ ဈေးလဲမကြီးပါ။ အခု တကမ္ဘာလုံးက ဗော်လန်တီယာတွေနဲ့ စမ်းနေပါပြီ။ စမ်းသပ်မှု မပြီးသေးခင်တော့ ထိရောက်မှုကို ဈေးကွက်ထဲမှာ ၁ဝ နှစ်လောက်မသုံးသေးဘဲ ပြောမရသေးပါ။ သုတေသနလုပ်သူတွေကနေ Tyrosinase-related protein 2 (TRP-2) ခေါ်တဲ့ အင်ဇိုင်းမ်မရှိရင် ဆံပင်ကို အရောင်ပေးတဲ့ ဆိုးဆေး ဆဲလ်တွေဟာ အသက်ကြီးလာတာနဲ့ သေဆုံးကြတယ် ဆိုတာကို အထူးပြုစာစောင်တွေမှာ ရေးနေပါပြီ။

ဒန်းပန်းကို သဘာဝအဆီအနှစ်လို့ မြန်မာတွေက လက်ခံသုံးနေခဲ့တာ ရှေးကတည်းပါ။ တိုင်းပြည်ရဲ့ လည်ဆွဲရတနာ ပြည့်တန်ဆာ သီရိမာကို ရံရွေတွေက ဒေါင်းမြီးယပ်နဲ့ ခတ်ပေး၊ လက်သည်းကို ဒန်းဆိုးပေးလို့ ပုံဖေါ်တာ ဖတ်ဘူးတယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ