အနာကြီးရောဂါသည်ရှိရင် လူတွေအားလုံးရဲ့အမြင်မှာ


အနာကြီးရောဂါသည်ရှိရင် လူတွေအားလုံးရဲ့အမြင်မှာကူးစက်မှာကြောက်တဲ့အတွက် ခွဲခြားပြီးနေချင်ကြတယ်.. တကယ်တော့ ဒီရောဂါဟာ တစ်ခါနှစ်ခါလေးထိပြီးတော့ ကူးသွားတဲ့ရောဂါမျိုးမဟုတ်ဘူး…

အနာကြီးရောဂါဆိုတာဘယ် လိုရောဂါမျိုးလည်းဆိုတာသိချင်ပါတယ်။
       လူအများထင်ထား သလို ကြောက်စရာကောင်းတဲ့ရောဂါကြီး မျိုးရိုးလိုက်တဲ့ရောဂါကြီး၊ စုန်းတွေ ဓာတ်တွေပြုစားထားတယ်လို့ ရှေးတုန်းကထင်ထားတာတွေရှိပါတယ်။ အဲဒါတွေမဟုတ်ပါဘူး။ အနာကြီးရောဂါဆိုတာ နာတာရှည်ကူးစက်ရောဂါတစ်မျိုးပါ။ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့်ဖြစ် တဲ့ရောဂါပါ။

အနာကြီးရောဂါဖြစ်ပွားမှု နှုန်းကရော ကမ္ဘာမှာရော မြန်မာမှာပါဖြစ်ပွားမှုအတိုင်းအတာ ဘယ်လောက်နှုန်းအထိ ရှိခဲ့ပါသလဲ။
          လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေတုန်းကတော့ တော်တော်များများရှိခဲ့တယ်။ အခုလောလောဆယ် ၂၀၁၅-၂၀၁၆ ၀န်းကျင်မှာတော့ တစ်နိုင်ငံလုံးမှာလူနာ သစ်တွေ့ရှိမှုက နှစ်သိန်းပတ်ဝန်းကျင်မှာရှိနေဆဲပါ။ ကမ္ဘာမှာအများဆုံးနိုင်ငံတွေ ကတော့ ဘရာဇီး၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့ ဒီနိုင်ငံတွေကတော့ ကမ္ဘာမှာ အများဆုံးနိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း အ များဆုံးရဲ့ နံပါတ် ၇ နေရာလောက်မှာရှိနေပါ တယ်။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်မှာ လူနာသစ် သုံးထောင်ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

အနာကြီးရောဂါကဘက်တီး ရီးယားပိုးကြောင့်ဖြစ်တာဆိုတော့ ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလဲ ဆရာ။
        အနာကြီးရောဂါပိုးကတော့ Mycobacterium Leprae လို့ ခေါ်တဲ့ပိုးတစ်မျိုးပါ။ တီဗီပိုးနဲ့ သဘော တရားချင်းနည်းနည်းဆင်ပါတယ်။ Acid-fast bacilli ဆိုတော့ Acid-fast ရှိတဲ့ ပိုး တစ်မျိုးကြောင့်ဖြစ်တာပါ။

အနာကြီးရောဂါပိုးကကူး စက်တတ်တယ်ဆိုတော့ဘယ်လိုမျိုးကူးစက်တတ်သလဲဆိုတာ ပြောပြပေးပါ။
        အနာကြီးရောဂါက ကူးစက်တတ်တယ်ဆိုတော့ လူတွေအရမ်းကြောက်သွားမှာလည်းစိုးပါတယ်။ ကူးစက်တယ်ဆိုပေမဲ့ လွယ်လွယ်ကူကူ ကူးစက်တာတော့မဟုတ်ပါဘူး။ အနာကြီး ရောဂါရှိတဲ့ လူနဲ့ထိတွေ့ ဆက်ဆံပြီး အနာကြီးရောဂါပိုးက ခန္ဓာကိုယ်ပေါ်ကျသွားရင်ကူးစက်တတ်ပါတယ်။ သို့သော် လက်ခံတဲ့သူရဲ့ ခုခံအားစနစ်မှာ အများကြီးမူတည်ပါတယ်။ ခုခံအားစနစ်ကောင်းနေ ရင်လွယ်လွယ်နဲ့ မကူးစက်ပါဘူး။

အနာကြီးရောဂါရှိသူရဲ့အရေပြားနဲ့ ထိတွေ့ရင် ကူးစက်သလို ရောဂါပိုးရှိသူနှာချေရင် လေထဲ ကို အမှုန်အမွှားလေးတွေပြန့်ပြီးတော့ တစ်ဖက်ကရှူမိတဲ့အခါမှာ ကူးစက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ပိုးရောက်တိုင်းလည်းရောဂါ မဖြစ်ပါဘူး။ ပိုးရောက်ပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ခုခံအားကတိုက်ထုတ် နိုင်ပါသေးတယ်။ ရောက်သွားတဲ့ ပိုးတွေကလည်း အရှင်ဖြစ်ဖို့လိုပါ သေးတယ်။ ပိုးအရှင်ရောက်လည်း ခန္ဓာကိုယ်ကတိုက်နိုင်ရင်ဆက်မဖြစ်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့တော့မကူးစက်နိုင်ပါဘူး။

အနာကြီးရောဂါဖြစ်ပြီဆိုရင် ဘယ်လိုရောဂါလက္ခဏာတွေပြတတ်ပါသလဲ…
            အနာကြီးရောဂါပိုးကတော့ အဓိက အရေပြားနဲ့ အာရုံကြော ကိုတိုက်ခိုက်တာဖြစ်တဲ့အတွက် အရေပြားနဲ့အာရုံကြောမှာလက္ခဏာ တွေပေါ်ပါတယ်။ အရေပြားမှာဆို ရင်တော့ ပထမအဖြူကွက်လေး တွေ(သို့) အနီကွက်လေးတွေပေါ်တတ်တယ်။ အဲဒီအကွက်တွေက ထိ၊ နာ၊ ပူ၊ အေး ခံစားမှုတွေကိုမသိဘူး။ ဒါက အရေပြားပေါ်မှာ ဖြစ်တဲ့လက္ခဏာပါ။

အာရုံကြောတွေကို အနာကြီး ပိုးကတိုက်ခိုက်တဲ့အတွက် အာရုံကြောရဲ့နောက် ဆက်တွဲပြဿနာတွေကို ခံစားရတယ်။ လက်မှာရှိတဲ့ Ulnarnerveတို့ Median nerve တို့ထိခိုက်တဲ့အခါမှာ သူတို့မခိုင်းစေနိုင်တဲ့ အတွက် နောက်ဆက်တွဲအနေနဲ့ ခံစားမှုပေးတဲ့နေရာမှာ ထုံနေမယ်။ ကြွက်သားတွေမလှုပ်နိုင်တဲ့အတွက် ကိုယ်ခန္ဓာပုံသဏ္ဍာန် ပြောင်းလဲမှုကောက်တာကွေးတာ တွေဖြစ်လာနိုင်တယ်။

သူတို့ပေးထားတဲ့ နေရာတွေက ခံစားမှုမရ နိုင်တဲ့အတွက် ထိ၊ နာ၊ ပူ၊ အေး မသိဘူး။ အဲတော့ မီးပူလောင် တာတို့ ဒဏ်ရာရတာတို့ဖြစ်လာနိုင်တယ်။ အဲဒီနောက်မှာ အနာတွေကြောင့် ခန္ဓာကိုယ်အစိတ် အပိုင်းဆုံးရှုံး မှုတွေဖြစ်လာနိုင်တယ်။ လက်တွေခြေထောက်တွေတိုတာတို့လက်တွေကောက် ကွေးတာတွေဖြစ်ကြတာပါ။ အရေပြားမှာလည်း အနီကွက်၊ အဖြူ ကွက်နဲ့ထုံမယ်။

အာရုံကြောပျက် စီးမှုကြောင့် အာရုံကြောပေးထားတဲ့နေရာတွေ ပျက်စီးတဲ့အတွက် နောက်ဆက်တွဲအနေနဲ့လက်တွေဆို လည်းကောက်တာကွေးတာ၊ ခြေထောက်ဆိုလည်း ခြေသိုင်းကျတာမျိုးတွေဖြစ်နိုင်ပါတယ်။

အနာကြီးရောဂါကဖြစ်နေမှန်းမသိဘဲအချိန်အကြာကြီးနေမှ ပေါ်လာတာမျိုးတွေဖြစ်လာတဲ့အတွက် ရောဂါဖြစ်နေမှန်းဘယ်လိုသိနိုင်မလဲ။
           အနာကြီးရောဂါကဖြစ်နေတာ ကိုသိဖို့အလွန်ခဲယဉ်းပါတယ်။ ရောဂါလက္ခဏာတွေပြမှသာ ဖြစ် နေမှန်းသိကြတာပါ။ ခန္ဓာကိုယ်ထဲမှာရှိပြီး နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အရေ ပြားပေါ်မှာရှိတဲ့ပိုးစစ်တာပါ။ ပိုးအရေအတွက်က အရမ်းနည်းရင်လည်း မသိနိုင်ပါဘူး။

အနာကြီးရောဂါဖြစ်ပြီလို့ သံသယဖြစ်တဲ့အခါ ဘယ်လိုဆက်လက်ဆောင်ရွက်သင့်သလဲ။
        လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်အနာကြီးရောဂါဖြစ်နေပြီလားလို့ သံသယဖြစ်တဲ့အခါ ခုန ကပြောတဲ့ရောဂါလက္ခဏာတွေတွေ့တဲ့အခါ နီးစပ်ရာကျေးလက်ကျန်းမာရေးဌာန၊ မြို့ပေါ်တွေမှာဆိုလည်း ဒေသန္တရကျန်းမာရေးဌာနတွေ၊ ဆေးရုံတွေကိုသွားပြီး အနာကြီးရောဂါနဲ့ပတ်သက်လို့ပြသနိုင်ပါတယ်။ ပြသလို့သိပ်ပြီး မသဲကွဲဘူးဆိုရင် ကျွန်တော်တို့ သက်ဆိုင်ရာဌာနတွေကို အဆင့် ဆင့်လွှဲပြောင်းပြီးတော့ ပြသနိုင်ပါတယ်။

အနာကြီးရောဂါကူးစက်တဲ့ ရောဂါဆိုတော့ ရောဂါသည်နဲ့ ရောခွဲခြားပြီးနေထိုင်သင့်ပါသလား။
              အနာကြီးရောဂါသည်ရှိရင် လူတွေအားလုံးရဲ့အမြင်မှာ ကူးစက်မှာကြောက်တဲ့အတွက် ခွဲခြား ပြီးနေချင်ကြတယ်။ တကယ်တော့ ဒီရောဂါဟာ တစ်ခါနှစ်ခါလေးထိပြီးတော့ ကူးသွားတဲ့ရောဂါမဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ပေါ်မှာ အများကြီးမူတည်တဲ့အတွက် အရမ်းကြီးတော့ ကြောက်စရာမရှိပါဘူး။
အနာကြီးရောဂါလို့သိပြီး ကုသမှုခံယူလိုက်ပြီဆိုရင်တော့ ခွဲခြားပြီးနေစရာမလိုတော့ပါဘူး။ အနာကြီးရောဂါဆေးစသောက်ပြီဆိုရင် ပထမရက်မှာတင် ပိုး ၈၀ ရာခိုင်နှုန်းကသေသွားပြီဖြစ်တဲ့ အတွက် ကူးစက်ဖို့ခဲယဉ်းသွားပါပြီ။ နောက်ပြီး ဆေးကဒ်တစ်ကဒ် တစ်လသောက်ပြီးပြီဆိုရင် ၉၅ ရာခိုင်နှုန်းတောင်လျော့တယ်လို့ ဆိုပါတယ်။ အဲတော့ပြောချင်တာက အနာကြီးရောဂါသည်မှန်းသိပြီး ဆေးသောက်ပြီဆိုရင်တော့ ခွဲခြားပြီးတော့နေဖို့မလိုတော့ပါဘူး။
အနာကြီးရောဂါကိုဘယ်လိုမျိုးကုသလဲဆိုတာ သိချင်ပါတယ်။
အနာကြီးရောဂါလို့လာပြတဲ့ အခါ ကျွန်တော်တို့က MDT (Multi Drug Therapy) လို့ခေါ်တဲ့ ဆေးပေါင်းကုထုံးဆေး ကဒ်နဲ့ကုပါတယ်။ အနာကြီးရောဂါက ပိုးများတဲ့အမျိုးအစားနဲ့ ပိုးနည်း တဲ့အမျိုးအစားနှစ်မျိုးရှိတော့ အမျိုးအစားပေါ်မှာလိုက်ပြီးတော့ ဆေးကဒ်ပေးရပါတယ်။ ပိုးနည်းတဲ့ အမျိုးအစားဆိုရင် ဆေးကဒ် ၆ ကဒ်ကို ၆ လသောက်သုံးရပါတယ်။ ပိုးများတဲ့အမျိုးအစားဆိုရင် ဆေးကဒ် ၁၂ ကဒ်ကို တစ်နှစ် သောက်သုံးရပါတယ်။ ကြားထဲ မှာတော့ ရောဂါရဲ့နောက်ဆက်တွဲ ပြဿနာရှိရင် ဆေးကဒ်အပြင် အခြားကုသမှုတွေလည်းပေးရပါတယ်။
MDT ဆေးပေါင်းကိုဘယ်လိုမျိုးသောက်သုံးရပါသလဲ။ သောက်သုံးရင် ရောဂါအရှင်း ပျောက်ပါသလားသိချင်ပါတယ်။
MDTဆေးသောက်သုံးတာ ကတော့ ပိုးနည်း၊ ပိုးများအမျိုး အစားပေါ်မူတည်ပြီးဆေးသောက် သုံးရတဲ့အချိန်ကာလကွာသွားပါတယ်။ ဆေးကဒ်မှာပါတဲ့အညွှန်း အတိုင်းသောက်သုံးရုံပါပဲ။ ပြည့်မီ အောင်သောက်ဖို့လိုပါတယ်။ ဆေးကဒ်ကိုစံချိန်ပြည့်မီအောင် သောက်တယ်ဆိုရင်တော့ အနာကြီးရောဂါကအရှင်းပျောက်ပါတယ်။ ဆေးသောက်ပေမယ့်လည်း ကောက်တာကွေးတာတွေကို ကျန်နေတာပဲလို့တစ်ချို့ကထင်ကြတယ်။ တကယ်တော့ ဆေးသောက်တာက ရောဂါပိုးကိုသတ်တာပါ။ ကောက်တာကွေးတာတွေကတော့ ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့အတွက် ဆက်လက်ကုသဖို့လိုပါတယ်။ အနာကြီးရောဂါအနေနဲ့တော့ ပျောက်တယ်လို့ပြောလို့ရပါတယ်။
အနာကြီးရောဂါကို MDT ဆေးနဲ့မကုခဲ့ဘူး၊ ဆေးကိုပုံမှန် မသောက်ဖြစ်ဘူးဆိုရင်နောက် ဆက်တွဲဘာတွေဖြစ်လာနိုင်မလဲ။
အနာကြီးရောဂါကိုဆက်မကုဘူးဆိုရင် အနာကြီးရောဂါပိုးတွေ ဆက်ပွားလာမယ်။ ခြေလက်အင်္ဂါ ကောက်ကွေးသွားတာတွေနောက်ပြီး မီးလောင်တာကိုမသိလို့ တိုပြတ်သွားတာတွေ ဟိုးတုန်းကရှိခဲ့ပါတယ်။ နှာခေါင်းရိုးတွေချိုင့်သွားတာ ကိုယ်အင်္ဂါချို့ယွင်းသွားတာ၊ ရုပ်ဆင်းအင်္ဂါပျက်စီးသွားတာထိရှိပါတယ်။ အနာကြီးရောဂါမှန်းသိပြီး ဆေးကုသမှုပြည့်စုံစွာမခံယူရင် ဆေးစားပျက်သွားရင် ရောဂါပိုးကဆေးဒဏ်ကို ခံနိုင်သွား တတ်ပါတယ်။ အဲဒီတော့ပိုအချိန်ကြာကြာကုရတာ နောက်ဆေးတွေပေါင်းပြီးကုရတာထိပါဖြစ်နိုင် ပါတယ်။
မြန်မာနိုင်ငံမှာအနာကြီး ရောဂါဖြစ်တဲ့လူနာတွေဘယ် လောက်အထိရှိပါသလဲ။
မြန်မာနိုင်ငံမှာ အနာကြီးရော ဂါလူနာအသစ်တွေ့ရှိမှု ၃၀၀၀ ပတ်ဝန်းကျင်အထိရှိနေပါသေးတယ်။
မြန်မာနိုင်ငံမှာ အနာကြီး ရောဂါကင်းဝေးဖို့အတွက်ဘာ တွေဆောင်ရွက်ဖို့လိုပါသလဲ။
ရောဂါတစ်ခုကင်းဝေးဖို့ဆို တာ ဆရာဝန်နဲ့တင်မကဘဲ အဖက်ဖက်ကနေ ၀ိုင်းဝန်းမှကင်း ဝေးနိုင်မှာပါ။ ပြည်သူလူထုအနေနဲ့လည်း မရှက်မကြောက်ဘဲ ကျွန်တော်တို့ဆီမှာပြသဖို့လိုသလို ကျွန်တော်တို့ဘက်ကလည်း ထိ ရောက်စွာကုသပေးဖို့လိုပါတယ်။ အနာကြီးရောဂါတိုက်ဖျက်စီမံကိန်းက လူနာသစ်တွေကို သေချာစွာ ကုသပေးဖို့ပညာပေးအစီအစဉ်တွေလုပ်ဖို့ ဘက်ဂျက်ကလည်းလိုပါတယ်။ ငွေရေးကြေးရေးပြည့်စုံပေ မယ့်လည်းတစ်ဖက်ကလူအင်အားလိုပါတယ်။ အနာကြီးရောဂါက လူအင်အားများတယ်ဆိုပေမယ့် တီဘီနဲ့တွဲပြီးချထားတဲ့အတွက် အနာကြီးရောဂါဘက်ကို အင်တိုက်အားတိုက်မလုပ်နိုင်တဲ့အခြေ အနေဖြစ်နေပါတယ်။
အနာကြီးရောဂါမဖြစ်အောင် ဘယ်လိုအချက်တွေကိုလိုက်နာပြီး နေထိုင်သင့်တယ်ဆိုတာ အကြံပြုပြောကြားပေးခဲ့ပါဦး။
ရောဂါတစ်ခုကတော့ မဖြစ်အောင်ဆိုတာကတော့ မှန်းလို့ တော့မရပါဘူး။ အနာကြီးရောဂါကို ကိုယ့်ဆီမှာ သံသယဖြစ်ရင် စောစောစီးစီးကုသရင်ပျောက်တဲ့ ရောဂါဖြစ်တဲ့အတွက် တတ်ကျွမ်း တဲ့ဆရာဝန်နဲ့သေသေချာချာပြမယ်။ နီးစပ်ရာကျန်းမာရေးဌာနတွေမှာ စောစောစီးစီးစစ်ဆေးမှုခံယူဖို့လိုပါတယ်။ စောစောသိ စောစောကုရင် အနာကြီးရောဂါကပြဿနာမရှိပါဘူး။ ကျွန်တော်တို့ကတော့ ရန်ကုန်ဆေးရုံကြီး အထူးအရေပြားဌာနအနေနဲ့ရှိပါတယ်။ ရုံးဖွင့်ရက်တိုင်း မနက် ၉ နာရီမှာ ညနေ ၄ နာရီထိလက်ခံ ကုသဆောင်ရွက်ပေးလျက်ရှိပါတယ်။

 ဒေါက်တာလင်းထက် (တိုင်းအနာကြီးရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီး ရန်ကုန်တိုင်းဒေသကြီး)
Health Guide
https://www.facebook.com/mmhealthguide/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ