ငါးအဆီနဲ့ ကျန်းမာရေး


ငါးအဆီစားခြင်းဖြင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် မည်မျှအကျိုးပြုနိုင်ကြောင်းနှင့် အမျိုးသားများတွင် ဖြစ်ပွားတတ်သော ဆီးကျိတ်ကင်ဆာ ရောဂါဝေဒနာ၏ ရှောင်ရန်၊ ဆောင်ရန်များကို
မြဝတီစာဖတ်ပရိသတ်များ သိရှိနိုင်စေရန် ဖော်ပြလိုက်ရပါသည် -

ငါးအဆီနဲ့ ငါးဗိုက်သားအဆီတို့ကို အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုအားလုံး စားသင့်ပါတယ်။ ငါးအဆီက ဆေးဖက်ဝင်ပါတယ်။ ဒါကြောင့်ဖြည့်စွက်စာအဖြစ် ငါးကြီးဆီဆေးလုံး ကိုတောင် သောက်ပေးရပါတယ်။

ဗီယက်နမ် နိုင်ငံမှာ အသားအရေ လှပ ကျန်းမာဖို့အတွက် ငါးတန်ဗိုက်သားက ရတဲ့ အဆီနဲ့ အလှကုန်ပစ္စည်းတွေ ဖော်စပ်ထား ပါတယ်။ ဒါ့အပြင် ငါးများများစားခြင်းက ဝက်ခြံပေါက်ခြင်းကို မဖြစ်စေနိုင်ပါဘူး။

အထူးသဖြင့် ပင်လယ်ငါးရဲ့ အဆီက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ မြစ်ငါးတန်ထက် ရေချိုရေငန်စပ် ငါးတန်မှ ရတဲ့ အဆီက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ ရေချိုငါးတွေမှာ အဆီမရှိ သလောက်နည်းပါတယ်။

ငါးကြင်းက လူကိုဝစေနိုင်ပါတယ်။ ဝမှာ ကြောက်တဲ့သူများ ငါးကြင်းကို လျှော့စားပါ။ ငါးမုတ်က ရေချိုရေငန်စပ် ငါးဖြစ်၍ စားသင့်ပါတယ်။ ငါးသလောက်၊ ငါးအိုက်တို့ကတော့ သွေးတက်စေပါတယ်။ ငါးတန်ကလည်း သွေးလေး စေတာကြောင့် ကလေးမွေးပြီးစ မိခင် တွေ မစားသင့်ပါဘူး။ ကိုယ်အလေးချိန် လျှော့ချ လိုသူများ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြစ်ချင်းစတဲ့ငါးတွေကို ဆီမပါ ကြက်သွန်ဖြူ၊ ချင်းတို့နဲ့ငါးပေါင်း၍ဖြစ်စေ သို့မဟုတ် အရည်သောက်အဖြစ် ရက်သတ္တပတ် ကို လေးကြိမ်၊ ငါးကြိမ်စားပေးပါ။ သိသိသာသာ ကိုယ်အလေးချိန် ကျစေပါတယ်။ မက်ကရယ်ငါးနဲ့ ဆယ်လ်မွန်ငါးတွေကတော့ အကောင်းဆုံးပါပဲ။

ငါးနဲ့ပင်လယ်စာ များများစားသုံးသူ အသက်ကြီးသူများဟာ ပင်လယ်စာ အစားနည်းသူ တွေထက် အသက်ပိုရှည်ပါတယ်။
ငါးမှရရှိတဲ့ အိုမီဂါ-၃ ဖက်တီးအက်စစ် မြင့်မားစွာ ရရှိသူတွေမှာ ၎င်းအက်စစ် အဆင့်နည်းစွာ ရရှိသူများထက် သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းနဲ့ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၃၅ ရာခိုင်နှုန်း လျော့နည်းကြောင်း၊ အိုမီဂါ-၃ ဖက်တီးအက်စစ်တွေ သွေးထဲမှာ မြင့်မားစွာ ရှိသူတွေဟာ သွေးထဲ မှာ အဆင့်နည်းစွာ ရှိသူတွေထက် ပျမ်းမျှအားဖြင့် ၂ ဒသမ ၂ နှစ် အသက်ပိုရှည် ကြောင်း သုတေသီများက ဆိုပါတယ်။ ၎င်း သုတေသနကို အသက် ၆၅ နှစ်ကျော်ရှိသူ များအား ၁၆ နှစ်ကြာ လေ့လာမှုပြုခဲ့တာ ဖြစ်ပါတယ်။

Bristol တက္ကသိုလ်(အင်္ဂလန်)နှင့် Federal တက္ကသိုလ်(ဘရာဇီး)တို့ရဲ့ သုတေသီ တစ်ဦးဖြစ်သူ Rio de Janeiro ၏ နောက်ဆုံး သုတေသနပြုချက် များအရ ကိုယ်ဝန်ဆောင် စဉ် ငါးမကြာခဏ စားသူတွေဟာ ငါးလုံးဝ မစားသူထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန် ကြောင့်ကြမှုကို လျော့ပါးစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ၎င်းလေ့လာချက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၅၃ဝ ဦးကို ရက်သတ္တ ၃၂ ပတ်ကာလအတွင်း တစ်ဦး ချင်းစီရဲ့ စားသောက်ပုံ စာရင်းဇယားကို စာရွက်စာတမ်း မှတ်တမ်းများနဲ့ စနစ်တကျ သုတေသနပြုပြီးနောက် ငါးလုံးဝမစားခဲ့သူ မိခင်လောင်းများမှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ပြဿနာ ၅၃ ရာခိုင်နှုန်းအထိရှိလာကြောင်း၊ ကိုယ်ဝန်ဆောင်စဉ် အသားနဲ့ငါး လုံးဝ မစားဘဲ ဟင်းသီးဟင်းရွက် တစ်မျိုးတည်းသာ စားခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ပြဿနာ ၂၅ ရာခိုင်နှုန်းအထိ ရှိစေကြောင်း တို့ကို PLOSONE ခေါ် ဆေးဂျာနယ် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဒါတင် မကသေးပါဘူး။ ကိုယ်ဝန်ဆောင် မိခင်ရဲ့ စိုးရိမ်ကြောင့်ကြ စိတ်ဟာ ရင်သွေးငယ်ကို စိတ်ဖိစီးမှု ဖြစ်စေပြီး ဥာဏ်ရည် ဖွံ့ဖြိုးမှု နှေးကွေးစေပါတယ်။

အလားတူပင် အမေရိကန်ပြည်ထောင်စု မှာလည်း မိခင်လောင်း ၁၅ဝဝ ကို နှစ်ပေါင်း ၃ဝ ကြာ လေ့လာမှုမှတ်တမ်းများအရ နံနက်စာ၊ နေ့လယ်စာ၊ ညစာ ရက်သတ္တပတ်ကာလ အတွင်း ငါးဟင်းလျာ ၁၂ ကြိမ်မျှ စားသုံးခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီးများမှာ ရင်သွေးအပေါ် မာကျူရီ ခေါ် ပြဒါး အဆိပ်သင့်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်သည့် အပြင် ကိုယ်အလေးချိန် ကျစေတာကြောင့် လည်း ငါးစားခြင်းက မိခင်များအတွက် သားဖွားပြီးနောက် ကိုယ်အလေးချိန် တိုးပွားမှုတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ အမေရိကန် ရိုချက်စတာ တက္ကသိုလ် ပြည်သူ့ကျန်းမာရေး သိပ္ပံဌာနမှ ပါမောက္ခ တစ်ဦးဖြစ်သူ ပီအိပ်ခ်ျဒီဘွဲ့ရ အက်ဒွင်ဗန် ဆိုသူက အကြံပြုထားပါတယ်။

ထိုအဆိုကို ကမ္ဘာ့အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) မှ ထောက်ခံထား ပါတယ်။

ဆေးသိပ္ပံပညာရှင်များ၏ အသေးစိတ် ဓာတ်ခွဲ စမ်းသပ်ချက်များအရ -

◾အိုမီဂါ-၃ ဖက်တီးအက်စစ် ဖြည့်စွက်စာ ငါးကြီးဆီများထဲမှာ မြင့်မားစွာပါရှိတဲ့ EPA နှင့် DPA ဗီတာမင်တို့က အမျိုး သားများ ဆီးကျိတ် (သုက်ရည်ဂလင်း) ကင်ဆာဖြစ်နိုင်ခြေ အလားအလာ ၄၅ ရာခိုင်နှုန်း အထိရှိစေကြောင်း၊

◾အကယ်၍ DHA ဗီတာမင်အမြောက် အမြားပါသော အိုမီဂါ-၃ ငါးကြီးဆီ များက အဆိုပါကင်ဆာဖြစ်နိုင်ခြေ အလားအလာထက်ပင် နှစ်ဆမျှ ပိုကဲနေကြောင်း၊

◾ဒါ့အပြင် အဆီများတဲ့ငါးကြီးတွေ လွန်ကဲစွာ စားသောက်ခြင်း ကလည်း ဖော်ပြပါ ကင်ဆာဖြစ်လာ စေကြောင်းတို့ကို National Cancer Instituteခေါ် ကျန်းမာရေး ဂျာနယ်တစ်စောင်မှာ ဖော်ပြထားပါတယ်။

ဆီးကျိတ်ကင်ဆာ ခေါ် အမျိုးသားများ သုက်ရည်ဂလင်း ကင်ဆာရောဂါ ဘာကြောင့် ဖြစ်ရတယ် ဆိုတဲ့ အဓိက အကြောင်းရင်းကို ယနေ့အထိ ဆေးသိပ္ပံ နည်းအရ ခိုင်လုံတဲ့အဖြေမထုတ်နိုင်သေးသော်လည်း တရိစ္ဆာန် အဆီလွန်ကဲစွာ စားသုံးသူများ၊ အဘိုး သို့မဟုတ် ဖခင် မျိုးရိုးစဉ်ဆက် ထိုကင်ဆာရှိသူများ၊ အစာအာဟာရ ချို့တဲ့သူများမှာ ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်လို့ ဆိုပါတယ်။

ဆီးကျိတ်ကင်ဆာလက္ခဏာများမှာ သုက်ရည်ဂလင်း သိသိသာသာ ကြီးထွားလာခြင်း၊ ဆီးသွားလျှင်အားမရခြင်း၊ ပြတ်တောင်းပြတ်တောင်းဖြင့် ဆီးသွားရ ခက်ခဲခြင်း၊ ပုံမှန်ထက် မကြာခဏ ဆီးသွားပြီး အထူးသဖြင့် ညဘက်မှာ ပို၍သွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ သုက်ရည်ထဲ သွေးပါခြင်း၊ တင်ပါးနှင့် တင်ပါးဆုံရိုးတို့တွင် တဆစ်ဆစ်နာကျင်ခြင်း၊ ဆီးထဲသွေးပါခြင်းတို့ ဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ (အဖြူ) ထဲတွင် ပါရှိသော isothiocyanates ဓာတ်က ဆီးကျိတ် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးပြီး ခရမ်းချဉ်သီး၊ ဖရဲသီးစတဲ့ အနီရောင် အသီးတို့ကလည်း ၎င်းကင်ဆာ ဖြစ်နိုင်ခြေ အလားအလာကို လျော့ပါး သက်သာစေပါတယ်။

ပင်လယ်စာ၊ ဂျုံနှင့် ဂျုံထွက်ပစ္စည်းများ၊ ဆန်လုံးညိုနှင့် ကွေကာအုပ်ထဲမှာ ပါရှိသော Selenium ကလည်း ယင်းကင်ဆာရောဂါ ကာကွယ်ပေးပြီး ပဲပိစပ်က ဆီးကျိတ်ကင်ဆာ အကျိတ်ကြီး ထွားလာမှုကို သိသိသာသာနှေးကွေးစေပါတယ်။ ခန္ဓာကိုယ်အဆမတန် ဝခြင်းက ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်မှုရှိတာကြောင့် ဥပမာ-အမဲသားတို့လို အနီရောင် အသားများ လျှော့စား၍ ကိုယ်အလေးချိန် ချပေးသင့်ပါတယ်။ ကဖိန်းဓာတ်ပါတဲ့ ဖျော်ရည်များနဲ့ အယ်ကိုဟောပါတဲ့ အဖျော် ယမကာတို့ လွန်ကဲစွာ သောက်စားခြင်းကလည်း သုက်ရည်ဂလင်းကို ကြီးထွားစေတာ ကြောင့် သင့်တင့်မျှတရုံသာ သောက်သုံး သင့်ပါတယ်။

သို့ပါ၍ အမျိုးသား ဆီးကျိတ်ကင်ဆာ ရောဂါဆိုးကြီးမှ ကင်းဝေးနိုင်ရန် အတွက် အထက်ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကို လိုက်နာပြီး အဆီပါတဲ့ငါးကိုလည်း မျှမျှတတ စားပေးကြပါဟု အကြံပြု လိုက်ရပါတယ်။ ။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ