လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါ


ဇူလိုင် ၁၉ ရက်မှ ၂၈ ရက် မွန်းလွဲ ၂ နာရီ အထိရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ ဆေးရုံတက်ရောက် သည့် လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာ ၆၈ ဦးရှိသည့်အနက် Seasonal Influenza A (H1N1) pdm 2009- Positive လူနာစုစုပေါင်း ၃၅ ဦးရှိခဲ့ပြီး ယနေ့အထိ ခြောက်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများ အား အထူးဦးစားပေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီမှ ယနေ့မွန်းလွဲ ၂ နာရီအထိ သံသယလူနာ ၁၂ ဦးအား စမ်းသပ်စစ်ဆေးခဲ့ရာ အတည်ပြု လူနာငါးဦးတွေ့ရှိပြီး ထပ်မံသေဆုံးသူ မရှိကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ် မတူပီမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော Seasonal Influenza A (H1N1) pdm 2009-Positive လူနာ ၁ဝ ဦးမှာ ရောဂါသက်သာ ကောင်းမွန်သဖြင့် ဇူလိုင် ၂၅ ရက်က လူနာအားလုံး ဆေးရုံမှ ဆင်းသွားပြီး ဖြစ်ကြောင်း သိရသည်။

လတ်တလော ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအား ထိရောက်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သော အရေးပေါ် တုံ့ပြန်ဆောင် ရွက်ရေးလုပ်ငန်း ကော်မတီသည် ရောဂါကုသရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား ပြန်လည်စိစစ်ခြင်း၊ ရောဂါဖြစ်ပွားမှု ကူးစက်ခံရသော လူနာများအား ထိရောက်စွာ ဆေးဝါးကုသမှု ပေးနိုင်ရန်နှင့် ရောဂါပျံ့နှံ့မှုမရှိစေ ရေး အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဝေဘာဂီ အထူးကုဆေးရုံကြီး အပါအဝင် ဆေးရုံများတွင် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အရန်သင့်ထားရှိခြင်း၊ အထူးကြပ်မတ် ဆောင်များအား အရန်သင့်ထားရှိပြီး ဆေးရုံရှိ ကျန်းမာရေး ဝန် ထမ်းများအား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပြည်သူလူထု အတွင်း သတင်းမှန်ရရှိရန် အချိန်မီ သတင်းထုတ်ပြန်ခြင်း၊ ပြည်သူလူထုအတွင်း ကျန်းမာရေးပညာပေး လုပ်ငန်းပိုမို ထိရောက်စေရန်အတွက် ပိုစတာများ လုံလောက်စွာ ဖြန့်ဝေနိုင်ရန် စီစဉ်ခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးရုံကြီးများ၊ ကျန်းမာရေး ဆေးပေးခန်းများ၊ နယ်စပ်ဝင်/ထွက် ဂိတ်များနှင့် ပြည်သူလူထုအတွင်း တုပ်ကွေးဆန် သော ရောဂါလက္ခဏာများ (Influenza Like Illness -ILI) ဖြစ်ပွားမှုနှင့် လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါ (Severe Acute Respiratory Illness) လူနာဖြစ်ပွားမှု စသည်တို့ကို စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား ယခင်ထက်ပိုမို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ရောဂါဖြစ် ပွားသူ လူနာများနှင့် အနီးကပ်ထိတွေ့ သူ များအား ရောဂါထပ်မံဖြစ်ပွား ကူးစက်ခံရမှု မရှိစေရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် လိုအပ်ပါက ဆေးဝါးကုသမှု ပေးခြင်းလုပ်ငန်းများကိုတိုင်းဒေသကြီး/ ပြည်နယ်ကျန်းမာရေးဌာနများနှင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်၍ လိုအပ်သလိုဖြည့်ဆည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ ဗဟိုဆေးသိုလှောင်ရေးဌာနမှလည်း ဆေးပစ္စည်းများ ဖြန့်ဝေခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများနှင့် တိုင်းဒေသကြီးနှ င့် ပြည်နယ်အသီးသီးရှိ ကျန်းမာရေး ဌာနများသို့ N95 စုစုပေါင်း ၁၅ဝဝဝဝ ခန့်ကိုလည်းကောင်း၊ ကာကွယ်ရေးဝတ်စုံ (450) ကိုလည်းကောင်း၊ အသက်ရှူစက်များနှင့် အခြားလိုအပ်သည့် ဆေးပစ္စည်းကိရိယာများကို ထပ်မံ၍ထောက်ပံ့ ဖြည့်ဆည်းပေးပြီး ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ရုံးချုပ်)၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (အရှေ့တောင်အာရှရုံး)နှင့် အိန္ဒိယနိုင်ငံသံရုံးတို့မှ ထောက်ပံ့မည့်ရောဂါ ကာကွယ်ရေးဝတ်စုံနှင့် ပစ္စည်းများ၊ N95 Mask များ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ tamivir(Tamiflu) ဆေး နှင့် တုပ်ကွေးရောဂါ ကာကွယ်ထိုးဆေးများကိုလည်း လိုအပ်သလို သုံးစွဲသွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။

လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို အရေးတယူ လိုက်နာဆောင်ရွက်သွားပါက ရောဂါကူးစက် ဖြစ်ပွားမှုများ လျော့နည်းကျဆင်းသွားမည်ဖြစ်ပြီး ရာသီတုပ်ကွေးဆန်သော ရောဂါလက္ခဏာများ၊ ပြင်းထန်ရာသီ တုပ်ကွေးရောဂါ လက္ခဏာများ ဖြစ်ပွားသည်ဟု ထင်မှတ်ပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ချက်ချင်း သတင်းပေးပို့ ကုသမှုခံယူပါက အသက်အန္တရာယ် ဆုံးရှုံးရမှုများမှ ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ကြောင်း။

ရောဂါဖြစ်ပွားမှု အခြေအနေ၊ ရောဂါ ကာကွယ်တားဆီးရေး နည်းလမ်းများနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ၊ Myanmar CDC Facebook စာမျက်နှာများအပြင် ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက် သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါ
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ