Appreciation သိတဲ့သူတွေက အသိအမှတ်ပြုတာထက် သာတဲ့ဒိုင်းဆုမရှိ


ဆရာရေ ဒီနေ့ဆရာ့ရဲ့ post တခု ယမုန်နာမြစ်အကြောင်းဖတ်လိုက်ရတယ်။ ဆရာ့ရဲ့ ဒေလီကယမုန်နာဆေးခန်း အကြောင်းကို မနှစ်က တည်ဆောက်ရတာထက် ဖျက်ရတာပိုခက်တယ်ဆိုတဲ့ အက်ဆေးဆောင်းပါးကို ဖတ်ရပါတယ်။ ဆရာ့ အနေနဲ့ ဘယ်လောက်ထိ သံယောဇဉ်တွယ်မိပြီး ဒီကုသိုလ်ဖြစ်ဆေးခန်းမှာ ရှိတဲ့လူနှင့် မဖြစ် ဖြစ်အောင် တိုင်းရင်းသားတွေကို စေတနာ ကရုဏာနှင့် ဆယ်စုနှစ်တခုကျော်ထိ အားစိုက်ခဲ့ရတာကို တွေးပြီး ကိုယ့်ကိုယ်ကို ဆရာ့နေရာမှာ ထားပြီးခံစားကြည့်တာ တကယ် လွမ်းမောဖွယ်ဖြစ်မှာပဲလို့။ ဇော်ဝင်းထွဋ်ရဲ့ ရည်းစားဦးဇတ်လမ်း သီချင်းထဲကလို ဖြစ်မှာပဲလို့။ ဘာပဲဖြစ်ဖြစ် ဆရာ့ရဲ့ အကောင်းဆုံးကြိုးစားအားထုတ် လုပ်ဆောင်ခဲ့မှု (ကိုယ်တိုင် တွေ့မြင်ရခြင်းတော့ မဟုတ်ပါ) အတွက် လေးစားဂုဏ်ပြုတယ်။့၊ ခေတ္တ အောင်လံမြို့၊ မကွေးတိုင်းဒေသကြီး။

အခုပဲရတဲ့ အဲဒီစာကိုရေးသူဟာ နာမည်အရ ချင်းတိုင်းရင်းသာ အမျိုးသားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄-၄-၂ဝ၁၄ နေ့ကလည်း ပို့စ်တခုတင်တာဖတ်ရတယ်။ သူကတော့ ယမုန်နာဆေးခန်းမှာလာကူကြတဲ့ ဆေးမှူးနဲ့ ဆရာမ (၈ဝ) ထဲက နံပါတ်စဉ် (၅) ဖြစ်ပါတယ်။ သူက နော်ဝေနိုင်ငံမှာ အခြေချနေထိုင်ရပြီး၊ အဲဒီမှာ သူနာပြု ၃ နှစ်တက်ပြီး၊ ဘွဲ့ရသွားပါပြီ။ သူရေးတာကို ထုတ်နှုတ်ရေးပါမယ်။

တကယ်တော့ ယမုန်နာကိုလာကြတဲ့ လူနာအများစုက ကျမတို့ ချင်းလူမျိုးတွေပါ။ အဲဒီအခါမှာ ဘာသာစကား အခက်အခဲကြောင့် ဆရာကို မျက်နှာပူရတဲ့ အခေါက်ပေါင်း မနည်းခဲ့သလို၊ ပြုံးရီမိခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းပါဘူး။ အပြောမတတ်တော့ ဆဲဆိုသလို လူနာတွေ အများစုက ဗမာစကားမကျွမ်းကျင်တဲ့ အပြင် တခါတလေ ချင်းဘာသာမှ ဗမာဘာသာကို တိုက်ရိုက်ဘာသာပြန်လိုက်လို့ ရိုင်းသလိုဖြစ်သွားခဲ့ရတဲ့ အခေါက်ပေါင်းလည်း ရေတွက်နိုင်မယ် မထင်ပါဘူး။ ကျမ အခုထိ ယမုန်နာမှာ ဆက်ရှိနေအုံးမယ်ဆိုရင် ချင်းဗမာ အဘိဓါန် တခုတော့ ပေါ်လာနိုင်မယ် ထင်မိပါတယ်။ ကျမ ယမုန်နာမှာလုပ်ခဲ့ရတုန်းက အပင်ပန်းဆုံကတော့ ကလေးမီးဖွားတဲ့ ကိစ္စပါပဲ။ အားလုံးသိတဲ့ အတိုင်း ယောက်ျားဖောင်စီး မိန်းမမီးနေဆိုသလို မီးဖွားတဲ့ကိစ္စဟာ မိခင်အတွက် အသက်အန္တရယ်နဲ့ အလွန်နီးပါတယ်။ ကျမတို့တတွေအတွက်လည်း အလွန်ပင်ပန်းတဲ့ အလုပ်ပါ။ တချို့မွေးလူနာတွေက (၂) ညဆက်တိုက် မိုးအလင်း စောင့်ပြီးမှ မွေးဖွားပေးခဲ့ရသလို၊ တချို့ ရက်သတ္တပါတ်မျိုးမှာဆိုရင် မွေးလူနာ (၄) ဦးထိ မွေးပေးခဲ့ရတာမျိုး ရှိခဲ့ဘူးပါတယ်။ ကလေးမွေးဖွားမှု ချောမွေ့စွာ မပြီးမခြင်း သက်ပြင်းတောင်ကောင်းကောင်း မချနိုင်ပါဘူး။ ဒါပေမဲ့ ကလေးချောမွေ့စွာ မွေးဖွားပြီးလို့ ကလေးငိုသံကြားရတဲ့ အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုတွေ အားလုံးပျောက်ကွယ်သွားရပါတယ်။ ကိုယ်မွေးဖွားပေးတဲ့ မွေးကင်းစကလေး တယောက်ရဲ့ ငိုသံဟာ ကျမတို့ အတွက်တော့ အသာယာဆုံးသော ဂီတသံပါ။

ကျွန်တော့်ဘဝမှာ အကြီးမားဆုံး ဆုံးဖြတ်ချက်ချရတာ လေးခုရှိသွားပါပြီ။ ၁၉၉ဝ ခုနှစ်အကုန်မှာ မြန်မာနိုင်ငံကနေ ထွက်သွားဘို့ကစတယ်။

တည်ထောင်ရထက် ဖျက်သိမ်းရတာက ပိုခက်တယ်လို့ ၆-၈-၂ဝ၁၄ နေ့က စာတပုဒ်ရေးခဲ့တာရှိတယ်။ လွန်ခဲ့တဲ့ နှစ်အစိတ်အတွင်း နိုင်ငံရေးအလုပ်နဲ့ ကျန်းမာရေးအလုပ်နှစ်မျိုး လုပ်ခဲ့ပါတယ်။ နိုင်ငံရေးထဲကတခုဖြစ်တဲ့ စင်ပြိုင်အစိုးရကို ၁၉၉ဝ ဇူလိုင်လ ဂန္ဒီအစည်းအဝေးအပြီးကစတယ်။ ၁၈-၁၂-၁၉၉ဝ နေ့မှာ ဖွဲ့နိုင်ခဲ့ပါတယ်။ သက်တမ်း ၂၁ နှစ်နဲ့ ၉ လအကြာ၊ ၁၄-၉-၂ဝ၁၂ နေ့မှာ ဖျက်သိမ်းခဲ့ပါတယ်။ ဖွဲဘို့လုံးပမ်းကြစဉ်က ထောက်လှမ်းရေးမျက်စိအောက်မှာ လျို့လျို့ဝှက်ဝှက် မြန်မြန်ဆန်ဆန်လုပ်ရတယ်။ ဖျက်သိမ်းဘို့ စီစဉ်ရတာက ၅ လ ဖြစ်လို့ နှစ်ဆကြာခဲ့ပါတယ်။ ပင်ပန်းမှုကတော့ ဖွဲစည်းရေးမှာ အသက်စွန့်ပြီး လုပ်ခဲ့ကြရတာပါ။ ဖျက်ဘို့ရာလည်း အင်မတန်နှမြောတာ အမှန်ပါ။

ကျွန်တော့်ရဲ့ နောက်အလုပ်ကတော့ အခုလို နေမကောင်းလို့မေးတာတွေ အဝေကးနေဖြေတာမတိုင်ခင်၊ နယူးဒေလီမှာ ယမုန်နာဆေးခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ်သြဂုတ်လမှာ စဖွင့်ခဲ့ပါတယ်။ ကျွန်တော့်ဇနီးနဲ့အတူ ဆေးခန်းဖွင့်ဘို့ စိတ်ကူးစီစဉ်ရတာ တလနှစ်လသာကြာတယ်။ သက်တမ်း ၁၂ နှစ် တင်းတင်းပြည့်ချိန်မှာတော့ ဆေးခန်းပိတ်တော့မယ့် အဆုံးအဖြတ်ချက် ချရပါတော့တယ်။ တနေ့မှာ ဒီလိုဖြစ်လာမယ်ကိုလည်း ကြိုမြင်ထားတယ်။ ကြိုပြင်ဆင်မှုတွေလဲ လုပ်ပါတယ်။ အဲဒီကာလ နှစ်ဝက်မကကြာတယ်။ ဆေးခန်းဖွင့်ရတာထက် အချိန်ပိုကြာပြီး၊ လူရောစိတ်ပါ ပင်ပန်းခဲ့ပါတယ်။ စဉ်ပြိုင်အစိုးရကို စနစ်တကျဖျက်သိမ်းခဲ့သလို ဆေးခန်းလေးကိုလည်း စနစ်တကျရပ်နားချင်ပါတယ်။ ကျွန်တော့်ဇနီးနဲ့ ယမုန်နာဆေးခန်း ပိတ်ရတော့မယ့်ကြောင်း သူများတွေကို ဘယ်တော့ ဘယ်လို အသိပေးရမလဲ ချင့်ချိန်ကြရတာ ပင်ပန်းလှပါတယ်။ (၂၄) နှစ်ကြာနေထိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကနေ ယူအက်စ်အေကို ပြောင်းပြီးနေထိုင်ရေး စတုတ္ထမြောက် အဆုံးအဖြတ်ကြောင့်သာ ယမုန်နာဆေးခန်းပိတ်ရတာပါ။

အမေရိကန် တီဗွီမင်းသမီး၊ ကင်ခါဒက်ရှန်ပြောတာတခု ဖတ်ရတယ်။ ကျမရဲ့ ဒဏ္ဍာရီတွေက ရှင့်အိပ်မက်ထဲကလိုမဟုတ်ဘဲ အဆုံးသတ်တာဖြစ်နေနိုင်ပါတယ်တဲ့။

အဖြစ်မှန်သိတဲ့သူတွေက အသိအမှတ်ပြုတာထက် သာတဲ့ဒိုင်းဆုဆိုတာမရှိပါ။

(အဲဒီစာနှစ်စောင်ကို မြန်မာလိုရေးကြတဲ့သူတွေက ဗမာတွေမဟုတ်ပါ။)

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ