Gym loss မော်ဒယ်တယောက် ဘာ့ကြောင့် မနှစ်က ဒီရက်တွေမှာ နာမည်ကြီးခဲ့တဲ့သတင်း


ဆရာရှင့် ခုလတ်တလော အရမ်းနာမည်ကြီးနေတဲ့ model သေရတယ်ဆိုတဲ့ရောဂါ အဆုပ်ကပ်တယ်ဆိုတာလေး ရှင်းပြပေးပါဦးရှင့်။ gym ဆော့ရင်း ရေသောက်ရင် အန္တရာယ်ရှိပါသလား သိချင်လို့ပါရှင့်။ ဒီလိုရေတန်းသောက်ရင် အဆုပ်ကပ်တာဖြစ်တာပါလားရှင်။ ကျေးဇူးတင်ပါတယ်ဆရာ။

အဆုပ်ကပ်တာ မသိပါ။ နီးစပ်တာ စဉ်းစားမရသေးပါ။ ရောဂါအမည်သေချာသိရင်တော့ ပြောပါ။

ပိန်ဆေးပြဿနာဖြစ်နိုင်ပါတယ်။

ဒါကဆရာဝန်တစ်ယောက် ကောက်ချက်ချတာပါရှင့်။ ဒါက မိသားစုဝင်တစ်ယောက် ပြောတာပါရှင့်။ တခါမှမသိခဲ့တဲ့ ရောဂါကြီးဖြစ်တဲ့အပြင် gym ဆော့တိုင်းရေဝဝသောက် အသက်ပုံမှန်ရှူလို့ပဲ သိထားခဲ့တဲ့အတွက် ခုဆို gym ဆော့လို့ မောရင်တောင် ရေသောက်ရမှာ ကြောက်မိပါတယ်ရှင်။

ဇူလိုင်လ ၂ ရက်နေ့ နံနက်က GYM ကစားရင်း ရုတ်တရက် သေဆုံးသွားခဲ့တဲ့ အလှမယ် ပိုးစန္ဒာခင်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်လို့ သို့လောသို့လော ဝေဖန်ပြောဆိုနေမှုအပေါ် သူ့ရဲ့ မိခင်ဖြစ်သူက ဧရာဝတီကတဆင့် ပြန်လည်ဖြေရှင်း ပြောကြားလိုက်ပါတယ်။

သမီးက Gym ကစားဖို့သွားတယ်၊ သူဘာမှတောင် မလုပ်ရသေးဘူး လမ်းလျှောက်တယ်။ အဲဒီမှာမနားဘဲ ရေသောက်ချလိုက်တယ်။ သမီးက စုံသွားတာလည်းပါတယ်။ ညဘက်မှာလည်း မီးပျက်တော့ မအိပ်သေးဘဲ နောက်ကျတော့ အိပ်ရေးကလည်း ပျက်ထားတယ်။ မနက်ကျတော့ လမ်းလျှောက်စက်ပေါ်ကနေ ချက်ချင်း ရေသောက်လိုက်တာရောကြောင့် စုံသွားတယ်။ သမီးက အစကတည်းက အဆုတ်က အားနည်းတယ်လေ။ သူများ တွေက နှလုံးကြောင့်လို့ထင်ကြတယ်။ ဒါပေမယ့် နှလုံးမဟုတ်ဘူး။ အဆုတ်အားနည်းနေတဲ့အချိန် Gym ကလည်း ချက်ချင်းကစားပြီး ရေသောက်ချလိုက်တော့ ရေက လမ်းကြောင်းမှားပြီး အဆုတ်ထဲကို ဝင်သွားတာ။ အဲမှာ အမော ဆို့သလိုဖြစ်ပြီး လဲကျသွားတာပါ။ အဆုတ်က မလှုပ်ရှားနိုင်တော့ဘဲ နောက်ကျောနံရံမှာ သွားကပ်နေတာလေ။ သမီးကို ဘာကြောင့်ဖြစ်တယ်ဆိုတာသိချင်လို့လည်း ရင်ခွဲခိုင်းလိုက်တာပါလို့ သေဆုံးသူ အလှမယ် ပိုးစန္ဒာခင်ရဲ့ မိခင်ဖြစ်သူက ဧရာဝတီကို ပြောပြပါတယ်။

အသက် ၂၄ နှစ်အရွယ် အလှမယ် ပိုးစန္ဒာခင်ဟာ Miss Myanmar World 2016 ပြိုင်ပွဲတွင် နောက်ဆုံး စကာတင် ၅ ယောက်ထဲအထိ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အလှမယ် ပိုးစန္ဒာခင် သေဆုံးမှုမှာ ပိန်ဆေးသောက်သုံးခဲ့ခြင်းနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်း တချို့ ကြီးထွားချင်တာကြောင့် တခြား ဘာဆေးညာဆေး သောက်သုံးခဲ့ခြင်းတွေနဲ့ သက်ဆိုင်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့တာပါ။

ဒီလို ကောလာဟလ ထွက်ပေါ်တာတွေနဲ့ ပတ်သက်လို့ ပိုးစန္ဒာခင်ရဲ့ မိခင်က သမီးက ပိန်ဆေးမသောက်ပါဘူး။ သူက ခန္ဓာကိုယ်ဝတဲ့အထဲမှမပါတာ။ အသားအရေကျစ်ချင်တာတော့ရှိတယ်။ အဲ့ဒီအတွက် Gym ကစားတယ်။ တချို့က ပြောကြတယ် သူက ကိုယ်လုံးကြီးချင်လို့ ဆေးတွေသောက်လို့ ဒီလိုဖြစ်တယ်ဆိုပြီး မဟုတ်ပါဘူး။ သူကိုယ်လုံးက ပိန်စရာလည်း မလိုသလို ဝစရာလည်းမလိုပါဘူး။အတော်ပါပဲ။ အားကစားလုပ်တယ်ဆိုတာ သူ့ကျန်းမာရေးအတွက် လုပ်ဖြစ်တာပါ။ ဒီလိုဖြစ်သွားတော့လည်း သူရဲ့ ကံပါပဲ။ အဲ့ဒီ မနက်က အိမ်ကထွက်သွားတော့ သူကို ကြက်ဥနှစ်လုံးတောင် ကြော်ကျွေးလိုက်သေးတယ်။ နွားနို့လေး သောက်သွားတယ်လို့ ဆိုပါတယ်။

တခါတခါ သိုက်စာ ဘာသာပြန်ရသလိုပဲ။ မော်ဒယ်တယောက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေရင်း ရုတ်တရက် အသက်ဆုံးပါးတဲ့သတင်းကို မေးတယ်။ မိသားစုထဲကပြောတာနဲ့ ဆရာဝန်တဦးပြောတာကိုခြုံပြီး အရပ်ပြောက အဆုပ်ကပ်တာတဲ့။ ကျွန်တော်တော့ အဲဒီရောဂါကို မသိပါ။ နီးစပ်တာလည်း စဉ်းစားရခက်လှတယ်။ တယောက်က ထောက်ပြတာက ပိန်ဆေး။ ပိန်ဆေးကလည်း အမျိုးမျိုးရှိလို့ မရေရာတာမို့ မထည့်တော့ပါ။ အားကစားဆေးပညာမှာ ပါတာပဲရေးပါ့မယ်။

ကိုယ်အလေးချိန်ချချင်လို့ အစာအာဟာရအဓမ္မထိန်းသူတွေရှိတယ်။ (ကာဗွန်ဟိုက်ဒရိတ်) ကိုနည်းစေပြီး (ပရိုတင်း + အဆီဓါတ်) သာစားပြီး ကိုယ်အလေးချိန်ချနည်း ၁၉၆ဝ ကျော်ကတည်းက ခေတ်စားတယ်။ ဂလူးကို့စ်နည်းတဲ့အတွက် ဆက်ဖြစ်တာတွေ ရှိလာတယ်။ ဘာတွေဖြစ်ဆိုတာ ဆရာဝန်မဟုတ်သူတွေ ခေါင်းပဲရှုတ်မှာမို့ မရေးတော့ပါ။

ဆေးသုတေသနတခုမှာ သေဆုံးသွားသူလူ (၁၇) ယောက်ကိုလေ့လာခဲ့တယ်။ Ventricular arrhythmia ခေါ်တဲ့ နှလုံး အောက်ခန်းနဲ့ဆိုင်တဲ့ နှလုံးခုန်မမှန်လို့သေဆုံးကြရတာကို တွေ့ပါတယ်။ လူတွေကဝလို့ ပိန်ချင်ကြတယ်။ (၅) လကြာ အလတ်စား အစားအသောက်ထိန်းမှုလုပ်ခဲ့ကြတယ်။ ကာဗွန်ဟိုက်ဒရိတ် ခေါ် ကဇီ (သကြားဓါတ်) မစားပဲ (ပရိုတင်း) သာ အဓိကစားကြတယ်။ ပိုတက်ဆီယမ်ဆေးတော့သောက်တယ်။ တနေ့မှာ ကယ်လိုရီ (၃ဝဝ) ကနေ (၄ဝဝ) သာရတဲ့ အစားအသောက်သာစားတယ်။ အဲလိုနှလုံးမှာဖြစ်လာတာမျိုးဟာ အာဟာရချို့တဲ့သူတွေမှာ ဖြစ်တာမျိုးအတိုင်းဖြစ်တယ်။
၂ဝဝ၇ နိုဝင်္ဘာမှာထုတ်တဲ့ အားကစားဆေးပညာဂျာနယ်မှာ မာရသွန်ချံပီယံဟောင်း Alberto Salazar (အယ်လ်ဘတ်တို ဆလာဇာ) လေ့ကျင့်နေရင်း သေဆုံးသွားတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကနေ နှလုံးအတက်ရတာလို့ သေဆုံးရခြင်း အကြောင်းရှာရတယ်။ အသက် ၂၂ ရှိ စပိန်ဘောလုံးသမား Antonio Puerta (အန်တိုနီယို ပူထရာ) ကတော့ ဘောလုံးကစားနေရင်း သေဆုံးသွားတယ်။ အသက် ၃၅ နှစ်ရှိတဲ့ Chad Schieber (ချတ် ရှီဘား) ဟာ (ချီကာကို) မာရသွန်ပွဲမှာ သေဆုံးရတယ်။ အပူလွန်ကဲတာနဲ့ ရေ + ဓါတ်ဆာားနည်းလို့မဟုတ်ပဲ Mitral Valve Prolapse နှလုံးအဆို့ရှင်ရောဂါကြောင့်သေရတာဖြစ်တယ်။

ရုတ်တရက်နှလုံးရပ်သွားခြင်းဟာ အားကစားလုပ်သူ လူ ၂ သိန်းမှာ ၁ ယောက် ဒါမှမဟုတ် ၁ သန်းမှာ ၁ ယောက်သာ ရှိတယ်။ အသက်ကြီးအားကစားသမားတွေဆိုရင် နှလုံးသွား သွေးကြောရောဂါကိုစဉ်းစားရမယ်။ အပြေးသမား ၁ သောင်း ၆ ယောင်မှာ ၁ ယောက်တွေ့ရတယ်။ အသက်မကြီးတဲ့ အားကစားသမားတွေဆိုရင် စဉ်းစားစရာတွေပိုများတယ်။ Hypertrophic Cardiomyopathy နဲ့ Coronary Artery abnormalities ဆိုတဲ့ နှလုံးရောဂါတွေလည်း ပါမယ်။ အားကစားသမားတွေမှာ ရောဂါအခံရှိနေတာ ၁ သောင်းမှာ ၁ ယောက်နှုန်းကနေ ၂ သိန်းမှာ ၁ ယောက်နှုန်းရှိတယ်။

၂၈-၁၂-၂ဝ၁၂ နေ့ထုတ် ကနေဒါဆေးပညာဂျာနယ်မှာ လေ့ကျင့်ခန်းလုပ်ရင် သေဆုံးတာအတွက် နှလုံးရောဂါကို အပြစ်မဖို့ပါနဲ့လို့ ဆိုပါတယ်။ ကနေဒါမှာ တနှစ်မှာ လူပေါင်း ၄ သောင်းဟာ cardiac arrest နဲ့သေဆုံးကြရတယ်။ ၄ ယောက်မှာ ၃ ယောက်က အသက် ၁၈ နှစ်ကနေ ၄ဝ အတွင်းကဖြစ်ကြတယ်။ ၇၂% ဟာ အိမ်မှာသာသေဆုံးတယ်။ ၉% သာ လေ့ကျင့်ခန်းလုပ်နေရင်းသေဆုံးတယ်။

၁၉၉၈ ခုနှစ်က အမေရိကန်မိသားစုဆရာဝန်များအသင်းကနေပြောတာရှိတယ်။ အားကစားသမားတွေ အားကစားနေရင်း သေဆုံးရတာဟာ မွေးရာပါနှလုံးသွေးကြောရောဂါက အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ရုပ်ပိုင်းထိခိုက်ဒဏ်ရာမပါတဲ့ စာရင်းအရပြောတာဖြစ်ပါတယ်။

၁၉၉၅ သြဂုတ်လ (၁ဝ) ရက်နေ့ထုတ် နယူးအင်္ဂလန် ဆေးပညာဂျာနယ်မှာ အားကစားလုပ်နေရင်း သေဆုံးရတာဟာ ဘယ်လိုကဘယ်လို ရောဂါဗေဒဆိုင်ရာ အပြောင်းအလဲတွေ ရုတ်တရက်ဖြစ်သလည်းဆိုတာ နည်းနည်ပဲသိပါတယ်တဲ့။ မွေးရာပါနှလုံးသွေးကြောရောဂါတွေထဲမှာ နှလုံးကြွက်သားကြီးနေခြင်းက ၅ဝ% ရှိတယ်။ ခေါ်တဲ့ နှလုံးညာဖက်အောက်ခန်း နှလုံးခုန်မမှန်ခြင်းက ၂ဝ% ရှိတယ်။ အသက် (၃၅) နှစ်အောက်တွေ များတယ်။ အကြောင်းမသိ ဘယ်ဘက်နှလုံး အောက်ခန်းကြီးခြင်း၊ နှလုံးသွေးကြောမူမမှန်ခြင်း၊ ငယ်ငယ်နဲ့ နှလုံးသွေးကြောကျဉ်းခြင်း စတာတွေလည်းရှိတယ်။
အားကစားလိုက်စားသူများ ကျန်းမာကြပါစေ။ အားကစားလုပ်နေရင်း ရုတ်ရက်သေဆုံးတာမှာ အဆုပ်နဲ့ဆိုင်တာ ခုထိတော့ မတွေ့သေးပါ။ မော်ဒယ်သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို မသိပါ။ ဆောရီး။ အားကစားလိုက်စားသူများ ကျန်းမာကြပါစေ။
ဧရာဝတီသတင်းဆောင်းပါး

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ