White discharge (2) အဖြူဆင်းခြင်း (၂)


မင်္ဂလာပါဆရာ။ သမီးအသက်က ၃၂ ထဲမှာပါ။ အိမ်ထောင်ကျတာ မကြာသေးပါဘူးရှင်။ အမျိုးသားနဲ့ အတူနေပြီးရင် အဖြူဆင်းပြီးဆီးမကြာခဏအောင့်ပါတယ်ရှင်။ သမီးအခုဖြစ်နေတဲ့ရောဂါအကြောင်းလေး သိချင်လို့ပါရှင်။ အဖြူက ဒိန်ချဉ်ဖတ်လိုဆင်းပါတယ်ဆရာ။ သာမန်ဆီးအောင့်တာထင်ပြီး အထွေထွေရောဂါကုဆရာဝန်နဲ့ပြတာ ဆေးသောက်တဲ့ အချိန်သက်သာပြီး နောက်ပြန်ဖြစ်ပါတယ်ဆရာ။ ကျေးဇူးပြု၍ သမီးရဲမေးခွန်းလေးတွေဖြေပေးပါရှင်။

မွေးလမ်းကြောင်း ဗဂျိုင်းနားကနေ အဖြူဆင်းတာ အများအားဖြင့် ပုံမှန်ပါ။ အနည်းနဲ့အများ၊ သတိမထားရင်တောင်မှ ရှိနေတတ်တယ်။ သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ ဂလင်း ခေါ် အိတ်လေးတွေရှိလို့ ဖြစ်တယ်။ အဟောင်းတွေပျက်စီး အသစ်တွေဖြစ်နေတဲ့ အနိစ္စသဘောပါဘဲ။ အဖြူဆင်းတိုင်းတော့ လိင်ကတဆင့်ကူးစက်တယ်လို့ % ပြည့်ပြောမရပါ။

ပုံမှန်ဆင်းတာမျိုးက ကြည်တယ်၊ မကြည်ရင် နို့လိုနေတယ်၊ စိုးရိမ်စရာမရှိပါ။ အနံ့မရှိဘူး။ အရောင်နဲ့ အပျစ်အချွဲကတော့ ပြောင်းလဲနေတယ်။ ရာသီနဲ့ တွက်တဲ့လအစမှာ ပျစ်ပြီး၊ ဖြူတယ်။ လအလယ်လောက်ဆိုရင် အဆ ၃ဝ များလာတယ်။ နောက်ပြီး၊ ချွဲမယ်။ ပိုပြီးကျဲတယ်၊ ဆန့်ကြုံ့နိုင်စွမ်း ပိုဖြစ်တယ်။ ရာသီ မဆင်းခင်လေး ဆင်းတတ်တာက ပိုပျစ်တယ်။ ရာသီအပြီးမှာ ညိုမယ်။ မျိုးဥထွက်ချိန် လယ်ရက်မှာ သွေးစက်မျိုးပါ အတွင်းခံကို လာစွန်းနေတတ်သေးတယ်။ ဒါလည်း ရောဂါပိုးဝင်တာ မဟုတ်ပါ။

လေ့ကျင့်ခန်းလုပ်ပြီးချိန်မျိုးမှာလဲ ရေသာသာ ခပ်ကြည်ကြည်ဆင်းတာ ပုံမှန်ပါ။ ကလေး နို့တိုက်နေချိန်တို့ လိင်စိတ် ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုလာတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆင်းတာက ခပ်ကျဲကျဲ၊ ခပ်ဖြူဖြူ၊ အနံ့နည်းနည်းရှိတယ်။ ဆီးချိုရှိရင်၊ သန္ဓေတားဆေးစားနေရင်၊ ပဋိဇီဝဆေးတချို့သောက်နေရင်၊ သွေးအားနည်းရင်၊ နာတာရှည်ရောဂါရှိနေရင် ပိုတတ်တယ်။

ရာသီလာနေချိန်မှာ အဖြူဆင်းတာက ရာသီလာနေချိန်မှာဆိုရင် ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေးလုပ်ရင် ဆပ်ပြာက အယ်လ်ကာလီဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေးအခြေအနေကို ဖန်းဂတ် မှိုတွေက ကြိုက်တယ်။

မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေးနည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင်မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ ဗဂျိုင်းနားပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။

ရောဂါမဟုတ်ဘဲ ဆင်းတာက တနေ့မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာလောက်သာရှိမယ်။ ဗက်တီးရီးယားတွေ ပါနေပေမဲ့ ဒုက္ခမပေးပါ။ ဆေးကုဘို့ မလိုပါ။ နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။ ဆေးကြောရင် လက်ကို ရှေ့ကနေ နောက်ဆီကိုသာလုပ်ပါ။ အတွင်းခံ သန့်နေပါစေ။ ချည်ထည်ကိုသာ သုံးပါ။ ဖြန်းဆေးတွေ မသုံးပါနှင့်။ ရေမွှေး၊ ဆပ်ပြာအပြင်းစား မသုံးပါနဲ့။
ပူစပ်မယ်၊ အဝါရောင်ဖြစ်မယ်၊ ခပ်စိမ်းစိမ်း ဖြစ်မယ်၊ ခပ်ပျစ်ပျစ် ဖြစ်မယ်၊ ယားမယ်၊ ဆီးစပ်နေရာ နာမယ်ဆိုရင်တော့ ဆေးကုရပါလိမ့်မယ်။ ရောဂါပိုးတွေကလဲ အမျိုးမျိုးပါ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါးနဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဝင်တဲ့ ပိုးအမျိုးအစားအလိုက် ဆင်းတာတွေ မတူဘူး။ အပျိုဆိုလည်း ဆေးကုရမှာမျိုး ဖြစ်တတ်တယ်။ နည်းပါတယ်။ ကျား-မ အတူနေသူများ လိင်ကတဆင့် ကူးစက်ရောဂါ တခုခုဖြစ်လို့ အဖြူဆင်းရင် နှစ်ယောက်လုံးကို တပြိုက်နက် ဆေးကုရပါမယ်။

၁။ Yeast infection (Candidiasis) (Monilia, Thrush) ရိစ်ပိုးဝင်ခြင်း
အဖြူရောင် ပျစ်တဲ့ ချိစ်လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ ဒါမှမဟုတ်
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ ဒါမှမဟုတ်
• Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ ဒါမှမဟုတ်
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၂။ Bacterial Vaginosis (Hemophilus, Gardnerella)
ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ခြင်း ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲအဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ်ရောင်တာ၊ သားအိမ်ရောင်တာဖြစ်စေမယ်။ ၃ ပုံ ၁ ပုံလောက်က ဆေးမလိုဘဲပျောက်နိုင်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဒါမှမဟုတ် Metronidazole 500 mg တနေ့ ၂-၃ ကြိမ်၊ ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ စားဆေးနဲ့အတူ Metronidazole vaginal gel (Metrogel) မွေးလမ်းကြောင်းထဲထည့်ဆေး၊ ဒါမှမဟုတ် Clindamycin cream 2% မွေးလမ်းကြောင်းထဲထည့်ဆေး၊ ညအချိန်၊ ၆-၇ ရက်ထည့်ပါ။ ဒါမှမဟုတ် Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

၃။ Chlamydial infection ကဲလ်မီဒီးယား မွေးလမ်းကြောင်းရောင်ခြင်း
လိင်ကတဆင့် ကူးစက်ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုပ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာမပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက်များသူတွေမှာ ဖြစ်တယ်။
• Azithromycin 1 Gm သောက်ပါ။ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ်
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ ဒါမှမဟုတ်
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin = 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၎။ Gonorrhea ဂနိုးရီးယား
ဒုတိယအများဆုံး လိင်ကတဆင့် ကူးစက်ရောဂါဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ်ဘေးကအင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 125 mg IM ထိုးပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg သောက်ပါ။ ဒါမှမဟုတ်
• Ofloxacin 400 mg + Azithromycin 1 g ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်တွဲပါ။

၅။ Trichomoniasis ထွိုင်ကိုမိုးနပ်စ် မွေးလမ်းကြောင်းရောင်ခြင်း အနေအထိုင်ခက်ပြီး၊ အဖြူ (အမြှုတ်) ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်း၊ ယားတယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါအရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ လိင်ကတဆင့် ကူးစက်တယ်။
• Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။
• Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။
• Clotrimazole (Gyne-Lotrimin, Mycelex-7) မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ