Pap smear သားအိမ်ဝကင်ဆာ စမ်းသပ်နည်း


၁။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မ အသက် ၃၁ နှစ်။ ကလေး ၂ ယောက်ရှိပါတယ်။ OG နဲ့သားအိမ်ခေါင်းကင်ဆာ စစ်ပါတယ်။ အဖြေစာရွက်ကို အောက်မှာပေးပို့ထားပါတယ်ရှင့်။ OG က ဆေးစစ်ချက်အဖြေက မကောင်းလို့ သားအိမ်ထုတ်ဖို့ ပြောပါတယ်။ ဆရာ့ဆီက အကြံပေးတာလေးလည်းလိုချင်ပါတယ်ရှင့်။ ဆေးစစ်ချက်အဖြေက ဘာဖြစ်တာလဲ။ အရမ်းစိုးရိမ်ရပါသလားရှင့်။ သားအိမ်ထုတ်သင့်ပါသလားရှင့်။ကျေးဇူးပြုပြီး ဖြေကြားပေးပါဦးရှင့်။ ဆရာနဲ့ဆရာ့မိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနေထိုင်နိုင်ပါစေလို့ အဝေးကနေမေတ္တာပို့သပါတယ်ရှင့်။

Remarks စာကြောင်း ဖတ်မရသေး။

Remarks: Mild inflammatory smear, Pap grade 2 with foci of ASCUS ဆရာဖတ်မရသေးဘူးဆိုလို့ ရေးပြီးပို့လိုက်တာပါရှင့်။

၂။ ဆရာ ကျွန်မသားအိမ်ခေါင်းရောဂါသွားစစ်ချင်လို့ပါ။ အသက်က ၃၁ နှစ် ရန်ကုန်ကပါဆရာ။ တနှစ်ခွဲသမီးလေး တယောက်ရှိပါတယ်။ ဘာမှဖြစ်လို့တော့မဟုတ်ပါဘူး ဒီတိုင်းစစ်ထားချင်လို့ပါဆရာ။ အဲ့ဒါသားအိမ်ခေါင်းစစ်ဖို့ ဆောင်ရန် ရှောင်ရန်ရှိပါလားဆရာ။ ဥပမာ အမျိုးသားနဲ့ ဘယ်နှစ်ရက်မနေထားရဘူးတို့ ။ဓမ္မတာရက်နဲ့ ဘယ်နှစ်ရက်ကွာရမယ်တို့ ရှိပါလားဆရာ။ အဲ့ဒါလေးသိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတင်ပါတယ်ဆရာ။

၃။ ဆရာရှင့် ကျမ အသက် ၂၆ နှစ် အပျိုပါ။ သားအိမ်ခေါင်းကင်ဆာရှိမရှိကို ဘယ်လိုစမ်းသပ်တာပါလဲရှင်။ အများစု ပြောကြတာ စစ်ရင်အရမ်းနာကျင်တယ်လို့ပြောကြပါတယ်။ ကာကွယ်ဆေးက အကြိမ်အရေအတွက် ဘယ်လောက် ထိုးရတာလဲရှင်။ ကျမလည်းစစ်ပြီးဆေးထိုးရမှာကို ကြောက်နေမိပါတယ်။

၎။ ကျမအသက် ၂၉၊ ကလေး ၂ နှစ်ခွဲမိခင်ပါ။ Pap smear က ၂ဝ၁၂ ကစစ်ထားတာ ၃ နှစ်ကျော်လို့ထပ်စစ်ရင်းက သားအိမ်ခေါင်းရောင်တာတွေ့တာပါ။ OG ကအောင့်တာတွေမရှိရင် ဆေးမသောက်နဲ့ နောက် ၃ နှစ်ကြာမှပြန်စစ်လို့ ပြောပါတယ်။ Pap smear ဘယ်နှစ်လနေရင် ပြန်စစ်သင့်ပါသလဲရှင့်။

Pap smear (ပက်-စမီးယား) ဆိုတာ သားအိမ်ဝ (ခေါင်း) ကင်ဆာစမ်းသပ်နည်းဖြစ်တယ်။ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခုဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ သားအိမ်ဝမှာ မူမမှန်တဲ့ (ဆဲလ်) တွေ ဖြစ်နေ-မနေ သိအောင်လုပ်တယ်။ Pap test လို့လည်းခေါ်တယ်။ ၁၉၂၈ ကတည်းကစပေါ်တယ်။

မြန်မာပြည်မှာ အမျိုးသမီး ၁ဝဝဝ ကို Pap smear လုပ်ပြီး၊ စစ်တမ်းကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အဝ ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇ဝ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။ နောက်မှာလည်း သုတေသနရှိမှာပါ မတွေ့မိသေးပါ။

အဖြေကို တပါတ်စောင့်ရတယ်။ အဖြေက မကောင်းဘူးထွက်ပေမယ့် သားအိမ်ဝကင်ဆာလို့တန်းမပြောနိုင်သေးပါ။ ပိုးဝင်နေတာ၊ ကိုယ်ဝန်တား သားအိမ်ဝအဖုံး (ဒိုင်ယာဖရန်) သုံးထားတာ၊ ရာသီဖြစ်စဉ်အပြောင်းအလဲတချို့တွေကနေ အဖြေမူမမှန်တာတွေ့နိုင်တယ်။ နမူနာယူတုံးက လုံလောက်အောင် ဆဲလ်အရေအတွက်ပါမလာရင် ပြန်စစ်ရတယ်။ သွေးဆုံးအမျိုးသမီးတွေလို (အီစထိုးဂျင်) ဟော်မုန်းနည်းနေရင် ဟော်မုန်းဆေးပေးပြီး ထပ်စစ်ရနိုင်တယ်။

Cervical Cancer New Guidelines သားအိမ်အဝကင်ဆာဆေးစစ်ခြင်း အသစ်ပြဋ္ဌာန်းချက်
• အသက် ၂ဝ ကျော်စ မိန်းကလေးတွေမှာ HPV infections ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမဲ့ ဆေးမကုဘဲလဲ ပျောက်သွားနိုင်ကြတယ်။
•အသက် ၂၁ နှစ်ထေက်ငယ်သူတွေက စစ်ဆေးဘို့မလိုပါ။ အရင် USPSTF guidelines လမ်းညွှန်ချက်အရ အမျိုးသမီးတိုင်း အသက် ၂၁ နှစ်ရောက်ရင် ဒါမှမဟုတ် လိင်မှုကိစ္စ တက်ကြွလာတဲ့အသက်နောက် ၃ နှစ်အတွင်း (ဘယ်ရက်ကစောစော) သားအိမ်ကင်ဆာအတွက် ဆေးစစ်ဘို့ ဖြစ်တယ်။
• တကယ်လို့ Pap test တခုထဲသာ အားကိုးသူဆိုရင်တော့ ၂ဝဝ၃ ကတည်းကပြဋ္ဌာန်းထားခဲ့သလိုဘဲ၊ ၃ နှစ်တခါ စစ်ရပါမယ်။
• အသက် ၆၅ နှစ်ကျော်ရင် နောက်ဆုံး စမ်းတုံးက Pap tests ၃ ခါဆက်တိုက်၊ HPV tests ၂ ခါဆက်တိုက် အနုတ်ပြတယ်ဆိုရင် နောက်ထပ် ၁ဝ နှစ်အတွင်းမှာ ဆေးစစ်စရာ မလိုတော့ပါ။
• အမျိုးသမီးကြီးတွေမှာ Advanced precancer ကင်ဆာမဖြစ်ခင်အဆင့်လို့ ဆေး-ရာဇဝင် ရှိထားရင်တော့ အနှစ် ၂ဝ ကြာ ဆေးဆက်စစ်ရပါမယ်။
• တကယ်လို့ သားအိမ်ထုတ်တုံးက သားအိမ်အဝကိုပါ ထုတ်ထားရသူဆိုရင်၊ နောက်ပြီး ဆေးစစ်ချက်တွေကလဲ ရှင်းနေသူဆိုရင်တော့ ဆေးစစ်ဘို့ မလိုတော့ပါ။
• လမ်းညွှန်ချက်ထဲမှာ အရင်ကဖြစ်ဘူးရင်၊ ဒါမှမဟုတ် Diethylstilbestrol (DES) (အီစထိုးဂျင်) ဆေး ရဘူးထားရင်၊ ဒါမှမဟုတ် HIV ခုခံအားကျနေသူဖြစ်ရင် ဆေးစစ်တာ ပိုနီးကပ်ရပါမယ်။

တချို့အတွက် Colposcopy မွေးလမ်းကြောင်းထည့်ကြည့်ကိရိယာနဲ့စစ်ဆေးတာလိုနိုင်တယ်။ ဆရာဝန်က မှန်ဘီလူးသုံးပြီး ကြည့်မယ်။ ဆက်စစ်ဆေးဖို့လိုသူဆီက Biopsies အသားစထုတ်ယူမယ်။ Precancerous abnormal cells ကင်ဆာမဖြစ်ခင်အဆင့် တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။ စမ်းလို့ မကောင်းတာတွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ်စမ်းလို့ သေချာမှ ကင်ဆာခေါ်တယ်။

Pap tests ပုံမှန်မဟုတ်တဲ့အမျိုးသမီး၊ HIV positive ရှိနေတဲ့အမျိုးသမီး၊ ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်ထားတဲ့ အမျိုးသမီး၊ စတီရွိုက်ဆေးတာရှည်သောက်နေတဲ့အမျိုးသမီး၊ diethylstilbestrol (DES) နဲ့တွေ့ဘူးတဲ့အမျိုးသမီးတွေက စစ်ဆေးတာ ပိုလိုကြတယ်။

Pap smear မှားတတ်သောအမှားများ
1. Pap Smear ပုံမှန်စမ်းစရာမလိုဘူးလို့ထင်မှတ်ခြင်း။
2. Pap Smear မလုပ်မီ ၂၄-၄၈ နာရီအတွင်း အတူနေခြင်း၊ ဗဂျိုင်းနားကိုဆေးရည်နဲ့ဆေးခြင်း၊
3. Pap Smear စမ်းသပ်ရက်ကို ရာသီရက်မှာပေးမိခြင်း။
4. Pap Results အဖြေပြန်တောင်းရမှန်းမသိခြင်း။
5. Previous Abnormal Pap Smears အရင်စစ်တုံးက မူမမှန်အဖြေရှိခဲ့တာကို ဆရာဝန်ကိုမပြောမိခြင်း။
6. Abnormal Pap Smear Results မူမမှန်အဖြေရပြီး ဆက်လုပ်စရာကိုမလုပ်ခြင်း။

သားအိမ်ဝကင်ဆာရှိနေသူဆိုရင် မွေးလမ်းကနေ ပုံမှန်မဟုတ်တဲ့ (ကြားရက်မှာ) သွေးဆင်းနိုင်တယ်။ အတူနေစဉ် သွေးဆင်းနိုင်တယ်။ မွေးလမ်းဆေးကြောရင်းသွေးဆင်းနိုင်တယ်။ တခုခုလည်းဆင်းနိုင်တယ်။ နာတာက လက္ခဏာ မဟုတ်ပါ။ သားအိမ်ဖြစ်ဖြစ် သားအိမ်ဝဖြစ်ဖြစ် ကင်ဆာကြောင့် သားအိမ်တခုလုံးထုတ်ထားပေမယ့် Pap tests စစ်နေဘို့ လိုအပ်တယ်။ သားအိမ်အဝချန်ထားပြီး သားအိမ်ထုတ်ရင်လည်း စစ်နေဘို့လိုအပ်တယ်။

ကိရိယာအနေတော်တခုထည့်ရလို့ အပျိုတွေဆိုရင် နာကျင်မှုရှိနိုင်ပါတယ်။ အချိန်တိုမေ့ဆေးသုံးရင်တော့ မနာပါ။ သားအိမ်ဝကင်ဆာကာကွယ်ဆေးထိုးသူတိုင်း ဒီနည်းကို ဆေးမထိုးခင် စစ်ဆေးနေစရာမလိုပါ။ မြန်မာပြည်မှာ အသက် ၂၆ နှစ်ကျော်သူတွေပါထိုးနေကြတယ်လို့ မေးခွန်းတွေကတဆင့်သိရပါတယ်။ သူများတိုင်းပြည်တွေမှာတော့ ၂၆ နှစ်ကျော်ရင် မထိုးပါ။ ဆေးစစ်မသွားမီ ဗဂျိုင်းနားလမ်းကနေ အတူနေတာ၊ ဆေးထည့်တာ (၂) ရက်ရှောင်ထားသင့်တယ်။ ဆေးစစ်မယ့်ရက်ဟာ ရာသီလာနေချိန်မဟုတ်သင့်ပါ။

Pap Smear Test အဖြေဖတ်ခြင်း
Normal = ပုံမှန်။
Inconclusive (ASC-US) = ပုံမှန်မဟုတ်သော ဆဲလ်မှာတွေ့ရှိ။ ဘာလဲ သေချာ မပြောနိုင်သေး။ ၇၅% မှာ ရောဂါလို့လည်း ပြောမဖြစ်။
Abnormal = ပုံမှန်မဟုတ်။ အများစုက ကင်ဆာမဟုတ်။ နောင်တချိန်တော့ ပြောမရ။
Low-grade SIL (LSIL) or CIN1 ကင်ဆာမဟုတ်။ အလိုလိုပျောက်သွားနိုင်။ စာတပုဒ်ရေးထား။
High-grade SIL (HSIL), CIN2 or CIN3 နေရာမှာသာကွက်ဖြစ်နေတဲ့ သားအိမ်ဝကင်ဆာ။


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ