မြန်မာပြည်နဲ့အသည်းရောင်အသားဝါ(စီ)ပိုး


၂ဝ၁၇ ခုနှစ် စာရင်းဇယားများအရ ကမ္ဘာပေါ်တွင် အသည်းရောင်(ဘီ)ပိုး ကူးစက်ခံထားရ သူဦးရေ ၂၅၇ သန်းခန့်ရှိပြီး အသည်းရောင် ရောဂါ(စီ) ပိုးကူး စက်ခံထားရသူဦးရေ ၇၁ သန်းခန့်ရှိကြောင်း၊ ရောဂါကူး စက်ခံထားရသူများအနက်လူ၂၀တွင် တစ်ဦးမှာ မိမိတွင် ရော ဂါရှိမှန်းသိကြပြီး ၄င်းတို့အနက်မှ ၁ ဒသမ ၄၅ သန်းခန့်ဟာ နောက်ဆက်တွဲဆိုးကျိုးများဖြစ်တဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာဖြစ်ပွား၍ သေဆုံးလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လာမည့် ၂ဝ၃ဝ ပြည့်နှစ်မှာ အသည်းရောင်အသားဝါ(စီ) ပိုးရောဂါကို ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ်မှဖယ်ရှားရန်သတင်းထုတ်ပြန်ထားပါ တယ်။

မြန်မာပြည်နဲ့ အသည်းရောင်အသားဝါ(စီ)ပိုး
စီပိုးရောဂါဖြစ်ပွားမှုများပြားသော အရှေ့တောင်အာရှနိုင်ငံများမှာ မြန်မာနိုင်ငံပါဝင်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆေးသုတေသနဦးစီးဌာန(အောက်မြန်မာပြည်)နဲ့ အသည်းဖောင်ဒေးရှင်းတို့ပူးပေါင်းကာ ၂ဝ၁၅ ခုနှစ် မေလ မှအောက်တိုဘာလအထိ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိ ၁၈ မြို့နယ်မှ လူဦးရေ၅ဝဝဝ ကျော်ကို ကောက်ယူထားသောစာရင်းများအရ ဘီပိုးဖြစ်ပွားနှုန်းဟာ ၆ ဒသမ ၅ရာခိုင်နှုန်းနဲ့ စီပိုးဖြစ်ပွားနှုန်းဟာ ၂ ဒသမ ၆ရာခိုင်နှုန်းရှိနေကြောင်း သိရပါ တယ်။ဒါကြောင့် နိုင်ငံတော်က အမျိုးသားအသည်း ရောင်ရောဂါတိုက်ဖျက်ရေးမဟာဗျူဟာစီမံကိန်း ၂ဝ၁၆-၂ဝ၁၇ ကို ရေးဆွဲအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိပါတယ်။

အသည်းဆိုသည်မှာ
အသည်းဟာ ခန္ဓာကိုယ်တွင် အရေပြားပြီးလျှင် ဒုတိယအကြီးမားဆုံးသောကိုယ်ခန္ဓာ အစိတ်အပိုင်းဖြစ်ပါတယ်။အရွယ်ရောက်ပြီးသူတစ်ဦး၏အသည်းဟာ ၁ ဒသမ ၄ ကီလိုဂရမ်လေး၍ လုပ်ငန်းဆောင်တာ ၅ဝဝ ခန့်အတွက် တာဝန်ယူထားရ တာကြောင့်အသည်းဟာအလုပ်အများ ဆုံး ကလီစာအစိတ်အပိုင်းဖြစ်တယ်။ဦးဆုံးအနေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကနေ စားသမျှ ဆေးဖြစ်စေ၊ အစာဖြစ်စေ အသည်းကိုဖြတ်သန်းပြီး စစ်ဆေးခံကြရပါတယ်။ အသည်းက ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမယ့် ဟာတွေကိုဖျက်ဆီးပစ်ပြီး အသုံးပြုလို့ရတဲ့အရာတွေကို ခန္ဓာ ကိုယ်နဲ့ကိုက်ညီအောင် တည်ဆောက်ပေးပါတယ်။ အချို့ဆေးတွေဆိုရင် သောက်ခါစ မှာအစွမ်းမရှိပေမယ့် အသည်းထဲရောက်ပြီးမှ အစွမ်းရှိအောင် လုပ်ပေးနိုင်ပါတယ်။
ဘီပိုးနှင့်စီပိုး ကွာခြားချက်။
အသည်းရောင်ရောဂါ(ဘီ)ပိုးဟာ စတင်ကူးစက်သောအသက်အရွယ်ကိုလိုက်၍ နာတာရှည်ရောဂါဖြစ်နှုန်းကွာခြားပါတယ်။အကယ်၍ လူကြီးအရွယ်မှာ ဘီပိုးစဖြစ်လျှင်၁ဝ ရာခိုင်နှုန်းသာ နာတာရှည်ဖြစ်၍ ကျန်၉ဝ ရာခိုင်နှုန်းမှာ သူ့အလိုလိုပျောက်ကင်းသွား ပါတယ်။ကလေးဘဝမှာ စတင်ဖြစ်ပွားပါက ပိုးဝင်သူ၏ပျမ်းမျှ သုံးပုံတစ်ပုံခန့်မှာနာတာရှည်ဖြစ်၍ ကျန်သုံးပုံနှစ်ပုံမှာ အလိုလိုပျောက်ကင်းနိုင်ပါတယ်။ မွေးကင်းစအရွယ်မှာ ရောဂါကူးစက်ခံရပါက ၉ဝ ရာခိုင်နှုန်းမှာနာတာရှည်ဖြစ်ပြီး ၁ဝ ရာခိုင်နှုန်းခန့်သာ သူ့အလိုလို ပျောက်ကင်းနိုင်ပါတော့တယ်။အကြောင်းရင်းကတော့ ကလေးငယ်များ၏ကိုယ်ခံစွမ်းအား ကောင်းမွန်စွာမဖွံ့ဖြိုးသေးတာကြောင့်ပါပဲ။ ဘီပိုးရောဂါရှိသော မိခင်နို့ရည်မှတစ်ဆင့် ရင်သွေးငယ်သို့ကူးစက်နိုင်တာကြောင့် ကလေးငယ်အား မွေးကင်းစမှ အသက်တစ်နှစ်အတွင်း ကာကွယ်ဆေးထိုးပေးပါ။စီပိုးဟာ ဘီပိုးထက်နာတာ ရှည်ဖြစ်မှုနှုန်းပိုများပါတယ်။ အသည်းရောင်ရောဂါ(စီ)ပိုးရှိသူ၏ နာတာရှည်ဖြစ်မှုနှုန်းမှာ အ သက် အရွယ်လိုက်၍ကွာခြားမှုမရှိပါဘူး။ အသည်းရောင်စီပိုးရောဂါဖြစ်ပွားပြီးနောက် ၁၅ မှ၂ဝ ရာခိုင်နှုန်းမျှသာ ပျောက်ကင်းနိုင်ပြီးကျန် ၈ဝ မှ ၈၅ ရာခိုင်နှုန်းသောသူများမှာနာတာရှည် အသည်းရောင်ရောဂါဖြစ်ပွားလေ့ရှိပါတယ်။ယနေ့ချိန်အထိ စီပိုးတွင် ဘီပိုးကဲ့သို့ ကာကွယ်ဆေးထိထိရောက်ရောက် မရှိသေးပါဘူး။သို့သော် ကံကောင်းသည့် အချက်မှာ စီရောဂါပိုးဟာ ဘီ ရောဂါပိုးလောက်ကူးစက်နှုန်း မများကြသေးပါဘူး။ သတိပြုရန်မှာ အသည်းရောင် အသားဝါ (ဘီ) ပိုးကြောင့်ကင်ဆာဖြစ်နိုင်ခြေမှာ ၂၅ ရာခိုင်နှုန်းရှိသော်လည်း စီပိုးကြောင့် ကင်ဆာဖြစ် နိုင်ခြေမှာ၈ဝ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့ပြင် အသက် ၁ဝနှစ်အရွယ်မှာ စီပိုးကူးစက်ခံရသော်လည်းရောဂါလက္ခဏာမပြဘဲ နောင်နှစ်ပေါင်း ၂ဝကြာမှ ရောဂါဖြစ်နိုင်ပါတယ်ဟု မြန်မာနိုင်ငံအ သည်းဖောင် ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဘီပိုးနှင့်စီပိုး ကူးစက်ပုံနည်းလမ်းများ
အထက်မှာဖော်ပြထားခဲ့သလိုပါပဲ။ ယနေ့ကမ္ဘာတစ်ဝန်း အသည်းရောင်အသားဝါ ဘီနှင့်စီ ရော ဂါပိုးကူးစက်ခံရသူဦးရေ တဖြည်းဖြည်းတိုးပွားလာနေတာကြောင့် ထိုရောဂါများနှင့်ပတ်သက်၍ ကူးစက်နိုင်ပုံကို ဗဟုသုတအဖြစ် အမြင်ကျယ်သိထား သင့်ပါပြီ။အရပ်သုံးစကားများဖြစ်ကြတဲ့ အေဘီစီဟုအလွယ်တကူခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်၊အသည်းရောင်အသားဝါဘီ နှင့်စီရောဂါပိုးများဟာ ယေဘုယျအားဖြင့်ကူးစက်ပုံချင်း တော်တော်လေးဆင်တူကြပါတယ်။အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ ပိုးကူးစက်ပုံနည်းလမ်းများကို အောက်ပါအတိုင်းနှိုင်း ယှဉ်ကြည့်ပါ။
(၁)မိသားစုအချင်းချင်း တစ်အိမ်တည်းအတူတူနေလျှင် ဘီပိုးက ကူးစက်နိုင်ဖို့များပြီး စီပိုးက တော့ မကူးစက်နိုင်ပါ။
(၂)ရောဂါပိုးရှိသောသူ၏သွေးနဲ့ထိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါတယ်။
(၃)ရောဂါပိုးရှိသူသုံးထားသောအပ်နဲ့ဆိုလျှင်ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါ တယ်။
(၄)မူးယစ်ဆေးဝါးအကြောဆေးထိုးပြီး အပ်တွေရောသုံးလျှင် ဘီပိုးရော စီပိုးပါ သေချာ ပေါက်ကူး စက်နိုင်ပါတယ်။
(၅)ပိုးရှိသူ၏သွေးသွင်းမိလျှင် ဘီပိုးရောစီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါတယ်။
(၆)ပိုးရှိသူ၏သွားပွတ်တံ၊မုတ်ဆိတ်ရိတ်ဓားသုံးမိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူး စက် နိုင်ပါတယ်။
(၇)ပိုးမသန့်စင်တဲ့ခွဲစိတ်မှုများမှတစ်ဆင့် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက်နိုင်ပါတယ်။
(၈)ကျောက်ကပ်ဆေးတဲ့စက်မှာ ပိုးပါသွားလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက်ကူးစက် နိုင်ပါတယ်။
(၉)နှုတ်ခမ်းချင်းထိမိလျှင် (တံတွေးကတစ်ဆင့်) ဘီပိုးရော စီပိုးပါ ကူးစက်ဖို့ခဲယဉ်းပါတယ်။
(၁ဝ)ပိုးရှိသူနှင့်လိင်ဆက်ဆံလျှင် ဘီပိုးကသေချာပေါက်ကူးစက်နိုင်ပြီး စီပိုးက ကူးစက်ဖို့ခဲ ယဉ်းပါတယ်။
(၁၁)သာမန်လက်ဆွဲနှုတ်ဆက်နမ်းရှုပ်ခြင်းဖြင့် ဘီပိုးရော စီပိုးပါ မကူးစက်နိုင်ပါ။
(၁၂)မိခင်မှကလေးသို့ ဘီပိုးက သေချာပေါက်ကူးစက်နိုင်ပြီး စီပိုးက ကူးစက်ဖို့ခဲယဉ်းပါတယ်။
(၁၃)ချွေးမှတစ်ဆင့် ဘီပိုးကူးစက်နိုင်ဖို့များပြီး စီပိုးက မကူးစက်နိုင်ပါ။
(၁၄) ဥပမာ-နားဖောက်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ လက်သည်းညှပ်၊ သွားနုတ်ခြင်းစသဖြင့် ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊ဖောက်မိလျှင် ဘီပိုးရော စီပိုးပါ သေချာပေါက် ကူးစက်နိုင် ပါတယ်။
(၁၅) ရောဂါပိုးရှိသူ၏အင်္ဂါအစိတ်အပိုင်းနှင့်တစ်သျှူးများ အစားထိုးကုသမိလျှင် ဘီပိုးရော စီပိုး ပါ သေချာပေါက်ကူးစက်နိုင်ပါတယ်။

မှတ်ချက်
(၁)အကယ်၍ မိသားစုဝင်ထဲမှာ တစ်ဦးတစ်ယောက် ဘီ သို့မဟုတ် စီပိုးရှိနေပါက ထိုသူ အတွက် ပန်းကန်ခွက်ယောက်၊ ဇွန်းစတာတွေကိုခွဲ၍ သီးခြားသုံးသင့်ပါတယ်။(ရေနွေးဆူဆူမှာ အချိန်ငါးမိနစ်ကြာအောင်စိမ်၍ ဆေးကြောမှသာ ထိုပိုးတွေသေစေနိုင်မှာပါ)
(၂) တစ်လင်တစ်မယား အိမ်ထောင်ရေးစောင့်ထိန်းသော စုံတွဲများအနေဖြင့် တစ်ဦးဦးတွင် စီပိုးရှိပါက တာရှည်စွာကွန်ဒုံးအသုံးပြုရန်မလိုအပ်ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာ CDC မှ ထုတ်ပြန်ထားပါတယ်။
ဘီပိုး စီပိုး ကူးစက်ခံရသူများ အထူးသတိပြု ရှောင်ကြဉ်ရန်
(၁) ဆေးလိပ်မသောက်ပါနှင့်၊ (၂) အသည်းကိုထိခိုက်စေသော ဆိုးဆေးပါတဲ့အစား အသောက်များ၊ မှိုတက်သောအစားအစာများ၊ သက်တမ်းလွန်ပဋိဇီဝဆေးဝါးများကိုရှောင်ကြဉ်ပါ၊ (၃) စီရောဂါပိုးရှိသူသည်အရက်သုံးစွဲပါက အသည်းခြောက်နှုန်း ပိုမြန် ဆန်သည့်အတွက် အ ရက်၊ ဘီယာ၊ ဝိုင်၊ထန်းရည် စသည်တို့ကို လုံးဝရှောင်ကြဉ်ပါ၊(၄) သွေးမလှူပါနှင့်၊ (၅) မိမိတွင် ဘီပိုး သို့မဟုတ် စီပိုးရှိနေကြောင်းကို ဆေးကုသမှုခံယူတိုင်း သက်ဆိုင်ရာဆရာဝန်၊ ဆရာမများအား အသိပေးပြောကြားပါ ၊(၆) ဘီပိုး သို့မဟုတ် စီပိုးသယ်ဆောင်လာသူဟာ မိမိ၏မိသားစုမှာသာမက အလုပ်အကိုင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာလည်း အသိစိတ်ဓာတ်ဖြင့်ကိုယ်ပိုင် အသုံးအဆောင် ရေခွက်တို့ကို သီးသန့်ထား၍အသုံးပြုပါ၊(၇)ခန္ဓာကိုယ်ထဲမှာသံဓာတ်များလျှင် အသည်းမှာ အမာရွတ်ပိုထင် လွယ်သဖြင့် သံဓာတ်များစွာပါသော အစားအစာ များဖြစ်ကြ တဲ့ အသည်း၊ အမြစ်၊ကလီစာ၊ သွေးခဲများ၊ အနီရောင် အသားများနှင့် သံဓာတ် အားဖြည့် ပဋိ ဇီဝဆေးများကိုရှောင်ကြဉ်ပါ၊ (၈) ဗီတာမင်စီက သံဓာတ်ကို အူလမ်းကြောင်းမှ စုပ်ယူမှုများ စေ သဖြင့်ဗီတာမင်ဓာတ်များစွာပါသော ရှောက်သီး၊သံပရာသီး၊ ဂရိတ်ဖရုသီး စသည့်အရည်ရွှမ်းသော အသီးများကို အလွန် အကျွံ စားသုံးခြင်းမှရှောင်ကြဉ်ပါ။(၉)ရောဂါပိုးဝင်သူများအဖို့ ဗီတာမင်စီဖြည့်စွက် ပဋိဇီ ဝဆေးဝါးများကို(လုံးဝ)ရှောင်ကြဉ်ပါ သို့မဟုတ် ဆရာဝန်၏ ညွှန်ကြားမှု မလိုအပ်ဘဲနှင့် မမှီဝဲပါနှင့်၊(၁ဝ) အဆီများသောအသားများ၊ ခရု၊ကဏန်းကဲ့သို့ အခွံမာသော ရေသတ္တဝါများ၊ပင်လယ်စာများကိုရှောင်ပါ၊ (၁၁) အဝမလွန်ပါစေနှင့်။

နိဂုံးချုပ်အနေဖြင့် အကြံပြုရပါလျှင် လူတိုင်း စီပိုးရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။စီပိုးရှိပါက စီပိုးအမျိုးအစားထပ်မံစစ်ဆေး၍ကုသမှုခံယူသင့်ပါတယ်။ ဒါမှသာ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အသည်းခြောက်ရောဂါကို ကာကွယ် နိုင်မှာဖြစ်ပါတယ်။အနောက်တိုင်းဆေးဝါးများရဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးများအဖြစ် ဆံပင်ကျွတ်ခြင်း၊ စိတ်ကစဥ့်ကလျားဖြစ်ခြင်း၊ ကိုယ်ခံစွမ်းအားအလွန်အမင်းကျဆင်းသွားတာ မျိုးတွေလည်း ဖြစ်တတ်ပါတယ်။ဒါကြောင့် နားလည်တတ်ကျွမ်းသောဆရာဝန်ကြီးများနှင့်တိုင်ပင်၍ စနစ်တကျကုသမှုခံယူနိုင်ရန် အရေးကြီး ပါကြောင်းတင်ပြလိုက်ရပါတယ်။ ။

ပေါက်ပေါက်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ