လင်ဇီးတွင် ပါဝင်သော ဆေးဖက်ဝင် ပစ္စည်းများ၏ အသုံးဝင်ပုံကို မြဝတီ စာဖတ်ပရိသတ်များ သိရှိစေရန် ဒေါက်တာ ခင်မောင်လွင် (FAME) နှင့် တွေ့ဆုံ မေးမြန်းမှုများကို ဖော်ပြ လိုက်ပါသည်--
 မေး။ လင်ဇီးမှိုမှာပါဝင်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေအကြောင်း ဆွေးနွေးချင်ပါတယ်

ဆရာ။ လင်ဇီးမှိုမှာ ဘယ်လိုဓာတ်ပစ္စည်းမျိုးတွေ ပါဝင်သလဲဆိုတာ အရင်ဆုံး ပြောပြပေးပါ။

ဖြေ။ ယေဘုယျအားဖြင့် လင်ဇီးမှိုမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေကတော့

(၁) Crude fibre (အမျှင်ဓာတ်)-၅ဝ-၆၅%

(၂) Carbohydrate -၂ဝ-၃ဝ%(ကာဗိုဟိုက်ဒြိတ်)

(၃) Terpenoid  (တာပင်းနွိုက်)-၈ -၁ဝ%

(၄) Protein (ပရိုတင်း) -၆ -၁၂%

(၅) Vitamins & Mineral-၁ - ၂ %(ဗီတာမင်နှင့်သတ္တုဓာတ်)

(၆) Fat (အဆီဓာတ်) -၂ - ၆%

လင်ဇီးမှိုကို ရေနွေးဆူဆူမှာ ပြုတ်လိုက်ရင် ထွက်လာနိုင်တဲ့ အဆီအနှစ်အနေနဲ့ ၇ ရာခိုင်နှုန်းကနေ ၁ဝ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဒါကြောင့် အလေးချိန် 100 g က extract  (အဆီအနှစ်)ထုတ်ယူရင် 7g ကနေ 10g အထိ ရနိုင်ပါ တယ်။

လင်ဇီးမှိုကို မီးရှို့ပြီးပြာချလိုက်ရင် ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းကျန်ပါတယ်။ ဆိုလိုတာက 100g အလေးချိန်ကို ပြာချရင် 1g ကနေ 5g အထိရနိုင်ပါတယ်။ ဒါကလည်း အရေးကြီးပါတယ်။ ဒီလိုပြာချလိုက်လို့ Ash ပါဝင်မှုများခဲ့ရင် ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။

ကယ်လိုရီအနေနဲ့ l00 g မှာ ၁၂၂ ကနေ ၂၂၂ ကယ်လိုရီပေးပါတယ်။ ဒါကြောင့်သူဟာ ကယ်လိုရီပေးမှု နည်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် လင်ဇီးမှိုကြောင့် ကယ်လိုရီမတက်တော့ ဝတဲ့သူတွေပါ စိတ်ချလက်ချ သောက်နိုင် တယ်လို့ ဆိုလိုတာပါ။

မေး။ တစ်ခုချင်းစီကိုလည်း အသေးစိတ် သိချင်ပါတယ်ဆရာ။ ပထမဆုံး အမျှင်ဓာတ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးပေး စေချင်ပါတယ်။

ဖြေ။လင်းဇီးမှိုမှာ အမျှင်ဓာတ် ၅၀ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းအထိ ပါဝင်တာဆိုတော့ အမျှင်ဓာတ်များတဲ့ သဘာဝ အစားအစာတစ်ခုလို့ ပြောလို့ရပါတယ်။ လူတိုင်းလူတိုင်းဟာ ကျန်းမာသန်စွမ်းဖို့ နေ့စဉ်သင့်တင့်မျှတတဲ့ အစားအစာ တွေစားဖို့ လိုအပ်သလို ဝမ်းမှန်ဖို့လည်း လိုအပ်ပါတယ်။ဝမ်းချုပ်တယ်ဆိုတာ သာမန် အားဖြင့် အရေးမထားဘဲ အများစု က အမှုမဲ့အမှတ်မဲ့ နေလေ့ရှိပါတယ်။ ဝမ်းချုပ်တော့အူထဲမှာ အစာဟောင်းတွေ ကြာကြာနေခွင့်ရပါတယ်။ အစာ ဟောင်းဆို ရာမှာ ခန္ဓာကိုယ်အတွက် အသုံးမဝင်တော့တဲ့ ပစ္စည်းတွေအပြင် ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ဓာတ်ပစ္စည်း တွေ အများကြီး ပါဝင်ပါတယ်။

ဥပမာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ၊ ခုခံအားကျဆင်းစေနိုင်တဲ့ ဓာတ်ပစ္စည်းတွေများစွာ ပါဝင်နေပါတယ်။ ဒီလိုဓာတ်ပစ္စည်းတွေဟာ အူထဲမှာ ကြာ ရှည်နေခွင့်ရတဲ့အတွက် အူမကြီးကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းနဲ့ အူမကြီး ကင်ဆာဟာများစွာ ဆက်စပ်မှုရှိနေပါတယ်။ ဒါ့အပြင် အူနံရံကနေ စုပ်ယူပြီး ခန္ဓာကိုယ်ထဲ ရောက်ခဲ့ရင်လည်း ကျန်းမာရေးကို များစွာထိခိုက်စေပါတယ်။ ဒါကြောင့် လူတိုင်းနေ့စဉ် ဝမ်းမှန်မှန်သွားဖို့ လိုအပ်ပါတယ်။ ဝမ်းမှန်ဖို့ အဓိကကျတာ ကတော့ အမျှင်ပါတဲ့ အစားအစာတွေ များများစားဖို့၊ ရေများများသောက်ဖို့၊ ကိုယ်လက်လှုပ်ရှားမှု ပြု လုပ်ဖို့တွေဖြစ်ပါတယ်။ လင်ဇီးမှိုဟာ အမျှင် ဓာတ်ပါဝင်မှု အများဆုံး အစားအစာတစ်ခုဖြစ်လို့ မှန်မှန်မှီဝဲခဲ့ရင် ဝမ်းမှန်မှန် သွားတဲ့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။

မေး။ ကာဗိုဟိုက်ဒြိက် ဓာတ်တွေအကြောင်း အသေးစိတ် သိချင်ပါတယ် ဆရာ။

ဖြေ။ လင်ဇီးမှို l00 g မှာ ကာဗိုဟိုက်ဒြိတ်က 20 g ကနေ 30 g ပါဝင်ပါတယ်။ ပါဝင်တဲ့ အချို့ကာဗိုဟိုက်ဒြိတ် ဓာတ်တွေဟာ ရေမှာကောင်းစွာ ပျော်ဝင်ပေမယ့် အချို့လည်း ရေမှာကောင်းစွာ မပျော်ဝင်နိုင်ပါ။ ဆေးဖက်ဝင်တဲ့ အ ပိုင်းကတော့ ရေမှာပျော်ဝင်တဲ့ soluble polysaccharide တွေ ဖြစ်ပါတယ်။ ဒါကြောင့်ရေနွေးနဲ့ ပြုတ်လိုက်ရင် ရနိုင်တဲ့ အဆီအနှစ် (Hot water extract) က ၇-၁ဝ ရာခိုင်နှုန်းဖြစ်တော့ ပျမ်းမျှခြင်း 8 -g ဖြစ်ပါတယ်။ အဲဒီအထဲမှာ polysaccharide  က အနည်းဆုံး ၅ဝ ရာခိုင်နှုန်းပါဝင်ပြီး ပရိုတင်းဓာတ်က ၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ 8-g ရဲ့ ၅ဝ ရာခိုင်နှုန်း ဆိုတော့ 4-g ဖြစ်ပါတယ်။ မှိုတစ်ပွင့်လုံးနဲ့ခြုံကြည့်ရင် 100-g မှ 4-g ဆိုတော့ ၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါဟာ QC အတွက် အင်မတန် အရေးကြီးပါတယ်။ ဒီနေ့ နိုင်ငံတကာမှာ လင်ဇီးမှိုကို ရောင်း ဝယ်ဖောက်ကားရာမှာ Polysaccharide ၄ ရာခိုင်နှုန်း အနည်းဆုံး ပါရမယ်ဆိုပြီး သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။

မေး။ အဲ့ဒိ Polysaccharide တွေက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပြုပါသလဲဆရာ။

ဖြေ။ အဲ့ဒိ Polysaccharide တွေကို အဓိက အုပ်စုနှစ်စုခွဲနိုင်ပါတယ်။ တစ်ခုက glucan အုပ်စု၊ နောက်တစ်ခုက glycan အုပ်စု၊glucan အုပ်စုတွေမှာပါဝင်တဲ့ β,3-D Glucan တို့ acid glucan တို့ protein bound glucan စသည်တို့ဟာ ကင်ဆာရောဂါ ကာကွယ်ကုသရာမှာ များစွာ အသုံးဝင်ပါတယ်။anticancer effect ရှိပါတယ်။ လင်ဇီးမှို ကို အဓိက သုတေသနပြုလုပ်ရာမှာ ကင်ဆာရောဂါအတွက် အဓိကဆိုတော့ ဒီဒြပ်ပေါင်းတွေဟာ လင်ဇီးမှိုထဲမှာ အ ရေးအပါဆုံး ဓာတ်ပစ္စည်းတွေလို့ ပြောလို့ရပါတယ်။

ဒုတိယအုပ်စုဖြစ်တဲ့ glycan တွေကတော့ ဆီးချိုသွေးချိုရောဂါ (diabetie mellitus) ကို ကာကွယ်ကုသရာမှာ အသုံး ဝင်ပါတယ်။ သူ့ကို Ganoderin A, B, C ဆိုပြီး ဒြပ်ပေါင်းသုံးခု ထပ်ခွဲထားပါတယ်။ Ganoderin A ကတော့ အစွမ်း အထက်ဆုံးဖြစ်ပြီး သူ့နောက်မှာမှ B နဲ့ C တို့အစဉ်အတိုင်း လိုက်ပါတယ်။ Ganoderin A ကို ၁၉၈၄ ခုနှစ်မှာ ဂျပန်နိုင်ငံ တိုကျိုဆေးတက္ကသိုလ်က ပါမောကDr. Komota နဲ့အဖွဲ့က စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် လင်ဇီးမှိုကို ပုံမှန်မှီဝဲရင် ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ဆီးချိုရောဂါဖြစ်နေသူတွေ သောက်ရင်လည်း control ဖြစ်ဖို့ အထောက်အကူဖြစ်စေတာ ဖြစ်ပါတယ်။

မေး။ ဒုတိယ အုပ်စုဖြစ်တဲ့Terpenoid တွေအကြောင်းလည်း ဆက်ပါဦးဆရာ။

ဖြေ။Terpenoid ဆိုတာကတော့ အခါးဓာတ်တွေ ဖြစ်ပါတယ်။လင်ဇီးခြောက်မျိုးထဲမှာ Terpenoid ပါတာဆိုလို့ အနီ ရောင်လင်ဇီးပဲ ရှိပါတယ်။ စုစုပေါင်းအလေး ချိန်ရဲ့ ၁ဝ ရာ ခိုင်နှုန်းရှိပါတယ်။ လင်ဇီးမှိုရင့်တယ်၊ မရင့်ဘူး၊ ဆေးဖက်ဝင် အာနိသင် ပြည့်ဝတယ်၊ မပြည့်ဝဘူးဆိုတာကို အဓိက အချက်နှစ်ချက်နဲ့ တိုင်းတာေ ရာင်းဝယ်ကြရာမှာ ပထမတစ်ခုဖြစ်တဲ့ Polysaccharide ၄ ရာခိုင်နှုန်းပါဝင်ရမှာ ဖြစ်သလို အခုပြောနေတဲ့Terpenoid ကလည်း ၁ဝ ရာခိုင်နှုန်းပါဝင်ရမှာ ဖြစ်ပါ တယ်။ ဒါမှ အနည်းဆုံး ခြောက်လ သက်တမ်းရှိပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်။သူ့ထက်လျော့နည်းနေရင် ခြောက်လမပြည့်ဘူး။ ဒါမှမဟုတ်တစ်နှစ်ထက် ပိုပြီး ကြာနေပြီလို့ ပြောနိုင်ပါတယ်။ Terpenoid အမျိုးပေါင်း ၁ဝဝ ကျော်ပါဝင်ပြီး အဓိကအနေနဲ့ အုပ်စုနှစ်စုခွဲထားပါတယ်။ကာဗွန်အက်တမ် ၃ဝ (C-30)ပါဝင်တဲ့ ganoderic acid အုပ်စု နဲ့ ကာဗွန်အက်တမ် ၂၇ ခု(C-27)ပါဝင်တဲ့ lucidenic acid အုပ်စုတို့ ဖြစ်ပါတယ်။

Ganoderic အုပ်စုမှာပါဝင်တဲ့ Terterpenoid တွေဟာ ACE inhibitor သတ္တိရှိတဲ့အတွက် သွေးကြောတွေကို ကျယ်စေပြီး သွေးဖိအားကို ကျစေပါတယ်။ သွေးတိုးရောဂါကို သက်သာစေပါတယ်။ ဒါ့အပြင် mast cell တွေကနေ histamine လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေ ထွက်တာကို ဟန့်တားနိုင်လို့ ပန်းနာရင်ကျပ် ဝေဒနာရှင်တွေ allergic ဖြစ်စေတဲ့ရောဂါတွေကို သက်သာပျောက်ကင်းစေပါတယ်။ မကြာသေးမီက တွေ့ရှိချက်အရ Ganoderic acid U- Z ဟာ အသည်းကင် ဆာဆဲလ်(Hepatoma cell) တွေကို ကြီးထွားမလာအောင် ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။ Lucidenic acid အုပ်စုကတော့ ဒီနေ့အထိ တိကျတဲ့အာနိသင် မတွေ့ရသေးတော့ ဆက်လက်လေ့လာ နေဆဲဖြစ်ပါတယ်။

မေး။ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေ အကြောင်းလည်း ဆက်ပါဦးဆရာ။

ဖြေ။ သူ့မှာ ပရိုတင်းဓာတ်ရဲ့ အခြေခံ အုတ်ချပ်တွေဖြစ်တဲ့ amino acid တွေများစွာ ပါဝင်ပါတယ်။ စုစုပေါင်း အလေး ချိန်ရဲ့ ၆ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းရှိပါတယ်။ အဓိကအနေနဲ့ ရှစ်မျိုးပါဝင်ရာမှာ-

(၁)Glycine

(၂) Proline

(၃) Valine

(၄) Alanine

(၅) Serine

(၆) Threonine

(၇) Aspartic acid

(၈) Glutamic acidတို့ ဖြစ်ပါတယ်။

ဒါ့အပြင်သူ အဲဒီအမိုင်နိုအက်စစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ Nucleotide တွေဖြစ်တဲ့ Adenosine နဲ့ guanosine တွေဟာ antithrombotic Action ရှိပါတယ်။ တစ် နည်းအားဖြင့် သွေးကြောတွေထဲမှာ သွေးမခဲအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးသွေးကြောကျဉ်းရောဂါတို့၊ လေဖြတ်ရောဂါတွေကနေ ကာကွယ်နိုင် ပါတယ်။

မေး။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အနေနဲ့ရော ဘယ်လိုများ ပါဝင်နေပါသလဲ ဆရာ။

ဖြေ။ ဗီတာမင်အနေနဲ့တော့ လင်ဇီးမှာ သိပ်များများစားစား ပါဝင်တာ မတွေ့ရပါဘူး။ ဗီတာမင်စီအနည်းငယ်နဲ့ B2 လို့ ခေါ်တဲ့ Ribofl avin အနည်းငယ်စီ ပါဝင်နေတာ တွေ့ရပါတယ်။ သတ္တုဓာတ်အနေနဲ့Mg, Ca, Mn, Fe,Cu နဲ့ Ge တို့ ပါဝင်ပါတယ်။ ထူးခြားချက်အနေနဲ့တော့ Ge လို့ခေါ်တဲ့ Germanium ဓာတ်တွေ များစွာပါဝင်နေတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှလူတွေ စားလို့ရတဲ့ အပင်တွေထဲမှာတော့ Ge ပါဝင်မှု အများဆုံးကတော့ လင်ဇီးပဲဖြစ်ပါတယ်။ ဒီဓာတ်ပစ္စည်းလိုချင်ရင်တော့ လင်ဇီးကိုစားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မေး။ အဲ့ဒိ DGermanium ကြောင်းလည်း နည်းနည်း ထပ်ရှင်းပေးပါဆရာ။

ဖြေ။Germanium ဆိုတာ ဓာတုဗေဒအရ Periodic table (အလှည့်ကျဇယား)မှာ atomic number ၃၂ ရှိပါတယ်။ တစ်နည်းအားဖြင့် electron ၃၂ ခု ပါဝင်ပြီး ပြင်ပပတ်လမ်းမှာ electron လေးခုရှိပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့ ရှိတဲ့ electron လေးခုအနက်တစ်ခုဟာ ပြင်ပကနေ ဆွဲဆောင်ရင် electron တစ်ခု အလွယ်တကူ ဆုံးရှုံးသွားပြီး positive hole အနေနဲ့တည်ရှိသွားပါတယ်။ အဲဒီတော့ သူ့မှာ semi-conducting effect ကို ရစေပါတယ်။ သူ့ရဲ့အာနိ သင်ဟာ silicon နဲ့တူပါတယ်။ silicon ဆိုတာ electronic ပစ္စည်းတွေမှာ ပါဝင်တဲ့ microchip တွေမှာ semiconductor အဖြစ် အသုံးပြုတာလူတိုင်း အသိဖြစ်ပါ တယ်။silicon မပါဘဲ လျှပ်စီးကြောင်းတွေကို လိုသလို ထိန်းချုပ်လို့မရနိုင် ပါ။ဒါပေမဲ့ ကျွန်တော်တို့ လူအပါအဝင် biological matter တွေမှာကျတော့ silicon ကို သုံးလို့မရပါဘူး။ Germanium ကိုသာသုံးရပါတယ်။ဒါကြောင့် Germanium ကို Semiconductor of biological process လို့လည်း ခေါ်ကြပါတယ်။

မကြာသေးမီက လေ့လာတွေ့ရှိချက်အရ Germanium ဟာ ကင်ဆာရောဂါ ကာကွယ်ကုသရေးမှာ များစွာအသုံးဝင် တယ်လို့ သိရပါတယ်။ကင်ဆာဆဲလ်အဖြစ် စတင်ပွားလာပြီဆိုတာနဲ့ သက်ဆိုင်ရာ Immune system ကို သတင်းပို့ဖို့ Ge ကကူညီပေးပါတယ်။ အဲဒီလို သတင်းပို့မှုရောက်ခဲ့ရင် Immune cell တွေဖြစ်တဲ့ Natural killer cell တို့ T'cell တို့ကနေ cancer cell ကို attack လုပ်လိုက်တဲ့အတွက် ကင်ဆာဆဲလ် သေဆုံးသွားပါတယ်။တကယ်လို့ Ge ချို့တဲ့နေ ခဲ့ရင် အဲဒီလို အချိန်မီ သတင်းမပို့နိုင်လို့ ကင်ဆာဆဲလ်ဟာ ဆက်လက်ပွားများ ရှင်သန်ခွင့်ရသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ လူတော်တော်များများဟာ Ge ပါဝင်တဲ့ အစားအစာတွေကို စားလေ့မရှိကြတော့တဲ့အတွက် ကင်ဆာဖြစ်ပွားတဲ့ နှုန်းဟာလည်းမြင့်တက်လာတာ တွေ့ရပါ တယ်။ Ge ချို့တဲ့တယ်၊ မတဲ့ဘူးဆိုတာတော့ ဆံပင်ကို ဓာတ်ခွဲစမ်းသပ် ကြည့်ရင် ရပါတယ်။သုတေသနပညာရှင် တစ်ဦးဖြစ်တဲ့ Dr. Janet Starr Hull ရဲ့ လေ့လာချက်အရ ဂျာမနီနိုင်ငံမှာ ရှိတဲ့သူ့ရဲ့လူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ Ge ချို့တဲ့နေတယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ စကားစပ်လို့ပြောရရင် Ge ကို စတင်တွေ့ရှိသူဟာ ဂျာမန်လူမျိုး သိပ္ပံပညာရှင် Clemens Winkler ဆိုသူ ဖြစ်ပြီး ၁၈၈၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံဖြစ်တဲ့ Germany ကိုအစွဲပြုပြီး Germanium လို့ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ စိတ်ဝင်စားစရာ ကောင်းပါတယ်ဆရာ။ဒါဆိုရင် Germanium မချို့တဲ့ရအောင် ဘယ်လိုမျိုး အစားအစာတွေ စားသင့်တယ်ဆိုတာ ပြောပြပေးပါဦး ဆရာ။

ဖြေ။ Germanium ပါဝင်တဲ့ အစားအစာတွေ ကတော့

(၁) လင်ဇီးမှို 800 – 2000 ppm

(၂) ကြက်သွန်ဖြူ 750 ppm

(၃) ရှီတာကီမှို 350 ppm

(၄) ဂျင်ဆင်း 200 – 300 ppm

(၅) ရှားစောင်းလက်ပပ် 77 ppm

(၆) ရေညှိစိမ်း 76 ppm

(၇) ပျားရည် 6 ppm တို့ဖြစ်ပါတယ်။

လူတစ်ယောက်မှာ တစ်နေ့ကို 1 mg သာလိုတာမို့ တစ်ခါတလေ စားသုံးရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ Germanium ကို စားရင် ကင်ဆာရောဂါ ကာကွယ်ရေး အတွက် သာမက ခုခံအားတက်စေခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ သွေးထဲမှာရှိတဲ့ကို လက်စထရောကို ကျစေခြင်း၊ အသည်းရဲ့လုပ်ငန်းဆောင် တာကို ကောင်းစေခြင်း၊ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကနေ သက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရနိုင်ပါသေးတယ်။

မေး။ နောက်ဆုံးကျန်တဲ့ အဆီဓာတ် အကြောင်းလည်း ပြောပါဦးဆရာ။

ဖြေ။ အဆီဓာတ်အနေနဲ့ ပါဝင်မှုနည်းပါတယ်။၂ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသာ ပါဝင်ပါတယ်။အဆီဓာတ်တွေနဲ့ ဖွဲ့စည်း ထားတဲ့ Plant steroid တွေဖြစ် တဲ့Ergosterol ဟာ Provitamin D2 အာနိသင်ရှိပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့ရင် Vitamin D အဖြစ် ပြောင်းလဲသွားတဲ့အတွက် အရိုးတွေသန်စွမ်းဖို့ အထောက်အကူပေးပါတယ်။ နောက်ပါဝင်တဲ့ ganodesterone ကတော့အသည်းကို အထောက်အကူပြုပါတယ်။ Hepatoprotective action ပေးပါတယ်။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ