Dengue Hemorrhagic Fever သွေးလွန်တုပ်ကွေး


မင်္ဂလာပါဆရာ ကျွန်တော့ညီမတဝမ်းကွဲ အသက်က ၁၆နှစ်ပါ။ ဒီမနက်ပဲဆေးရုံတင်ရပါတယ်ခင်ဗျ။ ဆေးရုံကြီးက သွေးလွန်တုပ်ကွေးအပြင်းစားလို့ပြောပါတယ်။ သွေး ၈ ပုလင်းသွင်းရပါတယ် ခုချိန်ထိ။ လူနာက နဲနဲဝပါတယ်။ သွင်းတဲ့ သွေးကခဲနေပါတယ်။ pressure ကလဲ သုညပါ။ ခုတော့နဲနဲတက်လာပါပြီ။ လူနာတွက် အသက်အန္တရာယ် စိုးရိမ်ရလားဆရာ။ လူနာတွက်ဘာတွေလိုအပ်မလဲ။ ပြီးရင် dengue fever က ဘယ်အသက်အရွယ်ထိ ဖြစ်နိုင်လဲ သိချင်ပါတယ်ဆရာ။ လေးစားစွာဖြင့်။
ဆရာ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ရန်ကုန် ဟယ်လ်ပင် ကလေးဆေးရုံမှာ သွေးအလှူရှင်လိုတယ်ဆိုလို့ သွေးသွားလှူခဲ့ပါတယ်။ ကလေးက ၂နှစ် ၂လ ပါ။ သွေးလွန်တုပ်ကွေးလို့ သိရပါတယ်။မော်လမြိုင် ဆေးရုံက မနိုင်တော့လို့ ရောက်လာတာပါ။ ရောဂါ စဖြစ်တုန်းက သွေးလွန်တုပ်ကွေးမှန်း မသိဘူးတဲ့ဆရာ။ ရွာမှာ (၅) ရက်လောက် ကြာသွားတယ်လို့ ကလေးရဲ့ဖခင်ကပြောပြပါတယ်။ ကလေးက ကံမကောင်းခဲ့ပါဘူး။ သွေးလွန်တုပ်ကွေးက အဆင့် ဘယ်နှစ်ဆင့် သတ်မှတ်ထားပါသလဲ။ သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုသိနိုင်ပါသလဲ။ သွေးလွန်တုပ်ကွေးက လူ့ခန္ဓာရဲ့ ဘယ်အပိုင်းတွေကို စပြီးတိုက်ခိုက်ပါသလဲ။
အသက်ကြီးသူတွေမှာလည်း သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ကမ္ဘာမှာဖြစ်နှုန်းသိသိသာသာ တိုးလာနေတယ်။ ကိန်းဂဏန်းတိတိကျကျမရပေမယ့် သန်း ၃၉ဝ လောက် နှစ်စဉ်ကူးစက်နေတယ်။ ၉၆ သန်းလောက်မှာသာ လက္ခဏာပေါ်တယ်။ ကူးစက်ခံရနိုင်ချေ သန်း ၃၉ဝဝ အထိလို့မှန်းတဲ့ အစီရင်ခံစာလည်းရှိတယ်။ ၂ဝ၁၆ ခုနှစ်က အကြီးအကျယ် ဖြစ်ခဲ့တယ်။ တောင်အမေရိကမှာ များတယ်။ ၂့၃၈ သန်း ဖြစ်တယ်။ ဖိလစ်ပိုင် (၁၇၆၄၁၁ ယောက်) နဲ့ မလေးရှား (၁ဝဝဝ၂၈ ယောက်) မှာလည်း များခဲ့တယ်။
မြန်မာပြည်မှာလည်း ၂ဝ၁၅ ခုနှစ်က ၁ သောင်း ၁ ထောင်နီးပါး ဖြစ်နေပြီး၊ ၄၅ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်။ ၂ဝ၁၄ နဲ့ နှိုင်းယှဉ်ရင် ၃ ဆလောက် အဖြစ်များပြီး သေဆုံးသူအရေအတွက်ပါ မြင့်တက်လာနေတယ်လို့ဆိုတယ်။ ဆောရီး။
သွေးလွန်တုပ်ကွေးကို ဒင်ဂေး-ဟမရေးဂျစ် ဖီဗာလို့ ခေါ်တယ်။ စပိန်စကားလုံးမို့ ဒင်ဂေးလို့ အသံထွက်တာ ပိုမှန်တယ်။ သွေးလွန်တုပ်ကွေးကို ကလေးရောဂါလို့ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ်ထင်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂ဝဝ ကျော်ပါပြီ။ သွေးလွန်တုပ်ကွေးကို အေဒီးစ် အီဂျစ်ပတိုင်းခြင်ကနေကူးပြီး၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ Aedes aegypti ခြင်နဲ့ Aedes albopictus ခြင်တွေကနေဖြစ်စေတယ်။
ငှက်ဖျားခြင်နဲ့မတူပါ။ ငှက်ဖျားခြင်ကတောသူ၊ သွေးလွန်ခြင်ကမြို့သူ။ အရွယ်ရောက်ခြင်အမကနေသာကူးတယ်။ အမ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်းအောင်းပြီး၊ နေ့မှာသာထွက်ကိုက်တယ်။ အများအားဖြင့် မနက်မလင်းတလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့်ကြိုက်တယ်။ ရေသန့်မှာနေတဲ့အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား-ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေမှန်သမျှ သွန်ခိုင်းရတယ်။ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်စားငါးမွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။
ပိုးရှိတဲ့ခြင်မအကိုက်ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုးတုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုကဒီကနာမယ်။ ဆိုးရင်တော့ အရိုးထဲကနာတာသိသာတာမို့ တချို့က အရိုးကွဲဖျားလို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁ဝ၃-၁ဝ၄-၁ဝ၅)။ ခေါင်း နားထင် ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ အဆစ်-ကြွက်သား နာမယ်၊ စားချင်စိတ်ပျက်မယ်။ ပျို့-အန်မယ်။ ပြီးရင် သွေးခြည်ဥတွေထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲသွေးပါမယ်၊ ဝမ်းထဲသွေးပါရင် ဝမ်းအရောင်မဲတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။
အပြင်းဖျား 40°C/104°F နဲ့အတူ ခေါင်းအလွန်ကိုက်ခြင်း + မျက်လုံးနောက်မှာနာခြင်း + ကြွက်သားနဲ့ အဆစ်တွေနာခြင်း + ပျို့အန်ခြင်း + တက်စေ့တွေရောင်ခြင်း + အနီပြင်ထွက်ခြင်းထဲက ၂ ခုရှိရင်သံသယရှိတယ်။
ရက်တိုရောဂါဖြစ်လို့ ၂-၇ ရက်သာကြာမယ်။ သွေးအရည်ယိုတာကြာလာရင် သတိမကောင်းဖြစ်ရာကနေ သတိလစ်မယ်၊ တက်လည်းတက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက်အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တကိုယ်လုံး အေးစက်၊ ပျော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။
38°C/100°F အောက် အဖျားနည်းနည်းကျလာပြီး ဗိုက်အတင်းနာမယ်၊ တောက်လျှောက်အန်နေမယ်၊ အသက်ရှူ မြန်လာမယ်၊ သွားဖုံးကသွေးယိုမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ သွေးအန်မယ်ဆိုရင် သတိသာထားပေတော့။ နောက် ၂၄-၄၈ နာရီမှာ အရေးအကြီးဆုံးအချိန်ဖြစ်တယ်။
သွေးလွန်တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခုရှိတယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ သွေးရည်ကြည်ယိုထွက်ခြင်း၊ အရည်အောင်းခြင်း (အဆုပ်အိတ်ထဲအရည်များတာ၊ ရေဖျင်းရှိတာ)၊ အသက်ရှူခက်ခြင်း၊ သွေးအလွန်ထွက်ခြင်း၊ အင်္ဂါအစိတ်အပိုင်း အလုပ်မလုပ်နိုင်ခြင်းတွေကြောင့် နောက်ဆုံး ရှော့ခ် ရတာကြောင့်သေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သွေးယိုတုပ်ကွေးလို့ နာမည်ပေးရင်တော့ မမိုက်ဘူးမဟုတ်လား။
Tourniquest စမ်းသပ်နည်းလုပ်ရင် အပေါင်းဖြစ်မယ်။ ဒီနည်းက လက်ဖြစ်လုပ်လို့ရတယ်။ ဂျပ်စက္ကူလေးတခုမှာ ၁ လက္မ အချင်းရှိတဲ့ စက်ဝိုင်းလေးတခုကိုဖေါက်ထားပါ။ လူနာရဲ့ လက်ကို သွေးဖိအားတိုင်း ရာဘာအိပ်ပတ်ပြီး အထက်သွေးဖိအားနဲ့ အောက်သွေးဖိအားဂဏန်းကြား အလယ်ဂဏန်းမှာထားပါ။ ၅ မိနစ်နေရင် လက်ဖျံပေါ်မှာ အဝိုင်းပေါက်လေးပါ ဂျပ်ကိုတင်ပြီး အပေါက်ထဲမှာ ပေါ်နေမဲ့ သွေးခြည်ဥလေးတွေကို ရေတွက်ပါ။ ၁ဝ ကနေ ၂ဝ ထက် ပိုနေရင် ရောဂါကို သံသယရှိနိုင်တယ်။
သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် အင်တီဘော်ဒီတွေ့မယ်။ သွေးထဲ ပရိုတင်းနည်းတာတို့ ရှိနိုင်တယ်။ သွေးမှုံအရေအတွက် နည်းနေမယ်။ ပုံမှန် 150,000 - 400,000 platelets/mcL ရှိရမယ်။ ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးရင် သွေးမှုံကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုး ရှိတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်။ သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။
သွေးလွန်တုပ်ကွေးကို တိတိကျကျကုသနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပါတ်ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါကျစေနိုင်တယ်။ ရေနဲ့အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် ပါရာစီတမောကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ စနစ်တကျကုသရင် သေဆုံးနှုန်း ၁% အောက်မှာရှိတယ်။
Severe dengue ပြင်းထန်သွေးလွန်တုပ်ကွေးကတော့ အသက်သေဆုံးနိုင်တယ်။ ဆောရီး။ ပလာစမာခေါ် သွေးရည်ကြည်နဲ့ အရည်အောင်းခြင်းကြောင့် ဆိုးတယ်။ အသက်ရှူလမ်းထိခိုက်မှုနဲ့ သွေးထွက်ခြင်းတွေကြောင့်လည်း သေဆုံးနိုင်တယ်။ ဖြစ်စ ၃ ရက်ကနေ ၇ ရက်မှာအထူးသတိထားရတယ်။ အဖျားကတော့ ၁ဝဝ အောက်ကျလာပြီ။ ဗိုက်အဆင်းနာမယ်၊ ဆက်တိုက်အန်မယ်၊ အသက်ရှူမြန်မယ်၊ သွားဖုံးသွေးထွက်မယ်၊ အားကုန်နေမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ သွေးအန်မယ်ဆတာတွေက ဆိုးတဲ့လက္ခဏာတွေဖြစ်တယ်။ ၂၄ နဲ့ ၄၈ နာရီအတံင်း အထူးဂရုစိုက်ရမယ်။ လူနာရဲ့ သွေးထုထည်ကိုထိန်းဘို့ အရေးကြီးတယ်။
ကာကွယ်ရေး
ခြင်နှိမ်နင်းရေးအရေးအကြီးဆုံးဖြစ်တယ်။ ဥအုတဲ့နေရာကိုအာရုံစိုက်ရှင်းလင်းရမယ်။ လူတွေအမှိုက် အညစ်အကြေး စွန့်ရာနေရာတွေ သန့်ရှင်းရေးလုပ်ရမယ်။ လူသုံးရေသိုလှောက်တာမှန်သမျှ အဖုံးအကာရှိရမယ်။ အင်းဆက်သေဆေး သင့်တော်တာသုံးရမယ်။ ခြင်မဝင်စေတဲ့နည်းတွေ၊ ခြင်ကိုက်မခံဏေတဲ့နည်းတွေ သင့်တော်တာ သုံးရမယ်။ ကာကွယ်ရေး လုပ်တာမှာ လူအများပါဝင်စေအောင်စည်းရုံးရမယ်။ နေမကောင်းသူမှန်သမျှ သွေးလွန်တုပ်ကွေးသံသယနဲ့ ကြည့်သင့်တယ်။ ချက်ချင်း စစ်ဆေးကုသမှုလုပ်ရမယ်။
တချို့တိုင်းပြည်တွေမှာ ကာကွယ်ဆေးထိုးစေတယ်။ Dengvaxia (CYD-TDV) ကာကွယ်ဆေးကို အသက် ၉ နှစ်ကနေ ၄၅ နှစ်အထိ ရှိသူတွေကိုသာ ထိုးရတယ်။ စမ်းသပ်ဆဲ Tetravalent live-attenuated ကာကွယ်ဆေး ၃ မျိုးရှိနေပြီ။ အဆင့် ၂ နဲ့ ၃ ရောက်နေကြပြီ။
အနာဂတ်ခေါင်းဆောင်များ သွေးလွန်တုပ်ကွေး ကင်းဝေးပါမှ ကနေ့လူကြီးတွေက မနိုင်သေးတာ မှန်သမျှကို အနိုင်ရကြပါလိမ့်မယ်။
Influenza (Flu) တုပ်ကွေး http://dts-medicaleducation.blogspot.com/…/influenza-flu.ht…Chikungunya ဆင်ဖြူတော် တုပ်ကွေး http://dts-medicaleducation.blogspot.com/…/10/chikungunya.h…

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/posts/1426849467409533

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ