သွေး လှူဒါန်းရခြင်း အကျိုးအားကြောင့်


သွေးလှူခြင်းဟာ အသက်ကယ်ခြင်း တစ်မျိုးဖြစ်တာကြောင့် သွေးအလှူရှင်များကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇွန် ၁၄ ရက်ကို ''ကမ္ဘာ့သွေးလှူရှင်များနေ့'' ဟု သတ်မှတ်ခဲ့ကြပါတယ်။ သွေးဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါနပါရမီတွင် တစ်ပါးအပါအဝင်ဖြစ်သော ခန္ဓာကိုယ်အစိတ်အပိုင်း၏ သွေးအလှူ(ခေါ်) အတွင်းအလှူဖြင့် ရက်ရောစွာ လှူဒါန်းခြင်းကို ''ဒါနဥပပါရမီ''ဟု မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
သွေးနှင့်အသက်ဆက်ရတဲ့ သက်ရှိလူသားများအတွက် လုံလောက်သော သွေးရှိမှသာ ခန္ဓာဝန်ထမ်းရွက်နိုင်ကြမှာပါ။ ယုတ်စွအဆုံး အမိဝမ်းတွင်း သန္ဓေသားေ လာင်း အဆင့်မှာပင် စားပွဲတင်ဇွန်းသုံးဇွန်းမျှ ပမာဏရှိသော သွေးက မရှိမဖြစ်လိုအပ်ချက်ပါ။
သွေးလှူရှင်ရှိမှ အသက်ဆက်ခွင့်ရသော လူနာများမှာ- အရေးပေါ်ထိခိုက်ဒဏ်ရာရလူနာများ၊ ခွဲစိတ်ခန်းဝင်နေသော လူနာများ၊ သွေးမတိတ်ရောဂါ ဝေဒနာရှင် များ၊နာတာရှည် သွေးအားနည်း ရောဂါရှိသူများ၊ ရိုးတွင်းခြင်ဆီ အစားထိုး ကုသခံလူနာများ၊ မွေးကင်းစ အသားဝါရင်သွေးငယ်လေးများ စသည်တို့ဖြစ်ပါတယ်။
သွေး လှူဒါန်းရခြင်း အကျိုး
သွေးလှူဒါန်းရခြင်း အကျိုးအားကြောင့် လူ့အသက်တစ်ချောင်းကို ကယ်တင်ရုံသာမက သွေးလှူရှင်အတွက်လည်း အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်-
၁။ သွေးလှူပြီးနောက် ထပ်မံဖြည့်စွက် စားသောက်ရသည့် အားဖြည့်စာများကြောင့် ပိုမိုကျန်းမာ လာစေပါတယ်။
၂။ ကိုလက်စထရော ကျစေပါတယ်။
၃။ တစ်နာရီမျှ အချိန်ပေး၍ သွေးလှူလိုက်ခြင်းကြောင့် တစ်ပါးသူအသက်ကို ကယ်ဆယ်နိုင်သဖြင့် ပီတိဖြစ်ကာ ပရဟိတအကျိုး သယ်ပိုးလိုစိတ်၊ အသင်း အဖွဲ့စိတ်ဓာတ်၊ ပူးပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်များတိုး ပွားလာစေပါတယ်။
၎။ သွေးလှူရှင်တစ်ဦးဟာ သွေးတစ်ပိုင့် ၄၅ဝ မီလီလီတာလှူပြီးတိုင်း အလှူရှင်၏ ခန္ဓာကိုယ်မှ အဆီ ၆၅ဝ ကယ်လိုရီခန့် လောင်မြိုက်သွားစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအတွက် အလွန်လျင်မြန် စွာ ကျစေပါတယ်။
၅။ သွေးဖောက် လှူဒါန်း လိုက်ခြင်းကြောင့် အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီး ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ လည်ချောင်း ကင်ဆာ စသည့် ကင်ဆာရောဂါများ ဖြစ်နိုင်ခြေ အလားအလာနည်းပါးကြောင်း'' အမေရိကန်ရှိ Miller- Keystone သွေးစင်တာ''မှ အကြံပြုထားပါတယ်။
၆။ သွေးလှူလေ့ရှိသူများဟာ ရုတ်တရက် နှလုံးဖောက်ပြန်ခြင်းနှင့် လေဖြတ်ခြင်းများ ဖြစ်လေ့မရှိပါ။
၇။ သွေးလှူပြီးနောက် ဆုံးရှုံးသွားသော သွေးနီဥများကို ရိုးတွင်းခြင်ဆီမှ ၄၈ နာရီအတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။
၈။ အထူးသဖြင့် သက်ကြီးပိုင်း သွေးအလှူ ရှင်များအဖို့ ကျန်းမာရေးပိုမိုကောင်းမွန်ပြီး အင်အားတောင့်တင်းလာ စေတယ်လို့ ဆိုပါတယ်။
၉။ ပုံမှန်သွေးလှူခြင်းကြောင့် မိမိရဲ့သွေးဖိအား အနည်း၊ အများ၊ သွေးပေါင်ချိန် အတက်၊ အကျနှင့် ကျန်းမာရေးအခြေအနေကို ပုံမှန်စစ်ဆေးရာ ရောက် ပါတယ်။
၁ဝ။ သွေးအုပ်စုအမျိုးအစားကို ကြိုတင်ခွဲခြားသိရှိနိုင်ပြီး သွေးစစ်ခြင်းဖြင့်သာ သိနိုင်သော HIV ၊ ကာလသားရောဂါ၊ အသည်းရောဂါတို့ကဲ့သို့သော ရောဂါများကိုပါ စစ်ဆေးပြီး သားဖြစ်စေပါတယ်။
၁၁။ သွေးလှူမည့် သူအတွက် ဂုဏ်ပြုအထိမ်းအမှတ် အင်္ကျီများ၊ စားစရာ၊ သောက်စရာများ စသည့်ပျော်ရွှင်ဖွယ်ရာ လက်ဆောင်ပစ္စည်းလည်းရရှိကာ ထို လက်ဆောင်ပစ္စည်းအပေါ် ဂုဏ်ယူကျေနပ် ဝမ်းသာပီတိဖြစ်မိပြီး နောက်တစ်ကြိမ် သွေးလှူဒါန်းလိုစိတ် သဒ္ဓါပွားလာပါတယ်။
သွေးအလှူရှင် တစ်ဦးတွင် ရှိသင့်သော အရည်အချင်းများ
၁။ သွေးအလှူရှင်ဟာ အသက် ၁၇ နှစ်ပြည့်ပြီး ဖြစ်ရပါမယ်။ အချို့နေရာတွေက ၁၆ နှစ်ဆိုလည်း လှူနိုင်ပါတယ်။
၂။ သွေးဖိအား BPအထက်ဂဏန်း ၁၈ဝ အထက်မကျော်စေရ။ အောက် ဂဏန်း ၁ဝဝ ထက်မနည်းစေရ။
၃။ သွေးလှူမည့်သူဟာ အသက် ၅ဝ ထက်မကြီးစေရ။ ကိုယ်အလေးချိန် ၄၅ ကီလိုထက် မနည်းစေရ။
၎။ ကိုယ်အပူချိန် ၉၉ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်ထက် မကျော်စေရ။
သွေးအလှူရှင်များအတွက် နေထိုင်စားသောက်ပုံ နည်းစနစ်များ
၁။ သွေးလှူဖို့ စောင့်ဆိုင်းရမည့် အချိန်များမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(က) နေမကောင်းလို့ သောက်ရတဲ့ ဆေးကို ၄၈ နာရီအတွင်း သောက်မထားရ။
(ခ) အရက်သောက်ပြီးနောက် ၄၈ နာရီ စောင့်ပါ။
(ဂ) သွေးမလှူခင်မှာ (သုံးနာရီ ကြိုတင်ပြီး) ထမင်းကောင်း ကောင်းစားခဲ့ပါ။
(ဃ) အသည်းရောင်(အေ)ဖြစ်ဖူးပြီး နောက်သုံးနှစ်ကြာ ရပါမယ်။
(င) ပြီးခဲ့တဲ့ခြောက်လအတွင်း ခွဲစိတ်ကုသမှု အကြီးစား လုပ်ထားရသူ မလှူရသေးပါ။
(စ) တက်တူးထိုးစဉ်မှာ အပ်အဟောင်း သုံးထားလျှင် (သို့မဟုတ်)အပ်က မသန့်လျှင် အသည်းရောင် ရောဂါရှိနိုင်တာကြောင့် တက်တူးထိုးထားသူဆိုရင် တက်တူးထိုးပြီးနောက် ၁၂ လ (တစ်နှစ်) စောင့် ရပါမယ်။ သို့သော် အပ်စိုက်ကုသမှု ခံယူထားသူတွေ၊ အလှအပကွင်းတွေ တပ်ဆင်ထားသူများက တော့ ကိစ္စမရှိပါ။
(ဆ) လူကိုက်တာခံရ၍ အရေပြား စုတ်ပြဲသွားရင် ၁၂ လစောင့်ရမယ်။
(ဇ) ကျန်းမာရေးအတွက် ဆေးတွေသောက်ထားပါက ယေဘုယျအားဖြင့် စောင့်စရာမလိုပါ။ သွေးတိုး ဆေးဆိုရင် စောင့်ရပါမယ်။ ပိုးသတ်ဆေး(ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေအတွက်)ဆိုရင်တော့ နှစ်ရက် စောင့်ပါ။ ဆီးချိုထိုးဆေး(အင်ဆူလင်)ထိုးထားရင် နှစ်ပတ်စောင့်ပါ။
၂။ သွေးမလှူခင် စားသောက်ပုံများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
(က) ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်မှာ သွေးလှူမည့်သူဟာ မည်သည့်အစာမှ စားထားခြင်းမရှိဘဲ သွေး (လုံးဝ) မလှူသင့်ပါဘူး။
(ခ) အာဟာရပြည့်ဝမည့် အစာတစ်ခုခုကို သွေးမလှူခင် နှစ်နာရီ၊ သုံးနာရီခန့်ကြိုတင်၍ သွေးတွင်း အာ ဟာရပြည့်စေရန်အတွက် စားထားပေးရပါမယ်။
(ဂ) ကောင်းစွာ အစာကြေညက် နေမှသာလျှင် အနည်းငယ်မအီ မသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့ သက် သာစေမှာ ဖြစ်ပါတယ်။
(ဃ) သုံးလတစ်ကြိမ် ပုံမှန်သွေးလှူ နေကျဖြစ်ပါက သွေးမလှူခင် ရက်သတ္တတစ်ပတ်၊ နှစ်ပတ်ခန့် ကြိုတင်၍ သံဓာတ်ကြွယ်ဝစွာ ပါဝင်သော အစာများကို စားသုံးပါ။
(င) သံဓာတ်ကသွေးထဲမှ အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအတွင်းရှိ ဆဲလ်များဆီသို့ သယ်ဆောင်ပေးတာကြောင့် လှူလိုက်တဲ့သွေးထဲမှာ ၎င်းသံဓာတ်များပါသွားပြီး အားနည်းခြင်း၊ မောပန်းခြင်းတွေ ဖြစ်တတ် ပါတယ်။ သံဓာတ်ဖြည့်စွက်စာအဖြစ် ဆီးသီးခြောက်၊ မက်မန်းသီး၊ မက်မွန်သီး၊ သဖန်းသီး၊ ကတွတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်၊ဝက်၊ ဆိတ်၊ အမဲတို့၏ အသည်း၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများစသည်တို့ကို များများစားပေးပါ။
(စ)သွေးထဲမှာလိုအပ်နေတဲ့ သံဓာတ်ကို ဗီတာမင်စီက ကူညီအားဖြည့် စုပ်ယူပေးနိုင်တာကြောင့် ၎င်းဗီ တာမင်စီ ကြွယ်ဝတဲ့လိမ္မော်သီး၊ သံပရာသီး၊ ဂေါ်ဖီထုပ်တို့ကို တွဲဖက်စားသုံး ပေးသင့်ပါတယ်။
၃။ သွေးလှူပြီးနောက် စားသောက်ပုံများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(က) ခါတိုင်းထက် ရေ သို့မဟုတ် အရည် (အရက်ကလွဲပြီး) လေးခွက် (ရှစ်အောင်စ)ပိုသောက်ပါ။
(ခ) ခန္ဓာကိုယ်ထဲမှာ ရေနှင့်သကြား ဓာတ်ခန်းခြောက်မှုမရှိစေရန် သွေးလှူပြီးပြီးချင်း အသီးဖျော်ရည်နှင့် မုန့်အချိုတစ်ခုခုကို ချက်ချင်းစားပေးပါ။
(ဂ) သွေးပေါင်မကျစေရန် သွေးလှူ ပြီးနောက်၂၄ နာရီမှ ၄၈ နာရီအတွင်း အရည်များများကို အဆက်မပြတ် သောက်သုံးပေးပါ။
(ဃ) ကော်ဖီ၊ ကိုလာစတဲ့ ကဖိန်းဓာတ်ပါသော အရည်များဟာ ဆီးကိုရွှင်စေတာကြောင့် သွေးလှူပြီး ၈ နာ ရီမှ ၁ဝ နာရီအတွင်း ၎င်းအရည်များကို (လုံးဝ) မသောက်သင့်ပါဘူး။
(င) ဖောလစ်အက်စစ်က သွေးလှူခြင်းကြောင့် ကုန်ဆုံးသွားသော သွေးနီဥများကို အစားပြန်လည် ဖြည့် ဆည်းပေးနိုင်ပါတယ်။၎င်းဓာတ်ကြွယ်ဝစွာ ပါရှိသော တိရစ္ဆာန်များ၏ အသည်း၊ ပဲအမျိုးမျိုး၊ ကညွတ်၊ ဟင်းနုနယ်ရွက် အပါအဝင် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များနှင့် အညိုရောင် ဂျုံပေါင်မုန့် တို့ကို စားပေးပါ။
(စ) ဥ၊ အာလူး၊ ငှက်ပျောသီး၊အစေ့အဆန်များ၊ အခွံမာသီးများ၊ ငါး၊ နို့နှင့် ထောပတ်၊ ပူတင်း၊ ချိစ်တို့လို နို့ထွက်ပစ္စည်းကလည်း သွေးနီဥများကို ပြန်လည် တည်ဆောက်ပေးနိုင်တာကြောင့် ၎င်းတို့ကို များများ စားသုံးပေးသင့်ပါတယ်။
(ဆ)သွေးလှူပြီးနောက် ပုံမှန် အလုပ်(ကျောင်းတက်၊ ရုံးတက်) လုပ်နိုင်ပါတယ်။
(ဇ)သွေးလှူပြီးနောက် ဆေးလိပ်သောက်ရင်၊ အရက်သောက်ရင်၊ ပူအိုက်တဲ့ အခန်းထဲနေရရင်၊ ကိုယ် လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရင်၊ အစာမစားဘဲ ဥပုသ်စောင့်ရင်၊ မတ်တတ်အကြာကြီး ရပ်နေရ ရင်ခေါင်းမူးနိုင်ပါတယ်။
သွေးလှူဒါန်းခြင်းဟာမိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာထက် မိမိ၏ ခန္ဓာကိုယ်ရှိ သွေးကိုလှူဒါန်းရခြင်းပေမို့ အလွန်မွန် မြတ်သော စွန့်လွှတ်လှူဒါန်းမှု တစ်ရပ်ဖြစ်ပါ၍ ရခဲလှသော လူ့ဘဝမှာ ပုထုဇဉ်လူသား အချင်းချင်း မိမိသွေးဖြင့် အသက်ကယ်တင်ကြပါရန် တိုက်တွန်းလိုက်ရပါတယ်။ ။

တင်ထက်ထက်ဇော်
မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ